← Chapters

စွန်းသဲ့

Vol. 78 Ch. 1083

စွန်းသဲ့

Vol. 78 Ch. 1083

လက်ဖက်ရည်ဆိုင်ထဲမှ လူများမှာ ထိုလူငယ်လေး အဝေးသို့ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေရင်း သက်ပြင်းများ ချလိုက်ကြ၏။ ထို့နောက် သူတို့မှာ ထုံးစံအတိုင်း ထိုပုံပြင်၏ ဇာတ်လမ်းအကြောင်း အပြန်အလှန် ဆွေးနွေးရန် ပြင်လိုက်ကြသည်။ ယခုအကြိမ်တွင် လူငယ်လေးမှာ ထိုပုံပြင်၏ အဆက်အား မပြောပြခဲ့ပါသော်လည်း လက်ဖက်ရည်ဆိုင်ထဲမှ လူများအားလုံးမှာ စိတ်လှုပ်ရှားနေကြဆဲပင်။

" ငါကတော့ သူ့ကိုယ်သူ " လော့" လို့ခေါ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီး အနိုင်ရသွားလိမ့်မယ်လို့ထင်တယ်။ စဉ်းစားကြည့်လေ။ သူက ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို အကျဉ်းထောင်တစ်ခု ဖြစ်သွားအောင် ပြောင်းလဲနိုင်စွမ်းရှိနေတာ။ အဲဒီ နတ်ဘုရားပညာရပ်က တော်တော်လေးကို အံ့သြဖို့ကောင်းနေမှာ သေချာတယ် "

" မဖြစ်နိုင်ဘူးကွ။ လူဆိုးတွေဆိုတာ နောက်ဆုံးမှာ သေရတာချည်းပဲ။ အဲဒီ လော့ဆိုတဲ့ လူကြီးက လူကောင်းမဟုတ်လောက်ဘူး။ သူ့ရဲ့ ပြိုင်ဘက်ကပဲ နောက်ဆုံးမှာ အနိုင်ရသွားလောက်တယ် "

" ဒါပေမဲ့ ဆရာစွန်း အဲဒီပုံပြင်ကို ပြောပြနေတာ လဝက်တိတိ ရှိနေပြီလေ။ အဲတာကို သူက တခြားတစ်ယောက်ရဲ့ နာမည်ကို အခုထိ ထုတ်မပြောသေးဘူး "

" အဲဒီ တခြားတစ်ယောက်ရဲ့ နာမည်ကို အသာထားပါ။ ငါက ဆရာစွန်းရဲ့ ဦးနှောက် အလုပ်လုပ်ပုံကို ပိုသိချင်နေတာ။ သူက ပရိသတ်တွေအကုန်လုံး တမ်းတမ်းစွဲဖြစ်နေတဲ့ ပုံပြင်မျိုးကို ပြောပြနိုင်စွမ်းရှိနေတာလေ "

" ဟုတ်တယ်ကွ။ ဗျို့ ဆိုင်ရှင်ကြီး။ ဆရာစွန်းရဲ့ နောက်ကြောင်းရာဇဝင်က ဘာလဲဗျ "

လူတိုင်းမှာ မရပ်မနား ဆွေးနွေးငြင်းခုံနေကြသောကြောင့် လက်ဖက်ရည်ဆိုင်မှာလည်း အရောင်းသွက်လာ၏။ ထို့ကြောင့် စားပွဲထိုးလေးမှာလည်း ပို၍ပင် အလုပ်ရှုပ်လာရတော့သည်။ လက်ဖက်ရည် ဆိုင်ပိုင်ရှင်ကြီးမှာမူ တပြုံးပြုံးဖြစ်နေ၏။ သူသည် သူ့အား စျေးဝယ်တစ်ယောက် မေးခွန်းမေးလိုက်သည်ကို ကြားလိုက်ရသောအခါ ချောင်းဟန့်၍ လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ ပြန်ဖြေလိုက်သည်။

