← Chapters

ကြန့်ကြာနေခဲ့သည့်တွေ့ဆုံမှု

Vol. 76 Ch. 1068

ကြန့်ကြာနေခဲ့သည့်တွေ့ဆုံမှု

Vol. 76 Ch. 1068

အခန်း (၁၀၆၈) ကြန့်ကြာနေခဲ့သည့်တွေ့ဆုံမှု

ပိုးသားဧကရာဇ်၏တစ်ဖက်တွင်တော့ မိန်းကလေးတစ်ယောက် ထိုင်နေလေသည်။

အခြားသူများကတော့ သူမကို ရင်းနှီးကျွမ်းဝင်စွာ သိရှိခြင်း မရှိကြပေ။

ရန်ကျောက်ကဲကတော့ သူမကို မတွေ့ရသည်မှာ (၁၀)နှစ်ကျော်ရှိပြီဖြစ်သည့်တိုင် အလွန်ရင်းနှီးသောအသွင်သဏ္ဌန်ကို မှတ်မိနေဆဲ ဖြစ်၏။

သူမက အပြစ်ဆိုစရာတစ်စက်မရှိလေအောင် နုပျိုချောမောနေဆဲ ဖြစ်သည်။ သူမက ဉာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်သည့်တိုင် အပြစ်ကင်းစင်သည့် ဝိုင်းစက်လှပသောမျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။

ထိုမျက်ဝန်းများကြောင့်ပင် မည်သူမဆို သူမကို အလိုလိုနေရင်း ကာကွယ်ပေးလိုစိတ် ဖြစ်ပေါ်လာစေနိုင်သည်။

သူမ၏ငယ်ရွယ်မှု ၊ ချောမောလှပမှုနှင့် စိတ်ဓာတ်တက်ကြွမှုများမှာ ဤနှစ်များအတွင်း ပျောက်ကွယ်မသွားဘဲ ပို၍ပင် နတ်မိမယ်တစ်ပါးပမာ သဘာဝဆန်စွာ ချောမောလှပလာခဲ့သည်။

ဖုထင်ကဲ့သို့ စူးရှတောက်ပထက်မြက်ပြီး အခြားသူများမျက်လုံးထဲတွင် တောက်ပနေခြင်းမရှိသော်လည်း သူမ၏ ကိုယ်ပိုင်အသွင်အပြင်နှင့် သဘာဝဆန်သောအလှတရားက ဖုထင်ထက် မနိမ့်ကျပေ။

သူမက “မန်ဝမ်” မှလွဲပြီး အခြားသူ မဟုတ်ပေ။

သူမက အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ နေသူတော်စင်ဂိုဏ်းတွင် ထူးကဲယင်မိန်းမပျိုဖြစ်ခဲ့ပြီး အခြားသော ထူးကဲယင်မိန်းမပျိုများကို အကြိမ်ပေါင်းများစွာ အနိုင်ယူကာ ထူးကဲယင်သရဖူကို ထိန်းချုပ်ပိုင်ခွင့် ရရှိခဲ့သူ ဖြစ်သည်။

ထို့နောက် ကွမ်းမင်ဂိုဏ်းက သူမကို အထက်ဘုံကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည်။

တာ့ရွှမ်မင်းဆက်က ကွမ်းမင်ဂိုဏ်းကို ဖျက်ဆီးလိုက်ချိန် မန်ဝမ်းသည်လည်း ဖန်းယွင်ရှန်းကို ရှုံးနိမ့်ပြီး ထူးကဲယင်သရဖူက ဝါဒတောင်လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ထိုအချိန်မှာပင် မန်ဝမ်ကို တောင်ပိုင်းထိပ်တန်းအရှင်သခင်၏သားဖြစ်သူ ‘ကျွမ်းကျောင်းဟွေ’ က ဖမ်းဆီးသွားခဲ့၏။

နောက်ပိုင်းမှာတော့ သူမ ဘယ်ဆီရောက်သွားမှန်း မသိရတော့ပေ။

ရန်ကျောက်ကဲ တောင်ပိုင်းဒေသတစ်လျှောက် ‌သောင်းကျန်းလာသောအချိန် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ကျော်ကြားသော သိုင်းကျင့်ကြံသူများဖြစ်ကြသည့် ဖန်ဟယ် ၊ ကျန်းစုရန် ၊ ယွမ်ရှန်းချန်တို့အား သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ရှိသော ဝူထုန်တောင်စောင်းမှ သိုင်းသမားများထံ မန်ဝမ် မည်သည့်နေရာတွင်ရှိနေကြောင်း မေးမြန်းခဲ့သည်။

