← Chapters

အရူးတစ်ယောက်၏လုပ်ရပ်များက ခန့်မှန်း၍မရနိုင်

Vol. 76 Ch. 1069

အရူးတစ်ယောက်၏လုပ်ရပ်များက ခန့်မှန်း၍မရနိုင်

Vol. 76 Ch. 1069

အခန်း (၁၀၆၉) အရူးတစ်ယောက်၏လုပ်ရပ်များက ခန့်မှန်း၍မရနိုင်

ရန်ကျောက်ကဲ ဆိုလိုသည့်အဓိပ္ပါယ်က ဖုထင်စိတ်ထဲ အမြစ်တွယ်စိုက်ပျိုးမိသည့် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသော အမည်နာမကို ရည်ညွှန်းခြင်းဖြစ်သည်။

သူလည်း ထိုကိစ္စ ပြေလည်အောင် ကူညီမပေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း စကားဆိုလိုက်ခြင်းပင်။

သူ့စကားကြားတော့ ဘရိုကိတ်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“အမတခုံရုံးနယ်မြေထဲဝင်ရောက်ပြီး ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုတဲ့နာမည်ကို သိသွားတာကတော့... ငါကိုယ်တိုင်လည်း ဘာမှကူညီပေးနိုင်တာ မရှိပါဘူး”

ထိုစကားကိုကြားလိုက်သည်နှင့်...

ရန်ကျောက်ကဲမျက်လုံးများ ပေါက်ထွက်လုမတတ် ပြူးကျယ်သွားပြီး ချွေးစေးများပျံလာကာ ဆံပင်များထောင်တက်သွားမတတ် ခံစားလိုက်ရသည်။

ပိုးသားဧကရာဇ်က ထိုစကားကို အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုလိုက်ခြင်း မဟုတ်ပေ။ လူအများရှေ့တွင် ပွင့်လင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်၏။

သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း အဝေးထိတိုင်ရောက်ရှိသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ပိုးသားဧကရာဇ်ကဲ့သို့ နတ်ဘုရားတစ်ပါးက အားစိုက်ထုတ်စရာပင်မလိုဘဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် တစ်ဝက်ခန့်သို့ သူ့အသံ ပဲ့တင်ထပ်အောင် ပြုလုပ်နိုင်သူ ဖြစ်၏။

အနားတွင်ရှိနေသော ဟယ်ရှီးရှင်နှင့် လီကျွင်းရှင်းတို့မှာလည်း ပိုးသားဧကရာဇ်၏စကားကို ကြားလိုက်ရသည်။

ဟယ်ရှီးရှင်က ပိုးသားဧကရာဇ်၏တပည့်ဖြစ်ပြီး လီကျွင်းရှင်းက မြေကမ္ဘာထိပ်တန်းအရှင်သခင်၏တပည့်ဖြစ်လေရာ သူတို့နှစ်ယောက်လုံးက လျှို့ ဝှက်ချက်များစွာကို သိရှိထားကြသည်။

အမတခုံရုံးနှင့် ဗုဒ္ဓဘာသာအကြောင်း သိရှိရုံသာမက သူတို့အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေသည့်အကြောင်းများကိုလည်း သိရှိကြသည်ပင်။

သို့သော် “အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဆိုသော အမည်နာမက သူတို့ကဲ့သို့ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များအတွက်ပင် လုံးဝ တားမြစ်ချက် ဖြစ်သည်။

ပိုးသားဧကရာဇ်က ထိုအချက်ကို မသိရှိခြင်းတော့ မဖြစ်နိုင်ပေ။

ဟယ်ရှီးရှင်အနေဖြင့် အမတခုံရုံးအကြောင်း အရင်ကြားသိဖူးသော်လည်း အသေးစိတ်အချက်အလက်များကို သိရှိခြင်း မရှိသဖြင့် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသော နာမည်ကိုလည်း ကြားသိဖူးခြင်း မရှိပေ။

ယခု ထိုနာမည်ကိုကြားလိုက်ရတော့ အတော်လေး အံ့အားသင့်သွားခဲ့သည်။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဆိုသည့်အမည်ကိုကြားသည်နှင့် သူ့စိတ်ထဲ သိချင်စိတ်ဖြစ်သွားပြီး အာရုံစူးစိုက်လိုက်မိသည်။ ထိုအခါ သူ့စိတ်ထဲ ထူးဆန်းသည့်ခံစားချက်တစ်ခု မြင့်တက်လာသည်။

ထိုခံစားချက်က အခြေအမြစ်မရှိသလို သိသာထင်ရှားခြင်းလည်းမရှိသည့်တိုင် သူ၏စိတ်ဝိညာဉ်နက်ရှိုင်းရာနေရာတွင် တစ်စုံတစ်ခု ထွက်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။

