ယွဲ့ကွမ်အိမ်ရှေ့မင်းသား
Vol. 45 Ch. 617
လီမြို့၏ ဘုန်းကြီးကျောင်းထဲတွင် တထာဂတမာသည် သိက္ခာတော်ရ ရဟန်းရှင်တော်မြတ်များနှင့်အတူ ချင်မူတို့ ဗုဒ္ဓဘုံတက်သွားသည်ကို ရပ်ကြည့်နေတော်မူ၏။ သူတို့မှာမူ ကျင့်စဉ်အဆင့် မြင့်မားလှသည့်အတွက် သွားချင်လျှင်ပင် မသွားနိုင်ပေ။ သိုင်းအဆင့် မမြင့်မားသေးသော ချင်မူ၊ မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံတို့သုံးယောက်သာ ဗုဒ္ဓဘုံသို့ အလွယ်တကူ ဝင်ရောက်နိုင်သည်။
“တထာဂတအရှင်၊ သူတို့ဘာသာ လွှတ်လိုက်တာ အန္တရာယ်မများဘူးလား” ကိုယ်တော်ကြီးကျင့်မင်က မေးတော်မူ၏။
“အန္တရာယ်ဆိုတာ ရှောင်လွှဲမရပေမယ့် အန္တရာယ်က သိပ်မများနေဘူးလား.... ကောင်းကင်နတ်ဘုံက ဗုဒ္ဓဘုံကို ထိန်းချုပ်ပြီး တပည့်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တပည့်တွေကို သေချာပေါက် အနိုင်ကျင့်ကြလိမ့်မယ်... ပညာသင်ပြီး ပြန်ခွင့်ပေးမှာ မဟုတ်ပါဘူး”
တထာဂတမာက အပြုံးတစ်ခုဖြင့် မိန့်ကြား၏။ “ဒါကြောင့် ဂိုဏ်းသခင်ချင်ကို လိုက်သွားခိုင်းလိုက်တာပဲ... ဂိုဏ်းသခင်ချင်နဲ့ဆို အန္တရာယ်သိပ်မရှိပါဘူး”
ကိုယ်တော်ကြီးကျင့်မင်က တခဏ စဉ်းစားကြည့်လိုက်သော်လည်း နားမလည်ပေ။ အန္တရာယ် ရှိနေသေးသည်ဟု ခံစားရသဖြင့် မေးလိုက်သည်။ “တထာဂတအရှင်၊ တပည့်တော်ကို ကျေးဇူးပြုပြီး ရှင်းပြပေးတော်မူပါ”
တထာဂတမာက ပြောသည်။ “ဗုဒ္ဓဘုံက ဗုဒ္ဓဘုံပဲ မဟုတ်ပေလား... သူတို့ကလည်း သင်ယူဖို့ သွားတာပါ... ကောင်းကင်နတ်ဘုံသားတွေ သူတို့ကို အန္တရာယ်ပြုရင်တောင်မှ အကြီးတွေက အငယ်တွေကို အနိုင်ကျင့်မှာမဟုတ်ပါဘူး... အဲဒီကျင့်ဝတ်ကို ချိုးဖျက်ရင် တခြားဗုဒ္ဓတွေ ဝင်တားလိမ့်မယ်... ဗုဒ္ဓဘုံရဲ့ ဗုဒ္ဓတွေအနေနဲ့ ကျင့်ဝတ်သိက္ခာ ထိန်းဖို့ လိုသေးတယ်... အားကြီးသူက အားနည်းသူကို အနိုင်မကျင့်ရင် ဂိုဏ်းသခင်ချင် သူတို့အားလုံးကို ကိုင်တွယ်နိုင်ပါတယ်... လက်သီးသိုင်းမှာ စကားတစ်ခွန်းရှိတယ်၊ လက်သီးတစ်ချက်နဲ့ တိုက်ပွဲကို ဖွင့်လှစ်ပြီး လက်သီးတစ်ရာကို ဟန့်တားနိုင်တယ်တဲ့.... ဂိုဏ်းသခင်ချင်က အရင်တိုက်ခိုက်မယ့်လူစားမျိုးပဲ”
ကိုယ်တော်ကြီးကျင့်မင်မှာ အတွေးနက်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒါဆို မင်ရှင်းက အခြေအနေထိန်းပေးမယ့်သူပဲ”
