← Chapters

ရန်သူလား မိတ်ဆွေလား ခွဲခြားရခက်လှသည်

Vol. 76 Ch. 1066

ရန်သူလား မိတ်ဆွေလား ခွဲခြားရခက်လှသည်

Vol. 76 Ch. 1066

အခန်း (၁၀၆၆) ရန်သူလား မိတ်ဆွေလား ခွဲခြားရခက်လှသည်

ချိုးကျားဟိုင်က ဝမ်ဖူကိုကြည့်ရင်း...

“ငါတို့တွေ ယင်ဟွမ်ဧကရာဇ်ကို အကြောင်းကြားသင့်သလား”

ဝမ်ဖူက ခေါင်းခါယမ်းရင်း...

“ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်ရောက်လာပြီ ၊ ယင်ဟွမ်ဧကရာဇ်လည်း ဒီအကြောင်းကိုသိမှာပဲ ၊ ဒါပေမဲ့ ပိုးသားဧကရာဇ်ရဲ့လက်ရှိအခြေအနေက အထောက်အထားအမှန်မရှိဘူး ၊ ငါတို့ခန့်မှန်းချက်ပဲ ရှိသေးတာ”

ချိုးကျားဟိုင်က...

“အထက်ဘုံကမ္ဘာက အထွတ်ထိပ်ဧကရာဇ်တွေထဲမှာ မိန်းမပျိုဧကရာဇ်ကတော့ ဒီကိစ္စကို သေချာပေါက် ဝင်ပါမှာမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒါဖြင့် ကောင်းကင်ဧကရာဇ်ပဲ ရှိတယ်”

ချိုးကျားဟိုင် ၊ ရန်ကျောက်ကဲနှင့် ဝမ်ဖူတို့ အကြည့်ချင်းဆုံလိုက်ကြပြီး သုံးယောက်သား တညီတညွတ်တည်း ခေါင်းခါယမ်းလိုက်ကြသည်။

ထိုပုဂ္ဂိုလ်က ပွဲလန့်တုန်းဖျာမခင်းလျှင် ၊ မီး‌‌လောင်တုန်း ဓားပြဝင်မတိုက်လျှင် အတော်လေးတန်ရုံကျနေပြီ ဖြစ်၏။

ဝမ်ဖူက...

“ဘာပဲဖြစ်ဖြစ် အခု အဓိကလုပ်ရမှာက ပိုးသားဧကရာဇ်ရဲ့ စိတ်နေစိတ်ထားဘယ်လိုရှိလဲဆိုတာအတည်ပြုရမယ် ၊ ဂိုဏ်းတူညီလေး’ရန်’ ရဲ့ခန့်မှန်းချက်မှန်သလားဆိုတာ သေချာအောင်လုပ်ဖို့လိုတယ်”

သူက ချိုးကျားဟိုင်ကိုကြည့်ရင်း...

“ဂိုဏ်းတူညီလေး’ချိုး ၊ တောင်ပိုင်းကိုခရီးထွက်ဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”

ချိုးကျားဟိုင်က ခေါင်းညိတ်ရင်း...

“ကောင်းပြီ...”

ရန်ကျောက်ကဲက ရုတ်တရက်...

“ငါ သွားလိုက်မယ်...”

ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့ သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ချိုးကျားဟိုင်က ခဏမျှတုံ့ဆိုင်းနေပြီးမှ...

“ဂိုဏ်းတူညီလေး’ရန်’... ၊ မင်း ကြာပန်းနီဒေဝီ ‘ဖုထင်’ ကို စိတ်ဝင်စားနေတာလား...”

ရန်ကျောက်ကဲက ပြတ်ပြတ်သားသားငြင်းပယ်ဟန် လက်တစ်ဖက်ကာပြလိုက်ရင်း...

“ကြာပန်းနီဒေဝီ’ဖုထင်’ က ထူးချွန်ထက်မြက်တဲ့မိန်းကလေးဆိုတော့ သဘောကျတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ သဘောကျတာ‌လောက်ပဲ ရှိတာပါ ၊ သူ့ကိုလိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး”

ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဟိုးအရင်ကတည်းက မန်ဝမ်၏ဖခင်ဖြစ်သူက ထူးခြားသောနောက်ခံရှိရမည်ဟု ခန့်မှန်းမိသည်။ ထိုအချိန်ကတည်းက သူမ၏ဖခင်မှာ ပိုးသားဧကရာဇ်ဖြစ်နိုင်ကြေင်း ရန်ကျောက်ကဲ တွေးထားပြီးသားပင်။