ဟယ်ရှီးရှင်က ထိုခံစားချက်ကို ချေမှုန်းရန်ကြိုးစားရင်း သူ့အရှေ့မှဖြစ်ရပ်များကို ကြိုးစားပြီး အာရုံစိုက်လိုက်သည်။

သို့သော် ကြိုတင်သတိပေးချက်တစ်ခု ယောင်ဝါးဝါးထွက်ပေါ်လာသည့်ပမာ ဟယ်ရှီးရှင်၏အသက်သွေးများ မြင့်တက်လာခဲ့လေသည်။

ပိုးသားဧကရာဇ်ထံ အာရုံစိုက်နေသော လီကျွင်းရှင်းမှာလည်း ‘အတိုင်းအဆမဲ့ကောင်ကင်ဘုံအရှင်’ ဆိုသည့်အမည်ကိုကြားလိုက်သည်နှင့် ဟယ်ရှီးရှင်နည်းတူ ခံစားလိုက်ရသည်။

ပိုးသားဧကရာဇ်၏စကားသံ ပျံ့နှံ့သွားသည်ဖြစ်ရာ ကြယ်စင်ရောင်ပြန်ရေကန်အနီးတဝိုက်တွင် ဤကိစ္စကို အာရုံစိုက်ပြီး သတင်းစုံစမ်းရန် ရောက်ရှိနေသူများမှာလည်း ထိုစကားကို အတိုင်းသား ကြားလိုက်ရသည်။

လူတိုင်းထိတ်လန့်သွားကြပြီး...

“အမတခုံရုံး ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်... အဲဒါ ဘာတွေလဲ”

ရှုတ်ထွေးမှုများအပြင် လူတိုင်း၏စိတ်ထဲ ထူးခြားသည့်အရာတစ်ခု ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။။

ကြယ်စင်ရောင်ပြန်ရေကန်တစ်ဖက်ရှိ တောင်ထွတ်ထက်တွင်ရှိနေသော ချန်ချန်းဟွာ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ထိုင်ခုံထက်တွင် ခါးမတ်သွားသည်။

သူက လက်ခုပ်သြဘာပေးလိုက်ရင်း...

“လခွမ်း... ပိုးသားဧကရာဇ် တကယ်ကြီးလုပ်တာဟ...”

ပိုးသားဧကရာဇ်အနားတွင်ထိုင်နေသော မန်ဝမ်မှာ အဖြစ်အပျက်များကို နားမလည်နိုင်ဖြစ်သွားသည့်တိုင် ဟယ်ရှီးရှင် ၊ လီကျွင်းရှင်းနှင့် အခြားသူများကဲ့သို့ပင် ထိုစကားထဲမှ အကြောင်းအရာများကို အတိအကျ နားမလည်ခဲ့ပေ။

ထိုအကြောင်းများကို နားလည်သူဆို၍ ဤနေရာတွင် ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာသာလျှင်ရှိသည် မဟုတ်ပါလား။

“ဒါကြောင့် အရူးတွေကို ငါအတော်မုန်းတာ...”

ရန်ကျောက်ကဲ ဘယ်ဘက်လက်ဖြင့် နဖူးကိုတစ်ချက်ထိကိုင်လိုက်ပြီး ညာဘက်လက်ကိုအသာဝှေ့ယမ်းလိုက်သည်။

အသင်္ချေနဂါးနန်းတော်ထွက်ပေါ်လာပြီး နန်းတော်တံခါးကြီး ပွင့်ဟသွားသည်။

နန်းတော်ထဲတွင် အမြောင်း (၁၂)ပေါက်ပါရှိပြီး အမြောင်း (၉)ပေါက်က အလင်းရောင်တောက်ပနေကာ  ဖြည်းညင်းစွာလည်ပတ်နေသည့် အနက်ရောင်သတ္တုဘီးကြီးတစ်ခု ရှိနေသည်။

ထိုအရာက “ယိုးမင်ဂမ္ဘီရစက်ဝန်း” ပင် ဖြစ်၏။

အနက်ရောင်သတ္တုစက်ဝန်းကြီးက ရုတ်တရက်လည်ပတ်မှု ရပ်တန့်သွားပြီး အလင်းရောင်တောက်ပနေသည့်အမြောင်းပေါက်များအားလုံး မှိန်ဖျော့သွားကာ တစ်ခုတည်းသော အမြောင်းပေါက်တစ်ခုမှ တောက်ပသောအလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