တထာဂတမာက ခေါင်းညိတ်တော်မူသည်။ “ဂိုဏ်းသခင်ချင်က လူတွေကို ရိုက်မယ်၊ မင်ရှင်းက အခြေအနေ ထိန်းပေးမယ်... ရန်သူက စကားနိုင်လုပြီး သူတို့ကို အကြောင်းပြသတ်ချင်ရင် ကျန်းခုံး ရှိမယ်... ကျန်းခုံးက သူတို့ကို ဆွံ့အသွားအောင် လုပ်နိုင်တယ်”
ကိုယ်တော်ကြီးကျင့်မင် ကြည်ညိုလေးစားသွား၏။ “တထာဂတက ဗုဒ္ဓမဟတ္တ၊ ဉာဏ်ပညာ၏ ကြီးကျယ်မြင့်မြတ်ခြင်းနှင့် ပြည့်စုံတော်မူသော သုံးလောထွတ်ထား မြတ်စွာဘုရား ပီသပါပေတယ်”
အမိတဘကျောင်းဆောင်၏ အထွတ်အမြတ်တောင်ပေါ်တွင် ဧရာမ ‘သရီရ’ ဓာတ်လုံးကြီးသည် တဝီးဝီး လည်လျက် တောင်တံခါးမှ စ၍ တောင်ထိပ်အထိ တောက်လျှောက် ပျံတက်သွား၏။ အမိတဘကျောင်းဆောင်အရှေ့၌ ရပ်နေသော ရဟန်းငယ်မှာ အံ့အားသင့်သွားပြီး ဒေါသထွက်သွားသည်။ သူ့လက်များက နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကာ နဂါးဆင်ကျား သုံးကောင်တိုက်ပွဲ ကျင့်စဉ်ကို ထုတ်ဖော်လိုက်၏။ နဂါးသဏ္ဍာန်၊ ဆင်သဏ္ဍာန်နှင့် ကျားသဏ္ဍာန် ကောင်းကင်နတ်သိုင်းများ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်သိုင်းဖွဲ့တည်လာပြီး အလွန်ကြမ်းတမ်းခက်ထန်သော အသွင်ရှိနေ၏။
ရွှစ်
‘သရီရဓာတ်လုံး’ကြီး၏ အလင်းရောင် ဖြာထွက်လာသည့်အခါ သူ့သင်္ကန်းမှာ လိပ်ပြာများသဖွယ် တဖတ်ဖတ် လွင့်ပျံ့သွားသည်။ သူ့တစ်ကိုယ်လုံး မိမွေးဘမွေးတိုင်း ဖြစ်သွားပြီး ဖိနပ်များသာ ကျန်ခဲ့၏။
ရဟန်းငယ်သည် မိုးထိနေသော မာနဖြင့် ချင်မူတို့ကို တောင်ပေါ်သို့ ဒူးထောက်တက်ခိုင်းခဲ့သည့်အပြင် မလိုက်နာပါက ရိုက်နှက်ရန် ကြံစည်ထားခဲ့၏။ ယခုတွင် သူ၏မာနမှာ အစအနပင် ရှာမရအောင် ပျောက်သွားပြီး အခြေအနေမဟန်သည်ကို မြင်လျှင် ထွက်ပြေးချင်လာသည်။ ထိုစဉ် အလင်းတန်းနှစ်တန်းက ထို ‘သရီရဓာတ်လုံး’ ကြီးဆီမှ ဖြာထွက်လာ၍ သူ့ဒူးများ နုန်းခွေသွားသည်။ သူ့မှာ မြေကြီးပေါ် ဒူးထောက်လျက် ကျသွားပြီး မလှုပ်နိုင်တော့ပေ။
ရဟန်းငယ်မှာ ရှက်လွန်း၍ အခြားသူများ သူ့မျက်နှာ မမြင်ရအောင် မြေကြီးပေါ် မျက်နှာအပ်လိုက်သည်။
ဧရာမဗုဒ္ဓကြီးများက တင်ပျဉ်ခွေဖွဲ့ ထိုင်လျက် မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်နေကြသည်။
ဗုဒ္ဓတစ်ပါး လက်တစ်ချက်တောက်လိုက်သည့်အခါ ရဟန်းငယ်လေးမှာ ခြေထောက်များ ပြန်လှုပ်နိုင်သွားသည်ကို ခံစားလိုက်ရ၍ သူ၏ ‘အရှေ့’ နှင့် ‘အနောက်’ကို ကာကာ ထွက်ပြေးသွားတော့သည်။
