← Chapters

အာဏာပြခြင်း

Vol. 45 Ch. 616

အာဏာပြခြင်း

Vol. 45 Ch. 616

ပင့်မြှောက်ခံနေရသော မိစ္ဆာမျောက်ဝံမှာ ငေးငေးကြောင်ကြောင် ဖြစ်နေသည်။

ချင်မူမှာ သူ့အမူအရာကို မြင်လျှင် အနည်းငယ် သံသယဝင်လာ၏။ ‘အကောင်ကြီး ကြည့်ရတာ သဘောပေါက်မသေးပုံပဲ... သူ နိုင်သွားတာလည်း မသိသေးဘူး... ဘာလို့နိုင်သွားမှန်းလည်း မသိသေးဘူး’

သူက အဘိုးကြီးမာဆီသို့ လှည့်ကြည့်ကာ တွေးနေသည်။ ‘ဘိုးဘိုးမာက ရွာမှာ လူရိုးကြီးအဖြစ် အသိများတယ်... အကောင်ကြီးကို ရွေးပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ရဲ့ ဗုဒ္ဓသားတော်တွေကို အနိုင်ယူတဲ့အကြံက တကယ်ပါးနပ်တဲ့ အကြံပဲ... ဘိုးဘိုးမာရဲ့ အကြံရော ဟုတ်ရဲ့လား... အကောင်ကြီးရဲ့ ဓမ္မကရော တကယ် နက်နဲတာလား... ရွာကလူတွေ နောက်ကွယ်ကနေ ဘိုးဘိုးမာကို လူလည်ကျနည်းတွေ သင်ပေးနေတယ်လို့ ဘာကြောင့်ခံစားနေရတာပါလိမ့်’

ကောင်းကင်ဘုံအဆင့်နှစ်ဆယ်၏ ဗုဒ္ဓများကို နားဒုက္ခပေးသောအကြံက ရွှေအဆီမှ ဖြစ်ကြောင်း အဘိုးကြီးမာ ပြောခဲ့သည်။ ရွှေအသာ ထိုမျှလည်နိုင်သည်။

ထို့အပြင် သေချင်စိတ်ပေါက်လာသည်အထိ အနှောင့်အယှက်ပေးပြီး အသက်နှင့် ကစားမည့်အစား မိစ္ဆာမျောက်ဝံကို စေလွှတ်ခဲ့ခြင်းက ဉာဏ်များသော မျက်ကန်း၏အကြံ ဖြစ်လောက်သည်။

မျက်ကန်း၏ စိတ်မျက်လုံးများက ဟာကွက်ရှာရာတွင် ကျွမ်းကျင်သည်။ သူ၏လှံချက်များတွင် ပြောင်းလဲမှုများစွာ မပါသလို၊ လှံကွက်တစ်ကွက်မှ မရှိဟုပင် ဆိုနိုင်၏။ သို့တိုင်အောင် သူသည် စိတ်မျက်လုံးဖြင့် ရန်သူ၏လှုပ်ရှားမှုအားလုံးကို မြင်နိုင်သောကြောင့် အားနည်းချက်များအား အမြဲ ထိုးနှက်နိုင်လေသည်။

မိစ္ဆာမျောက်ဝံက စကားတစ်လုံးချင်းသာ ပြောသော မျောက်ဝံတစ်ကောင်ဖြစ်ရာ သူ့ကို စေလွှတ်လိုက်ခြင်းဖြင့် စကားစစ်မထိုးဘဲ စကားစစ်ထိုးပွဲ၏ အနှစ်သာရကို ဆုပ်ကိုင်နိုင်သွား၏။

တကယ့်စကားစစ်ထိုးပွဲသာ ဆိုလျှင် မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းများအနေဖြင့် ဗုဒ္ဓသားတော်များအား အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စကားစစ်မထိုးဘဲ စကားစစ်ထိုးခြင်းက အနိုင်ယူနိုင်ခဲ့သည့် သော့ချက် ဖြစ်လာသည်။

‘ဒါပေမဲ့ အကောင်ကြီးကလည်း ဉာဏ်ပညာကြီးတယ်... ဓမ္မကျင့်စဉ်မှာ သူရဲ့ပေါက်မြောက်မှုက တော်ရုံမဟုတ်ဘူး”