အလင်းတန်းက ကောင်းကင်ထက်သို့တဟုန်ထိုးမြင့်တက်သွားပြီး ကောင်းကင်ထက်အရပ်ရပ်သို့ ပြန့်ကျဲသွားကာ အလင်းရောင်အရံအတားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းမျက်နှာဖုံးက ပိုးသားဧကရာဇ်၏စကားသံကို လျှင်မြန်စွာ ကာကွယ်ထားလိုက်သည်။

အလင်းတန်းအရံအတားက ကြယ်စင်ရောင်ပြန်ရေကန် ဒေသတစ်ခုလုံးသို့ အမိုးခုံးကြီးတစ်ခုပမာ လွှမ်းခြုံသွားပြီး ပိုးသားဧကရာဇ်၏အသံကို ရေကန်ပြင်ပတွင်ရှိနေသူများ မကြားနိုင်အောင် တားဆီးထားလိုက်၏။

သာမန်မျက်စိဖြင့်မမြင်နိုင်သော အသံလှိုင်းများက အလင်းရောင်အမိုးခုံးကြီးအား ပင်လယ်လှိုင်းပမာရိုက်ခတ်ပြီးနောက် နောက်သို့ ပြန်လည်ခုန်ထွက်လာကြသည်။

ပိုးသားဧကရာဇ်က အလင်းရောင်အရံအတားကို ချိုးဖျက်ရန်ရည်ရွယ်ချက်မရှိသလို သူ့အသံကို အခြားသူများမကြားအောင် တားဆီးလိုက်ခြင်းအား အရေးစိုက်ဟန် မရှိပေ။

သူက ရန်ကျောက်ကဲလုပ်ရပ်ကိုလည်း လျစ်လျူရှုထားပြီး သူပြောလိုက်သည့် စကားတစ်ခွန်း၏အကျိုးဆက်ကိုလည်း သတိထားမိဟန် မရှိပေ။

အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော ပိုးသားဧကရာဇ်က အရာအားလုံးကို လျစ်လျူရှုပြီး စကားဆက်ပြောနေသည်။

“မိတ်ဆွေလေး’ရန်’ ... မင်းတို့ ဝါဒ‌တောင်ဂိုဏ်းက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ မဟုတ်လား”

"အဲဒါဆိုရင် ငါ မင်းကို တောင်းဆိုစရာတစ်ခုရှိတယ်”

ထို့နောက် သူက ဘေးနားတွင်ရှိနေသော အုတ်ဂူကိုတစ်ချက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“အရင်တုန်းက ငါနဲ့ရွှမ့်ထင် ဒီနေရာမှာ ဆုံတွေ့ခဲ့တာပေါ့ ၊ ငါတို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြတယ်... လက်ချင်းတွဲပြီး အတူတူမတ်တတ်ရပ်ရင်း ဒီနေရာက ရှုခင်းကိုကြည့်ခဲ့ကြတယ် ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါ သူ့ကို စိတ်ပျက်အောင် လုပ်ခဲ့မိတယ်”

“အခု သူ ကွယ်လွန်သွားပြီဆိုတော့... သူ့ဆန္ဒအတိုင်း ဒီနေရာမှာပဲ မြှုပ်နှံသင်္ဂြိုဟ်ထားချင်တယ်”

သူက ဆက်ပြောသည်။

“မင်းတို့ ဝါဒတောင်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်ပြီးရင်... ဒီနေရာမှာ ရွှမ့်ထင်အနားယူနေတာကို မနှောက်ယှက်ဘူးလို့ မျှော်လင့်ပါတယ် ၊ ဒီမှာရှိနေတဲ့ သူ့ရဲ့ဂူဗိမာန်ကို ကူညီစောင့်ရှောက်ပေးနိုင်ရင် ငါ မင်းကို ကျေးဇူးတင်နေမှာပါ”

ပြောပြီးသည်နှင့် ပိုးသားဧကရာဇ်က ခန္ဓာကိုယ်တစ်ဝက်ခန့်ကိုင်းညွှတ်ပြီး ရန်ကျောက်ကဲကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“........”

ပိုးသားဧကရာဇ်ကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါးက ဤသို့ပြုမူလိုက်ခြင်းမှာ တစ်လောကလုံးအား တုန်လှုပ်သွားစေသည်။

ရန်ကျောက်ကဲက ရွှေစင်ထက်ယံအရှင်သခင်၏ အဆက်အနွယ်ဖြစ်ပြီး ကျန့်ဟွမ်ဓားဧကရာဇ်က သူ့ကို ပံ့ပိုးပေးနေသည့်တိုင် ပိုးသားဧကရာဇ်ကဲ့အနေဖြင့် ဤမျှလောက် ရိုကျိုးကျေးဇူးတင်စွာ ဂါရဝပြုနေစရာမလိုပေ။