ရုတ်တရက် ဗုဒ္ဓသံတစ်သံ ထွက်ပေါ်လာပြီး ရွှေရောင်လက်ကြီးတစ်ဖက်သည် အမိတဘကျောင်းဆောင်ထဲမှ ပျံထွက်လာကာ ချင်မူ၏ ‘သရီရဓာတ်လုံးကြီး’ကို ဟန့်တားလိုက်၏။ လက်ဝါးကြီးက ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်လောက်သည်။
ရွှေရောင်လက်ကြီးက ချင်မူ၏ ‘သရီရဓာတ်လုံးကြီး’ကို တွန်းထုတ်လိုက်၍ သံချင်းထိတိုက်သွားသံများ တောင်တန်းများတစ်လျှောက် ပဲ့တင်ရိုက်ခတ်သွားသည်။
ဗုဒ္ဓတစ်ပါး၏ ထိုင်ခုံအောက်တွင် အဖြူရောင်သင်္ကန်းခြုံထားသော ရဟန်းတစ်ပါး ရှိသည်။ သူ၏ခေါင်းအထက်၌ တိမ်တိုက်တစ်ခု လွင့်မျောနေပြီး ကောင်းကင်နတ်သိုင်းက ထိုတိမ်တိုက်ထဲမှ ထွက်လာခြင်းဖြစ်၏။ သူက ချင်မူ၏ ဓားစက်လုံးကို တားကာ ပြောလိုက်သည်။ “ဘာသရီရဓာတ်လုံးလဲ... ဒါက ဓားစက်လုံးလေးတစ်လုံးပဲ”
သင်္ကန်းအဖြူဖြင့် ရဟန်းက ‘သရီရဓာတ်လုံး’ကြီးကို ကြည့်ကာ ဟက်ခနဲ ရယ်လိုက်သည်။ “ဘာမဟုတ်တဲ့ လှည့်ကွက်လေးတွေ လာသုံးနေတယ်... ငါ မင်းရဲ့ ဓားစက်လုံးကို ဘယ်လိုယူမလဲ ကြည့်လိုက်”
သူ့ခေါင်းအထက်ရှိ တိမ်တိုက်ထဲမှ ကြာခက်တစ်ခက် ပျံထွက်လာပြီး ချင်မူ၏ ဓားစက်လုံးကြီးဆီသို့ မျောလွင့်လာသည်။ ကြာဖူးက အလွှာအထပ်ထပ်ဖြင့် ပွင့်လာကာ ဓားစက်လုံးကို လွှမ်းခြုံလိုက်၏။
ရုတ်တရက် တောင်တစ်တောင်လုံး ပြင်းထန်စွာ တုန်ခါသွားသည့်အပြင် အဖြူရောင်သင်္ကန်းဖြင့် ရဟန်းမှ ခြေထောက်အောက်မှ လာနေသော တုန်ခါလှိုင်းများအား ခံစားလိုက်ရသည်။ သူ အသံပင် မကြားရသေးခင် ချင်မူက တောင်အပေါ်သို့ တရှိန်ထိုး ပြေးတက်လာခဲ့ပြီဖြစ်သည်။ သူ၏အလျင်က အလွန်မြန်လှသောကြောင့် အခိုးအငွေ့များပင် တထောင်းထောင်း ထနေသည်။ သူ၏ရုပ်သွင်က တောင်ပေါ် ပြေးတက်လာသော ကျားကြီးတစ်ကောင်ပမာ ခက်ထန်ကြမ်းကြုတ်နေ၏။ သူ့လက်သီး လေကို ခွင်းလိုက်သည့်အခါ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
အမိတဘကျောင်းဆောင်တစ်ခုလုံး မိုးကြိုးပင်လယ်ထဲ နစ်မြုပ်သွားသကဲ့သို့ ထင်ရသည်။ ချင်မူ့ဆီမှ လက်သီးတစ်ချက်ကြောင့် မိုးကြိုးလျှပ်စီးများ လူးလားကခုန်နေလေသည်။
သင်္ကန်းအဖြူဖြင့် ရဟန်းက လက်မြှောက်၍ သိုင်းကွက်ကို ခုခံလိုက်သည်။ သူ၏ခြေလက်လေးချောင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရ၏။ သူ့ဦးနှောက်မှာလည်း ဦးခေါင်းခွံထဲမှ လွင့်ထွက်သွားတော့မလို ဖြစ်သွားသည်။ ထို့နောက် အုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ သူကား အထွတ်အမြတ်ကြမ်းပြင်အပေါ် ရက်ရက်စက်စက် ရိုက်ချခံလိုက်ရပြီဖြစ်သည်။
