အကျိုးနည်းဖြစ်ရပ်
Vol. 8 Ch. 22
ပြိုင်ပွဲက တကယ့်ကိုပဲ မြန်မြန်ဆန်ဆန်နဲ့ ရှေ့ဆက်နိုင်ခဲ့တယ်။ အခုဆိုရင် အီဗန်နဲ့ယုဆက စီးမီးဖိုင်နယ်ရောက်လာကြပြီ။ စီးမီးဖိုင်နယ်ရဲ့ပထမဆုံးပွဲက ယုဆနဲ့ စူပါအမေရိကကျောင်းတိုက်ပွဲချန်ပီယံ ဇိုအီပါ။
ဇိုအီက ရေခဲစွမ်းအားရှိတဲ့မိန်းကလေးဖြစ်ပြီးတော့ တကယ့်ကိုသန်မာတဲ့ S rank မြူတန့်ဖြစ်ပါတယ်။ ပမာဏစစ်ဆေးမှုမှာကတည်းက အဲဒီမိန်းကလေးကို အီဗန်တို့မြင်ဖူးနေတာပါ။ အဲဒီတုန်းက A အဆင့်စွမ်းအားကိုပဲထုတ်ပြသွားပေမဲ့ တိုက်ပွဲတွေမှာ S rank ဖြစ်ကြောင်းကို ပြသပြီးနေပြီ။
ယုဆက ပြိုင်ပွဲကွင်းထဲကို လျှောက်ဝင်လိုက်တယ်။
ရှိသမျှလူတွေအားလုံးက သူ့ကိုအားပေးနေကြတယ်။
သူ့ရဲ့အိုနီဂါမီအရုပ်တွေရဲ့စွမ်းအားကလည်း အတော်လေးအစွမ်းထက်တယ်မဟုတ်လား။ တစ်ဖက်က ဇိုအီထွက်လာတော့ အားပေးသံတွေက ပိုပြီးကျယ်လာပါတယ်။ ဇိုအီရဲ့ဆံပင်တွေက မီးခိုးရောင်ဖြစ်ပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်ရှိတယ်။ ဒိုင်က တိုက်လို့ရပြီလို့ပြောတာနဲ့ နှစ်ယောက်လုံးက တစ်ယောက်ဆီကိုတစ်ယောက်ပြေးလာပြီး သူတင်ကိုယ်တင်တိုက်ခိုက်ကြတယ်။
ရေခဲစွမ်းအားနယ်မြေက ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် မကြာခင်မှာပဲ ယုဆတိုက်ပွဲကနေ အရှုံးပေးလိုက်ရတယ်။ အထူးစားပွဲဝိုင်းမှာ ထိုင်နေကြတဲ့ စူပါအမေရိကကျောင်းအုပ်က နယူးယောက်ကျောင်းကို တစ်ချက်ကြည့်လိုက်ပြီး ရယ်လိုက်ပါပြီ။
“ဒီလောက်ဆိုရင် ဘယ်သူက ချန်ပီယံဖြစ်မလဲဆိုတာ သိသာနေပြီပဲဥစ္စာ။” လို့ သူကအကျယ်ကြီးပြောလိုက်တယ်။ မက်ဒါနာကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့အေမီကိုယ်တိုင်လုပ်ပေးထားတဲ့ စတော်ဘယ်ရီမစ်ရှိုက်ကိုသောက်ရင်းနဲ့ ဝတ္ထုစာအုပ်တစ်အုပ်ကိုဖတ်နေပါတယ်။ ပြိုင်ပွဲကျင်းပနေတဲ့အချိန်အတွင်း သူ့အနေနဲ့
လုပ်စရာသိပ်မရှိဘူးမဟုတ်လား။
ဘော့စတွန်က ကျောင်းအုပ်ကတော့ သက်ပြင်းချလိုက်ပါတယ်။ “သနားစရာပဲ၊ နယူးယောက်ကျောင်းက အခွင့်အရေးရှိခဲ့ပေမဲ့ သူတို့တိုက်ပွဲချန်ပီယံက ဆက်မပြိုင်တော့ဘူး။”
မိရိုင်က တိုက်ပွဲမဝင်တော့ဖို့ဆုံးဖြတ်လိုက်တာကြောင့် ရှိသမျှပရိသတ်တွေနဲ့စူပါအမေရိကရှုံးတာမြင်ချင်တဲ့ တခြားကျောင်းကသူတွေပါ စိတ်အပျက်ကြီးပျက်သွားကြတယ်။ နယူးယောက်ကျောင်းက ဗိုလ်လုပွဲတတ်မှာကျိန်းသေနေပေမဲ့ ချန်ပီယံဖြစ်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ အခုပြိုင်ပွဲမှာ နောက်ဆုံးကျန်တဲ့သူက အီဗန်ဖြစ်ပြီး အီဗန်က B+ ပဲရှိတဲ့အချိန်မှာ ဇိုအီက S အဆင့်ပါ။
သူတို့စိတ်ပျက်လက်ပျက်ဖြစ်နေတုန်းမှာပဲ ကွင်းထဲဝင်လာတဲ့ အီဗန်က ဘော့စတွန်ကတိုက်ပွဲချန်ပီယံကို
ခနလေးနိုင်သွားပြီး ဗိုလ်လုပွဲကိုတက်နိုင်သွားပါပြီ။ ဒါပေမဲ့ ဘယ်သူမှစိတ်မလှုပ်ရှားကြဘူး။ အားလုံးက အခုရလဒ်ကို ခန့်မှန်းထားကြပြီးဖြစ်ပြီး နောက်ဖြစ်လာမယ့်ရလဒ်ကိုလည်း သိထားကြပြီးသားပါ။
....