" ဆရာစွန်းက တော်တော်လေးကို ထူးဆန်းတဲ့ လူတစ်ယောက်ကွ။ သူက အစတုန်းက အထက်တန်းအဆင့် ပညာရှိတစ်ယောက် ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ ရည်မှန်းချက်က အရာရှိတစ်ယောက် ဖြစ်လာဖို့ မဟုတ်ဘူးလို့ပြောတာ ငါကြားခဲ့ဖူးတယ်။ သူက တောင်တန်းတွေတစ်ခုပြီးတစ်ခု၊ မြစ်တွေတစ်စင်းပြီးတစ်စင်း ကျော်ဖြတ်ပြီးတော့ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို လေ့လာ၊ နေမင်းနဲ့ လမင်းကြီးတို့ရဲ့ ပြောင်းလဲမှုတွေကို အကဲခတ်ပြီး နောက်ဆုံးမှာ ငါတို့ မင်းဆက်ရဲ့ သမိုင်းကြောင်းကို နှစ်တစ်ရာ သမိုင်းစာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ဖို့ ရည်ရွယ်ထားတာ။ သူ ဒီမြို့လေးထဲကို ရောက်လာတုန်း ငါ သူ လက်မခံမချင်း ပူဆာခဲ့လို့ သူ အခုလို ဒီမြို့ထဲမှာ ခဏနေဖို့ သဘောတူခဲ့တာပဲ။ သူပြောပြတဲ့ ပုံပြင်ကို နားထောင်ခွင့်ရတာ မင်းတို့တွေ ကံကောင်းတယ် "

ဆိုင်ရှင်ကြီး၏ အဖြေအား ကြားလိုက်ရသောအခါ လက်ဖက်ရည်ဆိုင်ထဲမှ လူများ၏ မျက်နှာများပေါ်တွင် လေးစားကြည်ညိုမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူတို့မှာ နေဝင်သွားသည့် အချိန်အထိ ထိုပုံပြင်အကြောင်း ဆက်လက် ဆွေးနွေးငြင်းခုံနေကြပြန်သည်။ ထိုသို့ဖြင့် ဆိုင်ထဲသို့ ဖောက်သည်အသစ်များ ရောက်ရှိလာသောအခါမှ သူတို့မှာ ထွက်ခွာသွားကြ၏။

သူတို့ ထွက်ခွာသွားကြချိန်တွင် သူတို့အားလုံး ကြည်ညိုလေးစားရသည့် ဆရာစွန်းမှာ သူ၏ တည်းခိုခန်းဆီသို့ ပြန်ရောက်သွားပြီဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူ့အား မြင်တွေ့ခဲ့ရသည့် လူတိုင်းမှာ ပြုံးပြကာ နှုတ်ဆက်ခဲ့ကြသည်သာဖြစ်သည်။ တည်းခိုခန်းထဲမှ အလုပ်သမားများပင်လျှင် ထိုနည်းတူပင်။ သူတို့မှာ သူ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် သူ၏ ရှေ့သို့ အပြေးအလွှား ရောက်လာကြပြီး မေးမြန်းလိုက်၏။

" ဆရာစွန်း ပြန်လာပြီပဲ။ ဒီနေ့ ဘာစားချင်လဲဗျ "

" မင်းတို့ စားသောက်ဆိုင်ရဲ့ အဓိကလက်ရာ ရတနာသုံးပါးဟင်းပဲ " လူငယ်လေးမှာ စားပွဲထိုးလေးအား ပြုံးပြကာ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ခေါင်းတယမ်းယမ်းနှင့် သူ၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။ သူသည် သူ၏ အခန်းတံခါးကို ပိတ်လိုက်ချိန်တွင် စားပွဲထိုးလေး သူ၏ ဟင်းပွဲနာမည်အား စားဖိုမှူးကြားအောင် အသံအကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်ကို ကြားလိုက်ရ၏။