ချင်မူ မိစ္ဆာမျောက်ဝံကို ကြည့်ပြီး လှိုက်၍လှိုက်၍ လေးစားလာမိသည်။ ‘သူက အနိုင်ရသွားတာကိုလည်း မသိဘူး... ဘာကြောင့် အနိုင်ရသွားမှန်းလည်း မသိဘူး.. တိုက်ခိုက်နေတာတောင်မှ သူ့နှလုံးသားက သန့်ရှင်းစင်ကြယ်နေတယ်... အနိုင်အရှုံးကို ထည့်မတွက်ဘူး... ဒါကမှ ဗုဒ္ဓသားတော်ကျန်းခုံးပဲ.. ကောင်းကင်ဘုံရဲ့ ဗုဒ္ဓအားလုံး သူ့ကို ညီတော်လို့ ပြောင်းခေါ်ခဲ့တာ အံ့ဩစရာမရှိဘူး... တွေးကြည့်တော့မှ ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးရွှေအက ဘိုးဘိုးမာကို ကူညီခဲ့ပြီး ဘယ်ရောက်သွားတာပါလိမ့်”

လော့ဖူကောင်းကင်ဘုံသို့ ပြန်ရောက်လာခဲ့သော အဘွားစစ်နှင့် ကျားနတ်မင်းလည်း ပျောက်ချင်းမလှ ပျောက်နေသည်။ သူ အမှန်တကယ် ဇဝေဇဝါ ဖြစ်မိ၏။

“စား သန်မာ”

ချင်မူ သားသတ်လွတ်ဟင်းတစ်ပွဲ စားနေပြီး မိစ္ဆာမျောက်ဝံက သူ့ကို ပိုစားရန် ဆက်တိုက် တိုက်တွန်းနေသည်။ သူက တစ်ချက်တစ်ချက် ကြွက်သားများ ညှစ်ပြရင်း အများကြီးစား၍ သူ မည်မျှသန်မာလာကြောင်း ပြနေသည်။

မဟာမိုးခြိမ်းသံကျောင်းတော်၏ သားသတ်လွတ်ဟင်းက များသောအားဖြင့် အသီးအရွက်များ၊ တို့ဟူးများနှင့် ပေါက်စီများသာ ဖြစ်သည်။ မိစ္ဆာမျောက်ဝံ၏အရှေ့တွင် သာမန်ဇလုံကြီးထက် လေးဆ၊ ငါးဆ ကြီးသော သံဇလုံကြီးတစ်လုံး ရှိနေသည်။ အထဲတွင် သူ ကြိုက်သည့် သစ်ဥသစ်ဖုများ ပြည့်နေ၏။

ချင်မူက သားသတ်လွတ်ပေါက်စီတချို့ စားပြီး ဗိုက်ပြည့်သည့်အခါ ရပ်လိုက်သည်။

အဘိုးကြီးမာက သင်္ကန်းပြန်ရုံကာ တထာဂတအဖြစ် နေရာယူလိုက်သည်။ သူက ဘုန်းကြီးများကို မိန့်ကြား၏။ “ဗုဒ္ဓတွေက ဗုဒ္ဓဘုံမှာ ပညာသင်ယူဖို့ နေရာသုံးနေရာ လက်ခံပေးလိမ့်မယ်... သုံးနေရာထဲမှာ ကျန်းခုံးအတွက် တစ်နေရာ၊ မင်ရှင်းအတွက် တစ်နေရာ... နောက်ဆုံးနေရာနဲ့ ပတ်သက်ပြီး ကိုယ်တော် ဆုံးဖြတ်ရခက်နေတယ်”

ကျန့်မင်ကိုယ်တော်ကြီးက ပြုံးလျက် ပြောသည်။ “တထာဂတ ဘာလို့ ဆုံးဖြတ်ရခက်နေတာပါလဲ”

