သေခြင်းတရားကြောင့်ကွဲကွာခဲ့ရပြီ
Vol. 76 Ch. 1067
အခန်း (၁၀၆၇) သေခြင်းတရားကြောင့်ကွဲကွာခဲ့ရပြီ
‘ထိုက်ကျိရင်ခွင်’ ဟယ်ရှီးရှင်’ ဆိုသည်က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည်။
သူက ပိုးသားဧကရာဇ် ဂုဏ်ယူရသောတပည့်တစ်ယောက်ဖြစ်ပြီး ကြာပန်းနီကမ်းပါး အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်၏။ အထက်ဘုံကမ္ဘာတွင် နျဲ့ကျင်းရှန် ၊ ချင်ရှုကျီတို့ကဲ့သို့ ချီးကျူးခံရသူတစ်ယောက် ဖြစ်သည်။
နျဲ့ကျင်းရှန်လောက် မကျော်ကြားသော်လည်း အထက်ဘုံကမ္ဘာ လူငယ်မျိုးဆက်၏ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်နေဆဲပင်။
သူက သိုင်းသူတော်စင် နဝမအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး လူသားအထွတ်ထိပ်အဆင့်သို့တက်လှမ်းရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ဖုထင်က သူမ၏ ဂိုဏ်းတူမောင်နှမများအကြောင်း ရန်ကျောက်ကဲအားပြောပြလေတိုင်း ဟယ်ရှီးရှင်ကို အမြဲတမ်း ချီးကျူးပြောဆိုလေ့ရှိသည်။
ယခင်က မြောက်ဖေးတောင်ထွတ်တွင် ရန်ကျောက်ကဲနှင့်လည်း တစ်ကြိမ်ဆုံဖူးလေသည်။
ယခုလည်း ရန်ကျောက်ကဲ အသိပေးသဖြင့် ပိုးသားဧကရာဇ်ကို ရှာဖွေရန် တောင်ပိုင်းသို့ ခရီးထွက်လာခြင်း ဖြစ်သည်။ ယခု ဆရာဖြစ်သူကို ရှာတွေ့နိုင်ခဲ့သော်လည်း ဟယ်ရှီးရှင် လုံးဝ မပျော်ရွှင်နိုင်ခဲ့ပေ။
“ဆရာ... ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ မသိဘူး”
ဟယ်ရှီးရှင် တွေးလိုက်သည်။
သူက ရန်ကျောက်ကဲကိုနှုတ်ဆက်စကားဆိုပြီးသည်နှင့် အနက်ရောင်နှင့်အဖြူရောင် စက်ဝန်းခြမ်းကြီးဆီသို့ စူးစိုက်ကြည့်နေပြန်၏။
ရန်ကျောက်ကဲ သူ့ကိုကြည့်ရင်း တစ်ချက်တုံ့ဆိုင်းသွားသည်။ ဝမ်ဖူ ၊ ချိုးကျားဟိုင်တို့နှင့် ပြောဆိုခဲ့သည့် သူ၏ခန့်မှန်းချက်များကို ဟယ်ရှီးရှင်အား ပြောမပြတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက အသံပို့လွှတ်စနစ်ဖြင့် ဖန်ကျွင်းအား အကြောင်းအရာအချို့ ပြောပြလိုက်သည်။ ထိုစကားများကိုကြားသည်နှင့် ဖန်ကျွင်းမျက်ဝန်းများထဲတွင် ထူးဆန်းသည့်အလင်းတန်းတစ်ခု တောက်ပသွားသည်။
ဖန်ကျွင်းရင်ထဲ ထိတ်လန့်တုန်လှုပ်သည့်လှိုင်းလုံးများ မြင့်တက်လာသည့်တိုင် သူ၏မျက်နှာအမူအရာကတော့ ပုံမှန်အတိုင်း မပြောင်းမလဲ ရှိနေသည်။ ခဏအကြာမှာတော့ ဘာမှမဖြစ်သလို ဟန်ပန်ဖြင့်ပင် ဟယ်ရှီးရှင်အားနှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
ရန်ကျောက်ကဲထံမှ ကြာသိရသောစကားများအရ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဝါဒတောင်မှအခြားအကြီးအကဲများနှင့် ဆက်သွယ်ဆောင်ရွက်ရမည် မဟုတ်ပါလား။
ရန်ကျောက်ကဲကတော့ နေရာမှာပင်မတ်တတ်ရပ်ရင်း ဟယ်ရှီးရှင်တို့နှင့်အတူ အဖြူရောင်နှင့်အနက်ရောင် စက်ဝန်းခြမ်းကြီးအား စောင့်ကြည့်နေသည်။ လက်ရှိအချိန်တွင် စိတ်ပူပန်သည်က အသုံးမဝင်ဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရုံသာ ရှိသည်။
မကြာခင် မြောက်ဘက်အရပ်မှ လူတစ်ယောက် ရောက်လာကို တွေ့ရသည်။
ထိုသူက ညိုဝါရောင်အဝတ်အစား ဝတ်ဆင်ထားပြီး မျက်နှာက တည်ကြည်လေးနက်နေ၏။
ရန်ကျောက်ကဲနှင့် ဟယ်ရှီးရှင်တို့ ထိုသူကို လှမ်းကြည့်လိုက်ကြသည်။
“လီကျွင်းရှင်း...”