သူ အခန်းထဲသို့ရောက်သွားသည်နှင့် သူ၏ ဟန်ပန်အမူအရာများအားလုံးမှာ ပျောက်ကွယ်သွား၏။ သူသည် ကုလားထိုင်ပေါ်၌ လူဆိုးဗိုလ်လေး တစ်ယောက်ကဲ့သို့ ခြေထောက်ချိတ်ကာ ထိုင်လိုက်သည်။ ထို့နောက် သူသည် သူ၏လက်ထဲမှ အနက်ရောင်သစ်သားပျဥ်ပြားလေးအား စားပွဲပေါ်သို့တင်လိုက်ပြီး စားပွဲထိုးလေး သူ့ကို ပေးခဲ့သည့် ငွေတုံးလေးအား ထုတ်ယူလိုက်၏။ သူသည် စိတ်လှုပ်တရှား ဖြစ်နေသည့် အမူအရာဖြင့် ထို ငွေတုံးလေးအား ဆော့ကစားနေလိုက်ပြီးနောက် ၎င်းအား သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထိုအခါ သူသည် ထို ငွေတုံးလေးမှာ အပြစ်အနာအဆာ လုံးဝ မရှိကြောင်း သေချာသွားသဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာရတော့သည်။

" ပုံပြင်ပြောစားရတာ ဒီလောက် တွက်ခြေကိုက်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒီက လူတွေက ဟိတ်ဟန်မများဘဲ ရိုးသားမှုအပြည့် ရှိကြတာပဲ။ ဒီနေရာလေးက ဘယ်ဆိုးလို့လဲကွ " လူအများက ဆရာစွန်းဟု ခေါ်ကြသည့် လူငယ်လေးမှာ ထိုသို့ရေရွတ်ကာ ရယ်မောလိုက်၏။ ထို့နောက် သူသည် ဤမြို့လေးထဲ၌ ငွေ ပိုရှာနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေရင်း မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။

ထို လူငယ်လေး၏ နာမည်အစစ်မှာ စွန်းသဲ့ ဖြစ်သည်။ သူသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီး ပြောခဲ့သလို အထက်တန်းအဆင့် ပညာရှိတစ်ယောက် မဟုတ်ဘဲ မင်းနေပြည်တော်မှ ရောက်လာခဲ့သူတစ်ယောက် ဖြစ်၏။ သူသည် ကျောင်းတက်ဖူးပါသော်လည်း အချိန်အများစုတွင် အလေလိုက်နေခဲ့သည်သာ ဖြစ်သည်။ ထို့အပြင် သူသည် ခိုးဆိုးလုယက်နေသည့် လူဆိုးတစ်ယောက် မဟုတ်ပါသော်လည်း လောင်ကစားဝိုင်းများနှင့် ဆောင်ကြာမြိုင်များထဲတွင်သာ အချိန်ကုန်နေခဲ့သည်သာ ဖြစ်သည်။ သူ၏ မိသားစုမှာ အတော်အသင့်ချမ်းသာကြွယ်ဝခဲ့သည့်တိုင်အောင် သူ၏ သုံးဖြုန်းမှုများကြောင့် မွဲပြာကျသွားခဲ့ရ၏။ ထို့အပြင် သူသည် နန်းတွင်းစာမေးပွဲကိုလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့သေးသည်။ သို့ဖြစ်ရာ သူသည် အထက်တန်းအဆင့် ပညာရှိတစ်ယောက်ပင် မဆိုထားနှင့် မူလတန်းအဆင့် ပညာရှိတစ်ယောက်ပင် မဟုတ်ပေ။ ကျောင်းသားတစ်ယောက်အဆင့်တွင်သာ ရှိသေးသည့် လူတစ်ယောက် ဖြစ်ပေသည်။