အီဗန်နဲ့ဇိုအီက ကွင်းထဲမှာ မျက်နှာချင်းဆိုင်တွေ့မိကြပြီ။ အီဗန်က တိုက်ပွဲကွင်းပြင်ရဲ့အလယ်မှာရပ်နေပြီး လက်ထဲကဓားကို မြောက်ကာ ဘေးကိုထုတ်ထားလိုက်တယ်။ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီး သူ့အနားက လေထုက လူသတ်ချင်စိတ်နဲ့ပြည့်နှက်နေပြီး ပွဲကြည့်စင်ပေါ်ကလူတွေကို တင်းကျပ်တဲ့လေထုကို ခံစားရစေတယ်။ ဇိုအီကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့ တစ်ချက်ပြုံးလိုက်တယ်။ သူ့အတွက်တော့ B+ အဆင့်မှာပဲရှိနေတဲ့ အီဗန်က နောက်ထပ်ပုရွက်ဆိတ်လေးတစ်ကောင်ပါ။
သုံး... နှစ်... တစ်... တိုက်....
ဇိုအီက တိုက်ပွဲစတာနဲ့ အရင်ဆုံးစတိုက်လိုက်တယ်။
သူ့လက်ကို ဝေ့ယမ်းလိုက်ပြီးနောက် ရေခဲချွန်တစ်ခုက အီဗန်ဆီကိုတိုးဝင်လာတယ်။ အီဗန်ရဲ့မျက်လုံးကလည်း အနီရောင်ပြောင်းသွားပြီး ရေခဲဆူးချွန်ကိုဓားနဲ့ထက်ပိုင်းခွဲပစ်လိုက်တယ်။ နောက်တော့နေရာကနေပျောက်သွားပြီး ဇိုအီရဲ့နောက်မှာပြန်ပေါ်လာပါပြီ။
ထန်း... ဇိုအီက အီဗန်ရဲ့မြင်းခေါင်းဖြတ်ဓားချက်ကို ရေခဲဒိုင်းတစ်ခုဖန်တီးပြီးကာလိုက်တယ်။ ဒါပေမဲ့ ရေခဲတွေကိုဓားက ဖြတ်ချလိုက်တဲ့အတွက် ခေါင်းကိုငုံပြီး ရှောင်လိုက်ရတယ်။ ကွဲထွက်သွားတဲ့ရေခဲတွေက နေရာအနှံကို ပြန့်ကျဲကုန်တော့တယ်။
ပြိုင်ပွဲကိုစောင့်ကြည့်နေတဲ့ ကျောင်းအုပ်တွေလည်း
မျက်လုံးပြူးကုန်ပါပြီ။ “B+ တစ်ယောက်က အသံမြန်နှုန်းကိုရောက်လုနီးနီးအမြန်နှုန်းနဲ့ လှုပ်ရှားနေတာလား။ ကြောက်စရာပဲ။”
ဇိုရီက ရေခဲလှိုင်းတစ်ခုကိုဖန်တီးပြီး အီဗန်ကိုတွန်းထုတ်လိုက်တယ်။ အီဗန်က တစ်ခနတည်းနဲ့ သူ့ရှေ့ထပ်ရောက်လာပြီး နောက်ထပ်ဓားချက်ပေါင်းများစွာနဲ့ တိုက်ခိုက်ပြန်တယ်။ ဇိုအီလည်း ရေခဲလှံတစ်ချောင်းကိုဖန်တီးပြီး ပြန်ခုခံတယ်။ အခုဇိုအီရဲ့ရေခဲစွမ်းအားသက်ရောက်မှုကြောင့် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးက အရိုးခိုက်မတတ်အေးနေပြီဖြစ်ပြီး စတိတ်ကွင်းလိုမျိုး လျှောစီးသွားလို့ရနေပြီ။ ဒါပေမဲ့ အီဗန်ရဲ့တိုက်ခိုက်နိုင်စွမ်းကို နည်းနည်းလေးမှ ကန့်သတ်နိုင်ပုံပေါ်မဘူး။
ခြွမ်း....