ထိုသူ၏အသွင်အပြင်ကိုတွေ့မြင်သည်နှင့် ရန်ကျောက်ကဲစိတ်ထဲ နာမည်တစ်ခု ရေရွတ်မိသည်။
ထိုသူက မြေကမ္ဘာထိပ်တန်းအရှင်သခင်၏ တပည့်ဖြစ်ပြီး ‘မြေကမ္ဘာဝိညာဉ်သခင်’ ဟု နာမည်ကျော်ကြားသော “လီကျွင်းရှင်း” ဖြစ်၏။
သူက သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်တွင်ရှိပြီး ဟယ်ရှီးရှင် ၊ ချင်ရှုကျီနှင့် အခြားသူများကဲ့သို့ နာမည်ကျော်ကြားသူတစ်ယောက်သာပင်။
သူ၏ကျော်ကြားမှုက ဟယ်ရှီးရှင်နှင့် ချင်ရှုကျီတို့ထက် အနည်းငယ်သာလွန်ပြီး နျဲ့ကျင်းရှန်ထက်အနည်းငယ် လျော့ပါးသည်။
ချင်းယွမ်ဧကရာဇ်က သူ၏တပည့် ချင်ရှုကျီအပြင် အချိန်တိုအတွင်း လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန် အလားအလာမြင့်မားသူ အခြား (၃)ယောက်ရှိသည်ဟု ပြောခဲ့ဖူးသည်။
ထိုသူများမှာ နျဲ့ကျင်းရှန် ၊ လီကျွင်းရှင်းနှင့် ဟယ်ရှီးရှင်တို့ကို ရည်ညွှန်းခြင်း ဖြစ်၏။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ က အထက်ဘုံကမ္ဘာတွင် သက်ကြီးဝါကြီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လီကျွင်းရှင်းသည်လည်း အခြားသူများထက် ဝါစဉ်ကြီးသည်ဟု ဆိုနိုင်သည်။
သို့သော် လီကျွင်းရှင်းက မောက်မာထောင်လွှားခြင်းအလျဉ်းမရှိဘဲ တည်ကြည်လေးနက်သောမျက်နှာထားဖြင့်သာ အဖြူရောင်နှင့်အနက်ရောင် စက်ဝန်းခြမ်းကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲကိုတွေ့တော့ သူ့မျက်လုံးများ အနည်းငယ်တုန်ခါသွားပြီး သူတို့ရှိရာသို့ လျှောက်လှမ်းလာသည်။
လီကျွင်းရှင်းက ဟယ်ရှီးရှာင်ကို နှုတ်ဆက်လိုက်သည်။
“မတွေ့တာကြာပြီနော် တာအိုရောင်းရင်း’ဟယ်’”
ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ငါတို့တွေ ပထမဆုံး တွေ့ဆုံဖူးတာမဟုတ်လား တာအိုရောင်းရင်း ‘ရန်’ ၊ ဒီ ‘လီ’ က နှုတ်ဆက်ပါတယ်”
ဟယ်ရှီးရှင်နှင့် ရန်ကျောက်ကဲတို့ကလည်း သူ့ကို သင့်လျော်သိမ်မွေ့စွာ နှုတ်ဆက်စကားဆိုလိုက်ကြသည်။
“တာအိုရောင်းရင်း’လီ’ က ယဉ်ကျေးလွန်းနေပါပြီ”
ထို့နောက် သူတို့ (၃)ယောက် အတူတူမတ်တတ်ရပ်ရင်း အခြေအနေကို အကဲခတ်နေကြသည်။
အနက်ရောင်နှင့် အဖြူရောင်စက်ဝန်းခြမ်းကြီးကို အာရုံစိုက်နေကြသော အနီးပတ်တန်းကျင်မှလူများမှာ သူတို့ (၃)ယောက်ထံ ခဏမျှ အာရုံရောက်သွားကြသည်။
