← Chapters

ထောင်ပေါင်းများစွာသောရွက်လှေများထဲမှ နှစ်စင်းရွက်လွှင့်ခဲ့

Vol. 76 Ch. 1064

ထောင်ပေါင်းများစွာသောရွက်လှေများထဲမှ နှစ်စင်းရွက်လွှင့်ခဲ့

Vol. 76 Ch. 1064

အခန်း (၁၀၆၄) ထောင်ပေါင်းများစွာသောရွက်လှေများထဲမှ နှစ်စင်းရွက်လွှင့်ခဲ့

မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့ပြန်ရောက်သည့်အခါ ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်တို့ ဝမ်ဖူနှင့် သွားရောက်တွေ့ဆုံကြသည်။

ဝမ်ဖူက သူတို့ကို တွေ့တွေ့ချင်းစကားဆိုသည်။

“မင်းထင်တဲ့အတိုင်းပဲ ဂိုဏ်းတူညီလေး’ရန်’ ၊ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို ပိုးသားဧကရာဇ်ရောက်မလာနိုင်တာ တောင်ပိုင်း’ကျွမ်း’ ရဲ့ လက်ချက်ပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ အတော်လေးထိတ်လန့်သွားသလို သိချင်စိတ်လည်း ဖြစ်သွားမိသည်။

“တောင်ပိုင်း’ကျွမ်း’ က ဘယ်လိုများလုပ်လိုက်တာလဲ သိချင်လိုက်တာ”

ကျွမ်းရှန် မည်သို့သောနည်းလမ်းမျိုးအသုံးပြုပြီး ပိုးသားဧကရာဇ်ကို ထိန်းချုပ်နိုင်ခဲ့ပါစေ ၊ သူ၏လုပ်ရပ်က ရန်ကျောက်ကဲ ချင်းယွမ်ဧကရာဇ်ကို ခုခံနိုင်ခဲ့သည်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းဆောင်ချက်တစ်ခု ဖြစ်သည်။

ချိုးကျားဟိုင်က ခေါင်းခါယမ်းကာ သက်ပြင်းချရင်း...

“တောင်ပိုင်း’ကျွမ်း’က ဆရာဦးလေး’ရန်’ ရဲ့လက်ချက်နဲ့ အသက်ပျောက်သွားတယ်ဆိုတော့ ပိုးသားဧကရာဇ်အနေနဲ့ အရှက်ကွဲတာကို ဘယ်လိုမှ အဖတ်ဆယ်နိုင်မှာ မဟုတ်တော့ဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ပိုးသားဧကရာဇ်က အမြဲတမ်းတည်တည်ငြိမ်ငြိမ်ရှိတဲ့ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ ဒီတော့ သူ အမျက်ရှရင်တောင် ဇာမဏီရိုးရာ‌တောင် ၊ ဝူထုန်တောင်စောင်းအပေါ် အပြစ်ပုံချပြီး အားလုံးကို အပြတ်ရှင်းမယ့်လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူး ၊ သူခံစားရတာကို သည်းခံနေမှာပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းသွားသည်။

သူက ပခုံးတစ်ဖက်ကို လက်ဖြင့်ညင်သာစွာ ပွတ်သပ်လိုက်ရင်း လေသံတိုးတိုးဖြင့်...

“ဒါပေမဲ့ သေချာပေါက် ပြောလို့တော့ မရနိုင်ဘူး”

ထိုစကားကြားတော့ ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ရန်ကျောက်ကဲက လျှို့ဝှက်ချက်တစုံတရာကို အရိပ်အမြွက်ပြောဆိုနေခြင်းဖြစ်ကြောင်း နှစ်ယောက်လုံး နားလည်သဘောပေါက်လိုက်ကြသည် မဟုတ်လား။

ဝမ်ဖူက...

“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း တစ်ခုခုများသိထားတာလား... ဂိုဏ်းတူညီလေး’ရန်’”

ရန်ကျောက်ကဲက...