အီဗန်က ဇိုအီရဲ့လှံကိုချိုးပစ်လိုက်ပြီး ပါးပေါ်မှာအမာရွတ်တစ်ခုချန်ထားရစ်တယ်။ ဇိုအီက အီဗန်ကို ဒေါသတကြီးကြည့်လိုက်ပြီး ရေခဲမှုန်တွေကိုလက်ထဲမှာစုစည်းလိုက်တယ်။ သူ့တစ်ကိုယ်လုံးကိုရေခဲတွေဖုံးအုပ်သွားပြီး ရေခဲချပ်ဝတ်တစ်ခုဖြစ်ပေါ်လာပါတယ်။ လက်ထဲမှာတော့ ဧရာမစစ်လှံနဲ့ဒိုင်းကြီးကို ကိုင်ထားပြီး စစ်နတ်ဘုရားမတစ်ပါးလိုမျိုးကွင်းပြင်ထဲမှာရပ်နေတယ်။
“နင်က ငါ့ရဲ့စစ်နတ်ဘုရားပုံစံကို ထုတ်သုံးရအောင်လုပ်နိုင်တဲ့ တစ်ယောက်တည်းသောပြိုင်ဘက်ပဲအီဗန်၊ ဂုဏ်ရှိရှိနဲ့သေလိုက်တော့ဘူး။”
ဇိုအီက ရေခဲတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်ထဲမှာစပြီး ရေခဲစကိတ်စီးကာ အီဇန်ကိုအမီလိုက်တိုက်တယ်။ အီဗန်လည်းဖိအားဒဏ်ကို ခံလာရပြီး နောက်ကိုပြန်ဆုတ်လိုက်ရတယ်။ သူ့ပါးစပ်ကို မောဟိုက်စွာနဲ့ဟထားရပြီး ပါးစပ်ထဲကနေ အအေးငွေ့တွေထွက်နေတယ်။ ရေခဲနယ်မြေရဲ့သက်ရောက်မှုက ပိုကြီးလာနေပြီဖြစ်ပြီး သူ့မျက်ခုံးပေါ်မှာတော့ နှင်းတွေခဲနေပါတယ်။
ဘုန်း....
ဇိုအီက မြေပြင်ကိုလှံနဲ့ရိုက်ချလိုက်တယ်။ ဧရာမရေခဲသလင်းတိုင်ကြီးက မြေပြင်ကနေမြင့်တက်လာပြီး အီဗန်ကိုတိုက်မိသွားတယ်။ အီဗန်ရဲ့ပခုံးကနေ သွေးတွေစီးကျလာပြီး ဓားလည်းလက်ထဲကနေ လွတ်ကျသွားတယ်။ ဒိုင်က အီဇန်ကိုကြည့်လိုက်ပြီး အရှုံးပေးတော့မှာလားဆိုတဲ့ပုံစံနဲ့ မေးငေါ့ပြပေမဲ့ အီဗန်က နှုတ်ခမ်းကိုကိုက်ထားလိုက်ပြီး ဓားကိုပြန်ကောက်ကာ ရှေ့ကိုတည့်တည့်ပြေးတက်တယ်။
“ငါက ဒီနေ့ချန်ပီယံမဖြစ်မချင်း အိမ်မပြန်ဘူးကွ။”
သူ့အမြန်နှုန်းက တဖြည်းဖြည်းပိုတိုးလာနေပြီး အသံမြန်နှုန်းရဲ့အတားအဆီးကို ထိုးဖောက်သွားတယ်။ လေထုပေါက်ကွဲသံကြီးထွက်လာပြီး ဇိုအီကို အပေါ်ကနေ ဓားနဲ့မိုးခုတ်တယ်။ ဇိုအီက ပမာမခန့်ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်တယ်။ ရေခဲတွေက လက်ဝါးနှစ်ဖက်အသွင်ဖြစ်ပေါ်လာပြီး အီဗန်ကို ချုပ်နှောင်ထားလိုက်တယ်။ ဒိုင်ကလည်း အီဗန်ထွက်မလာနိုင်တော့ဘူးလို့ ယူဆတဲ့အတွက်နံပါတ်စရေတွက်တယ်။
တစ်... နှစ်... သုံး...
ခရက်...
သုံးစက္ကန့်အကြာမှာ ရေခဲလက်ရဲ့မျက်နှာပြင်ပေါ်မှာ အက်ကြောင်းတွေအက်ကြောင်းတွေပေါ်လာခဲ့ပါပြီ။
ပြီးတော့ ပြောမပြတတ်လောက်အောင်စွမ်းအားကြီးတဲ့ ဖိအားတစ်ခုက ဇိုအီပေါ်ကိုကျဆင်းလာတယ်။ ဇိုအီလည်း ထိတ်လန့်သွားပြီး ရေခဲလက်ကိုနောက်ထပ်ရေခဲအလွှာတစ်ခုနဲ့ထပ်ဖုံးအုပ်လိုက်တယ်။
လေး... ငါး...
ဘုန်း....