ယခုမှ ရုတ်တရက်ပေါ်လာသော သမီးတစ်ယောက်ကို ပိုးသားဧကရာဇ် မည်သို့ဆက်ဆံမည်လဲဆိုသည်က ပြောရခက်သည်။

သူတို့ကြားမှဆက်ဆံရေးက အနေဝေးခဲသည့်အတွက် သူစိမ်းတစ်ယောက်ပမာလည်း သဘောထားနိုင်သည်။

မန်ဝမ်မွေးဖွားလာရသောကြောင့် ပိုးသားဧကရာဇ် လက်ရှိအခြေအနေသို့ကျရောက်ရခြင်းဖြစ်သဖြင့် စိတ်မကျေနပ်ခြင်းလည်း ဖြစ်နိုင်သည်။

နောက်တစ်ချက်မှာ ဝေးကွာနေခဲ့သောသမီးအပေါ် တာဝန်မကျေသလိုခံစားရသဖြင့် အပြစ်လျော်ကြေးပေးရန် သူမလိုချင်သည်မှန်သမျှ ဖြည့်ဆည်းပေးမည်လည်း ဖြစ်နိုင်သည်။

ပထမ ဖြစ်နိုင်ခြေနှစ်ခုက ရန်ကျောက်ကဲအား ထိခိုက်နိုင်ခြင်းမရှိသည့်တိုင် နောက်ဆုံးဖြစ်နိုင်ခြေကတော့ အာရုံစိုက်ရပေမည်။

မန်ဝမ်က နေသူတော်စင်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သော်လည်း ဝါဒတောင်အပေါ် ပြတ်ပြတ်သားသား ရန်လိုခြင်းမျိုး တစ်ခါမှ မပြသခဲ့ဖူးပေ။

ဝါဒတောင်နှင့် သူမက ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရန်စ မရှိသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတိုက်ပွဲတွင် နှစ်ဖက်ကြားပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။

သူမက ဖန်းယွင်ရှန်းနှင့် ညီအစ်မရင်းချာပမာ ရင်းနှီးသူ ဖြစ်သည်။

သို့သော် နေသူတော်စင်ဂိုဏ်းကတော့ ဝါဒတောင်၏ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

မန်ဝမ်တွင် အစွမ်းအစမရှိချိန်တွင် ဘာမှဖြစ်မည်မဟုတ်ပေ။ သို့သော် သူမတွင် အစွမ်းအစရှိလာသည့်တစ်နေ့တွင် သူမ ဘာလုပ်မည်နည်း။

ပြီးတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး ပိုးသားဧကရာဇ်၏ သဘောထားက မည်သို့ရှိမည်နည်း။

ယခု ဝါဒတောင်အား မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ကျန့်ဟွမ်ဓားဧကရာဇ်က ကျောထောက်နောက်ခံပေးထားသည်။

သို့တိုင် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ က အထက်ဘုံကမ္ဘာတွင် ရှိမနေပေ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ဤပြဿနာကို အာရုံစိုက်ရန် လိုအပ်သည်။

သိုင်းသူတော်စင်အချို့ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်သွားမည်ဆိုပါက ရန်ကျောက်ကဲက လုံးဝ စိုးရိမ်ပူပန်မည် မဟုတ်ပေ။

သူလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လိုက်ဆင်းသွားမည်ဖြစ်ပြီး အောက်ဘုံကမ္ဘာတွင် သူတို့နှစ်ဖက်လုံးက သိုင်းသူတော်စင် တတိယအဆင့်အဖြစ် ဖိနှိပ်ခံရမည်သာ ဖြစ်၏။

ထိုသို့သောအခြေအနေမျိုးတွင် ရန်ကျောက်ကဲက ရန်သူအားလုံးကို မပြန်လမ်းသို့ပို့ဆောင်ပေးနိုင်သည်ပင်။

သို့သော် အစစ်အမှန်အင်မော်တယ်တစ်ယောက် အောက်ဘုံကမ္ဘာသို့ဆင်းသက်သည့်အခါ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အောက်ဘုံကမ္ဘာမိုးမြေအရံအတားများက ကန့်သတ်တားဆီးနိုင်မည် မဟုတ်ပေ။

ပိုးသားဧကရာဇ်သာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်မည်ဆိုပါက ချောင်းဟန့်သံတစ်ချက်ကပင် အလုံးစုံကိုပျက်ဆီးသွားစေနိုင်သည်ဆိုလျှင် ချဲ့ကားပြောရာရောက်မည် မထင်ပေ။