“ငါလည်း ဒီကိစ္စရဲ့အမှန်တရားကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး”

သူက ဆက်ပြောသည်။

“အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းချက်အချို့ပဲ လုပ်နိုင်ပါသေးတယ်”

ဝမ်ဖူနှင့် ချိုးကျားဟိုင်က စိတ်ဝင်တစားဖြင့်...

“ဘာခန့်မှန်းချက်တွေလဲ...”

ရန်ကျောက်ကဲက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“ပိုးသားဧကရာဇ်မှာ ကြာပန်းနီဒေဝီ ‘ဖုထင်’ အပြင် နောက်ထပ်သမီးတစ်ယောက် ရှိဦးမယ်ဆိုရင် ဘယ်လိုဖြစ်မယ် ထင်သလဲ”

ထိုသို့ ထိတ်လန့်တုန်လှုပ်ဖွယ်စကားက ဝမ်ဖူနှင့် ချိုးကျားဟိုင်အား မှင်တက်သွားစေသည်။

အချိန်အတန်ကြာမှ ဝမ်ဖူက သတိပြန်ဝင်လာပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...

“အဲဒါက ဘာမှမဖြစ်ရင်လည်းမဖြစ်ဘူး ၊ ဖြစ်ရင်လည်း ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်”

သူက ဖြည်းညင်းသည့်လေသံဖြင့်...

“ပိုးသားဧကရာဇ်မှာ ကြာပန်းနီဒေဝီ’ဖုထင်’ အပြင် တခြား သားသမီးတစ်ယောက် ရှိနေဦးမယ်ဆိုရင် တခြားလူတွေလို ရိုးရှင်းတဲ့ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး”

ပိုးသားဧကရာဇ်သည် မရေမတွက်နိုင်သော မိန်းမပျိုများကြား တွေ့ကြုံခံစားခဲ့ပြီး တုနှိုင်းမရအောင် မျက်နှာများသူ ဖြစ်သည်။ သို့တိုင် သားသမီးတစ်ယောက်မှ ထွန်းကားခဲ့ခြင်း မရှိပေ။

အထက်ဘုံကမ္ဘာမှ လူအတော်များများက ထိုအကြောင်းကို ကွယ်ရာတွင် စကားတင်းပြောဆိုကြသည်။

နောက်ဆုံး တစ်ဦးတည်းသောသမီးလေး ‘ဖုထင်’ မွေးဖွားလာပြန်တော့လည်း ပိုးသားဧကရာဇ် လှည်းကျိုးထမ်းရသည်ဟု လူအများက သံသယဝင်ခဲ့ကြသေး၏။

ဖုထင် အရွယ်ရောက်လာပြီးနောက် အထက်ဘုံကမ္ဘာတစ်လွှား ခရီးလှည့်လည်တော့မှသာ သူမက ပိုးသားဧကရာဇ်၏ သွေးသားရင်းချာဖြစ်ကြောင်း လူတိုင်းအား သက်သေပြနိုင်ခဲ့ပြီး ကောလဟလများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဤသည်က အလယ်ဆင့်နှင့် ဆင့်နိမ့်သိုင်းကျင့်ကြံသူများ၏ အထင်အမြင်သာ ဖြစ်သည်။

ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်များဖြစ်သော ဝမ်ဖူနှင့် ချိးကျားဟိုင်တို့ကတော့ ထိုကိစ္စက ထိုမျှရိုးရှင်းခြင်းမရှိကြောင်း နားလည်ထားကြသည်။

သူတို့ထံမှ စကားများကိုနားထောင်ပြီး ရန်ကျောက်ကဲသည်လည်း သူ၏ အစောပိုင်းခန့်မှန်းချက်များကို အတည်ပြုနိုင်ခဲ့ခြင်းသာပင်။

အထက်ဘုံကမ္ဘာတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ထိုက်ချင်အဆက်အနွယ် ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ သည် သူ၏ သိုင်းတာအိုအခြေခံအုတ်မြစ်ကို ရှုတ်ထွေးနက်နဲသော ‘ကြီးမားသောမေ့ပျောက်ခြင်း’ တာအိုဖြင့် တည်ဆောက်ထားခဲ့သည်။

