နတ်ဝိဇ္ဇာကို ကြောက်ရသည့် လော့
Vol. 78 Ch. 1084
စွန်းသဲ့ စိုးရိမ်နေခဲ့သည့်အတိုင်းပင်။ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြီး သိပ်မကြာခင်တွင် ထိုမိသားစု၏ သူဌေးကြီးမှာ သူ၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်အား သိရှိသွား၏။ သူသည် အမျက်ချောင်းချောင်း ထွက်သွားရပါသော်လည်း နောက်ပြန်လှည့်၍ မရတော့ပေ။ ထို့အပြင် စွန်းသဲ့၏ ဂုဏ်သတင်းမှာ ထို မြို့ငယ်လေးထဲတွင်သာမက အရပ်မျက်နှာအနှံ့ရှိ အခြားမြို့များဆီသို့ပင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ထို သူဌေးကြီးမှာ အံကြိတ်ကာ လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။ ထို့အပြင် သူ၏ မိသားစုမှာ ငွေကြေးအမြောက်အမြားနှင့် နည်းလမ်းအမျိုးမျိုးအား အသုံးပြု၍ စွန်းသဲ့၏ နောက်ကြောင်းရာဇဝင်အား ဖုံးကွယ်ပေးထားနိုင်ရန်ပင် ကြိုးစားခဲ့ကြသေးသည်။
ထိုသို့ဖြင့် စွန်းသဲ့မှာလည်း ထိုမိသားစုထဲ၌ တံတွေးခွက်ထဲ ပက်လက်မျောနေရသည့် အနေအထားသို့ ရောက်ရှိသွား၏။ သို့သော် သူသည် အမှားလုပ်ထားသည်ဖြစ်ရာ ငြူစူနေခြင်းမရှိပေ။ သူ၏ ဇနီးဖြစ်သူမှာမူ သူ့အပေါ် သဘောထား ပြောင်းလဲသွားပြီး လေးစားမှု မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မိန်းမလှလေးတစ်ယောက်၏ မျက်မှောင်ကြုတ် နှာခေါင်းရှုံ့နေသည့် မျက်နှာလေးမှာ ချောမောလှပနေဆဲပင်...
စွန်းသဲ့မှာ သူ၏ ဇနီးအား အရိုးထဲအထိစွဲအောင် ချစ်မြတ်နိုး၏။ သူသည် ထိုမျှလောက် ချစ်စရာကောင်းသည့် အမျိုးသမီးအား လက်ထပ်ယူနိုင်ခဲ့ခြင်းမှာ သူ၏ ဘဝအဆက်အဆက်မှ ကုသိုလ်ကောင်းမှုများကြောင့် ဖြစ်လိမ့်မည်ဟု မှတ်ယူထားသည်။
ထို့ကြောင့်လည်း သူသည် သူ၏ ဇနီးဘက်မှ ဆွေမျိုးသားချင်းများ စိတ်ကျေနပ်အောင် ဂရုတစိုက် ပြုမူနေထိုင်ခဲ့သလို သူ၏ အကျင့်ဆိုးများကိုလည်း စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် လောင်းကစားဖြတ်လိုက်ပြီး လောင်းကစားဝိုင်းများနှင့် ဆောင်ကြာမြိုင်များဆီသို့ လုံးဝ ထပ်သွားတော့မည်မဟုတ်ကြောင်း သစ္စာကျိန်ဆိုလိုက်သည်။
ထို့အပြင် သူသည် ပညာရေးဘက်တွင်လည်း အာရုံပြန်စိုက်ခဲ့ပြီး နန်းတွင်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုနိုင်ရန် အစွမ်းကုန် ကြိုးစားနေသေးသည်။ သူ၏ လုပ်ရပ်များကြောင့် သူ၏ ယောက္ခမကြီးမှာ အနည်းငယ် စိတ်ကျေနပ်သွားရပါသော်လည်း သူ၏ ဇနီးဖြစ်သူမှာမူ စိတ်ပြောင်းသွားခြင်းမရှိပေ။ ထို့အပြင် သူမသည် ယခင်တုန်းကထက်ပင် ပို၍ စိတ်ဆတ်လာပြီး မျက်ဝန်းများထဲတွင်လည်း ရွံရှာစက်ဆုပ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လာတော့သည်။