နောက်ဆုံးတွင် သူသည် လောင်းကစားကြွေးများကြောင့် မင်းနေပြည်တော်ထဲ၌ ဆက်လက်နေထိုင်၍ မဖြစ်တော့သဖြင့် သူ၏ ဇာတိမြို့ထဲမှ ထွက်ခွာလာခဲ့ရ၏။ သို့သော် သူသည် စကားပြောကောင်းသူတစ်ယောက် ဖြစ်သည့်အတွက် လမ်းတစ်လျှောက်တွင် အခြားသူများအား လိမ်လည်လှည့်ဖြား၍ လိမ်စားခဲ့သည်သာ ဖြစ်သည်။ သူသည် ဤနေရာသို့ ရောက်မလာခင်တုန်းက အဝတ်တစ်ထည် ကိုယ်တစ်ခုဘဝတွင်သာ ရှိနေခဲ့ပြီး လက်ထဲတွင်လည်း ငွေအနည်းမျှသာ ကျန်တော့သည်ဖြစ်သည်။

သို့သော် သူ ဝေးလံခေါင်ပါးသည့် ဤ မြို့ငယ်လေးထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ကံကြမ္မာကြီးမှာ သူ့အား မျက်နှာသာပေးလိုက်သည့် ပုံပင်။ သူသည် ထိုမြို့ထဲသို့ ရောက်ရှိလာသည့် ပထမနေ့တွင် အိပ်မက်တစ်ခု မက်ခဲ့၏။ ထိုအိပ်မက်ထဲတွင် သူသည် လျှို့ဝှက်ဆန်းကြယ်ကမ္ဘာကြီးတစ်ခုအား မြင်တွေ့ခဲ့ရသည်။ သူသည် ပြန်လည်နိုးထလာသည်နှင့် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောခဲ့ပြီးနောက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ သွားကာ သူမက်ခဲ့သည့် အိပ်မက်အကြောင်း ပုံပြင်လုပ်ပြောရန် ကြိုးစားခဲ့၏။

ထို ပုံပြင်မှာ ဒဏ္ဍာရီဆန်လွန်းနေသလို သူကိုယ်တိုင်မှာလည်း အပြောကောင်းသူတစ်ယောက်ဖြစ်ရာ... သူသည် ချက်ချင်း နာမည်ကြီးသွားခဲ့၏။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာလည်း စီးပွားရေး အခွင့်အလမ်းတစ်ခုအား ရှာတွေ့လိုက်သဖြင့် သူ့အား ချက်ချင်း စည်းရုံးသိမ်းသွင်းခဲ့သည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက် သဘောတူညီမှုတစ်ခု ရရှိသွားခဲ့ပြီးနောက် စွန်းသဲ့မှာ ပညာရှိတစ်ယောက်ပုံစံ ဟန်ဆောင်လိုက်တော့သည်။ ထို့နောက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ သူ့အတွက် တည်းခိုခန်းတစ်ခန်း စီစဉ်ပေးခဲ့ပြီး သူ့အား လက်ဖက်ရည်ဆိုင်ထဲ၌ ပုံပြင်များ ပြောပေးရန် နေ့စဉ်နေ့တိုင်း ဖိတ်ကြားခဲ့၏။

ယနေ့အထိဆိုလျှင် လဝက်တိတိ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ၏ ပုံပြင် တဖြည်းဖြည်းနှင့် ဇာတ်ရှိန်တက်လာသည်နှင့် သူ၏ ဂုဏ်သတင်းမှာလည်း ထို မြို့ထဲ၌ ကျော်ကြားလာ၏။ ယခုတွင် သူသည် အောင်မြင်ကျော်ကြားမှုနှင့် ငွေကြေးဥစ္စာနှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ၏ ဘဝကြီးမှာ ဇိမ်ကျနေတော့သည်။