ရည်မှန်းချက်ကြီးမားသော ပိုးသားဧကရာဇ်က ‘ရှန်းထျန်းဝူထိုက်’ ၏ ပြီးပြည့်စုံသည့်သိုင်းပညာကို ပြန်လည်စုစည်းရန် မျှော်လင့်ထားသည်။

အမှန်တော့ ပိုးသားဧကရာဇ်က များပြားလှစွာသော မြက်ခင်းပြင်အလယ် ဖြတ်သန်းသွားသည့် သစ်ရွက်တစ်ရွက်ပမာ ဘဝကိုလျှောက်လှမ်းခဲ့သည့်တိုင် သူ့တွင် မြက်တစ်ပင်ကပ်ငြိစွန်းထင်းခြင်း အလျဉ်းမရှိအောင် ရှောက်လှမ်းခဲ့သည်မှာ ထိုအချက်ကြောင့် ဖြစ်၏။

နောက်ပိုင်းမှာတော့ ထောင်ပေါင်းများစွာသောရွက်လှေများကြားတွင် လမ်းကြောင်းတစ်ခုတည်းကိုသာထင်ရှားစေပြီး ရွက်လှေတစ်စင်းတည်း ရွက်လွှင့်ထွက်ခွာသွားခြင်းမျိုးနှင့် ဆင်တူသည်။

“ကြီးမားသောမေ့ပျောက်ခြင်း” တာအို က လူတစ်ယောက်အား နှလုံးသားကင်းမဲ့ပြီး ခံစားချက်ပျောက်ဆုံးသွားစေခြင်းမျိုး မဟုတ်ပေ။

ပိုးသားဧကရာဇ်သည် မရေမတွက်နိုင်သော ထူးချွန်ထက်မြက်သည့် မိန်းမပျိုများစွာနှင့် တွေ့ဆုံခဲ့ပြီး သူတို့တစ်ယောက်ချင်းစီတိုင်းအား စွဲလန်းချစ်ခင်သည့် စိတ်ခံစားချက်ကို မြှုပ်နှံထားခဲ့ရသည်။

သူနှင့်အတူ ရှိနေသူတိုင်းအတွက် သူ၏ခံစားချက်များက အမြဲဖြူစင်ပြီး စိတ်အားထက်သန်လှသည်။

နောက်ဆုံးအဆင့်တွင်တော့ လူတစ်ယောက်အပေါ်တွင် ထားရှိသော သူ၏ခံစားချက်က အမြင့်ဆုံးအဆင့် သန့်စင်လာသည့်အခါ ကြည်လင်သည့် စိတ်ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး ‘ဖုထင်’ အသွင်ဖြင့် သမီးတောက်တစ်ယောက် မွေးဖွားလာခဲ့သည်။

ထို့ကြောင့် ပိုးသားဧကရာဇ်က ‘ဖုထင်’ အပေါ် အလွန်အလေးထားသလို နက်နဲစွာ ချစ်ခင်မြတ်နိုးလေသည်။

သူ၏ နောက်ထပ်ခြေလှမ်းတစ်ခု မစတင်ခင် ဖုထင်အပေါ်ထားရှိသည့် သန့်စင်မှန်ကန်သည့်စိတ်ရင်းက ပြောင်းလဲသွားမည် မဟုတ်ပေ။

သို့သော် ဤသို့သောကျင့်ကြံခြင်းလမ်းစဉ်တွင် တစ်စုံတစ်ခု မတော်တဆ မှားယွင်းခဲ့ပါက ကိစ္စရပ်များ လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။ အမှားအယွင်းတစ်ခုက ပိုးသားဧကရာဇ်၏ လမ်းကြောင်းတစ်ခုလုံးအား ပြောင်းလဲသွားစေရန် တွန်းအားပေးမည် ဖြစ်၏။

ချိုးကျားဟိုင်က မယုံကြည်နိုင်စွာဖြင့်...