ဒါပေမဲ့ အလကားပါပဲ။ မကြာခင်မှာပဲ အေးခဲနေတဲ့ သွေးတွေနဲ့စိုရွဲနေတဲ့ အီဗန့်လက်သီးက ရေခဲအလွှာတွေကိုထိုးဖောက်ပြီး ထွက်လာတယ်။ အဲဒီနောက် ရေခဲလက်ကြီးတစ်ခုလုံးကို အက်ကွဲသွားစေပါတယ်။ မကြာခင်မှာပဲ သွေးရောင်အော်ရာတွေဖုံးလွှမ်းနေတဲ့ အီဗန်ရဲ့ခန္ဓာကိုယ်ကို ပွဲကြည့်ပရိသတ်တွေ စမြင်လာရတယ်။ အီဗန်ရဲ့မျက်လုံးတွေက အခုသွေးရောင်လုံးလုံးဖြစ်နေပြီဖြစ်ပြီး အက်ကွဲစပြုနေပြီဖြစ်တဲ့ ဓားကိုဆုတ်ကိုင်ကာ အသံမြန်နှုန်းနဲ့အတူ
ဇိုအီရဲ့ရှေ့မှာပေါ်လာပြီး ရင်ဘတ်ကိုလက်သီးနဲ့ဆောင့်ထိုးလိုက်တယ်။
ဝုန်း....
“ဝေါ့....” ဇိုအီရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ ရေခဲချပ်ဝတ်က ချက်ချင်းအက်ကွဲသွားပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရတယ်။ ဇိုအီရဲ့ခန္ဓာကိုယ်လည်းလေပေါ်ကို မြောက်တတ်သွားတယ်။ အီဗန်ကတော့ ဒီလောက်နဲ့မရပ်သေးဘဲ ဓားကိုဆွဲကာ လေထုထဲမှာ မဖြစ်နိုင်တဲ့လှုပ်ရှားမှုတွေနဲ့လှုပ်ရှားရင်း ဇိုအီကိုဆက်ပြီးတိုက်တယ်။ ဇိုအီက ပြန်ခုခံဖို့လုပ်နေပေမဲ့လုံးဝကို
မတုံ့ပြန်နိုင်ပါဘူး။
“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ၊ အဲဒီB rank ကလေးက ရှူံးခါနီးအချိန်ကျမှ A အဆင့်ကိုရောက်သွားတာလား။ ပြီးတော့ ဘက်စုံဖွံဖြိုးတဲ့ပြိုင်ဘက်ကင်း A rank လား။” စူပါအမေရိကကျောင်းအုပ်က သူ့ရှေ့ကိုမြင်ကွင်းကိုသူ မယုံနိုင်ဘူးဖြစ်နေတယ်။
အီဗန်က တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။ သူ့ဓားမှာ သွေးတွေနဲ့စွန်းထင်းနေတယ်။ ဇိုအီဒူးထောက်ကျသွားတယ်။ စူပါအမေရိကကျောင်းရဲ့တိုက်ပွဲဝတ်စုံကယ်ခဲ့လို့သာ သူမသေတာပါ။ အီဗန်က ဓားကိုမြှောက်လိုက်ပြီး စီးကျနေတဲ့သွေးတွေကို လျှာနဲ့လျက်လိုက်တယ်။
“အဆင့်နိမ့်တဲ့ နင်လိုကောင်လေးကများ....” ဇိုအီကလည်း အရှုံးမပေးသေးဘဲ ပြန်ထလာတယ်။ ဒေါသကြောင့် ကြမ်းပြင်ကနေ ရေခဲဆူးချွန်တွေအများကြီးထွက်လာပြီး ရေခဲနယ်မြေတစ်ခုလုံးက အရိုင်းဆန်သွားတယ်။ ပြီးတော့ ဇိုအီရဲ့နတ်သမီးလိုချောမောတဲ့အသွင်အပြင်ကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ သူ့မျက်လုံးတွေက အပြာရောင်ဖြစ်သွားပြီး ဆံပင်တွေရှည်လာကာ အရပ်ပါရှည်ထွက်လာတယ်။ နော့ခ်ဒဏ္ဍာရီတွေထဲက ရေခဲဘီလူးကြီးတစ်ကောင်လိုမျိုး
အီဗန်ရဲ့ရှေ့မှာရပ်နေတယ်။ ကောင်းကင်တစ်ခုလုံးမှာလည်း ရေခဲဆူးချွန်တွေနဲ့ပြည့်လာပြီဖြစ်ပြီး ပွဲကြည့်စင်က ပရိသတ်တွေတောင် အအေးဒဏ်ကိုခံစားလာရတဲ့အတွက် ကာကွယ်ရေးစွမ်းအင်ဒိုင်းတွေ အလိုလိုပွင့်လာတယ်။