" ငါ့ရဲ့ အိပ်မက်ထဲက ပုံပြင်က ဘယ်လောက်အထိ ရှည်မလဲ မသိဘူး။ နောက်ပိုင်းကျရင် ငါ ဖြည်းဖြည်းချင်းပဲ ပုံပြောမှ ဖြစ်မယ်။ အဲတာမှ ဒီပုံပြင်ကို ငါ အကြာကြီး ပြောနိုင်မှာ " စွန်းသဲ့မှာ မျက်စိ ပေကလတ်ပေကလတ် လုပ်ကာ ထိုကိစ္စနှင့် ပတ်သက်၍ စဉ်းစားတွေးတောနေ၏။ ခဏကြာတွင် လူတစ်ယောက်မှာ သူ၏ တံခါးကို လာခေါက်သဖြင့် သူသည် သူ၏ လက်ထဲမှ ငွေတုံးအား ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ခါးမတ်မတ်ထိုင်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်လည်း လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာများ ပြန်လည်ပေါ်ပေါက်လာသည်။

ထို့နောက် သူသည် တည်ကြည်စွာ ဆိုလိုက်၏။

" ဝင်ခဲ့ "

ထိုအခါ သူ၏ အခန်းတံခါးပေါက် ပွင့်သွားပြီး စားပွဲထိုးလေးမှာ နွေးထွေးမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် အခန်းထဲသို့ဝင်လာသည်။ သူသည် ဟင်းပွဲအချို့နှင့် အရက်အိုးတစ်အိုး ယူလာ၏။ ထို့နောက် သူသည် ၎င်းတို့အား စားပွဲပေါ်၌ တင်လိုက်ပြီး စိတ်အားထက်သန်မှု အပြည့်ရှိသော အမူအရာဖြင့် စွန်းသဲ့အား မေးခွန်းအချို့ မေးလိုက်သည်။ စွန်းသဲ့တစ်ယောက် အခြားမည်သည့် စားစရာမှ ထပ်မှာတော့မည်မဟုတ်ကြောင်း ပြန်ဖြေလိုက်သောအခါမှသာ ထိုစားပွဲထိုးလေးမှာ ထွက်ခွာသွားသည်။ သူ အခန်းအပြင်ဘက်သို့ ရောက်သွားမှသာ စွန်းသဲ့မှာလည်း စိတ်လွတ်လက်လွတ် ဖြစ်သွား၏။ ထို့နောက် သူသည် ဗိုက်ဝသည့်အထိ စားသောက်လိုက်ပြီး သူ၏ ဗိုက်အား လက်ဖြင့် ပုတ်ကာ ရေရွတ်လိုက်တော့သည်။

" ကောင်းလိုက်တဲ့နေရာ။ ဒီကလူတွေက ရိုးရိုးအေးအေး ရှိကြတဲ့အပြင် ကောင်မလေးတွေဆိုရင်လည်း အချောအလှလေးတွေ။ ခါးသေးသေးလေးတွေနဲ့ မျက်စိအစာကျွေးလို့ ကောင်းမှကောင်း... ငါ ဒီကိုရောက်လာတာ သိပ်မကြာသေးတော့ ဆောင်ကြာမြိုင်ဆီသွားပြီး ဇိမ်ခံလို့မရတာ နာတယ်ကွာ။ ပြီးတော့ လောင်းကစားရုံလည်း ရှိသေးတယ်... " စွန်းသဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေရင်း သူ၏ လက်ဖဝါးနှစ်ဖက်အား ပွတ်လိုက်၏။ သို့သော် သူသည် အချိန်အတော်အတန်ကြာအောင် တွေဝေတုံ့ဆိုင်းနေပြီးနောက် လောင်းကစားကိစ္စအား ခဏ မေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။

" အခုလောလောဆယ် အရေးကြီးဆုံးက ပုံပြင်ထဲက ဇာတ်လမ်းအသစ်တွေကို ဆက်မြင်ရအောင်လုပ်ဖို့ပဲ " စွန်းသဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏ ဝတ်ရုံအား ချွတ်ကာ သေသေချာချာ ခေါက်၍ ဘေး၌ ထားလိုက်၏။ ထို့နောက် သူသည် ခုတင်ပေါ်၌ လဲလျောင်းကာ တဖြည်းဖြည်းနှင့် အိပ်ပျော်သွားတော့သည်။