“ပိုးသားဧကရာဇ်က နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီး သေခြင်းတရားကို ကျော်လွန်နိုင်ခဲ့ပြီပဲ”

သူကဆက်ပြောသည်။

“ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားဆိုတာ ပြီးပြည့်စုံနေရမှာမဟုတ်ဘူးလား ၊ ပြဿနာကြီးကြီးမားမား ဘာလို့ဖြစ်ရမှာလဲ”

ဝမ်ဖူက လေးနက်စွာပင် ခေါင်းခါယမ်းရင်း...

“ပိုးသားဧကရာဇ် အရမ်း ရည်မှန်းချက်မကြီးရင် ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ သူက ဒီလမ်းစဉ်ကို သူ့ရဲ့ကျင့်ကြံခြင်းအခြေခံအဖြစ် ရွေးချယ်ခဲ့တာ ၊ ဒီလမ်းစဉ်မှာ ကွဲလွဲမှုတစ်ခုဖြစ်လာတာနဲ့ သူ့အတွက် ကောင်းကင်ပြိုကျသလိုမျိုး ကပ်ဘေးတစ်ခု ရင်ဆိုင်ရလိမ့်မယ်”

ချိုးကျားဟိုင်က မျက်မှောင်ကြုံ့ရင်း...

“သူ သမီးတစ်ယောက်မွေးဖွားတာက နတ်ဘုရားဖြစ်ပြီးမှ ဖြစ်တဲ့ကိစ္စပဲ ၊ အဲဒါက ရှေ့ဆက်တိုးဖို့ လမ်းစရှာတာ မဟုတ်ဘူးလား”

သူက ဆက်ပြောသည်။

“သူက သေမျိုးလူသားဘဝနဲ့ မသေမျိုးနတ်ဘုရားဘဝကြားက ကွာဟချက်ကို ကျော်လွန်ပြီး ယိုစိမ့်ခြင်းမရှိတဲ့ နတ်ဘုရားခန္ဓာ ရရှိထားပြီပဲ ၊ ပြဿနာတစ်ခုခုဖြစ်ရင်တောင် ပြန်ပြီးထိန်းညှိနိုင်မှာပဲလေ...”

ဝမ်ဖူက သက်ပြင်းချရင်း...

“ဂိုဏ်းတူညီလေး’ချိုး’ ၊ မင်း မသိတာတစ်ခုရှိသေးတယ်”

သူက ဆက်ပြောသည်။

“အတိအကျတော့မသိပေမယ့် ဆရာပြောတာ ကြားဖူးတယ်...”

“ဆရာပြောတာ... ပိုးသားဧကရာဇ်က ကံကောင်းပြီးတော့ တာအိုလမ်းစဉ် ပြီးမြောက်အောင်မြင်သွားတာနဲ့ ၊ သူ့လမ်းစဉ်မှာ အတိမ်းအစောင်းတစ်ခုခုရှိခဲ့သလားဆိုတာ အနာဂတ်မှာ သတိထားစောင့်ကြည့်ရမယ်တဲ့”

ဝမ်ဖူက  ကြိုးစားပြီးပြုံးလိုက်ရင်း...

“အဲဒီတုန်းက ဆရာ့စကားကို ငါ နားမလည်ခဲ့ဘူး ၊ အခုတော့ ဘာကိုဆိုလိုသလဲဆိုတာ တဖြည်းဖြည်း နားလည်လာပြီ”

ချိုးကျားဟိုင်မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် မချိပြုံးပြုံးလိုက်သည်။

ရန်ကျောက်ကဲက ခေါင်းကိုလက်ဖြင့်တစ်ချက်ပွတ်လိုက်ရင်း...

“တကယ်ပဲ... ဒါက...”

တကယ်တော့ အတိတ်တစ်ချိန်က ပိုးသားဧကရာဇ်သည် လွတ်လပ်ပေါ့ပါးပြီး မာန်မာနကြီးသူဖြစ်သည့်တိုင် မည်သည့်ဖိအားမှမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။

ဟိုစဉ်တစ်ချိန်က...