တထာဂတက မိန့်သည်။ “နောင်တော်၊ ကျန်းခုံးက ဉာဏ်ပညာကြီးတယ်.... မင်ရှင်းက လောကကြီးအကြောင်း သိမြင်နားလည်တယ်... သူတို့နှစ်ယောက်လုံးကို လွှတ်လိုက်တာက သိပ်ကောင်းမွန်တဲ့ အရာပါ... ဒါပေမဲ့ ဓမ္မဟာ ဉာဏ်ပညာကိုပဲ စစ်ဆေးတာမဟုတ်ဘူး... တွေးခေါ်နိုင်စွမ်းကိုလည်း စစ်ဆေးတယ်... ငါတို့အနေနဲ့ ဓမ္မကို တွေးတောပြီး ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲရမယ်... ဓမ္မက ငါတို့ရဲ့ သိုင်းစွမ်းအား ဖြစ်လာဖို့ လိုတယ်... အဲဒါမှ မိစ္ဆာနတ်ဆိုးတွေကို နှိမ်နင်းပြီး ကပ်ဆိုးတွေကို ရင်ဆိုင်နိုင်မယ်... ဗုဒ္ဓသဘာဝ ရှိရုံနဲ့ သူတို့ရဲ့ သိုင်းစွမ်းအားက ရွယ်တူတွေကို ယှဉ်နိုင်မယ်မဆိုလိုဘူး... အဲဒါက ငါ စိုးရိမ်မိတဲ့အရာပဲ... ကျန်းခုံးနဲ့ မင်းရှင်းနှစ်ယောက်လုံးမှာ ဗုဒ္ဓသဘာဝ ရှိပေမယ့် နှစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းက မဆိုစလောက် နိမ့်ကျနေတယ်”

အသက်ကြီးကြီး ကိုယ်တော်တစ်ပါးက ပြော၏။ “ဒါဆို တထာဂတကိုယ်တိုင် သွားပါလား”

တထာဂတမာက ခေါင်းယမ်းကာ ပြောသည်။ “ငါက ဗုဒ္ဓဖြစ်နေပြီ ... ဒီလောကစည်းကို ဖြတ်ကျော်ပြီး ဗုဒ္ဓဘုံကို တက်လို့မရဘူး ... ဒါကြောင့် အငယ်တွေထဲက အင်မတန် အတွေးအခေါ် မြင့်မားတဲ့ လူတစ်ယောက် ရှာပြီး သွားခိုင်းရမယ်... အဲဒီလူက အဆင့်မြင့်တဲ့ကျင့်စဉ်တွေကို တွေးတောဆင်ခြင်ပြီး ငါတို့ဆီ လက်ဆင့်ကမ်းပေးရမှာ... ဒီလိုလူ ရှာဖို့ ကိုယ်တော် အခက်တွေ့မိတယ်”

မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းများလည်း မျက်မှောင်ကြုတ်သွားကြသည်။ မိစ္ဆာမျောက်ဝံနှင့် မင်ရှင်း၏ တွေးခေါ်နိုင်စွမ်းက သိပ်မမြင့်မားဟု တထာဂတမာက ဆိုသော်လည်း တထာဂတမာ၏ စံနှုန်းက မြင့်မားနေခြင်းဖြစ်၏။ မိစ္ဆာမျောက်ဝံနှင့် မင်ရှင်း၏ ပါရမီနှင့် တွေးခေါ်နိုင်စွမ်းမှာ မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းငယ်များအကြား အမြင့်မားဆုံး ဖြစ်လေသည်။

သူတို့ထက် သာလွန်သော ရဟန်းငယ်တစ်ယောက်ကို မဟာမိုးခြိမ်းသံကျောင်းတော်တွင် ရှာရန်ကား လုံးဝမဖြစ်နိုင်ပေ။

တထာဂတမာက စားသောက်နေသော ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ မိစ္ဆာမျောက်ဝံက သစ်ဥသစ်ဖုများကို ဆုပ်ပြီး ချင်မူ့မျက်နှာရှေ့၌ အတင်းထိုးပေးကာ စားခိုင်းနေ၏။

ကျန်ရဟန်းများလည်း လှမ်းကြည့်လိုက်သည့်အခါ ချင်မူက သစ်ဥသစ်ဖုများအား ယူပြီး အချပ်များအဖြစ် လှီးကာ ပေါက်စီဖြင့် တွဲစားနေကြောင်း မြင်လိုက်ရသည်။