တစ်ယောက်က ပိုးသားဧကရာဇ်၏တပည့်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင်၏တပည့် ဖြစ်သည်။
တစ်ယောက်က ကျန့်ဟွမ်ဓားဧကရာဇ်၏ တူဖြစ်သည်။
ရန်ကျောက်ကဲ၏ နောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ သူကိုယ်တိုင်က ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိသူဖြစ်လေရာ ဤနှစ်များအတွင်း အထက်ဘုံကမ္ဘာမှ လူငယ်များကြား ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။
ယခု ထိုသူ (၃)ယောက် အတူတူ မတ်တတ်ရပ်နေကြသည်။
ရန်ကျောက်ကဲက အားလုံးထဲတွင် ကျင့်ကြံခြင်းအနိမ့်ဆုံး ဖြစ်သော်လည်း စွဲဆောင်မှုအရှိဆုံးလူတစ်ယောက် ဖြစ်နေ၏။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ရန်တိက တောင်ပိုင်းထိပ်တန်းအရှင်သခင်’ကျွမ်းရှန်’ ကို သတ်ဖြတ်ခဲ့ပြီး အထက်ဘုံကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။
ရန်တိက ကျွမ်းရှန်ကိုမသတ်ဖြတ်ခင် ရန်ကျောက်ကဲကလည်း ကျွမ်းရှန်ကို အသာစီးယူကာ တိုက်ခိုက်ခဲ့သေး၏။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်တစ်ယောက်အား တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်ဖြစ်ရာ တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုခံခဲ့ရသည်။
ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်ကို ခုခံခဲ့ခြင်းကတော့ ထည့်ပြောနေစရာပင် မလိုတော့ပေ။
လီကျွင်းရှင်းနှင့် ဟယ်ရှီးရှင်တို့က လူသားအထွတ်ထိပ်အဆင့် မရောက်ကြသေးပေ။ သူတို့ လူသားအထွတ်ထိပ်အဆင့် ရောက်သည်ဆိုလျှင်တောင်မှ ရန်ကျောက်ကဲအား အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲစိတ်ထဲ သတိထားနေမိသည်။
သူ့အား အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသူတစ်ယောက် ဤနေရာတွင်ရောက်နေသည်ဟု ယောင်ဝါးဝါး ခံစားနေရသည်။
ထိုသို့ခံစားမိခြင်းက သူ စိတ်ထင်သည်လည်း ဖြစ်နိုင်၏။
လီကျွင်းရှင်းက ခပ်တိုးတိုးလေသံဖြင့်...
“ပိုးသားဧကရာဇ် ဒီလိုလုပ်နေတာ ဘယ်လောက်ကြာပြီလဲ”
ဟယ်ရှီးရှင်က သက်ပြင်းတစ်ချက်ချရင်း...
“တစ်နေကုန်သလောက် ရှိနေပြီ...”