စွန်းသဲ့မှာမူ ထိုအခြင်းအရာများကို ဂရုစိုက်နေခြင်းမရှိပေ။ သူသည် သူ့ဘက်မှ အစွမ်းကုန်ကြိုးစားပါက အရာအားလုံးမှာ ယခင်တုန်းကအတိုင်း ပြန်ဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေ၏။ သို့သော် ထိုအချိန်တွင်... ကံကြမ္မာမှာ သူ့အား မျက်နှာသာ မပေးတော့သည့်ပုံပင်။
သူ၏ ပုံပြင် ဇာတ်သိမ်းသွားတော့မည့်နေ့သို့ ရောက်လာပြီဖြစ်သည်။
"'အနန္တကပ်ကမ္ဘာ သန်းကိုးဆယ်က နိုဂုံးရဲ့ အစပဲ။ အဲဒီ နိဂုံးရဲ့ အစမှာ တာအိုတွေ မွေးဖွားလာခဲ့သလို တာအိုတွေ ပျက်သုဉ်းသွားခဲ့တာ။ စကြဝဠာတွေ ပေါ်ပေါက်လာခဲ့သလို စကြဝဠာတွေ ပျက်စီးသွားခဲ့တာ။ ကြယ်တွေ ဝင်းလက်တောက်ပလာခဲ့သလို ကြယ်တွေ မှေးမှိန်ပျောက်ကွယ်သွားခဲ့တာ... အဲတာ ပထမ သံသရာစက်ဝန်းပေါ့ "
" အရင်တစ်ခေါက်တုန်းက အဲဒီ သံသရာစက်ဝန်းတစ်ခုလုံး အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ယောက်အကြောင်း ပြောခဲ့တယ်နော်။ အခု ပထမ သံသရာစက်ဝန်းပြီးသွားပြီးတော့ ဒုတိယ သံသရာစက်ဝန်း စတင်ပေါ်ပေါက်လာတဲ့အချိန်မှာ သူတို့ရဲ့ တိုက်ပွဲကြီးကလည်း ပြီးသွားတော့မှာ။ ကမ္ဘာပေါင်း သန်းကိုးဆယ်ထဲမှာ လော့ ဖန်တီးထားခဲ့တဲ့ ဘဝတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းတိတိက ရှုံးနိမ့်သွားခဲ့တာမလို့ နတ်ဝိဇ္ဇာရာထူးက တခြားတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားပြီ။ အဲဒီ အစွမ်းထက်ပုဂ္ဂိုလ်ကြီးဆီမှာ... နာမည်တစ်ခုရှိတယ်။ သူက သူ့ကိုယ်သူ.... ရှေးဟောင်းနတ်ဝိဇ္ဇာလို့ ခေါ်တယ် "
စွန်းသဲ့မှာ လက်ဖက်ရည်ဆိုင်ထဲ၌ ပုံပြောနေရင်း သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဉ်ပြားလေးဖြင့် စားပွဲအား ရိုက်လိုက်သောကြောင့် ဖြန်းခနဲမြည်သံတစ်သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
သူ၏ ပတ်ပတ်လည်တွင် လူပင်လယ်ကြီး ဝိုင်းနေသည့်တိုင်အောင် သူတို့အားလုံးမှာ သူ၏ ပုံပြင်ထဲ၌ အာရုံအပြည့် စူးစိုက်ထားကြသောကြောင့် ထိုအသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားဆဲပင်။
" ဒုတိယ သံသရာစက်ဝန်းရဲ့ ပထမ အနန္တကပ်ကမ္ဘာကို အဆုံးမဲ့တာအိုနယ်မြေလို့ ခေါ်တယ်။ ဒုတိယ အနန္တကပ်ကမ္ဘာကို ကျယ်ပြန့်တာအိုနယ်မြေလို့ ခေါ်တယ်။ အဲဒီ ဝာာအိုနယ်မြေနှစ်ခုက ဒုတိယ သံသရာစက်ဝန်းရဲ့ ပထမဆုံး တိုက်ပွဲကို စတင်ခဲ့တာပဲ "
" အဲဒီ ဝာာအိုနယ်မြေနှစ်ခုရဲ့ ကြားမှာ စစ်ပွဲကြီးပေါ်ပေါက်လာရတဲ့ အကြောင်းရင်းက အစွမ်းထက်ပုဂ္ဂိုလ်ကြီး နှစ်ယောက်စလုံးနဲ့ မဆိုင်ပေမဲ့ အဲဒီ စစ်ပွဲကြီးရဲ့ အဆုံးသတ်ကတော့ သူတို့နှစ်ယောက်စလုံးနဲ့ တိုက်ရိုက်ပတ်သက်နေတာ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ နတ်ဝိဇ္ဇာရာထူးက အပြောင်းအလဲဖြစ်သွားခဲ့လို့ပဲ "