အီဗန်ကတော့ ရေခဲတောထဲမှာ ဓားကိုကိုင်ပြီးရပ်နေဆဲပါ။ သူ့အဝတ်အစားတွေက လေနဲ့အတူမျောလွင့်နေပြီး အထီးကျန်သူရဲကောင်းတစ်ယောက်လိုမျိုးထင်ရတယ်။
“အဆင့်ကွာခြားမှုကို ငါဂရုမစိုက်ဘူးလို့ သက်သေပြခဲ့ပြီးသား။”
သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလိုပဲ နေရာကနေ ပျောက်သွားပြီး သွေးနီရောင်အရိပ်တစ်ခုအဖြစ် ပြောင်းသွားတယ်။ ရေခဲဆူးချွန်တွေက သွေးနီအရိပ်နောက်ကိုလိုက်ပေမဲ့ အရိပ်ရဲ့မြန်နှုန်းက သိပ်ကိုများလွန်းတယ်။ ပြီးတော့ အကြီးကြီးဖြစ်နေတဲ့ ဇိုအီရဲ့လက်ရှိပုံစံက အီဗန်အတွက် အလွယ်တကူတိုက်ခိုက်လို့ရတဲ့ ပုံစံမျိုးဖြစ်နေတယ်။
အဲဒီနောက်တော့ ရေခဲမုန်တိုင်းထဲမှာ သွေးမုန်တိုင်းတစ်ခု စတင်တိုက်ခိုက်လာတော့တယ်။
“အား....” မိနစ်ဝက်ခန့်ကြာပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ပြိုကျတော့မလိုတုန်ခါနေပြီ။ ဇိုအီရဲ့ငယ်သံပါအောင်အော်တဲ့ အော်သံထွက်လာပြီး ရေခဲဘီလူးကြီးလဲကျသွားတယ်။ ရေခဲမုန်တိုင်းလဲ ရပ်သွားပြီဖြစ်ပြီး ရေခဲဘီလူးကြီးရဲ့ရင်လက်ပေါ်မှာရပ်နေပြီး လည်မျိုကိုဓားနဲ့ထောက်ထားတဲ့ အီဗန်ကို လူတိုင်းတွေ့လိုက်ရတယ်။
ကျယ်လောင်တဲ့ အားပေးသံကြီးတစ်ခုလုံး ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားတယ်။ ရုပ်သံလိုင်းတွေက သူ့ရဲ့ရဲဝင့်တဲ့ပုံစံက “အဆင့်ကွာခြားမှုကို ငါဂရုမစိုက်ဘူးလို့ သက်သေပြခဲ့ပြီးသား။”ဆိုတဲ့အသံဖိုင်ကိုပဲ ထပ်ခါထပ်ခါဖွင့်ပြနေပါတယ်။ အဲဒီမြင်ကွင်းကို ကြည့်နေတဲ့သူတွေအားလုံး ကျောရိုးထဲအထိ စိမ့်သွားတဲ့ခံစားချက်ကို ခံစားမိလိုက်တယ်။ အီဗန်ကိုယ်တိုင် ဖန်သားပြင်ထဲကနေထွက်လာပြီး သူတို့ကိုဓားနဲ့ရွယ်ထားတဲ့အတိုင်းပဲ။
ဇိုအီက မျက်လုံးပြူးနေပြီး မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်က ပြန်ကျုံဝင်သွားတယ်။ အီဗန်ကတော့ သူ့ရင်ဘတ်ကို နင်းထားတုန်းပဲ။ အတော်ကြာမှ သတိဝင်လာပြီး ဖယ်ပေးလိုက်တယ်။ ထိတ်လန့်နေတဲ့ ဇိုအီကတော့ ပြိုင်ပွဲကွင်းထဲကနေပြီး လေးဘက်ကုန်းထပြေးသွားတယ်။ မျက်လုံးထဲမှာလည်း မျက်ရည်တွေရွှဲလို့ပါ။ အီဗန်ကတော့ သူ့ကိုယ်သူမယုံနိုင်တဲ့ပုံစံနဲ့ ဆက်ပြီးရပ်နေမိတယ်။
“ငါနိုင်သွားတာလား။”
“ယခုနှစ်အတွက် ကျောင်းပေါင်းစုံဟီးရိုးပြိုင်ပွဲချန်ပီယံကတော့ နယူးယောက်ဟီးရိုးကျောင်းရဲ့အီဗန် ဘလက်ဖြစ်ပါတယ်။”
မကြာခင်မှာပဲ ဒိုင်က အနိုင်ရသူကိုကြေညာလိုက်ပြီး
မီးရှုးမီးပန်းတွေစဖောက်တယ်။ ကြောင်ကြောင်ကြီးရပ်နေတဲ့ အီဗန်လက်ထဲကဓားလည်း တစ်စစီပဲ့ကြွေသွားပြီ။ ပွဲကြည့်စင်ပေါ်က အီဗန်ကိုအားပေးနေတဲ့ ကျောင်းသားတွေလည်း ပွဲထဲဝင်လာပြီး အီဗန်ကို ဝိုင်းမြှောက်ဂုဏ်ပြုကြတယ်။
....