“ဘယ်လိုလဲ” တထာဂတက ကျန်ရဟန်းများကို မေးလိုက်သည်။

ရဟန်းအားလုံး တစ်ပြိုင်တည်း ဖြေကြ၏။ “သိပ်သင့်တော်ပါတယ်...တထာဂတရဲ့ အမြင်ကတော့ ပြိုင်ဘက်ကင်းပါပေတယ်”

“ကျွန်တော့်ကို ဗုဒ္ဓဘုံဆီ တက်စေချင်တာလား”

ချင်မူ စားသောက်ပြီးသည့်အခါ တထာဂတမာ၏ ဆင့်ခေါ်ခြင်း ခံရသည်။ သူ့မှာ တထာဂတမာ၏ စကားကြားလျှင် မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်မိ၏။ “ကျွန်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေ.. မဟာမိုးခြိမ်းသံကျောင်းတော်နဲ့တောင် ရန်ကြွေးရှိခဲ့သေးတယ်... ကျွန်တော် ဗုဒ္ဓဘုံကို ပညာသင်ဖို့ တက်သွားရင် ဗုဒ္ဓတွေ ကျွန်‌တော့်ကို သေအောင် ရိုက်သတ်မှာပေါ့”

တထာဂတမာက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဗုဒ္ဓဘုံနဲ့ ဗုဒ္ဓတွေမှာ မင်းနဲ့ရော၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ပါ ရန်ကြွေးမရှိပါဘူး... ဗုဒ္ဓတွေက ခိုင်ဧကရာဇ်ခေတ်မပျက်သုဉ်းခင် ဗုဒ္ဓအဖြစ် ရောက်သွားပြီး ဗုဒ္ဓဘုံကို တည်ဆောက်ခဲ့ကြတဲ့ ကိုယ်တော်တွေပါ... မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ရန်ကြွေးကတော့ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းပြီးနောက်မှ ဖြစ်ပွားခဲ့တာ.... ဗုဒ္ဓတွေက သဘောထားကြီးပါတယ်၊ မင်းကို ပြဿနာရှာမှာမဟုတ်ပါဘူး”

ချင်မူ တွန့်ဆုတ်နေသေးသည်။ “ဒါက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရဟန်းတွေ ကြိုးစားထားခဲ့ အခွင့်အရေးပါ... ကျွန်တော့်လို အပြင်လူတစ်ယောက်က ပညာသွားသင်ရင် ဘုန်းကြီးတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးရာမကျဘူးလား”

တထာဂတမာက ခေါင်းယမ်းလိုက်သည်။ “မင်းကို လွှတ်မှ မျှော်လင့်နိုင်မှာ... ဗုဒ္ဓဘုံကို တက်တယ်ဆိုတာ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့  အဆင့်မြင့်ဓမ္မ၊ ဧကရာဇ်ပလ္လင်အဆင့် တက်စေနိုင်မယ့် ဗုဒ္ဓကျင့်စဉ်ကို သွားသင်ဖို့ပဲ... ကျန်းခုံးနဲ့ မင်းရှင်းက အနှစ်သာရကို မဖမ်းဆုပ်နိုင်မှာ စိုးရိမ်တယ်... မင်းသွားတာ ပိုသင့်တော်ပါတယ်”

ချင်မူ ဆင်ခြေပေးမရတော့၍ ပြောလိုက်သည်။ “ဗုဒ္ဓဘုံကို သွားရင် ဘာတွေ သတိထားရမလဲ”

“သူတို့ရဲ့ ထုံးတမ်းဓလေ့အစဉ်အလာတွေအတိုင်း လိုက်နာပြီး သူတို့လို ပြူမူရမယ်”

တထာဂတမာက အဓိပ္ပါယ်အပြည့်ဖြင့် ပြောသည်။ “ဗုဒ္ဓဘုံ မဟာမိုးခြိမ်းသံကျောင်းတော်ကို မကူညီတာက မကူညီချင်လို့ မဟုတ်ဘူး... မကူညီနိုင်လို့ပဲ... ဒါကြောင့် နောက်ကျောဓားနဲ့ ထိုးခံရမှာ၊ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခံရမှာတွေကို မင်း သတိထားဖို့လိုတယ်”