သူ အိပ်ပျော်သွားသည်နှင့် လျှို့ဝှက်ဆန်းကြယ် ကမ္ဘာကြီးမှာလည်း သူ၏ရှေ့၌ ပြန်လည်ပေါ်ပေါက်လာ၏။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ စွန်းသဲ့၏ အိပ်မက်ထဲမှ ပုံပြင်မှာ သူ သူ၏ လက်တွေ့ဘဝထဲ၌ ပြောပြနေသည့် ပုံပြင်နှင့်အတူ ဇာတ်ရှိန်တက်နေပြီဖြစ်သည်...

" သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကြီးကြောင့် ဟင်းလင်းပြင်အကျဉ်းထောင်ကြီးနဲ့ မိုးကောင်းကင်တာအို သန်းကိုးဆယ် ပျက်စီးသွားခဲ့ရပြီး စကြဝဠာကြီးတစ်ခုလုံးကို လေမုန်တိုင်းကြီးတစ်ခု လွှမ်းခြုံသွားခဲ့တာပေါ့ "

" အဲဒီနောက် မိုးကောင်းကင်တာအိုကို ပြစ်တင်ရှုတ်ချခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ဘဝပေါင်း သန်းကိုးဆယ်တိတိ ဖန်တီးခဲ့ပြီးတော့ အဲဒီ ဘဝတွေ အကုန်လုံးထဲမှာ မိုးကောင်းကင်ကြီးဆီ တက်လှမ်းတဲ့ မှော်ပညာရပ်ကို အသုံးပြုခဲ့တာ။ လော့ဆိုတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးကလည်း အတူတူဘဲ။ သူလည်း ဘဝပေါင်း သန်းကိုးဆယ်တိတိ ဖန်တီးခဲ့ပြီး အဆုံးမရှိတဲ့ သံသရာစက်ဝန်းကြီးထဲ ဝင်ရောက်သွားခဲ့တာ။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်က ဘဝတစ်ခုချင်းစီတိုင်းမှာ ပြန်လည်နိုးထလာကြပြီးတော့ မရပ်မနား တိုက်ခိုက်ခဲ့ကြတာပဲ "

" အချိန်မြစ်ကြီးထဲမှာဆိုရင် သူတို့ကို ဘယ်နေရာမှာမဆို တွေ့နိုင်တယ်။ သူတို့ရဲ့ တိုက်ပွဲကြီးက ပြီးဆုံးသွားမယ့်ပုံလည်း မပေါ်ဘူး။ တစ်ခါတလေကျရင် သူတို့က သာမန်လူတွေအဖြစ် ပြောင်းလဲသွားကြပြီးတော့ အသက်သေတဲ့အထိ တိုက်ခိုက်ကြတာ။ တစ်ခါတလေကျရင်လည်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတွေအဖြစ် ပြောင်းလဲသွားကြပြီး တစ်ယောက်ကို တစ်ယောက် ဝါးမျိုးနိုင်အောင် ကြိုးစားခဲ့ကြတာ။ ပြီးရင် ကျင့်ကြံသူတွေအဖြစ် ပြောင်းလဲသွားကြတဲ့ အချိန်တွေဆိုရင်လည်း သူတို့ပိုင်တဲ့ နယ်မြေတွေကို လောင်းကြေးထပ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပြန်တာပါပဲ "