အီဗန်နားနေခန်းကိုပြန်ရောက်တော့ နျူရေက ခုံတန်းတစ်ခုပေါ်မှာထိုင်နေပြီး သူ့ကိုစောင့်နေပါတယ်။ အီဗန်က ရှက်ရှက်နဲ့သူ့အနားကိုရောက်လာပြီးတော့ ပြောလိုက်လေရဲ့။
“ငါ... ငါချန်ပီယံဖြစ်သွားပြီ။” အီဗန်က အဲဒီလိုပြောတော့ နျူရေက ပြုံးလိုက်ပြီး သူနဲ့အတူခုံတန်းမှာထိုင်ဖို့ ခုံကိုလက်နဲ့ပုတ်ပြလိုက်တယ်။ အီဗန်လည်း တံထွေးမျိုချလိုက်ပြီး ဘေးမှာသွားထိုင်တာပေါ့။
“အောင်မလေးဗျ။” ရုတ်တရက်ဆိုသလိုပဲ နျူရေက အီဗန်ရဲ့ခေါင်းကို ဖမ်းဆွဲလိုက်ပြီး သူ့ပေါင်ပေါ်တင်ပေးလိုက်တယ်။ အခုအီဗန်က နျူရေရဲ့ပေါင်ပေါ်ရောက်နေပြီး အပေါ်ကိုမော့ကြည့်ဖို့ကြိုးစားတော့ နျူရေက နှုတ်ခမ်းပေါ်လက်ညိုးကို ကန့်လန့်ဖြတ်တင်ပြီး
“ရှူး၊ အပေါ်ကိုမကြည့်ရဘူးလေ။”လို့ပြောကာ အီဗန်ရဲ့မျက်နှာကို လက်ဖဝါးနဲ့အုပ်လိုက်တယ်။ အီဗန်က အဲဒီရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာပြောရမှန်းမသိတော့ဘူး။
ဒါပေမဲ့ပေါင်ကိုခေါင်းအုံးနေရင်းကနေ သူ့ဝမ်းဗိုက်ထဲမှာ လိပ်ပြာလေးတွေဝင်နေသလိုမျိုး ခံစားရတဲ့အတွက် မနေနိုင်တော့ဘဲ တခိခိရယ်နေမိတော့တာပဲ။ နောက်ဆုံး နျူရေလည်းမနေနိုင်ဘဲ ရယ်မိပါလေရောလား။
....
မက်ဒါနာကတော့ နယူးယောက်ကျောင်းချန်ပီယံ ဖြစ်သွားပြီမလို့ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။ တခြားကျောင်းတွေက သူ့ကိုဂုဏ်ယူကြောင်းပြောပြီး လာနှုတ်ဆက်ကြပေမဲ့ စူပါအမေရိကကျောင်းကတော့ စောစောစီးစီးပဲ ထပြန်သွားလေရဲ့။ မက်ဒါနာကတော့ ဒါတွေစိတ်မဝင်စားပါဘူး။ ခနနေတော့ ပြိုင်ပွဲဝင်တွေကို ဆုပေးဖို့အတွက် ဒိုင်အဖွဲ့က စင်ပေါပြန်ခေါ်ပြီး ဆုပေးပါတယ်။ ခနေနေတော့
မက်ဒါနာကိုယ်တိုင် တက်ပြီးအကောင်းဆုံးကျောင်းဆုနဲ့ သမ္မတရဲ့ညစာစားပွဲဖိတ်ကြားလွှာကို တက်ယူရပါတယ်။ မက်ဒါနာက စာကိုဖွင့်ကြည့်လိုက်တော့ မနက်ဖြန်ည ခုနစ်နာရီဖြစ်နေတာ တွေ့လိုက်ရတယ်။
နောက်တော့ သူတို့တည်းနေတဲ့ ဟိုတယ်ကိုပြန်ဖြစ်ကြတယ်။ မက်ဒါနာက ဟိုတယ်ခန်းထဲဝင်တော့ ဆိုဖီယာကလွဲပြီး တခြားသူတွေအခန်းထဲရောက်နှင့်နေကြပြီ။ ဖရာလီတာက ရှေ့ကိုထွက်လာပြီးပြောလိုက်တယ်။
“ဝေ့၊ မက်ဒါနာ။ နင့်တာဝန်ပြီးသွားပြီမလား။ ဒါပြီးရင် ကျောင်းကိုနင်တာဝန်ယူစရာမလိုတော့ဘူးမဟုတ်လား။”
မက်ဒါနာက အရင်ဆုံးအဲဒီစကားကိုပြန်မဖြေခင် မွေ့ရာပေါ်ထိုင်ချလိုက်တယ်။ အခုကောင်မလေးတွေအားလုံးက တစ်ခန်းတည်းမှာရှိနေကြပြီး သူတို့တွေက မိသားစုအခန်းတစ်ခုကို ငှားထားကြတာဖြစ်ပါတယ်။