ပင်မခန်းမဆောင်ထဲရှိ နံရံမှာ တစ်ပေ နစ်ဝင်သွားပြီး သင်္ကန်းအဖြူဖြင့် ရဟန်းမှာ နံရံထဲ နစ်ဝင်နေသည်။ လျှပ်စီးများ၊ မိုးကြိုးများက သူ့ကိုယ်တစ်လျှောက် တဖျစ်ဖျစ် ဖြတ်ပြေးကူးလူးလျက် ရှိနေ၏။
ချင်မူ လက်မြှောက်လိုက်သည့်အခါ ဓားစက်လုံးက သူ့လက်ထဲသို့ ပျံသန်းလာသည်။ ဤသင်္ကန်းအဖြူဖြင့် ရဟန်းဆီမှ လက်ကြီးနှင့် ကြာပွင့်မှာလည်း ဓားစက်လုံးကြောင့် ပြိုကွဲသွားချေပြီ။
သင်္ကန်းအဖြူဖြင့် ရဟန်းမှာ မျက်လုံးဖွင့်လိုက်သော်လည်း မျက်လုံးနှစ်လုံးစလုံး သွေးချင်းနီနေပြီး ဝေဝါးနေသည်။ သူ့အရှေ့ရှိ ချင်မူအား သဲသဲကွဲကွဲ မမြင်ရပေ။
“နောင်တော်၊ နောင်တော်ရဲ့ ဓမ္မက လိုအပ်နေသေးတယ်”
ချင်မူ့အသံက သူ့နားထဲ ရောက်လာသည်။ “ကောင်းကင်နတ်သိုင်းတွေက တရားဓမ္မကျင့်ရတဲ့ ရည်ရွယ်ချက်မှ မဟုတ်ပဲ.... တရားဓမ္မကျင့်တယ်ဆိုတာ အနိစ္စ၊ ဒုက္ခနဲ့ အနန္တကို မြင်အောင် ရှုပြီး သံသရာဝဋ်ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်တယ်... ကောင်းကင်နတ်သိုင်းကတော့ ထပ်ဖြည့်ထားတဲ့ လမ်းတစ်လမ်းသက်သက်ပဲ... ဒီတော့ ကျွန်တော် သရီရဓာတ်လုံးသုံးသုံး၊ ဓားစက်လုံးသုံးသုံး ဘာကွဲပြားသွားလို့လဲ”
သင်္ကန်းအဖြူဖြင့် ရဟန်းမှာ ပြန်ပြောချင်သော်လည်း သွေးတစ်လုပ် အန်ကာ စိတ်ဓာတ်ပြိုလဲသွားသည်။
လေလယ်ရှိ ခေါင်းကြီးကြီး၊ နားရွက်ကြီးကြီး ဗုဒ္ဓဆီမှ ခပ်ဩဩအသံ ထွက်လသည်။ “လွဲမှားနေတဲ့ အကြောင်းပြချက်၊ အန္တရာယ်များတဲ့ အယူအဆပဲ... ဒကာက ဗုဒ္ဓဝါဒရဲ့ တပည့်မဟုတ်ဘူး... ဗုဒ္ဓတွေရဲ့ ရှေ့မှောက်မှာ ကောင်းကင်နတ်သိုင်းတွေနဲ့ ရမ်းကားရဲတယ်ပေါ့”
ချင်မူ တထာဂတ၏ မဟာယနသုတ္တန်ကို ထုတ်လွှတ်ကာ တည်ကြည်လေးနက်သော အမူအရာဖြင့် ဗုဒ္ဓများအား နှုတ်ဆက်လိုက်သည်။ “ဗုဒ္ဓဝါဒတဲ့လား... တပည့်တော် နားမလည်ပါဘူး... ရှင်တော်ဗုဒ္ဓအနေနဲ့ နောက်လိုက်တပည့်သား သာဝကတွေကို တခြားသတ္တဝါတွေနဲ့ ခွဲခြားဆက်ဆံစရာလိုပါသလား”
ထိုဗုဒ္ဓက တဟားဟား ရယ်၏။ “တယ်လျှာသွက်တာပဲ” သူက ချင်မူ၏အမေးကို မဖြေပေ။
ကောင်းကင်ထက်တွင် ဧရာမဗုဒ္ဓကြီးများ ငြိမ်သက်စွာ ထိုင်နေတော်မူကြ၏။ ချင်မူ ဘေးဘီဝဲယာ ကြည့်လိုက်ပါသော်လည်း ဓမ္မကထိကမိုလွင်က မည်သူမှန်း မသိသေးပေ။