သို့သော် မည်သူမှ ထိုအကြောင်းကို မသိရှိကြပေ။

ကျွမ်းရှန် ၊ မောက်ယွမ်ရှန်းနှင့် ကျွမ်းကျောင်းဟွေတို့ကဲ့သို့ ထိပ်တန်းအဆင့် အကြီးအကဲများသာလျှင် မန်ဝမ်အကြောင်း သိရှိထားပုံရသည်။

ယခု မန်ဝမ်ကိုပြန်တွေ့တော့ သူမ အခြေအနေကောင်းပုံရကြောင်း ရန်ကျောက်ကဲ တွေ့ရသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကောင်းမွန်သောဘဝတွင် နေထိုင်ရသည်ဟု မဆိုနိုင်သော်လည်း ဆိုးရွားစွာ ဆက်ဆံခံရခြင်းတော့ မရှိခဲ့ပေ။

သူမကိုကြည့်ရင်း ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ ခေါင်းတစ်ချက်ခါယမ်းရင်း မချိပြုံး ပြုံးလိုက်မိသည်။ မန်ဝမ်ကိုတွေ့မြင်ရတော့ ခရီးထွက်သွားပြီးကတည်းက နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ဖန်းယွင်ရှန်းကို ပြန်လည်သတိရမိသည်။

မန်ဝမ်က တည်ငြိမ်အေးဆေးသောမျက်နှာထားဖြင့် နေရာမှာပင် ငြိမ်သက်စွာ ထိုင်နေလေသည်။

သို့သော် သူမက အခြားအရာများကို လုံးဝအာရုံမစိုက်နိုင်ဘဲ သူမ၏စိတ်အာရုံက သူမရှေ့တွင်ရှိနေသော ပိုးသားဧကရာဇ်ထံသို့ စူးစိုက်နေသည်။

အလွန်တရာချောမောလှပသော ပိုးသားဧကရာဇ်က မန်ဝမ်အနားမှ ဂူသင်္ချိုင်းဆီသို့ မကြာခဏလှမ်းကြည့်နေတတ်သည်။ သို့သော် သူ၏အကြည့်များက မန်ဝမ်ထံသို့လည်းကျရောက်လာတတ်ရာ သူမကိုစိတ်မသက်မသာ ခံစားရစေသည်။

ထိုအကြည့်က အလွန်ထူးဆန်းလှသည်။

အကယ်၍ ထိုအကြည့်မျိုးက ရိုးရှင်းသောအဓိပ္ပါယ်ရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက် ၊ ရန်ငြိုးဖွဲ့မှု ၊ မကြည်ဖြူမှု ရန်လိုမှု စသည်များဖြစ်ခဲ့လျှင် မန်ဝမ် ယခုလောက် စိတ်မသက်မသာ ခံစားမိမည် မဟုတ်ပေ။

ယခုတော့ ပိုးသားဧကရာဇ်၏မျက်ဝန်းများက မရပ်မနား ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားနေသည်။

လှုပ်ရှားသည့်အကြိမ်အရေအတွက် မြင့်မားလွန်းသဖြင့် လှုပ်ရှားနေခြင်းမရှိဟုပင် လွဲမှားစွာ မှတ်ယူမိနိုင်သည်။

တကယ်တော့ ပိုးသားဧကရာဇ်၏မျက်ဝန်းများထဲတွင် နွေးထွေးသောခံစားချက်နှင့် ခံစားချက်ကင်းမဲ့ခြင်းတို့က တလဲစီ ပြောင်းလဲနေခြင်း ဖြစ်သည်။

တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောင်းလဲသွားခဲ့သည်။

မန်ဝမ်ကိုကြည့်နေချိန်တွင်သာ သူ၏မျက်ဝန်းများက ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။ မည်သည့်အရာကိုကြည့်နေပါစေ ခဏတိုင်းတွင် ထိုကဲ့သို့ ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲနေခြင်း ဖြစ်၏။