" ရှေးဟောင်းနတ်ဝိဇ္ဇာက အနိုင်ရသွားခဲ့တဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်းတော့ သူက လော့ကို လျှော့တွက်မိခဲ့တာ "
" လော့က အစီအစဥ်တစ်ခု ရေးဆွဲထားခဲ့တာလေ။ သူက သူတို့နှစ်ယောက် စပြီးတော့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကနေ အနန္တကပ်ကမ္ဘာ သန်းကိုးဆယ်တိတိ ပြီးသွားတဲ့အချိန်အထိ ရှိနေမယ့် အစီအစဉ်ကြီးတစ်ခုကို ရေးဆွဲထားခဲ့တာပဲ။ သူ အဲဒီလို အချိန်အကြာကြီး အစီအစဉ် ရေးဆွဲခဲ့ရတဲ့ အကြောင်းရင်းက ရှေးဟောင်းနတ်ဝိဇ္ဇာကြီး ကောင်းကင်တာအို သန်းကိုးဆယ်ကို ပြစ်တင်ရှုံ့ချပြီး ကမ္ဘာပေါင်း သန်းကိုးဆယ်တိတိ ပျက်စီးသွားအောင် လုပ်ဖို့ပေါ့။ အဲတာမှ သူတို့နှစ်ယောက်လည်း ဘဝပေါင်း သန်းကိုးဆယ်တိတိ အပြန်အလှန် တိုက်ခိုက်နိုင်မှာလေ "
" ကမ္ဘာပေါင်း သန်းကိုးဆယ်ထဲမှာရှိတဲ့ လော့ရဲ့ ဘဝပေါင်း သန်းကိုးဆယ်အားလုံးနီးပါး ရှုံးနိမ့်သွားခဲ့ရပြီး နတ်ဝိဇ္ဇာရာထူး ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ လက်ထဲကို ရောက်သွားခဲ့သလို ဖြစ်သွားခဲ့ရတာကလည်း... လော့ရဲ့အစီအစဉ်တွေထဲက တစ်ခုပဲ "
" လော့က... ပထမသံသရာစက်ဝန်း ပြီးသွားမယ့်အချိန်ကို စောင့်နေတာ။ ဘာလို့လဲဆိုတော့ အဲဒီလို ပထမ သံသရာစက်ဝန်း ပြီးသွားမယ့်အချိန်၊ ရှေးဟောင်းနတ်ဝိဇ္ဇာကြီး သူ သေချာပေါက် အနိုင်ရသွားပြီလို့ ယုံကြည်သွားမယ့် အချိန်မှာမှ လော့ သံသရာစက်ဝန်းတစ်ခုလုံး စောင့်ဆိုင်းနေခဲ့ရတဲ့ တစ်ခုတည်းသော အခွင့်အရေးကြီး ပေါ်ပေါက်လာမှာမလို့ပဲ "
" အဲဒီအခွင့်အရေးကြီးက ပထမ သံသရာစက်ဝန်း ပြီးဆုံးသွားပြီး ဒုတိယ သံသရာစက်ဝန်းကို စတင်ခဲ့တဲ့ ဝာာအိုနယ်မြေနှစ်ခုနှစ်ခုရဲ့ ကြားက စစ်ပွဲကြီး ဖြစ်ပွားခဲ့တဲ့အချိန်မှာ ပေါ်ပေါက်လာခဲ့တာပဲ။ အဲဒီအချိန်မှာ လော့က ဖျက်ဆီးချေမှုန်းခံလိုက်ရပြီမလို့ ရှေးဟောင်းနတ်ဝိဇ္ဇာက အနိုင်ရသွားပြီ။ ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ ဘဝပေါင်းသန်းကိုးဆယ်ထဲက နတ်ဘုရားအသိစိတ်တွေကလည်း သူ့ဆီကို ပြန်ရောက်လာကြပြီ "
" ဒါပေမဲ့ အဲဒီ နတ်ဘုရားအသိစိတ်တွေ ပြန်ရောက်လာပြီး အတူတကွ ပြန်လည် စုစည်းသွားတော့မယ့်အချိန်မှာ.... "
" လော့က... မသေသေးဘူး။ သူ့ရဲ့ ဘဝပေါင်း သန်းကိုးဆယ်တိတိ ဖျက်ဆီးချေမှုန်းခံလိုက်ရပေမဲ့ ကံကြမ္မာစွမ်းအားတွေက ကျန်နေတုန်းပဲ။ ညီအစ်ကိုနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆရာနဲ့တပည့်ကြားက ချစ်ခြင်းမေတ္တာ၊ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာဆိုတဲ့ ကံကြမ္မာစွမ်းအားတွေပေါ့... လော့က အဲဒီ ကံကြမ္မာစွမ်းအားတွေနဲ့ ဘယ်တော့မှ ပြတ်တောက်မသွားတော့မယ့် သူနဲ့ ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ကြားက ရေစက်ကို အသုံးပြုပြီးတော့ ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပဲ "
" လော့တစ်ယောက် ပထမ သံသရာစက်ဝန်းထဲက အနန္တကပ်ကမ္ဘာ သန်းကိုးဆယ်စလုံးထဲမှာ ဒုက္ခခံခဲ့ရတဲ့ ရည်ရွယ်ချက်က နတ်ဝိဇ္ဇာရာထူးကို လိုချင်လို့မဟုတ်ဘူး။ သူ့ဆီမှာ ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲ ရှိခဲ့တာ... အဲတာက ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ဖို့ပဲ "
" သူတို့နှစ်ယောက်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေက အစကတည်းက မတူကြဘူးလေ။ လော့က သံသရာစက်ဝန်းတစ်ခုလုံးစာ အစီအစဉ် ရေးဆွဲထားခဲ့တာဆိုတော့ ရှေးဟောင်းနတ်ဝိဇ္ဇာ ရှုံးနိမ့်သွားခဲ့ရတာ မထူးဆန်းပါဘူး။ သူ့ရဲ့ နတ်ဘုရားအသိစိတ်တွေ ပြန်ရောက်လာတာကလည်း လော့ အသက်ပြင်ရှင်လာနိုင်ဖို့အတွက်ပဲ "
" ဒါပေမဲ့ ရှေးဟောင်းနတ်ဝိဇ္ဇာကလည်း တမူထူးခြားတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်လေ။ သူ လော့ရဲ့ အစီအစဉ်အောက်မှာ ကျရှုံးသွားခဲ့ရပြီး သူ့ရဲ့နတ်ဘုရားအသိစိတ်တွေ သူ့ဆီကို ပြန်ရောက်လာတဲ့အချိန်မှာ လော့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သိမ်းပိုက်ပြီးတော့ အသက်ပြန်ရှင်လာခဲ့တာတောင် သူ့ရဲ့ နတ်ဘုရားအသိစိတ် အမျှင်အတန်းတစ်ခုက လွတ်မြောက်သွားခဲ့တုန်းပဲ။ အဲဒီ နတ်ဘုရားအသိစိတ် အမျှင်အတန်းက သူ့ဆီကို ပြန်ရောက်မလာခဲ့ဘဲ ဟင်းလင်းပြင်ကြီးကို ထိုးခွင်းသွားခဲ့ပြီးတော့... ကျယ်ပြန်တာအိုနယ်မြေနဲ့ အဆုံးမဲ့တာအိုနယ်မြေရဲ့ ကြားက စစ်မြေပြင်ဆီကို ပျံသန်းသွားခဲ့တာ "
" သူ အဲဒီလို ထွက်ပြေးသွားတဲ့ အချိန်မှာ လော့က သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သိမ်းပိုက်ပြီးသွားပြီ။ ဒါပေမဲ့ သူ့ရဲ့ နတ်ဘုရားအသိစိတ် အမျှင်အတန်းတစ်ခုက ဝိညာဉ်အကြွင်းအကျန်တစ်ခုအဖြစ် ထွက်ပြေးလွတ်မြောက်သွားခဲ့တာမလို့ အဲဒီ ဝိညာဉ်က ပြီးပြည့်စုံမှုမရှိဘူးလေ။ အဲတာကြောင့်မလို့ သူ့ရဲ့ နတ်ဝိဇ္ဇာရာထူးကလည်း ပြီးပြည့်စုံမှုမရှိတော့ဘူး။ အဲတာကြောင့်မလို့လည်း လော့ကို နတ်ဝိဇ္ဇာအစစ်လို့ သတ်မှတ်လို့မရဘူးပေါ့။ အဲလိုနဲ့ အဝေးကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ ဝိညာဉ်အကြွင်းအကျန်က... လော့ရဲ့ တစ်ခုတည်းသော အားနည်းချက် ဖြစ်လာတာပဲ "