ထိုဧကရာဇ်က ကျူတောပင်လယ်ဒေသကိုဖြတ်သန်းပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းသွားမည်ဆိုလျှင် ရန်ကျောက်ကဲလည်း မည်သို့မှတတ်နိုင်မည် မဟုတ်ပေ။

ပိုးသားဧကရာဇ်တွင် အမတမှော်ဝင်ပစ္စည်းတစ်ခုရှိနေသည်ကို အသာထား ၊ လက်နက်မပါဘဲ လက်ဗလာဖြင့်ဆိုလျှင်တောင်မှ ရန်ကျောက်ကဲအနေဖြင့် ချန်းဧကရာဇ်ကို ခုခံသောနည်းလမ်းဖြင့် ပိုးသားဧကရာဇ်အား တွန်းလှန်နိုင်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

ဤသည်က အဆိုးဆုံးအခြေအနေကို တွက်ဆထားခြင်း ဖြစ်သည်။

မန်ဝမ်က ဝါဒတောင်အား ထိခိုက်အောင်မလုပ်လျှင် ပိုးသားဧကရာဇ်သည်လည်း လှုပ်ရှားမှုပြုလုပ်မည် မဟုတ်ပေ။

ပြီးတော့ လက်ရှိတွင် မန်ဝမ် အသက်ရှင်လျက် ရှိပါသေးသည်လား မသိရသေးပေ။

ထို့ကြောင့် ရန်ကျောက်ကဲက ယခုအချိန်တွင် ပိုးသားဧကရာဇ်၏ စိတ်အခြေအနေ မည်သို့ရှိမည်ကိုသာ အလွန်သိချင်နေမိသည်။

ထိုပြင် ယခု သူ၏ဖခင် ‘ရန်တိ’ က ဝါဒတောင်ဂိုဏ်းသားများကိုဦးဆောင်ကာ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ နယ်မြေချဲ့ထွင်လာပြီ ဖြစ်သည်။ ရန်တိ၏ တောင်ပိုင်းဒေသခရီးစဉ်သည် ပိုးသားဧကရာဇ်ရောက်လာသည်နှင့် တိုက်ဆိုင်နေခဲ့သည်။

ကံကောင်းသည်မှာ ရှီကျွင်းတို့သားအမိ ကျောက်စိမ်းကျောက်ဆောင်တွင် အခြေကျသွားပြီဖြစ်သည်။ နဂါးလိပ်ပြာတောင်ကြားနှင့် လေမိုးကြိုးအိမ်တော်ကိစ္စသည်လည်း အတော်လေး အဆင်ပြေနေပေပြီ။

ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့က ရန်ကျောက်ကဲ၏ လုပ်ငန်းပြင်ဆင်မှု ကနဦးအဆင့်အား ကူညီပေးသွားမည် ဖြစ်၏။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ခွန်လွန်တောင်မှထွက်ခွာရန် ပြဿနာမရှိလှပေ။

ဝမ်ဖူနှင့် ချိုးကျားဟိုင်ကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ ထွက်ခွာလာခဲ့သည်။

ခရီးထွက်လာရင်း သတင်းများလည်း အဆက်မပြတ်ရရှိနေသည်။

ကျောက်စိမ်းကျောက်ဆောင်က သူ့ကိုကူညီပေးမှုများတွင် ရန်ကျောက်ကဲ စိတ်ကျေနပ်မှုအရှိဆုံးအရာမှာ သတင်းအချက်အလက်များစွာကို လမ်းကြောင်းများစွာမှ ရယူအသုံးပြုနိုင်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲအနေဖြင့် သတင်းအချက်အလက်ရင်းမြစ်များကို အပြည့်အဝထိန်းချုပ်ရန် မတတ်နိုင်သေးသော်လည်း ဝမ်ဖူကတော့ ဤနယ်ပယ်တွင် အတော်လေး ကျယ်ပြန့်သည်။

ထို့ကြောင့် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာတွင် သူ မသိသေးသည့်ကိစ္စရပ်များစွာရှိနေပြီး သူလက်လှမ်းမမီသည့် သတင်းအချက်အလက်များစွာ ရှိနေသေးကြောင်း သိရှိခဲ့ရသည်။

နောက်ဆုံးရရှိသောသတင်းမှာ ပိုးသားဧကရာဇ်က ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသို့ သွားရောက်ခဲ့သည်ဆိုသောအချက်ပင် ဖြစ်သည်။