အထက်ဘုံကမ္ဘာ ထိုက်ချင်အဆက်အနွယ်များက နဂါးမျိုးနွယ်များကိုကူညီကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားခဲ့သည်။

ထိုစည်းတံဆိပ်ကို ချိုးဖျက်ပြီးသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် သေချာပေါက် ပြန်လာမည်ကို ပိုးသားဧကရာဇ် သိရှိလေသည်။

ပိုးသားဧကရာဇ်က ထိုက်ချင်အဆက်အနွယ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် သေချာပေါက်ရင်ဆိုင်ရမည်ကို သိရှိသည်။

ထို့ကြောင့် သူက နတ်ဘုရားအဆင့်သို့တက်လှမ်းနိုင်ရန် အမြန်ဆုံး ကြိုးစားခဲ့ရခြင်း ဖြစ်၏။

နောက်ပိုင်းအဖြစ်အပျက်များကတော့ ဤအချက်မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် တကျော့ပြန်ထွက်ပေါ်လာကာ ပိုးသားဧကရာဇ်အား လာရောက်ရှာဖွေခဲ့သည်။ အဆုံးသတ်မှာတော့ ပိုးသားဧကရာဇ်က သူ့ကို တွန်းလှန်နိုင်ခဲ့၏။

သို့သော် ပိုးသားဧကရာဇ်အတွက် စိတ်မကောင်းစရာမှာ အတိတ်တစ်ချိန်က အမှားတစ်ခုအား ကိုယ်တိုင်သတိမထားမိဘဲ ပြုလုပ်ခဲ့မိပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်လာမှ ကိုယ်တိုင်ရင်ဆိုင်ရမည့်ကပ်ဘေးကို ကိုယ်တိုင်စိုက်ပျိုးခဲ့သလို ဖြစ်သွားခဲ့သည်။

ဤကိစ္စက မည်မျှပြင်းထန်ပြီး ဒုက္ခဖြစ်နိုင်ကြောင်း သူ ကိုယ်တိုင်သာ သိရှိနိုင်သည်။

ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းအောင်မြင်မှုက ‘ကြီးမားသောမေ့ပျောက်ခြင်း’ တာအို မှ အစပြုသည်။ ထိုလမ်းစဉ်တွင် တစ်ခုခုမှားယွင်းနေပါက ကိုယ်ပိုင်ခံစားချက်များနှင့်အတူ မျက်နှာပြင်ထက်သို့ မြင့်တက် ထွက်ပေါ်လာပေလိမ့်မည်။

ဧကရာဇ်အနေဖြင့် ဤမျှအရေးပါသော အမှားတစ်ရပ်အား မည်သို့ပြုလုပ်ခဲ့မိကြောင်း သိရှိရန် နည်းလမ်းရှိမည် မဟုတ်ပေ။

ရွက်လှေပေါင်းတစ်ထောင်ကျော်တွင် ရွက်လှေတစ်စင်းမျှသာ လမ်းကြောင်းတစ်ခုတည်းဖြင့် ရွက်လွှင့်ခဲ့သော်လည်း အခြားရွက်လှေတစ်ခုထက်တွင် သူ၏မျိုးစေ့များကို ထားရစ်ခဲ့သည်။

ရလဒ်အနေဖြင့် နက္ခတ်ပညာ ကြယ်စင် (၅၀)တွင် (၄၉) ခုအားအသုံးပြုပြီး အသုံးမပြုရ‌သော တစ်ခုတည်းသောနက္ခတ်က ‘ထိုက်ယိ’ ဖြစ်သည်။ ‘တစ်’ ဟုအဓိပ္ပါယ်ရသည့် ‘ထိုက်ယိ’ သည် ယခုတော့ ‘နှစ်’ ဖြစ်လာခဲ့၏။

ရန်ကျောက်ကဲ သက်ပြင်းချရင်း...