" သူတို့နှစ်ယောက်ကြောင့် မရေမတွက်နိုင်လောက်အောင်များပြားတဲ့ ပါရမီရှင်နဲ့ ဒဏ္ဍာရီတွေ ပေါ်ပေါက်လာရတာ... သူတို့ရဲ့ဘဝတွေထဲမှာ ကံကြမ္မာစွမ်းအားတွေ အမြဲတမ်း ရှိနေခဲ့တာလေ။ အဲတာကြောင့်မို့လို့ တစ်ခါတလေကျရင် သူတို့နှစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဖြစ်နေတတ်သလို တစ်ခါတလေကျရင်လည်း သားအဖတွေ၊ ဆရာတပည့်တွေနဲ့ ညီအစ်ကိုတွေလည်း ဖြစ်ရင်ဖြစ်နေကြတာ... အနန္တကပ်ကမ္ဘာ သန်းကိုးဆယ်တိတိ ပြီးသွားတဲ့အချိန်မှာ ကျယ်ပြန့်တာအိုနယ်မြေနဲ့ အဆုံးမဲ့တာအိုနယ်မြေ ပေါ်ပေါက်လာတာပဲ။ အဲဒီ နယ်မြေနှစ်ခု ပေါ်ပေါက်လာခဲ့တဲ့အချိန်က ဒီပုံပြင်တစ်ခုလုံးရဲ့ အလှည့်အပြောင်းပဲ။ ဘာလို့လဲဆိုတော့ ဘဝပေါင်းမြောက်မြားစွာ၊ ကပ်ကမ္ဘာပေါင်းမြောက်မြားစွာကို ကျော်ဖြတ်လာခဲ့တဲ့ အဲဒီအစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရဲ့ တိုက်ပွဲ အနိုင်အရှုံးပေါ်မယ့်အချိန် ရောက်လာလို့ပဲ " ( ဒီနေရာမှာ သုံးထားတဲ့ ကံကြမ္မာက karma ကို ပြောတာပါ။ တိုက်ရိုက် ကံကံ၏အကျိူးလို့ ပြန်ရင် ထောက်နေလို့ ကံကြမ္မာစွမ်းအားလို့ပဲ သုံးလိုက်ပါတယ် )

စွန်းသဲ့၏ ပုံပြင် ဇာတ်ရှိန်တက်လာချိန်တွင် သူသည်လည်း ဤ မြို့ငယ်လေးထဲ၌ ဟိုးလေးတကျော် ဖြစ်နေပြီဖြစ်သည်။ သူ ပုံပြင်ပြောပြနေသည့် လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်ခုံအလွတ်များ မရှိတော့ရုံသာမက ဆိုင်အပြင်ဘက်တွင်ပင် ပရိသတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထိုသို့ဖြင့် သူသည် လအနည်းငယ်အတွင်းတွင် မျက်နှာမွဲ လောင်းကစားသမားတစ်ယောက်အဖြစ်မှ အောင်မြင်ကျော်ကြား လူသိများသည့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် ထို မြို့ထဲမှ ချမ်းသာကြွယ်ဝသည့် မိသားစုများမှာ သူ့အား သူတို့၏ အိမ်များဆီသို့ ဖိတ်ကြားခဲ့၏။ ထို့အပြင် စွန်းသဲ့၏ ဂုဏ်သတင်းကြောင့်လား၊ အထက်တန်းအဆင့် ပညာရှိတစ်ယောက်ဆိုသည့် ရာထူးအဆင့်အတန်းကြောင့်လားတော့ မသိပေ။ ထို မိသားစုများထဲမှ ပညာရှိစာရင်းဝင် သားသမီးတစ်ယောက်မှ ပိုင်ဆိုင်ထားခြင်းမရှိသော မိသားစုတစ်ခုမှာဆိုလျှင် စွန်းသဲ့သည် လူပျိုလူလွတ်ဖြစ်ကြောင်း သိရှိလိုက်ရသည်နှင့် သူတို့၏ သမီးအား သူနှင့် ထိမ်းမြားလက်ထက်ပေးရန် ဆုံးဖြတ်ခဲ့ကြသည့်အထိပင်။