ပိုးသားဧကရာဇ်၏မျက်နှာကတော့ မည်သည့်ပြောင်းလဲမှုမှမရှိပေ။ သူ၏တန်ခိုးစွမ်းအားရောင်ဝါကလည်း ပုံမှန်အတိုင်းပင် တည်ငြိမ်နေသည်။

လီကျွင်းရှင်းသည်ပင် ပိုးသားဧကရာဇ်၏ မူမမှန်မှုအား သတိမထားမိပေ။

နဂိုကတည်းက သံသယဝင်နေခဲ့သော ရန်ကျောက်ကဲနှင့် ဆရာဖြစ်သူနှင့် အလွန်တရာရှင်းနှီးသော ဟယ်ရှီးရှင်တို့သာ ပိုးသားဧကရာဇ် တစ်ခုခု မူမမှန်ကြောင်း အာရုံခံနိုင်ခဲ့သည်။

ဟယ်ရှီးရှင်က စူးစမ်းဟန်ဖြင့် ရှေ့သို့တိုးသွားပြီး ပိုးသားဧကရာဇ်ကို ဂါရဝပြုလိုက်သည်။

“တပည့်... ဆရာ့ကို ဂါရဝပြုပါတယ်”

လီကျွင်းရှင်းကလည်း ပိုးသားဧကရာဇ်ကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။

ရန်ကျောက်ကဲကလည်း အလားတူဂါရဝပြုလိုက်သည့်တိုင် သူက ပိုးသားဧကရာဇ်ကိုရော ပတ်ဝန်းကျင်ကိုပါ အာရုံစိုက်ကာ သတိထားနေခဲ့သည်။

သူ့စိတ်ထဲ စောစောကခံစားနေရသည့် ခြိမ်းခြောက်မှုက အရင်ကထက် ပိုမိုပြင်းထန်လာသည်။

ရုတ်တရက် သူ့အကြည့်များက လျှပ်ပြက်သည့်ပမာ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။ ရန်ကျောက်ကဲ၏မျက်ဝန်းများက ကြယ်စင်ရောင်ပြန်ရေကန်နံဘေးရှိ တောင်ထိပ်တစ်ခုထက်သို့ ကျရောက်သွား၏။

တစ်ချိန်တည်းမှာပင် ထိုနေရာမှ သူ့ကိုစူးစိုက်ကြည့်နေသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရပြီး သူတို့နှစ်ယောက်၏အကြည့်များ ရိုက်ခတ်မိသွားသည်။

ရေကန်နံဘေးရှိတောင်ထွတ်နှင့် ကျွန်းငယ်လေးကြားမှ ဗလာနယ် ပုံပျက်သွားပြီး လျှပ်စီးကြောင်းတစ်ခုထွက်ပေါ်လာကာ မူလက ငြိမ်သက်နေသော ကြယ်စင်ရောင်ပြန်ရေကန်မျက်နှာပြင်က ရုတ်တရက် လှုပ်ရှားသွား၏။

“အိုး...”

အံ့သြစွာ အာမေဍိတ်ပြုလိုက်သံတစ်သံက ရန်ကျောက်ကဲနားထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ယခုတော့ တစ်ဖက်လူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။

တောင်ထွတ်ထက်မှ ကျောက်ဆောင်များနှင့် သစ်ပင်များကြားတွင် အတော်လေးရှေးကျပြီး စာပေအငွေ့အသက်များ ယှဥ်သမ်းနေသော လက်တန်းပါ ကုလားထိုင်တစ်လုံး ရှိနေသည်။

သစ်သားကုလားထိုင်ထက်တွင် ဖြူဖျော့သောအသားအရေရှိပြီး ခရမ်းရောင်အဝတ်အစား ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထိုင်နေသည်။ သူ့ပုံစံက စိတ်ဓာတ်တက်ကြွစရာ မည်သည့်အရာမှမရှိသလို အလွန်ပျင်းရိနေဟန် ရှိသည်။

သို့သော် ထိုခဏတွင် လူငယ်က ရန်ကျောက်ကဲအား စာရင်းမသွင်းလေဟန် မျက်ဝန်းထောင့်မှ စောင်းကြည့်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုလူငယ် မည်သူဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