" အဲဒီ ဝိညာဉ်အကြွင်းအကျန်ကလည်း ဘာမှ ပြီးပြည့်စုံမှု မရှိတာမလို့ တဖြည်းဖြည်းနဲ့ အသိစိတ်ပျောက်တော့မယ့် အခြေအနေကို ရောက်လာရော။ ဒါပေမဲ့ ရှေးဟောင်းနတ်ဝိဇ္ဇာကလည်း အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ပီပီ အဲဒီလို ဝိညာဉ်အကြွင်းအကျန် တစ်ခုပဲ ရှိတော့တာတောင် အသိစိတ်ပျောက်မသွားခင် အချိန်လေးအတွင်းမှာ အစွမ်းထက် မန္တန်တစ်ခုကို အသုံးပြုနိုင်ခဲ့တာ။ သူက... ဒုတိယ သံသရာစက်ဝန်းရဲ့ အစကို အခြေပြု၊ အဲဒီ သံသရာစက်ဝန်းရဲ့ အဆုံးကို အချိန်ကန့်သတ်ချက်ထားပြီး ကျိန်စာတစ်ခု တိုက်ခဲ့တာပဲ "
" အဲဒီကျိန်စာကတော့... လော့သေရင် ရှေးဟောင်းနတ်ဝိဇ္ဇာကြီး အသက်ဆက်ရှင်မယ် ဒါပေမဲ့ ရှေးဟောင်းနတ်ဝိဇ္ဇာကြီး သေသွားရင် လော့လည်း အလိုလို သေသွားရမယ်ဆိုတဲ့ ကျိန်စာပဲ "
" ဒုတိယ သံသရာစက်ဝန်း အဆုံးအထိ အဲဒီကျိန်စာက အကျိုးသက်ရောက်မှုရှိနေမှာ။ အဲတာကြောင့်မလို့လည်း အဲဒီအချိန်ကစပြီး ဆိုရိုးစကားတစ်ခု ပေါ်လာခဲ့တာပဲ။ လော့က နတ်ဝိဇ္ဇာကို ကြောက်ရပြီး... နတ်ဝိဇ္ဇာရာထူးအစစ်က လစ်ဟင်းနေတုန်းပဲဆိုတဲ့ ဆိုရိုစကားပေါ့ "
စွန်းသဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ အနက်ရောင် သစ်သားပျဉ်ပြားလေးဖြင့် စားပွဲအား ဗြန်းခနဲမြည်အောင် နောက်ထပ်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်သည်။ ထိုအသံ ပဲ့တင်ထပ်သွားသောအခါ သူ၏ ပုံပြင်ထဲ၌ အာရုံအပြည့် စိုက်ထားကြသည့် လူများမှာ ပင့်သက်ရှိုက်မိသွားကြ၏။
" ဇာတ်လမ်းက... အဲမှာ ပြီးမသွားသေးဘူး " စွန်းသဲ့မှာ သက်ပြင်းချကာ ဆက်ပြောလိုက်၏။ သူသည် သူ၏ အိပ်မက်ထဲ၌ ထို အခြင်းအရာများအားလုံးကို မြင်ခဲ့ရစဉ်တုန်းက ဘဝပေါင်းမြောက်မြားစွာအား သူကိုယ်တိုင် ကျော်ဖြတ်ခဲ့ရသည့်အလား ခံစားခဲ့ရသည်။
" ဒုတိယ သံသရာစက်ဝန်းရဲ့ ပထမဆုံး အနန္တကပ်ကမ္ဘာက အဆုံးမဲ့တာအိုနယ်မြေပဲ။ အဲဒီနယ်မြေက ကျယ်ပြန့်တာအိုနယ်မြေကို စစ်ခင်းပြီးတော့ ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိလောက်အောင်ကို အစွမ်းထက်တယ်။ အဲတာမလို့ သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့် ရှိနေခဲ့ကြတာပေါ့ "
" သူတို့ ယုံကြည်ထားခဲ့တဲ့အတိုင်းပါပဲ။ အရင်တုန်းက ဘုန်းမီနေလတောက်ပခဲ့တဲ့ ကျယ်ပြန့်တာအိုနယ်မြေ အဲဒီ စစ်ပွဲကြီးထဲမှာ ပျက်စီးသွားခဲ့ရတာ။ အဲဒီ နယ်မြေထဲက သက်ရှိတွေလည်း ဝေဒနာအမျိုးမျိုး ခံစားခဲ့ရပြီးတော့ ချေမှုန်းခံလိုက်ရတာ။ အဲဒီလိုနဲ့ သူတို့လည်း ငရဲကိုးထပ်ထဲက သရဲတစ္ဆေတွေအတိုင်း ဟင်းလင်းပြင်ကြီးထဲမှာ မျောလွင့်နေကြတာပေါ့။ တစ်ခါတလေကျရင် သူတို့ရဲ့ အော်ဟစ်မြည်တမ်းသံတွေနဲ့ ငိုကြွေးသံတွေကိုတောင် ကြားနိုင်တယ် "