ထို အမျိုးသမီးမှာ ကြည်လင်ဝင်းမွတ်သော အသားအရေ၊ ချောမောလှပသည့် မျက်နှာနှင့် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်တစ်ခုအား ပိုင်ဆိုင်ထား၏။ စွန်းသဲ့မှာ သူမအား မြင်လိုက်ရသည်နှင့် မျက်လုံးများ ကျွတ်ထွက်လာသူမတတ် ဖြစ်သွားပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရသည်။

သို့သော် သူသည် အထက်တန်းအဆင့် ပညာရှိတစ်ယောက်မဟုတ်ကြောင်း သူ့ကိုယ်သူ သိထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းလိုက်မည်ဆိုပါက အချိန်အနည်းငယ်အတွင်း အမှန်အတိုင်း သိရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် စွန်းသဲ့မှာ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူသည် သူ၏ ဇာတိမြို့သို့ပြန်ကာ မင်္ဂလာဆောင်ရန် မကြာခင်တွင် ဤမြို့ထဲမှ ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း သတင်းလွှင့်လိုက်၏။

ထိုသတင်းများ ပျံ့နှံ့သွားသည်နှင့် သူ၏ ပုံပြင်အား နားထောင်နေခဲ့သည့် လူများမှာ ဇာတ်လမ်းအဆုံးအထိ နားမထောင်ရသေးသောကြောင့် စိုးရိမ်တကြီး ဖြစ်သွားကြ၏။ သူနှင့် မင်္ဂလာကိစ္စများ စီစဉ်ရန် ပြင်နေသည့် ချမ်းသာကြွယ်ဝသော မိသားစုမှာဆိုလျှင် ပို၍ပင် စိုးရိမ်တကြီး ဖြစ်သွားရသည်။ သူတို့မှာ ထိုအခွင့်အရေးအား လက်လွှတ်မခံလိုပေ။ ထို့ကြောင့် သူတို့မှာ ထိုသတင်းများ ထွက်ပေါ်လာသည်နှင့် လက်ထပ်မင်္ဂလာပွဲအား ချက်ချင်းစီစဉ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ထို မင်္ဂလာပွဲအကြောင်း သတင်းများပျံ့နှံ့သွားချိန်တွင် စွန်းသဲ့မှာ ထို မြို့လေးထဲ၌ ပို၍ပင် ဇိမ်ကျလာတော့သည်။ ထိုသို့ဖြင့် မင်္ဂလာပွဲကျင်းမည့်နေသို့ ရောက်လာချိန်တွင် အရက်မူးနေသည့် စွန်းသဲ့မှာ သတို့သမီး၏ ခေါင်းပေါ်မှ ဇာခြုံလွှာလေးအား လှန်လိုက်ပြီးနောက် သူမ၏ ချောမောလှပသော မျက်နှာလေးအား စိုက်ကြည့်နေလိုက်၏။ သူ၏ နှလုံးသားတစ်ခုလုံးမှာ ဗြောင်းဆန်နေရပြီ ဖြစ်သည်။ သူသည် ဤမြို့လေးဆီသို့ လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ၏ ဘဝတစ်လျှောက်လုံး ချမှတ်ခဲ့ဖူးသည့် ဆုံးဖြတ်ချက်များထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ခံစားနေရ၏။

ထိုသို့ဖြင့် စွန်းသဲ့မှာ အရက်မူးမူးနှင့် သူမအား ရင်ခွင်ထဲ၌ ထွေးပွေ့လိုက်တော့သည်... သူသည် အလိမ်ပေါ်သွားနိုင်သည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေဆဲ ဖြစ်ပါသော်လည်း လောင်းကစားသမားတစ်ယောက်ပီပီ အရဲစွန့်ရန်သာ ဆုံးဖြတ်လိုက်၏။ ထို့အပြင် သူပြောနေသည့်ပုံပြင် စိတ်ဝင်စားစရာကောင်းနေသရွေ့ သူ အလိမ်ပေါ်သွားလျှင်တောင် သူ့အတွက် ထိခိုက်နစ်နာမှု အများကြီး မရှိနိုင်ပေ။

All Chapters