ထိုသူက ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မဆုံးဖြစ်သော ၊ အထက်ဘုံကမ္ဘာတွင် လောကပထမသိုင်းသူတော်စင် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ပင် ဖြစ်၏။

ချန်ချန်းဟွာက ရန်ကျောက်ကဲကို အကဲခတ်နေသည်။

သူက ဟယ်ရှီးရှင် ၊ ဖန်ကျွင်းနှင့် အခြားသူများထက်ပင် အချိန်စောကာ ဤနေရာသို့ ရောက်ရှိလာသူ ဖြစ်သည်။

စိတ်ထင်ရာအမြဲလုပ်တတ်သော ချန်ချန်းဟွာက တခြားသူများနှင့် ထိတွေ့ရန် ရည်ရွယ်ချက်မရှိဘဲ ပွဲကြည့်ရုံမျှသက်သက် ရောက်လာခြင်းဖြစ်သည်။

သူ၏တည်နေရာကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း တမင်သက်သက် ဖုံးကွယ်ထားခြင်းလည်း မရှိပေ။ သို့သော် ပိုးသားဧကရာဇ်မှတစ်ပါး သူရောက်ရှိနေကြောင်း မည်သူမှ မသိရှိခဲ့ပေ။

ချန်ချန်းဟွာက ပွဲကောင်းတစ်ခုကြည့်ရန် ပျင်းရိစွာစောင့်မျှော်နေပြီး အခြားမည်သည့်အရာကိုမှ စိတ်မဝင်စားခဲ့ပေ။

အဖြူရောင်နှင့်အနက်ရောင်စက်ဝန်းခြမ်းကြီးပျောက်ကွယ်သွားပြီး ကြယ်စင်ရောင်ပြန်ရေကန်တွင် နေအလင်းရောင် ပြန်လည်ထွက်ပေါ်လာချိန် ၊ ပိုးသားဧကရာဇ်သည်လည်း ထွက်ပေါ်လာသည်ဖြစ်ရာ ချန်ချန်းဟွာက ရေကန်အလယ်မှ ကျွန်းငယ်လေးကို အာရုံစိုက်နေခဲ့သည်။

ထိုအချိန် ပိုးသားဧကရာဇ်အပြင် သူ၏၏တည်ရှိမှုကို သိရှိနေသူတစ်ယောက်ရှိကြောင်း ချန်ချန်းဟွာ ရိပ်မိလိုက်သည်။  ထို့ကြောင့် သူက ထိုသူအား လှမ်းကြည့်လိုက်ချိန် ထိုသူကလည်း သူ့အား ချက်ချင်းပြန်ကြည့်လာသည်။

ထိုသူကိုအကဲခတ်လိုက်ပြီး ရန်ကျောက်ကဲဖြစ်နေကြောင်း သိလိုက်သည့်အခါ ချန်ချန်းဟွာ၏နှုတ်ခမ်းတွန့်ကွေးသွားပြီး အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

ထိုအချိန် သူ့နားထဲ ကြည်လင်ခန့်ညားသောအသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ချန်ချန်းဟွာရဲ့တည်နေရာကိုတောင် ကောက်ချက်ချနိုင်တယ်ဆိုတော့ မင်းက တကယ်မရိုးရှင်းဘူးပဲ”

ထိုအသံက ပိုးသားဧကရာဇ်၏အသံ ဖြစ်၏။

ရန်ကျောက်ကဲက ချန်ချန်းဟွာ ရှိနေသည့် တောင်ထွတ်ဆီသို့ လှမ်းကြည့်နေစဉ် ပိုးသားဧကရာဇ်၏အကြည့်က သူ့ထံကျရောက်လာကြေင်း သိလိုက်သည်။

ပိုးသားဧကရာဇ်၏မျက်ဝန်းများကို ရင်ဆိုင်မိသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ ဆတ်ခနဲ လှုပ်ရှားသွားသည်။

ပိုးသားဧကရာဇ်၏ပုံစံက လုံးဝပုံမှန်အတိုင်းတည်ငြိမ်နေသော်လည်း အတွင်းထဲတွင် အလွန်မတည်မငြိမ်ဖြစ်နေကြောင်း ရန်ကျောက်ကဲ ခန့်မှန်းလိုက်နိုင်သည်။

“စက္ကန့်တိုင်း သူ့အတွင်းစိတ်ထဲမှာ တိုက်ပွဲဖြစ်နေတာပဲ...”