ယခုတော့ လူသူကင်းမဲ့သည့်နေရာတစ်ခု ဖြစ်နေပေပြီ။

ပိုးသားဧကရာဇ်က ထိုနေရာတွင်ခဏနေပြီးနောက် ထွက်ခွာသွားပြီး အဝေးတွင်ပုန်းအောင်းနေကြသော ဝူထုန်တောင်စောင်းမှလူများကို နေရာတိုင်းတွင် လိုက်လံရှာဖွေခဲ့သည်။

“သူက ကျွမ်းရှန်ရဲ့လုပ်ရပ်အတွက် လက်စားချေချင်တာလား ၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား”

ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။

သူ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်မှ ထွက်ခွာပြီး တောင်ပိုင်းမီးတောက်ကောင်းကင်သို့ဝင်ရောက်ချိန် နောက်ဆုံးရသတင်းတစ်ခု ဝင်ရောက်လာပြန်သည်။

ပိုးသားဧကရာဇ်က မောက်ယွမ်ရှန်းတို့အုပ်စုအား ပြဿနာရှာမည်မဟုတ်ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ သူက တောင်ပိုင်းသို့လာရောက်သည်မှာ လူတစ်ယောက်အား ရှာဖွေလိုခြင်းဖြစ်ပြီး ဝူထုန်တောင်စောင်းမှလူများအနေဖြင့် ထိုသူမည်သည့်နေရာတွင်ရှိကြောင်း ပြောပြစေလိုသည်။

ထိုသတင်းစကားကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ ပထမဆုံးပေါ်လာသည့်အမည်က ‘လျိုရွှမ့်ထင်’ ဆိုသည့်အမည်မှလွဲပြီး အခြားမရှိပေ။

သူမက မန်ဝမ်၏ အမေဖြစ်သည်။

“ဒီကိစ္စ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုပဲ တွေးနေမိတယ်”

ရေကန်တစ်ထောင်ဒေသသို့ ဖြတ်သွားရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

ဤနေရာက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တို့ ထိစပ်ရာ နယ်နိမိတ်ဒေသ ဖြစ်၏။

ရန်ကျောက်ကဲ ‌တောင်ပိုင်းသို့လာရောက်စဉ်က ဖန်ဟယ် ၊ ချင်ရှုကျီနှင့် အခြားသူများက ဤနေရာသို့ ကျိန်းသေလာရောက်မည်ဟု တွေးထင်ခဲ့ကြသည်။

ရေကန်တစ်ထောင်ဒေသမှ တောင်ဘက်သို့ဆက်သွားလျှင် ယခင်က ရန်ကျောက်ကဲရောက်ခဲ့ဖူးသော အဆုံးမဲ့တောင်တန်းဒေသသို့ ရောက်ရှိပေမည်။

ရန်ကျောက်ကဲ တောင်ဘက်သို့ဆက်လက်ထွက်ခွာလာစဉ် သူ့ထံသို့ နောက်ထပ်သတင်းများ ဝင်ရောက်လာသည်။

ဇာမဏီအော်မြည်သံ ‘မောက်ယွမ်ရှန်း’ ထွက်ပေါ်လာပြီး ပိုးသားဧကရာဇ်နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် အမှန်တကယ်ပင် အခက်အခဲမရှိ မောက်ယွမ်ရှန်း ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

မောက်ယွမ်ရှန်း ထွက်ခွာသွားပြီးနောက် ပိုးသားဧကရာဇ်က ရှိရင်းစွဲနေရာတွင်မနေတော့ဘဲ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့တောင်ဘက်တွင်ရှိသော ‘ဟုန်လိုင်လွင်ပြင်ဒေသ’ သို့ ထွက်ခွာသွားခဲ့သည်။

လွင်ပြင်ဒေသ မြောက်ဘက်စွန်းရှိ ကြီးမားသောရေကန်ကြီးတွင် သူ ရပ်တန့်လိုက်သည်။

ထိုရေကန်က ကြယ်စင်ရောင်ပြန်ရေကန်ဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်ခွင်တွင်သာမက အထက်ဘုံကမ္ဘာတလွှား နာမည်ကြီးသော ရှုခင်းလှပရာ နေရာတစ်ခုဖြစ်သည်။