ဗုဒ္ဓတစ်ပါးက ပြုံးတော်မူလျက် မိန့်သည်။ “ဗုဒ္ဓအနေနဲ့ နောက်လိုက်တပည့်သား သာဝကတွေကို သတ္တဝါတွေနဲ့ ခွဲခြားဆက်ဆံစရာမလိုပါဘူး... ဒါပေမဲ့ ဒကာက တောင်ပေါ်တက်လာတကည်းက ရဟန်းတွေရဲ့ သင်္ကန်းတွေကို ဖျက်စီးခဲ့တယ်... ကိုယ်တော့်ရဲ့ တပည့်လေးကိုလည်း ဒူးထောက်ခိုင်းခဲ့တယ်... ဒကာက ဒီကို ပညာရှာဖို့ လာတာလား... ပြဿနာရှာဖို့ လာတာလား။ ဗုဒ္ဓမှာလည်း အမျက်ရှိပါတယ်... ဒကာ မကြောက်ဖူးလား”
‘ဒီတစ်ပါးက ဓမ္မကတိထမိုလွင်ပဲ’
ချင်မူ၏အကြည့်က ဓမ္မကထိကမိုလွင်အပေါ် ကျရောက်သွားပြီး ဤဗုဒ္ဓက ပိန်ပိန်ပါးပါးဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏လေးစားကြည်ညိုဖွယ်ရာ မျက်နှာသည် မော်ဖူးလိုက်ရသူတိုင်းအား စိတ်နှလုံး အေးချမ်းသွားစေနိုင်၏။
“ဓမ္မကထိကကို ကျွန်တော် မေးပါရစေ... ဗုဒ္ဓအနေနဲ့ တပည့်တွေကို ဒူးထောက်ခိုင်းစရာ လိုပါသလား” ချင်မူ မေးလိုက်သည်။
ဓမ္မကထိကမိုလွင်က ခေါင်းယမ်းလိုက်သည်။ “မလိုပါဘူး”
ချင်မူ မေးလိုက်သည်။ “ဒါဆို ဘာကြောင့် တပည့်တော်တို့ကို တောင်ပေါ် ဒူးထောက်တက်ခိုင်းခဲ့တာပါလဲ”
ဓမ္မကထိကမိုလွင်က ပြုံးလိုက်ပြီး ကောင်းကင်ယံမှ နတ်ပန်းများ တဖွဲဖွဲကျလာကာ မြေကြီးထဲမှ ရွှေရောင်အပင်ညှောင့်လေးများ ထွက်လာ၏။ သူ သဘောတရားအား ရှင်းပြတော့မည့်အချိန် မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံကျန်းခုံးတို့ တောင်ပေါ် ရောက်လာကြသည်။ မင်ရှင်းက အလျင်အမြန် ပြောလိုက်၏။ “နောင်တော်ချင် အရှင်ဗုဒ္ဓတို့ကို ရိုင်းပျမိခဲ့ပါတယ်..... တပည့်တော် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်ဘုရား”
ဓမ္မကထိကမိုလွင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စကားပြောရန် ပြင်လိုက်စဉ် မင်ရှင်းက ဗုဒ္ဓတစ်ပါး၏အရှေ့တွင် အလျင်အမြန် အရိုအသေပေးလိုက်သည်။
ထိုဗုဒ္ဓက အပြုံးတစ်ခုဖြင့် မေးလေသည်။ “ကိုယ်တော့်ကို သိလား”
မင်ရှင်းက ပြောသည်။ “တထာဂတရဲ့ မဟာယနသုတ္တန်မှာ ယမဘုရားရှင်ရဲ့ ရုပ်သွင်လက္ခဏာတွေကို ရေးသားထားတာကြောင့် တပည့်တော် သိပါတယ်ဘုရား။ သာဂရနဂါးဘုရားရှင်ကို အရိုအသေပေးပါတယ်”
ဗုဒ္ဓတစ်ပါးက ပြုံးတော်မူ၍ ခေါင်းညိတ်ပြ၏။
မင်ရှင်းက ဓမ္မကထိကမိုလွင်ဆီသို့ ဦးညွတ်အရိုအသေပေးကာ ပြောလိုက်သည်။ “စန္ဓရဘုရားရှင် ဓမ္မကထိကမိုလွင်ကို အရိုအသေပေးပါတယ်”
ဓမ္မကထိကမိုလွင်သည် ပြုံး၍ ပြောလေ၏။ “စောစောက ကိုယ်တော်အရိုအသေပေးပြီးပါပြီ... အခု စကားပြောဖို့ အချိန်....”
“သူရိယဘုရားရှင်ကို အရိုအသေပေးပါတယ်”
“မာရီချီဘုရားရှင်ကို အရိုအသေပေးပါတယ်”
“ဟာရီတီဘုရားရှင်ကို အရိုအသေပေးပါတယ်”
....