ချင်မူ အံ့အားသင့်သွားပြီး သူဆိုလိုသည်ကို တမုဟုတ်ချင်း နားလည်သွားသည်။

တထာဂတမာ ဤမျှသတိထားနေသည့် အကြောင်းရင်းမှာ ကောင်းကင်နတ်ဘုံအား ထိတ်လန့်ရသလို၊ ကောင်းကင်နတ်ဘုံသည် ဗုဒ္ဓဘုံ၌ မျက်လုံးများစွာ နေရာချထား၍ဖြစ်သည်။

ဗုဒ္ဓဘုံသို့ ပညာသင်ယူရန် သွားလျှင် ထိုမျက်လုံးများက အောက်ဘုံမှ ဤရဟန်းငယ်များအား ထိပါးလိမ့်မည်။

ထို့ကြောင့် တထာဂတမာက သူ့ကို သွားစေချင်ခြင်း ဖြစ်လောက်သည်။

မိစ္ဆာမျောက်ဝံကျန်းခုံးက ဉာဏ်ပညာကြီးမားသော်လည်း အတွေ့အကြုံ မလုံလောက်သေးပေ။ မင်ရှင်းကိုယ်တော်မှာမူ အတွေ့အကြုံရှိသော်လည်း လူ့ဘောင်သို့ ဝင်ခဲ့တုန်းက စစ်တပ်ထဲတွင် အမှုထမ်းခဲ့ရသည်။ သူသည် လှည့်ကွက်များ မသုံးတတ်သလို အခြေအနေအရလည်း တုံ့ပြန်ရာတွင်လည်း ချင်မူ့အောက် များစွာ နိမ့်ကျ၏။

ချင်မူက အန္တရာယ်များစွာ ရင်ဆိုင်ဖူးသည်။ ဖုရွေ့လော်လို မိစ္ဆာနတ်ဘုရားများဖြင့်ပင် ထိပ်တိုက်တွေ့ဖူး၏။ အခြေအနေအရ အလိုက်သင့် စီးမျောနိုင်စွမ်းနှင့် မီးစင်မှ ကြည့်ကနိုင်စွမ်းတို့တွင် သူက လူငယ်များအကြား အတော်ဆုံး ဖြစ်သည်။

အဆင့်မြင့်ဓမ္မကို တွေးခေါ်ဆင်ခြင်နိုင်ရန်အပြင် တထာဂတမာ သူ့ကို သွားစေချင်သည့် တခြားအကြောင်းရင်းမှာ မိစ္ဆာမျောက်ဝံနှင့် မင်ရှင်းကို ကာကွယ်ပေးရန် ဖြစ်သည်။

“ကျွန်တော် ကတုံးတုံးရမှာလား” ချင်မူ မေးလိုက်သည်။

တထာဂတမာက ပြုံးတော်မူသည်။ “ငါ ကတုံးတုံးတာ မြင်မိလား”

ချင်မူ သူ့ခေါင်းဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ဦးထိပ်ပိုင်းဆံတော်များက သင်းကျစ်လို လက်ျာရစ်ခွေလျက် ရှိနေကြောင်း မြင်လိုက်ရသည်။ သုံးထောင်သော ကိလေသာအမျှင်တန်းများအား ဉာဏ်ပညာပုတီးစေ့များအသွင် လိမ်ကျစ်ကာ စီကုံးရစ်ပတ်ထားသည့်နှယ် ရှိနေ၏။

တထာဂတမာက ပြောသည်။ “တချို့က ကိလေသာတွေ မပယ်ရှားနိုင်မှာ စိုးရိမ်လို့ ကတုံးတုံးကြတယ်... ဒါပေမဲ့ ဗုဒ္ဓတစ်ပါးကတော့ ကိလေသာကို ဉာဏ်ပညာအဖြစ် အသုံးချတယ်... ‌‌ဗုဒ္ဓတစ်ပါးဟာ ဉာဏ်အလင်းမပွင့်ခင် ကိလေသာသောက များခဲ့လေလေ၊ ဗုဒ္ဓဖြစ်ပြီးတဲ့အခါ ဉာဏ်အမြော်အမြင် ကြီးမားလေလေပဲ.... တထာဂတတောင် ခေါင်းတုံးစရာမလိုရင် မင်းက ဘာလို့ တုံးမှာလဲ”