ရန်ကျောက်ကဲ တွေးလိုက်၏။

“အတွင်းထဲမှာ သူ့ရဲ့ ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းနဲ့ ခံစားချက်ရှိတဲ့ဘက်ခြမ်း နှစ်ခြမ်းကွဲပြီး တိုက်ပွဲတွေဖြစ်နေပြီ ၊ ကြည့်ရတာ... လောလောဆယ်တော့ ဘယ်ဘက်ကမှ အသာစီးမရသေးဘဲ သိမ်မွေ့တဲ့မျှခြေတစ်ခုမှာ ရှိနေတဲ့ပုံပဲ”

လက်ရှိ ပိုးသားဧကရာဇ်၏ ပုံစံက ရန်ကျောက်ကဲ မမြင်ချင်ဆုံး ပုံစံ ဖြစ်သည်။

ခံစားချက်ရှိသည့် ပိုးသားဧကရာဇ်ဖြစ်စေ ၊ ခံစားချက်ကင်းမဲ့သည့် ပိုးသားဧကရာဇ်ဖြစ်စေ သူတို့နှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သည့် နည်းလမ်းများစွာ ရှိသည်။

သို့သော် ယခုကဲ့သို့ ခံစားချက်ကင်းမဲ့ခြင်းနှင့် ခံစားချက်ရှိခြင်းတို့ တစ်လှည့်စီပြောင်းလဲနေခြင်းအားဖြင့် ပိုးသားဧကရာဇ်က ရူးသွပ်သူတစ်ယောက်ပမာဖြစ်နေပြီး ခန့်မှန်းရခက်သည့်အနေအထားသို့ ရောက်နေသည်။

အဝေးတစ်နေရာ တောင်ထွတ်ထက်တွင်ရှိနေသော ‘ချန်ချန်းဟွာ’က အနားသို့ကပ်လာရန် ရည်ရွယ်ချက်မရှိသည့်တိုင် အခြေအနေကို ပျော်ပျော်ရွှင်ရွှင်ထိုင်ကြည့်ရင်း ရယ်မောလျှက် ရှိ၏။

သူက ရွှင်မြူးစွာဖြင့်...

“ဒီခရီးက အလကားမဖြစ်ဘူးပဲ ၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်”

ပိုးသားဧကရာဇ်က ချန်ချန်းဟွာအပြုအမူများကို သိရှိသည့်တိုင် အရေးမစိုက်ဘဲ တည်ငြိမ်ညင်သာစွာဖြင့် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။

“အထက်ဘုံကမ္ဘာကို ပြန်ရောက်တည်းက မင်းကိုတွေ့ချင်နေတာ ၊ ကြန့်ကြာမှုတွေဖြစ်နေတာနဲ့... ဒီနေ့မှပဲ လူချင်းဆုံရတော့တယ်”

ရန်ကျောက်ကဲက...

“ဧကရာဇ်က ယဉ်ကျေးလွန်းနေပါပြီ”

ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...

“ငါ့ သမီးလေး...”

ထို့နောက် သူက မန်ဝမ်ကို လှမ်းကြည့်ရင်း...

“ဒီ သမီးလေးမဟုတ်ဘူး...  ငါ့ရဲ့သမီးအကြီး ကြာပန်းနီလေးကိုပြောတာပါ...”

“ကြာပန်းနီလေး” ဆိုသည်မှာ ‘ဖုထင်’ ကို ပြောခြင်းဖြစ်ပြီး ထိုအမည်ကို မိဘများသာလျှင် ခေါ်ဆိုခွင့်ရှိသည်။ အခြားသောအကြီးအကဲများသည်ပင် သူမကို ထိုသို့ခေါ်ဆိုခွင့် မရှိကြပေ။

ပိုးသားဧကရာဇ်က...

“ကြာပန်းနီလေး အန္တရယ်ကျရောက်တဲ့အချိန်တုန်းက မင်းကူညီခဲ့တဲ့အတွက် ငါ တကယ်ပဲ ကျေးဇူးတင်မိပါတယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ဒါပေမဲ့ နောင်တရစရာအချို့ ဖြစ်သွားခဲ့တယ် ၊ အဲဒီကိစ္စအတွက် ဒီ’ရန်’ လည်း အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်”

All Chapters