မင်ရှင်းကိုယ်တော်က သိကြားမင်းအထိ တောက်လျှောက်အရိုအသေပေးပြီး ခေါင်းမော့လိုက်သည့်အခါ ဗြဟ္မာမင်းကို မတွေ့သောကြောင့် ရပ်လိုက်ရ၏။ သူ တွေးလိုက်လေသည်။ ‘အချိန် ထပ်ဆွဲလို့မရတော့ဘူး’
ဓမ္မကထိမိုလွင်က စိတ်ရှည်စွာ ပြောလိုက်၏။ “ငါ့ရှင်က ဒီကို ပညာသင်ဖို့ လာတာပါ၊ ရှိခိုးဖို့ လာတာမဟုတ်ဘူး... ငါ့ရှင်ရဲ့ နောင်တော်က ကိုယ်တော်တပည့်ကို ရောက်ရောက်ချင်း ရိုက်နှက်ပြီး ဖောက်ပြန်လွှဲမှားနေတဲ့ အကြောင်းရင်းနဲ့ အန္တရာယ်များတဲ့ အယူအဆတွေ ပြောခဲ့တယ်... ကိုယ်တော် သူ့ကို မတည့်မတ်ပေးရင် ကိုယ်တော့် တောင်မှာ အညစ်အကြေးအငွေ့အသက်တွေ မစွန်းထင်းသွားနိုင်ဘူးလား... ကိုယ်တော် ဘယ်လိုတရားဆက်ဟောရတော့မလဲ”
မင်ရှင်း လေးစားရိုသေစွာ ပြောလိုက်သည်။ “အရှင်ဗုဒ္ဓဘုရား၊ တပည့်တော်က မပြောတတ်ဆိုတတ်မလို့ နောင်တော်ကျန်းခုံးနဲ့ပဲ ဆွေးနွေးစေချင်ပါတယ်.. နောင်တော်ကျန်းခုံး၊ ဘုရားရှင်နဲ့ လာဆွေးနွေးပါဦး”
မိစ္ဆာမျောက်ဝံက ရှေ့လျှောက်လာပြီး ခက္ခရာတောင်ဝှေးအား ဘေး၌ စိုက်လိုက်သည်။ သူက ရင်ဘတ်အရှေ့၌ လက်ဆုပ်ချီလျက် စကားတစ်ခွန်းမပြောပေ။
ဓမ္မကထိကမိုလွင် မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ရှိ ဗုဒ္ဓများဆီသို့ ကြည့်လိုက်သည်။ သူက ရုတ်တရက် တဟားဟား ရယ်လိုက်၏။ “ညီတော်ကျန်းခုံး၊ ပြောစရာမလိုပါဘူး... ကိုယ်တော် အရာခပ်သိမ်း နားလည်သွားပါပြီ”
ချင်မူနှင့် မင်ရှင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
ဓမ္မကထိကမိုလွင်လည်း သက်ပြင်းချ၍ တစ်ယောက်တည်း တွေးလိုက်၏။ ‘အထက်က အမိန့်တွေကြောင့်သာ ငါ ဗုဒ္ဓဘုံမှာ ကထိကတစ်ယောက် ဖြစ်နေတာ.... တရားစာအုပ်တွေလည်း ဖတ်လေ့မရှိတော့ ငါ့အသိအမြင်က ဗုဒ္ဓဘုံရဲ့ ဗုဒ္ဓတွေနဲ့ မယှဉ်နိုင်ဘူး... ကျန်းခုံး၊ ဒီမျောက်မည်းက စကားစစ်ထိုးပွဲမှာ ဆရာတစ်ဆူ... ယမမင်းဘုံကနေ ဗြဟ္မာဘုံအထိ အနိုင်ယူနိုင်ခဲ့တယ်... ဗုဒ္ဓတွေကတောင် သူ့ကို ညီတော်လို့ ခေါ်ကြတာဆိုတော့ ငါသာ သူနဲ့ ပြိုင်လိုက်ရင် ငါ့ပေါင်ငါ လှန်ထောင်းသလို ဖြစ်လိမ့်မယ်’
ဓမ္မကထိကမိုလွင် ပြုံးလျက် မိန့်ကြားလိုက်သည်။ “ဒီကိစ္စက ယောဂီချင်ရဲ့ အမှားမဟုတ်ပါဘူး... ပညာသင်ဖို့ လာတဲ့သူတွေပဲမဟုတ်ပေလား... ဒါပေမဲ့ ဓမ္မပြိုင်ပွဲက စကားလုံးတွေနဲ့ တိုက်ခိုက်တာသက်သက်ပဲ... ကိုယ်တော်တို့ တစ်ယောက်ချင်းစီရဲ့ သိုင်းအဆင့်ကို ကျင့်ချင်သေးတယ်... မျောက်.. ညီတော်ကျန်းခုံးရဲ့ ဓမ္မအသိက ပြိုင်ဘက်ကင်းတော့ သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း အံ့အားသင့်စရာကောင်းမှာပါ... ဗုဒ္ဓဘုံထဲက ဗုဒ္ဓသားတော်တွေက ညီတော်ကျန်းခုံးရဲ့ ဓမ္မစွမ်းရည်ကို မြင်တွေ့ပြီးပြီမလို့ ကောင်းကင်နတ်သိုင်းကိုလည်း မြင်တွေ့ချင်နေကြတယ်”