" အဆုံးမဲ့တာအိုနယ်မြေကလည်း အနိုင်ရသွားခဲ့ပေမယ့် အနာဂတ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ရှေးဟောင်းနတ်ဝိဇ္ဇာရဲ့ ဝိညာဉ်အကြွင်းအကျန်ကို လိုက်ဖမ်းနေခဲ့တဲ့ လော့က အဲဒီ တာအိုနယ်မြေဆီ ရောက်လာခဲ့လို့ပဲ။ သူက အဲဒီ နယ်မြေနဲ့ ဝိညာဉ်အကြွင်းအကျန်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ ရှေးဟောင်း ကျောက်ပြားတစ်ပြားအဖြစ် ပြောင်းလဲပစ်ခဲ့တာ။ အဲဒီ ကျောက်ပြားကတော့ စကြဝဠာကြီးထဲမှာ ထာဝရ ချုပ်တည်းခံလိုက်ရတာမလို့ တဖြည်းဖြည်းနဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်သွားခဲ့တာပဲ "
" လော့က ရှေးဟောင်းနတ်ဝိဇ္ဇာကို သတ်လို့လည်း မရသလို ကျိန်စာတိုက်ခံထားရတဲ့ ဝိညာဉ်အကြွင်းအကျန်ကိုလည်း မဝါးမျိုရဲဘူးလေ။ ဒါပေမဲ့... သူ ဒုတိယ သံသရာစက်ဝန်း ပြီးသွားတဲ့ အချိန်အထိ စောင့်လို့ရတယ်။ အဲဒီအချိန်ရောက်ရင်... သူ အဲဒီ ဝိညာဉ်အကြွင်းအကျန်ကို ဝါးမျို၊ သူ့ကိုယ်သူ ပြီးပြည့်စုံသွားအောင် လုပ်ပြီး တစ်ဦးတည်းသော နတ်ဝိဇ္ဇာအဖြစ်ကို တက်လှမ်းနိုင်သွားမှာ "
" ဒုတိယ သံသရာစက်ဝန်းထဲမှာ... အထင်ကရလူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ သံသရာကို စွဲလမ်းနေတဲ့ နတ်ဆိုးနဲ့ မိုးကောင်းကင်ကို ချိတ်ပိတ်တဲ့ မကောင်းဆိုးဝါး။ အမည်မသိ ထာဝရစိတ်ဆန္ဒပိုင်ရှင်နဲ့ ဇောက်ထိုးမိုးမျှော် ဖြစ်နေတဲ့ နတ်တစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပိုင်း " စွန်းသဲ့မှာ ထိုစကားလုံးများဖြင့် သူ၏ အိပ်မက်ထဲမှ ပုံပြင်အား အဆုံးသတ်လိုက်၏။
သူ စကားဆုံးသွားသောအခါ လက်ဖက်ရည်ဆိုင် အပြင်ဘက်နှင့် အတွင်းဘက်မှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကောင်းကင်ယံထဲတွင် အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသဖြင့် အရာအားလုံးမှာ မှုန်မှိုင်းနေ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် စွန်းသဲ့မှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် သူ၏ လက်ထဲမှ အနက်ရောင် သစ်သားပျဉ်ပြားလေးအား အပေါ်သို့ မြှောက်ကာ စားပွဲအား နောက်ထပ်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်သည်။
" ဖြန်း "
ထို အသံမှာ ယခင်အကြိမ်များတုန်းကထက်ပင် ပို၍ ကြည်လင်ပြတ်သားနေ၏။ ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် သူ၏ ပုံပြင်အား နားထောင်းရင်း အတွေးများထဲ၌ နစ်မျောနေကြသည့် သူများမှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားကြသည်။ သို့သော် သူတို့၏ မျက်ဝန်းများထဲတွင် ရီဝေဝေဖြစ်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။ သို့ဖြစ်ရာ သူတို့မှာ ထို ပုံပြင်ထဲမှ လွယ်လွယ်နှင့် ပြန်ထွက်လာနိုင်ကြဦးမည် မဟုတ်ပေ။
စွန်းသဲ့မှာမူ သူတို့အား ဂရုမစိုက်နိုင်တော့သဖြင့်မတ်တတ်ထကာ သူ၏ ပရိတ်သတ်များအား ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်...