“အင်း၊ ငါလည်း ဒီစာသင်နှစ်ပြီးရင် ကျောင်းကိုတစ်သက်လုံးစောင့်ရှောက်နိုင်မယ့် ကျောင်းအုပ်တစ်ယောက်ဆီ လွှဲထားဖို့စဥ်းစားနေတာ။”
မက်ဒါနာက ပြောလိုက်တယ်။ အစကတည်းက နယူးယောက်ကျောင်းကို မက်ဒါနာက ကတိတစ်ခုကြောင့် စောင့်ရှောက်ပေးခဲ့တာပါ။ အခုတော့ နယူးယောက်ကျောင်းရဲ့အခြေအနေက အတော်လေးတည်ငြိမ်လာပြီဖြစ်ပြီး ကျောင်းကြီးရှစ်ကျောင်းရဲ့ထိပ်ဆုံးကျောင်းတောင် ဖြစ်နေပြီလေ။
“ဆရာမဟဲရိုးကိုပေးခဲ့ရင် အဆင်ပြေလောက်မယ်။
ဆရာမဘရီစာကမဆိုးပေမဲ့ သူက အခုမှရောက်တာလေ။”
မက်ဒါနာကပြောလိုက်တော့ အဲဒီစကားကို လူတိုင်းထောက်ခံကြတယ်။ မက်ဒါနာက လက်ထဲကဖိတ်စာကို ကြည့်နေဆဲပါ။ သူက သက်ပြင်းချလိုက်တယ်။ လင်ဒါက မက်ဒါနာဘေးမှာဝင်ထိုင်လိုက်ပြီး မက်ဒါနာရဲ့စာကိုဖတ်ကာ လက်ကိုဆုပ်ကိုင်ထားပေးလိုက်တယ်။
“ဥစာကီနဲ့တွေ့ရမှာကို နင်စိတ်ပူနေတာလား။” လို့မေးလိုက်တော့ မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ စာထဲမှာက ဝဲလ်ဆင်နဲ့တွေ့ရမယ်လို့ရေးထားတာဖြစ်ပေမဲ့ လောလောဆယ် ဝဲလ်ဆင်ကရုပ်ပြသာသာပါပဲ။
ဥစာကီနဲ့ပိုးကောင်တွေကမှ တကယ်အုပ်ချုပ်နေကြတာပါ။
“ငါတကယ်ပဲ သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲမသိဘူး။”
ဥစာကီက မက်ဒါနာရဲ့မိတ်ဆွေဟောင်းတစ်ယောက်ပါ။ ဒါကြောင့်မလို့ ရန်သူတွေဖြစ်သွားချိန်မှာဘယ်လိုရင်ဆိုင်ရမှန်းမသိ ဖြစ်နေတော့တာပဲ။ လင်ဒါသက်ပြင်းချလိုက်တယ်။ ဖလေရာကလည်း မက်ဒါနာဘေးမှာဝင်ထိုင်ပြီး ပခုံးကိုမှီလိုက်တယ်။
“ဘာမှစိတ်ပူမနေနဲ့၊ သူ့ကို အရင်အတိုင်းပဲဆက်ဆံပေါ့။”
ဖလေရာရဲ့အကြံကို မက်ဒါနာက လက်ခံဖို့ဆုံးဖြတ်လိုက်တယ်။ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီထိုးခါစပဲရှိသေးတယ်။ ဒါပေမဲ့ တအားပင်ပန်းနေပြီးတော့ အိပ်ချင်နေသလိုပဲ။ အေမီက မက်ဒါနာရဲ့အခြေအနေကို စောင့်ကြည့်နေရင်းကနေ အခုလိုအကြံပေးလိုက်ပါတယ်။
“မမလေး၊ မနက်ဖြန်ကျရင် တစ်မနက်လုံးအားတယ်ဆိုတော့ ကလေးတွေနဲ့အတူ မိုင်ယာမီရေကစားကွင်း
သွားကြမလားဟင်။”
မက်ဒါနာက တစ်ခဏလောက် စဥ်းစားကြည့်လိုက်တယ်။ ဒီတစ်ပတ်လုံး ပြိုင်ပွဲကိစ္စနဲ့ စိတ်ပန်းလူပန်းဖြစ်ထားတာဆိုတော့ အပန်းဖြေစခန်းသွားမယ့်ကိစ္စက ထင်သလောက်မစိုးလောက်ဘူး။ နောက်ပြီး ရေကစားကွင်းဆိုတော့....