ချင်မူ ပြုံးလိုက်၏။ “ကျွန်တော် နားလည်ပါပြီ”

လီမြို့၏အထက်တွင် ကောင်းကင်ဘုံများ လင်းထိန်တောက်ပနေသည်။

ဤကောင်းကင်ဘုံများသည် ပုံရိပ်ယောင်ဟု ထင်ရသော်လည်း အသေအချာကြည့်ပါက အလွန်ကျယ်ဝန်းနက်ရှိုင်းသော ဟင်းလင်းပြင်တွင် နေရာယူထားကြောင်း တွေ့မြင်ရမည်။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်၌ ဗုဒ္ဓကြီးများ ပေါ်လာပြီး ဗုဒ္ဓသံများ ထွက်ပေါ်လာ၏။ ဗုဒ္ဓတစ်ပါးက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ ဗုဒ္ဓရောင်ခြည်တော်များ ဖြန့်ကျက်လိုက်သည်။ ကျန်ဗုဒ္ဓများကလည်း လီမြို့ရှိ ဘုန်းကြီးကျောင်းဆီ လက်ညှိုးညွှန်လိုက်သည့်အခါ ဗုဒ္ဓရောင်ခြည်တန်းများသည် အလင်းတန်းတစ်တန်းအဖြစ် စုဝေးဖွဲ့တည်လာ၏။

တထာဂတမာက ဘုန်းကြီးများကို ဦးဆောင်၍ ဗုဒ္ဓရောင်ခြည်တန်း၏အရှေ့သို့ သွားရောက်ကာ ချင်မူတို့ကို ခေါင်းညိတ်ပြသည်။ “ဂရုစိုက်”

ချင်မူ ခေါင်းညိတ်လိုက်ပြီး မိစ္ဆာမျောက်ဝံနှင့် မင်ရှင်းနှင့်အတူ အလင်းတန်းထဲ ဝင်လိုက်သည်။ ဗုဒ္ဓအလင်းတန်းကြီးက တဖြည်းဖြည်း မြောက်တက်သွားပြီး မကြာမီတွင် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲသို့ ဝင်ရောက်သွား၏။

ချင်မူ၊ မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံတို့ မြေပြင်ပေါ် ရပ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ ဧရာမဘုန်းကြီးကျောင်းဆောင်များ၊ စေတီများ၊ ဗုဒ္ဓများနှင့် မရေမတွက်နိုင်သော ရဟန်းများအား မြင်ရလေသည်။

သူတို့၏ခြေထောက်အောက်တွင် ခံ့ညားထည်ဝါသော တောင်ကြီးတစ်လုံး ရှိနေပြီး တောင်အောက်သို့ ငုံ့ကြည့်လိုက်လျှင် ရွှေစင်ရွှေသား၊ ကျောက်စိမ်းသားတို့ဖြင့် လွှမ်းခြုံနေသော ဗုဒ္ဓဝါဒီနိုင်ငံများအား မြင်ရသည်။

ကောင်းကင်ဘုံတစ်ဘုံလေးကတင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ယှဉ်လိုက်လျှင် များစွာကြီးမားကျယ်ဝန်းနေသည်။ ဗုဒ္ဓဝါဒီနိုင်ငံများမှာလည်း အရေအတွက်များပြားပြီး အားလုံး သင့်မြတ်ညီညွတ်စွာ နေထိုင်နေကြသည်။

ရဟန်းတချို့က သူတို့ကို ကြိုဆိုသည်။ “အောက်ဘုံက နောင်တော်သုံးပါး၊ အမိတဘကျောင်းဆောင်က ရှေ့တင် ရှိပါတယ် ကြွပါ”

ချင်မူတို့လည်း အရိုအသေပြန်ပေးလိုက်ကြပြီး ချင်မူက ပြောလိုက်သည်။ “နောင်တော်တို့ ကျေးဇူးပြုပြီး လမ်းပြပေးလို့ရမလား”

ရဟန်းတစ်ပါးမှ ရှေ့မှ ဦးဆောင်သွားပြီး ပြုံးလျက် ဆို၏။ “နောင်တော်ကျန်းခုံးရဲ့ ဓမ္မစွမ်းရည်က အမှန်တကယ် နက်နဲလှပါပေတယ်... တပည့်တော် နားထောင်ပြီး လေးစားမိပါတယ်... ဒီနောင်တော်နှစ်ပါးက”