သူသည် ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် မြို့ငယ်လေးထဲရှိ လမ်းတစ်လမ်းပေါ်၌ ရပ်နေ၏။ သူ ပြောနေသည့် ပုံပြင်မှာ ပြီးဆုံးသွားပြီ ဖြစ်ပါသော်လည်း သူ၏ ပုံပြင်မှာမူ အခုမှ စတင်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် သူ၏ လက်ရှိဝင်ငွေ၊ သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ ဇနီး သူ့အပေါ်ထားရှိသော သဘောထားများအကြောင်း စဉ်းစားတွေတောရင်း ခေါင်းခဲလာရ၏။
အဘယ်ကြောင့်ဆိုသော်... သူ၏ အိပ်မက်ထဲမှ ပုံပြင် လွန်ခဲ့သည့်လဝက်တုန်းက ပြီးဆုံးသွားခဲ့ပြီးနောက် သူသည် မည်သည့်ပုံပြင်ကိုမှ ထပ်၍ အိပ်မက်မက်ခဲ့ခြင်း မရှိတော့သောကြောင့်ပင်။
ထိုသို့ဖြင့် စွန်းသဲ့မှာ လမ်းဘေး၌ မလှုပ်မယှက် ရပ်နေရင်း ကြံရာမရဖြစ်ကာ စိုးရိမ်စိတ်များ ကြီးထွားလာရ၏။ ထို့နောက် သူသည် မသိစိတ်မှနေ၍ အနက်ရောင် သစ်သားပျဥ်ပြားလေးအား ထုတ်ယူလိုက်ပြီးနောက် ၎င်းအား လက်ဖြင့် အသာအယာ ပွတ်နေမိတော့သည်....,
" တကယ်လို့ ဘာအိပ်မက်မှ ထပ်ပြီးတော့ ပေါ်မလာဘူးဆိုရင်လည်း ငါကိုယ်တိုင် ပုံပြင်အသစ်တစ်ပုဒ် ဖန်တီးရတာပေါ့။ ပြီးရင် နန်းတွင်းစာမေးပွဲတွေ ဝင်ဖြေပြီး ပညာရှိဘွဲ့တွေကိုလည်း ယူလို့ရပါသေးတယ်။ အဲတာဆိုရင် ငါ့ရဲ့ ဘဝကြီး အဆင်ပြေချောမွေ့သွားမှာပါ။ မင်း လုပ်နိုင်ပါတယ်ကွ စွန်းသဲ့ရ " စွန်းသဲ့မှာ ထိုကဲ့သို့ သူ့ကိုယ်သူ အားပေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သို့သော် ထိုအချိန်တွင် အုံ့မှိုင်းနေသည့် မိုးကောင်းကင်ကြီးထဲမှ မိုများရွာချလာတော့သည်။ စွန်းသဲ့ပေါ်သို့ ကျလာသည့် မိုးစက်များမှာ အလွန်အင်မတန်မှ အေးစက်လွန်းနေ၏။ သို့ဖြစ်ရာ ၎င်းတို့မှာ သူ၏ မျှော်လင့်ချက်များအားလုံးကို ဖျောက်ဖျက်ပစ်ချင်နေသည့်ပုံပင်။