ရန်ကျောက်ကဲနှင့် လီကျွင်းရှင်းတို့ မည်သည့်စကားမှမဆိုဘဲ မျက်မှောင်သာကြုံ့လိုက်ကြသည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြပြီး အဖြူရောင်နှင့်အနက်ရောင် စက်ဝန်းခြမ်းကြီးကိုသာ စူးစိုက်ကြည့်နေကြသည်။
အချန်မည်မျှကြာသွားသည်မသိ ၊ ရန်ကျောက်ကဲစိတ်ထဲ ရုတ်တရက် တစုံတရာ ခံစားလိုက်ရသည်။
ထို့နောက် အဖြူရောင်နှင့်အနက်ရောင် စက်ဝန်းခြမ်းကြီး ပြိုကျသွားပြီး စက်ဝန်းအသွင်လှည့်ပတ်ကာ ထိုက်ကျိကားချပ်အသွင် ပြောင်းလဲသွား၏။
ထိုက်ကျိကားချပ်က လှည့်ပတ်သွားပြီး အလယ်ဗဟိုသို့ ကျုံ့ဝင်သွား၏။
အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ လွင့်ပြယ်သွားသည်နှင့် မှောင်မှိုင်းနေသော ကြယ်စင်ရောင်ပြန်ရေကန်တွင် နေအလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။
လူတိုင်းမျက်ဝန်းများ တောက်ပသွားကြသည်။
ကြယ်စင်ရောင်ပြန်ရေကန်၏ ရှုမျှော်ခင်းက အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာပင်။
တောက်ပသေသာကြယ်စင်ရောင်များက ရေကန်ထက်ဝယ် ရောင်ပြန်ဟပ်နေပြီး ရေကန်မျက်နှာပြင်က အလွန်တရာ လှပခမ်းနားသလို နက်ရှိုင်းလွန်းလှပြီး မြင်ရသူတိုင် ဤနေရာမှ မပြန်ချင်တော့လောက်အောင် စွဲဆောင်မှု မြင့်မားလှသည်။
“အရင်တုန်းက ပိုးသားဧကရာဇ်နဲ့ လျိုရွှမ့်ထင် ဒီနေရာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်နိုင်တယ်...”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“အင်း... ကောင်မလေးတွေခေါ်လာပြီး ချိန်းတွေ့ဖို့ တကယ်ကောင်းတဲ့နေရာတစ်ခုပဲ...”
အဖြူရောင်နှင့်အနက်ရောင် ထိုက်ကျိကားချပ်က တဖြည်းဖြည်းသေးငယ်သွားသည့်တိုင် ရောက်ရှိနေသူအားလုံး အနားသို့မကပ်ရဲကြဘဲ အဝေးမှသာ ဆက်လက်စောင့်ကြည့်နေကြသည်။
ပိုးသားဧကရာဇ်၏တပည့်ဖြစ်သူ ဟယ်ရှီးရှင်တစ်ယောက်သာ ရှေ့သို့တိုးသွားပြီး ထိုက်ကျိကားချပ်တည်ရှိရာ ကြယ်စင်ရောင်ပြန်ရေကန် အလယ်ဗဟိုသို့ ထွက်ခွာသွားသည်။
ရန်ကျောက်ကဲက ဘေးနားတွင်ရှိနေသော လီကျွင်းရှင်းကိုလှည့်ကြည့်လိုက်တော့ ထိုသူကလည်း သူ့ကိုကြည့်နေကြောင်း တွေ့ရသည်။
နှစ်ယောက်သား အကြည့်များပြန်ရုတ်သိမ်းလိုက်ပြီး ရေကန်အလယ်သို့ ဦးတည်ထွက်ခွာသွားကြသည်။
ကြယ်စင်ရောင်ပြန်ရေကန်၏ရှုခင်းက အနည်းငယ်ရှုတ်ထွေးသော်လည်း ကျက်သရေ ရှိလှသည်။ ရေကန်တစ်ခုလုံးက အလွန်တရာကြီးမားသေသာ ဒေသတစ်ခုပမာ ဖြစ်၏။
ရေကန်အလယ်တွင် ကျွန်းငယ်လေးများ တည်ရှိနေပြီး စကြာဝဠာထဲတွင် ပြန့်ကျဲနေသည့် ကြယ်စင်များအလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲ ၊ ဟယ်ရှီးရှင်နှင့် လီကျွင်းရှင်းတို့ ထိုကျွန်းငယ်လေးများထဲမှ တစ်ခုဆီသို့ ဆင်းသက်လိုက်ကြသည်။
ကျွန်းငယ်လေးက အလင်းရောင်များတောက်ပနေပြီး အလွန်တရာ လှပလေသည်။