မင်ရှင်းက သူ့ကိုယ်သူ မိတ်ဆက်ပေးကာ ပြောလိုက်သည်။ “ဒါကတော့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ‌ယောဂီချင်ပါ”

ရဟန်း၏အကြည့်က ချင်မူ့အပေါ် ကျရောက်လာပြီး သူက ပြောသည်။ “ယောဂီချင်တဲ့လား... ဒါကြောင့် ခေါင်းတုံး တုံးမထားတာကိုး”

ချင်မူက အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ဘယ်ဗုဒ္ဓမြတ်စွာက ဒီအမိတဘကျောင်းဆောင်ကို တည်ဆောက်ခဲ့တာလဲ သိခွင့်ရမလားခင်ဗျာ”

ရဟန်းက ပြုံးလျက် ဖြေလေသည်။ “ယောဂီချင်အနေနဲ့တော့ မသိလောက်ဘူး... အမိတဘကျောင်းဆောင်ကို ဓမ္မကထိကမိုလွင် တည်ဆောက်ခဲ့တာပါ... သူက ထွက်ရပ်ပေါက်သွားတဲ့ ကောင်းကင်နတ်ဘုံရဲ့ ဗုဒ္ဓတစ်ပါးပါ... သူ့မှာ တပည့်သာဝကတွေ အများကြီးရှိသလို သူ့ရဲ့ ဓမ္မကလည်း နက်နဲတယ်... နောင်တော်ကျန်းခုံးရဲ့ ဓမ္မတရားကို မြည်းစမ်းကြည့်ပြီးပေမယ့် ကိုယ်တော်တချို့က နောင်တော်ကျန်းခုံးရဲ့ ကောင်းကင်နတ်သိုင်းတွေကို အကဲစမ်းချင်ကြသေးတယ်”

ချင်မူ ရင်ထဲတွင် လေးလံသွားသည်။ အမိတဘကျောင်းဆောင်သည် ကောင်းကင်နတ်ဘုံ၏ ဘက်တော်သား၊ ကောင်းကင်နတ်ဘုံမှ ဗုဒ္ဓဘုံသို့ လွှတ်ထားသော အင်အားတစ်စု ဖြစ်၏။

“ဘိုးဘိုးမာကတော့ ငါ့ကို တာဝန်အကြီးကြီး ပေးလိုက်တာပဲ”

သူ ခေါင်းကိုက်လာသည်။ ဗုဒ္ဓဘုံသို့ ယခုတင်မှ ရောက်လာသော်လည်း ကောင်းကင်နတ်ဘုံ၏ အင်အားစုက အာဏာပြချင်နေချေပြီ။

မင်ရှင်းကိုယ်တော်က ပြောသည်။ “နောင်တော်၊ တပည့်တော်တို့က ဒီကို ပညာရှာဖို့ လာတာပါ... ကောင်းကင်နတ်သိုင်းတွေ ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူး... အဆင့်မြင့်ဓမ္မကို သင်ယူပြီးရင် တပည့်တော်တို့ အောက်ဘုံကို ပြန်ကြွမှာပါ... နောင်တော်တို့နဲ့ အမျက်မပွားလိုပါဘူး”

သူတို့အားလုံး အမိတဘကျောင်းဆောင်၏ တောင်တံခါးဝသို့ ရောက်လာကြပြီး ရဟန်းက ပြုံးလျက် ပြောလေသည်။ “အချင်းချင်း ယှဉ်ပြိုင်မှ ကိုယ့်ရဲ့ ကောင်းကွက်၊ ဆိုးကွက်ကို သိမှာပါ... အမျက်ပွားစရာ မရှိပါဘူး... ကြွသာ ကြွပါ” ထိုသို့ပြောပြီးနောက် သူက သူတို့ကို နောက်ကျောမှ တွန်း၍ ကျောင်းဆောင်ထဲ ဝင်ခိုင်းလိုက်ကာ တံခါးပိတ်လိုက်၏။