“အနည်းဆုံးတော့ ပိုးသားဧကရာဇ် ကျင့်ကြံခြင်းသွေဖယ်သွားမှာပဲ ၊ အဆိုးဆုံးအခြေအနေကတော့ သူ နတ်ဘုရားအဆင့်ကနေ ပြုတ်ကျသွားလိမ့်မယ်”

“ဒါပေမဲ့ ပိုးသားဧကရာဇ်လို ထူးခြားတဲ့လူတစ်ယောက်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့် ပြိုလဲမသွားဖို့ အတင်းအကျပ် ပြောင်းလဲမှုတွေ လုပ်လာနိုင်တယ်... ဒါဆိုရင်... ကျင့်ကြံခြင်းသွေဖယ်သွားတာမျိုး ဖြစ်ကိုဖြစ်မှာ...”

သူ့မျက်နှာအမူအရာက ထူးဆန်းသွားပြီး...

“သူ စိတ်ဖောက်ပြန်သွားမှာမျိုးတော့ မဖြစ်လောက်ဘူး မဟုတ်လား...”

ဝမ်ဖူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မင်း ဒါကို ဘယ်လိုလုပ်သိတာလဲ ဂိုဏ်းတူညီလေး’ရန်’ ၊ ငါ နားကြားမမှားဘူးဆိုရင် ပိုးသားဧကရာဇ်မှာ နောက်ထပ်သမီးတစ်ယောက်ရှိတယ်လို့ မင်းပြောခဲ့တယ်နော် ၊ သားတစ်ယောက်လည်း ဖြစ်နိုင်တာပဲ မဟုတ်လား ၊ ဘာလို့ သမီးဖြစ်ရတာလဲ”

ရန်ကျောက်ကဲက...

“အဲဒါက တကယ် ဟုတ်မဟုတ်တော့ မသေချာသေးဘူး ၊ စောစောက ပြောခဲ့တာတွေကလည်း အတည်မပြုနိုင်သေးပါဘူး”

သူက သက်ပြင်းချရင်း...

“မင်းတို့နှစ်ယောက် ပြောတဲ့စကားတွေကြားတော့မှ ငါထင်တဲ့အတိုင်းဖြစ်နေမှာ စိုးရိမ်လာမိတာ ၊ ဒီလိုခန့်မှန်းရတဲ့အကြောင်းရင်းက တောင်ပိုင်း ‘ကျွမ်း’ နဲ့လည်း သက်ဆိုင်နေတယ်”

ထို့နောက် ရန်ကျောက်ကဲက မန်ဝမ်နှင့် သူ့အမေ လျိုရွှမ့်ထင်အကြောင်း ဝမ်ဖူနှင့် ချိုးကျားဟိုင်အား ပြောပြလိုက်သည်။

ထိုစကားများကိုကြားတော့ ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကြရင်း....

"ဘာလို့ဒီလိုဖြစ်ရတာလဲ"

ဝမ်ဖူက...

“ပိုးသားဧကရာဇ်မှာ ဒီလိုမျိုး မူမမှန်တာတွေဖြစ်လာနိုင်တယ် ၊ ဒီတော့ မင်း ခန့်မှန်းတာ အမှန်တရားနဲ့ နီးစပ်နိုင်တယ် ဂိုဏ်းတူညီလေး’ရန်’”

သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ယခု သူတို့အစိုးရိမ်ဆုံးမှာ ပိုးသားဧကရာဇ် မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို မဟုတ်ပေ။

“ပိုးသားဧကရာဇ် ဘာဆက်လုပ်မည်လဲ” ဆိုသည့်အချက်ကို သူတို့ စိုးရိမ်စွာ မေးခွန်းထုတ်မိကြခြင်း ဖြစ်၏။

သာမန် အရူးများက ကြောက်စရာကောင်းမည် မဟုတ်ပေ။

စိတ်ထားပုံမှန်ရှိသော ဧကရာဇ်တစ်ပါးက ပြောစရာမရှိသော်လည်း ၊ ဧကရာဇ်တစ်ပါး ရူးသွပ်သွားမည်ဆိုလျှင်တော့ မည်သို့သောရလဒ်ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

အထူးသဖြင့် ထိုဧကရာဇ်က အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည့် ဧကရာဇ်တစ်ပါးဖြစ်နေခြင်းက အရေးကြီးသောကိစ္စ ဖြစ်ပေ၏။

All Chapters