မင်ရှင်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် ဓမ္မကထိကမိုလွင်က ဆက်ပြောသည်။ “ဒါက ယွဲ့ကွမ်အိမ်ရှေ့မင်းသား... ကိုယ်တော်ရဲ့ မျိုးဆက်ပေါ့။ ကိုယ်တော်က အရင်တုန်းက ယွဲ့ကွမ်တိုင်းပြည်ရဲ့ ဧကရာဇ်၊ စန္ဒရမင်း ဖြစ်ခဲ့ပါတယ်.. တရားကျင့်ရင်း လူဝတ်နဲ့ ဗုဒ္ဓဖြစ်သွားတာပါ... ကိုယ်တော် ဗုဒ္ဓဖြစ်လာတော့ ယွဲ့ကွမ်တိုင်းပြည်ကနေ ထွက်ခွာလာခဲ့ပြီး ယွဲ့ကွမ်တိုင်းပြည်ကတော့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲက စန္ဒရကောင်းကင်ဘုံ ဖြစ်လာခဲ့တယ်... ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ကိုယ်တော့် တပည့်ပဲ... သူ့ဓမ္မက နက်ရှိုင်းတယ်” (ယွဲ့ကွမ် _ လရောင်ခြည်)
ချင်မူ၊ မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံတို့ ယွဲ့ကွမ်အိမ်ရှေ့မင်းသားဆီသို့ ကြည့်လိုက်ကြသည်။ ယွဲ့ကွမ်အိမ်ရှေ့မင်းသားသည် ကတုံးတုံးထားခြင်း မရှိပေ။ သူ၏အဝတ်အစားများက နှင်းထက်ပင် ဖြူဆွတ်နေသည်။ သူက ဆံထုံးဖွဲ့ထုံးထားပြီး ခါးတွင် ရတနာဓားတစ်လက် ချိတ်ထားသည်။ သူ့ခေါင်းနောက်၌ တောက်ပနေသော လတစ်စင်း ပျံဝဲနေပြီး လရောင်ခြည်များ ဖြာဆင်းလျက်ရှိ၏။
မင်ရှင်းက ချင်မူ့အား ပြော၏။ “ဒီယွဲ့ကွမ်အိမ်ရှေ့မင်းသားက နောင်တော်ကျန်းခုံးနဲ့ ပြိုင်ခဲ့ဖူးတယ်... သူ ဟောပြောခဲ့တဲ့ ဗုဒ္ဓကျမ်းစာတွေက အများကြီးပဲ... နောင်တော်ကျန်းခုံး သူ့ကို စကားတစ်ခွန်းနဲ့ တုံ့ပြန်လိုက်တုန်းက သူ အကြာကြီးတွေးပြီးတော့မှ အရှုံးပေးခဲ့တယ်.... ဒါမဲ့ ယွဲ့ကွမ်အိမ်ရှေ့မင်းသားရဲ့ အစွမ်းအစတွေက အမှန်တကယ် အံ့ဩစရာကောင်းတယ်... တထာဂတ ပြောပုံအရ သူက ဓားကို အလင်းအဖြစ် ပြောင်းလဲပြီး သူ့နောက်မှ လအသွင် ဖွဲ့တည်ထားနိုင်နေပြီတဲ့... အဲဒါကို လရောင်ဓားအလင်းလို့ ခေါ်တယ်”
ချင်မူ ကျေးဇူးတင်မိသည်။ မင်ရှင်းက သူ့ကို ယွဲ့ကွမ်အိမ်ရှေ့မင်းသား၏ အစွမ်းအစများအကြောင်း ရှင်းပြနေခြင်းဖြစ်၏။
ဘုန်း
မင်ရှင်းကိုယ်တော်က မြေပြင်ပေါ် ဒူးထောက်ပြီး ဓမ္မကထိကမိုလွင်ကို အရိုအသေပေးကာ ပြောလိုက်သည်။ “ဓမ္မကထိက,က စန္ဒရဘုရားရှင်ဖြစ်တဲ့အတွက် သဘောထားကြီးမြတ်မှာပါ... နောင်တော်ကျန်းခုံးက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်နဲ့ ဓမ္မပြိုင်ခဲ့ရတာကြောင့် ပင်ပန်းနေပါပြီဘုရား... ယောဂီချင်ကို သူနဲ့ အစားထိုးလိုပါတယ်... သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား”
ဓမ္မကထိကမိုလွင် မျက်မှောင်ကြုတ်ကာ ချင်မူ့ဆီသို့ ကြည့်လိုက်သည်။