ချင်မူ၊ မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံတို့ ရှေ့သို့ ကြည့်လိုက်သည့်အခါ တောင်တက်လမ်းတစ်လမ်းအား မြင်လိုက်ရသည်။ လှေကားထစ် ဆယ်ထစ်စီတိုင်းတွင် ရဟန်းနှစ်ပါးက မျက်နှာချင်းဆိုင်၍ ရပ်နေကြပြီး လေးနက်သောအမူအရာများဖြင့် တောင်ဝှေးတစ်လက်စီ ကိုင်ထားကြသည်။

အမိတဘကျောင်းဆောင်၏ အပေါ်တွင် အဝါရောင်သင်္ကန်းဝတ်ထားသော ရဟန်းငယ်တစ်ပါးက အော်လိုက်သည်။ “တောင်တက်လမ်းအတိုင်း ဗုဒ္ဓကို ဒူးထောက်ရှိခိုးရင်း တက်ခဲ့ရမယ်”

မိစ္ဆာမျောက်ဝံနှင့် မင်ရှင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ မင်ရှင်းက ခပ်တိုးတိုး မေးလေသည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ဘာလုပ်ကြမလဲ... တကယ် ဗုဒ္ဓကို ဒူးထောက်ရှိခိုးရင်း တက်သွားရမှာလား”

ရဟန်းများက တောင်တံခါးဝမှ စ၍ ကျောင်းဆောင်အထိ လမ်းတစ်လျှောက်တွင် ခြံရံကာ သူတို့အား ပိတ်ဆို့ထားသည်။

“မပူနဲ့”

ချင်မူက ပြုံး၍ ပြောသည်။ “မင်းတို့တွေ လှုပ်ရှားစရာမလိုဘူး... တောင်ပေါ် ပုံမှန်အတိုင်း လမ်းလျှောက်တက်လိုက်”

မိစ္ဆာမျောက်ဝံနှင့် မင်ရှင်းက လမ်းလျှောက်တက်လိုက်သည့်အခါ ဧည့်ကြိုရဟန်းက မျက်လုံးများကျဉ်းမြောင်းကာ အော်ဟစ်လိုက်သည်။ “တိုက်”

တောင်၏ဘေးနှစ်ဖက်ရှိ ဘုန်းကြီးများက တောင်ဝှေးများ ဝှေ့ယမ်းကာ သူတို့ကို ရိုက်ချလိုက်၏။

ချင်မူ့ဓားစက်လုံးက တမုဟုတ်ချင်း ပျံထွက်သွားပြီး ဆယ်ကိုက်ကျယ်ဝန်းသော အလုံးကြီးတစ်လုံးအသွင် ဖွဲ့တည်သွားသည်။ အလုံးကြီးက ဝင်းလက်တောက်ပနေပြီး ဓားရောင်က တောင်ဝှေးကိုင်ထားသော ရဟန်းတစ်ပါး၏ သင်္ကန်းကို လှီးဖြတ်ခုတ်ထွင်လိုက်သည်။ ရဟန်းမှာ ကိုယ်လုံးတီးဖြင့် မတ်တပ်ရပ်လျက် မည်သို့ လုပ်ရမည်မှန်း မသိတော့ပေ။

“အမိတဘကျောင်းတော်ရဲ့ နောင်တော်တို့”

ချင်မူက လက်ချောင်းတောက်လိုက်၍ ဓားစက်လုံးသည် တောင်တက်လမ်းတစ်လျှောက် ဝှစ်ခနဲ ဖြတ်သန်းသွား၏။ ၎င်း ဖြတ်သွားသည့်‌နေရာတိုင်းတွင် လမ်းဘေးနှစ်ဖက်ရှိ ရဟန်းအားလုံး ကိုယ်လုံးတီးဖြင့် ကျန်ခဲ့၏။ ရဟန်းများမှာ ‌တောင်ဝှေးများ အလျင်အမြန် လွှတ်ချကာ အောက်ပိုင်းအား ကပျာကယာ ဖုံးလိုက်ကြသည်။

ချင်မူက ကျယ်လောင်စွာ မေးလိုက်၏။ “ဒီလောက်ကြီးတဲ့ သရီရဓာတ်လုံး မြင်ဖူးလား”

All Chapters