သို့သော် ရန်ကျောက်ကဲတို့ (၃)ယောက်မှာ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်ခြင်း မရှိကြပေ။
သူတို့ (၃)ယောက်၏ မျက်ဝန်းများက သိပ်သည်းထူထပ်သည့်တောအုပ်ကိုဖြတ်သန်းသွားပြီး တောအုပ်အတွင်းမှ ကြည်လင်သည့်စမ်းချောင်တစ်ခုဆီသို့ ကျရောက်သွားသည်။
ထိုနေရာတွင် လူနှစ်ယောက်ထိုင်နေလေသည်။
သူတို့ဘေးတွင် အုတ်ဂူတစ်ခု ရှိနေသည်။
ကျွန်းပေါ်မှ ပတ်ဝန်းကျင်အနေအထားနှင့် အုတ်ဂူမြှုပ်နှံထားသည့် မြေဆီလွှာ မတူညီသည်ကိုကြည့်ခြင်းအားဖြင့် အုတ်ဂူအဟောင်းတစ်ခုအား ဤနေရာသို့ လောလောလတ်လတ် ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း သိသာနိုင်သည်။
သိုင်းတာအိုမြင့်မားသော တန်ခိုးစွမ်းအားရှင်များအနေဖြင့် တောင်နှင့်ပင်လယ်များကိုပင် ရွှေ့ပြောင်းနိုင်စွမ်းရှိသည်ဖြစ်ရာ အုတ်ဂူတစ်ခုကိုလည်း တူးဖော်စရာမလိုဘဲ ဒီအတိုင်း ရွှေ့ပြောင်းသယ်ယူနိုင်စွမ်း ရှိသည်ပင်။
ပတ်ဝန်းကျင်အနေအထားများ ထိခိုက်ခြင်းမရှိစေဘဲ တူးဖော်ပြီး နေရာအသစ်သို့ ရွှေ့ပြောင်းနိုင်စွမ်း ရှိကြသည်။
ဥပမာအားဖြင့် မောက်ယွမ်ရှန်းတို့အုပ်စု ၎င်းတို့၏မူလဌာနချုပ်အားစွန့်ပစ်ပြီး ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ပြောင်းရွှေ့သွားကြသည့်အခါ ဘိုးဘေးသင်္ချိုင်းဂူများကိုပါ ပြောင်းရွှေ့သယ်ဆောင်သွားခဲ့ကြသည်။
အုတ်ဂူရှေ့ကျောက်ပြားထက်တွင်ရေးထိုးထားသော စာလုံးများကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းအနည်းငယ်မော့ကာ တွေးလိုက်သည်။
“ဆိုတော့... လျိုရွှမ့်ထင်က ဆုံးသွားပြီလား...”
ပိုးသားဧကရာဇ်က ဇာမဏီရိုးရာတောင်မှ သိုင်းကျင့်ကြံသူများကိုရှာဖွေပြီး လူတစ်ယောက်ကိုရှာဖွေလိုသည်ဟု ဆိုခဲ့သည်။ သူရှာဖွေသည့်လူမှာ သေချာပေါက် လျိုရွှမ့်ထင် ဖြစ်ပေမည်။
ယခုတော့ ကြည့်ရသည်မှာ လျိုရွှမ့်ထင်က ဆုံးပါးသွားခဲ့ပြီး သင်္ဂြိုဟ်ခဲ့သည်မှာပင် အချိန်ကြာမြင့်ခဲ့ဟန်တူသည်။ ဇာမဏီရိုးရာတောင်မှ ကျင့်ကြံသူများ ထွက်ခွာသွားကြသည့်အခါ သူတို့က သူမ၏အုတ်ဂူကိုပါ တူးယူရွှေ့ပြောင်းသွားခဲ့ကြဟန် ရှိသည်။
နောက်ပိုင်းမှာတော့ ထိုအုတ်ဂူအား မောက်ယွမ်ရှန်းက ပိုးသားဧကရာဇ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပိုးသားဧကရာဇ်က အုတ်ဂူကို ကြယ်စင်ရောင်ပြန် ရေကန်သို့ ပြောင်းရွှေ့ခဲ့ခြင်းပင်။
အုတ်ဂူရှေ့တွင်ထိုင်နေသူ (၂)ယောက်အား ရန်ကျောက်ကဲ စူးစိုက်ကြည့်လိုက်သည်။
သူတို့ထဲမှတစ်ယောက်က အလွန်တရာ ချောမောခန့်ညားသည့် အသက် (၄၀)ခန့် လူရွယ်တစ်ယောက်ဖြစ်သည်။
ထိုသူက အဖြူရောင်ဝတ်စုံဝတ်ဆင်ကာ အနီရောင်ဝတ်ရုံလွှမ်းခြုံထားပြီး သူ၏ဆံနွယ်ရှည်များက စည်းနှောင်ထားခြင်းမရှိသဖြင့် ကျောပြင်ထက် လွင့်ပျံကျလျှက် ရှိသည်။
ထိုသူမှာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ပင် ဖြစ်လေ၏။