ကြယ်စင်ရောင်ပြန်ရေကန်သို့ရောက်ရှိသည်နှင့် ပိုးသားဧကရာဇ်က ရပ်တန့်လိုက်ပြီး ဆက်လက်ရွေ့လျားခြင်း မရှိတော့ပေ။

သူ၏တန်ခိုးစွမ်းအားဖြင့် ကြယ်စင်ရောင်ပြန်ရေကန်ပတ်ဝန်းကျင် မိုးမြေတစ်ခုလုံးအား စည်းတံဆိပ်ခတ် ပိတ်လှောင်လိုက်သည်။

ဤနေရာသို့ရောက်လာသည့် အခြားသောကျင့်ကြံသူများမှာ အနားသို့ချဉ်းကပ်ရန်မဖြစ်နိုင်တော့ဘဲ ပိုမိုစွမ်းအားမြင့်မားသော တန်ခိုးစွမ်းအားရှင်များရောက်လာရန်သာ စောင့်ဆိုင်းရင်း ဘေးနားမှ စောင့်ကြည့်နေနိုင်ကြသည်။

ဝမ်ဖူပေးပို့သောသတင်းများအရ နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးသည်လည်း ဤကိစ္စကိုစိတ်ဝင်စားပြီး မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က အခြေအနေလေ့လာရန် တောင်ပိုင်းဒေသသို့ တပည့်များစေလွှတ်ခဲ့သည်ဟု ဆိုသည်။

ရန်ကျောက်ကဲသည်လည်း တောင်ပိုင်းသို့ဆက်လက်ခရီးနှင်လာပြီး ‘ဟုန်လိုင်လွင်ပြင်ဒေသ’ သို့ ရောက်ရှိလာသည်။

အဝေးသို့လှမ်းကြည့်လိုက်တော့ မိုးကုတ်စက်ဝိုင်းဆီတွင် အနက်ရောင်စက်ဝန်းခြမ်းတစ်ခု အုပ်လွှမ်းထားပြီး ထိုအရာက နှိုင်းယှဉ်မရအောင်ကြီးမားလွန်းသည်ကို တွေ့ရသည်။

အနီးကပ်ကြည့်မည်ဆိုလျှင် ထိုအရာက အနက်ရောင်သီးသန့်မဟုတ်ဘဲ အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက်ဖြစ်ပြီး ထိုက်ကျိကားချပ်နှင့်ဆင်တူကြောင်း တွေ့ရပေမည်။

ထို စက်ဝန်းခြမ်းက ကြယ်စင်ရောင်ပြန်ရေကန်တစ်ခုလုံးကို လွှမ်းခြုံဖုံးအုပ်ထားသည်။

အနက်ရောင်နှင့်အဖြူရောင်စက်ဝန်းခြမ်းကြီးအနား ချဉ်းကပ်လာသော ကျင့်ကြံသူများမှာ အစွန်အဖျားနေရာတွင်သာ ဟိုတစ်စု ဒီတစ်စု စုဝေးရင်း အခြေအနေကို လေ့လာလျှက် ရှိကြသည်။

ရောက်နေသူများထဲမှ လူနှစ်ယောက်ကို ရန်ကျောက်ကဲ မျက်မှန်းတန်းမိလေသည်။

တစ်ယောက်မှာ ဝါဒတောင်မှ သူ၏ ဒုတိယဆရာဦးလေး ဖန်ကျွင်း ဖြစ်သည်။ ကျန်တစ်ယောက်ကတော့ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ ပိုးသားဧကရာဇ်၏ တပည့်ရင်း ‘ဟယ်ရှီးရှင်’ ဖြစ်၏။

ဖန်ကျွင်းက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုသိမ်းပိုက်ရာတွင် ရန်တိနှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။

ဟယ်ရှီးရှင်ကတော့ ရန်ကျောက်ကဲ၏သတင်းပေးမှုဖြင့် ပိုးသားဧကရာဇ်ကိုရှာဖွေရန် မြောက်ဖေးတောင်ထွတ်မှ တောင်ပိုင်းအထိ ရောက်လာခြင်းဖြစ်သည်။

ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည့်တိုင် မြောက်ဖေးတောင်ထွတ်သို့ ပြန်မလာဘဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ တန်းသွားခဲ့သည်။

ဟယ်ရှီးရှင်မှာ ဆရာဖြစ်သူပြန်ရောက်သည်သတင်းကြားပြီး လူကိုယ်တိုင်မတွေ့ဆုံရသည့်အတွက် ကူရာကယ်ရာမဲ့သလို ခံစားနေရလေသည်။

All Chapters