သိကြားဗုဒ္ဓက ပြုံးလျက် မိန့်လေသည်။ “ဓမ္မကထိက၊ အောက်ဘုံက ယောဂီချင်ကို သူ့အစား ထိုးပေးလိုက်ပါ... ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ကောင်းကင်နတ်ဘုံက ပြိုင်ဘက်ကင်းကျင့်စဉ်တွေကို သင်ကြားခဲ့ရတာဆိုတော့ ရွယ်တူတွေအကြား ပြိုင်ဘက်ရှားတယ်... ယောဂီချင်နဲ့ ယှဉ်ခိုင်းလိုက်ရင် အောက်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တိုးတက်ပြောင်းလဲလာသလဲ မြင်နိုင်ပေမယ်မဟုတ်လား”
ဓမ္မကထိကမို့လွင်မှာ ခေါင်းသာညိတ်လိုက်ရသည်။ “ယွဲ့ကွမ်၊ ဧည့်သည်တွေ အနာတရ မဖြစ်စေနဲ့”
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ခေါင်းညိတ်ကာ ပြောလိုက်၏။ “မှန်ပါ့” ထိုသို့ပြောပြီးနောက် သူက ချင်မူဆီ လျှောက်သွားပြီး မှင်သေသေ ပြောသည်။ “စန္ဒရကောင်းကင်ဘုံမှာ ငါက ရွယ်တူတွေအကြား ပြိုင်ဘက်ကင်းနေတော့ အထီးကျန်ခဲ့တယ်...ဒါကြောင့် ကောင်းကင်နတ်ဘုံထဲ ဝင်ပြီး ဓားနတ်နန်းဆောင်မှာ သုံးနှစ်တိုင် ဓားပညာ သင်ယူခဲ့တယ်”
ချင်မူ တလေးတစား ပြောလိုက်သည်။ “ကျွန်တော်က ဒုက္ခိကျေးရွာမှာ ဓားပညာလေ့လာခဲ့ပါတယ်... ကျွန်တော့်ကို ဓားပညာသင်ပေးခဲ့တဲ့လူကတော့ လက်ရောခြေရော မရှိတဲ့ အဘိုးကြီးတစ်ယောက်ပါ.... ကျွန်တော် တစ်ခါက.... ကျွန်တော် ဓားနတ်နန်းဆောင်ကို တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး... ဓားပညာကို ကိုယ့်ဘာသာ လေ့လာခဲ့ပါတယ်။ ကျေးဇူးပြုပြီး”
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက မလှုပ်မယှက် ရပ်နေပြီး ပြောသည်။ “အောက်ဘုံမှာ လောကကြီးကို မြင်အောင်ကြည့်ဖို့ ခက်တယ်မဟုတ်လား .... ငါ မင်းကို အရင်လှုပ်ရှားခွင့်ပေးမယ်”
ချင်မူက အရိုအသေပေး၍ ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ ထုတ်ဖော်ရန် လက်နှစ်ဖက်အား ထပ်လိုက်သည်။ ယွဲ့ကွမ်အိမ်ရှေ့မင်းသားမှာ သူ့ကို အရိုအသေပေးနေသည် ထင်၍ အေးအေးဆေးဆေး လက်ခံလိုက်သည်။ ရုတ်တရက် အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ယွဲ့ကွမ်အိမ်ရှေ့မင်းသားမှာ ဆယ်မိုင်အကွာသို့ လွင့်ထွက်သွား၏။ သူက တောင်ကြီးတစ်လုံးကို ဝင်တိုက်ကာ လူပုံသဏ္ဍာာန်အပေါက်ကြီးတစ်ပေါက် ဖြစ်သွားလေသည်။
ချင်မူက ယင်လက်နှင့် ယန်လက်ကို လှန်လိုက်၊ မှောက်လိုက်ဖြင့် ဆယ်ကြိမ်ကျော် လှုပ်ရှားကာ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်’ နှစ်ဆယ်၊ သုံးဆယ်ကျော် ထုတ်လွှတ်ပြီး တောင်တစ်လုံးစလုံးကို စိစိညက်ညက် ခြေပစ်လိုက်၏။
ချင်မူ လက်နှစ်ဖက်ပြန်ရုတ်ပြီး ခဏစောင့်လိုက်သည်။ သူက ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်လေသည်။ “ဓမ္မကထိက၊ တခြားအိမ်ရှေ့မင်းသားတွေ ရှိသေးလား”