မက်ဒါနာက အကြံဆိုးကြီးနဲ့ သူ့ကိုဆန်းဝှစ်လိုညှပ်ထားတဲ့ ဖလေရာနဲ့လင်ဒါကို တစ်ချက်စီကြည့်လိုက်တယ်။ ကောင်မလေးနှစ်ယောက်က သူ့အကြည့်ကို နားလည်တဲ့ပုံစံနဲ့ ပြန်ပြုံးပြကြတယ်။ အဲဒီနောက် မက်ဒါနာက ဖရာလီတာကို ကြည့်ပြီးပြုံးလိုက်မိတယ်။
ဖရာလီတာက စိတ်ဆိုးသွားပြီး “နင်ဘာကြည့်တာလဲဟဲ့။” လို့ပြောလိုက်တယ်။
ဒါပေမဲ့ မက်ဒါနာက ဘာမှမပြောရသေးခင်မှာပဲ မေမေလင်ဒါက ရှေ့ထွက်လာပြီး အသေးမလေးရဲ့ခေါင်းကို လက်ဖဝါးရဲ့ဖိထားလိုက်ပြီး ပြောလိုက်လေရဲ့။
“နင်ရေကစားကွင်းမှာ ပုပုသေးသေးလေးနဲ့ ဘစ်ကနီဝတ်ရင် ဘယ်လောက်ထိရယ်စရာကောင်းမလဲ သိချင်လို့ဖြစ်မှာပေါ့၊ အသေးမလေးရဲ့။”
“လင်ဒါ၊ ကောင်မစုတ်။ နင်ကများ ငါ့ကိုပြောရဲတယ်။”
ဖရာလီတာက ဒေါသထွက်ပြီးလင်ဒါကိုထုဖို့လုပ်ပေမဲ့ ဟိုက သူ့ခေါင်းကိုချုပ်ထားတဲ့အတွက်ကြောင့် ရှေ့တက်လို့မရဖြစ်နေရော။ ဖလေရာ အဲဒီမြင်ကွင်းကိုကြည့်နေရင်းကနေ မထိန်းနိုင်ဘဲ အော်ရယ်မိပါလေရော။
အဲဲဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး ဆိုဖီယာဝင်လာတယ်။ ဆိုဖီယာက အနိုင်ကျင့်ခံနေရတဲ့ ဖရာလီတာကိုကြည့်ရင်းကနေ ခေါင်းကုတ်လိုက်တယ်။ ဘာဖြစ်လို့ဖြစ်နေမှန်း သူမှမသိတာ။
မကြာခင်မှာပဲ လင်ဒါလည်း ဆိုဖီယာရဲ့အကြည့်ကို သတိထားမိသွားပြီး နတ်သူငယ်မလေးကို ကောက်ချီလိုက်ပါတယ်။ “ခုမှသတိရတယ်ကြည့်စမ်း၊ နင်လည်း အခုအသေးမလေးဖြစ်နေတာမဟုတ်လား။ အသေးမလေးနှစ်ယောက်ကို ဘစ်ကနီနဲ့တွေ့ရရင် ချစ်စရာကောင်းနေတော့မှာပဲ။”
ဆိုဖီယာကတော့ ဖရာလီတာနဲ့မတူဘဲ လင်ဒါကိုရိုးရှင်းစွာ တုန့်ပြန်လိုက်တယ်။ သူက လင်ဒါရဲ့နှာခေါင်းကို လက်သီးနဲ့ထိုးချလိုက်တာပါ။
ခွက်....
ပြင်းထန်တဲ့အားကြောင့် လင်ဒါနောက်ကိုလဲကျသွားတယ်။ နှစ်ယောက်လုံးမြေပေါ်ကို ပုံလျက်သားကျသွားရော။ ခနနေတော့ နတ်သူငယ်မလေးက ပြန်ထလာပြီး သူ့နှာခေါင်းသူ နာကျင်စွာနဲ့ဆုပ်ကိုင်ထားလိုက်လေရဲ့။
“ဆိုဖီယာမ၊ ငါကစတာကို နင်က တကယ်လုပ်တယ်ပေါ့။” ဒါပေမဲ့ နတ်သူငယ်မလေးက စကားပြောနေတာကိုရပ်လိုက်ပြီး သူ့လည်ချောင်းသူစမ်းလိုက်ပါတယ်။ ဒါတောင် အားမရသေးဘဲ ဟိုတယ်ခန်းထဲက ကိုယ်လုံးပေါ်မှန်ဆီကိုတောင် ပြေးသွားပြီး သူ့ကိုယ်သူကြည့်လိုက်သေးတယ်။ မက်ဒါနာကတော့ နတ်သူငယ်မလေး တစ်ခုခုလွဲနေတယ်ဆိုတာကလွဲလို့ ဘာဖြစ်နေမှန်းခုထိမသိသေးဘူး။
မကြာခင်မှာပဲ လင်ဒါက ကြမ်းပြင်ပေါ်ကနေ ထလာပြီး မှန်ထဲက ကိုယ့်ကိုယ်ကိုယ်အထိတ်တလန့်ကြည့်နေတဲ့ နတ်သူငယ်မလေးဖြစ်နေတဲ့ လင်ဒါ နောက်မှာရပ်လို့ ကြောက်စရာလေသံနဲ့ပြောလိုက်တယ်။
“အခုအချိန်ကစပြီး ပုပုလေးလေးခန္ဓာကိုယ်လေးနဲ့ ဘစ်ကနီဝတ်ရမှာ ငါမဟုတ်တော့ဘူး၊ နင်ဖြစ်သွားပြီ။”
“.....”