ဟယ်ရှီးရှင်နှင့် လီကျွင်းရှင်းတို့နှစ်ယောက်လုံး ပိုးသားဧကရာဇ်ကို ထိတ်လန့်တခြား ကြည့်လိုက်မိကြသည်။

ရန်ကျောက်ကဲမှာလည်း ပိုးသားဧကရာဇ်က သူ့ကို ဂါရဝပြုခြင်းအား ဂုဏ်ယူစရာဟုမခံစားရဘဲ စိတ်ပူပန်စွာဖြင့် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားရသည်။

သူက ထူးဆန်းသောအမူအရာဖြင့် ဟယ်ရှီးရှင်ကိုကြည့်လိုက်ပြီး မန်ဝမ်ကို လှမ်းကြည့်လိုက်သည်။

ဟယ်ရှီးရှင်က ပိုးသားဧကရာဇ် ဂုဏ်အယူရဆုံးတပည့်တစ်ယောက်ဖြစ်သည်။ မန်ဝမ်က ပိုးသားဧကရာဇ်၏ သမီးတော် ဖြစ်သည်။

ထိုသို့သောလူများရှေ့တွင် ပိုးသားဧကရာဇ်က ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသောအမည်နာမကို ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေသည်။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဆိုသောအမည်က ဟယ်ရှီးရှင် ၊ မန်ဝမ်နှင့် ထိုအမည်ကိုကြားလိုက်ရသော အခြားသူများစိတ်ထဲတွင် သာမန်မျှပုန်းကွယ်နေပြီး သူတို့ လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်သည့်အခါ ရိုးရှင်းစွာပျောက်ကွယ်သွားမည်မဟုတ်ပေ။

လူသားအထွတ်ထိပ်အဆင့် တက်ရောက်ပြီးသူများသာလျှင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသည့်အမည်ကို ကြားသိပြီးနောက် ထိခိုက်မှု မရှိခြင်းဖြစ်ပြီး ကျန်လူများအတွက်တော့ လူသားအထွတ်ထိပ်အဆင့်သို့ တက်လှမ်းနိုင်သည့်တိုင် ပြဿနာရှိနေပေလိမ့်မည်။

‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကျင့်ကြံထားသော ရန်ကျာက်ကဲသာလျှင် ခြွင်းချက်ရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းအသုံးပြုကာ အလင်းအရံအတားပြုလုပ်ပြီး ပိုးသားဧကရာဇ်၏စကားသံများ ပြင်ပသို့ထွက်ပေါ်ခြင်းမရှိစေရန် တားမြစ်လိုက်ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက...

“ဝူထုန်တောင်စောင်းက ပြဿနာမရှာသရွေ့ ကျွန်တော်တို့ဘက်ကလည်း သူတို့ကိုရှင်းပစ်ဖို့ အစီအစဉ် မရှိပါဘူး”

သူက ဆက်ပြောသည်။

“ကွယ်လွန်တဲ့သူလည်း ကွယ်လွန်သွားပြီဆိုတော့... ဧကရာဇ် ချစ်မြတ်နိုးရတဲ့သူအတွက် ကျွန်တော်တို့က အခက်တွေ့အောင် လုပ်မှာမဟုတ်ပါဘူး”

ရန်ကျောက်ကဲက စကားခဏရပ်နားလိုက်ပြီး ပိုးသားဧကရာဇ်နှင့်မန်ဝမ်ကို တစ်ချက်အကဲခတ်လိုက်သည်။

“ဧကရာဇ်နဲ့ ‘မန်ဝမ်’ မိန်းကလေးက...”

ပိုးသားဧကရာဇ်က တစ်ချက်ပြုံးလိုက်ရင်း...

“ဖုမန်ဝမ်... ဒီနာမည်က ဝမ်အာအတွက် ရွှမ့်ထင်ကိုယ်တိုင် ရွေးချယ်ထားတဲ့နာမည်ပါ”

ရန်ကျောက်ကဲက...

“ပိုးသားဧကရာဇ်နဲ့ ဖုမိန်းကလေးတို့ စိတ်မရှိဘူးဆိုရင် ဒီ’ရန်’ က ကြယ်စင်ရောင်ပြန်ရေကန်ကို ဘယ်သူမှလာရောက်မနှောက်ယှက်အောင် စောင့်ရှောက်ပေးဖို့ ဝါဒတောင်ကလူတွေကို အမိန့်ပေးထားပါ့မယ်”

ထိုစကားကြားတော့ မန်ဝမ်က ထိုင်ရာမှ မတ်တတ်ထရပ်လိုက်ပြီး ရန်ကျောက်ကဲကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ဒါဖြင့် ‘ရန်’ သခင်လေးကို ကျေးဇူးတင်ပါတယ်”

သူမပုံစံက အလွန်တည်ငြိမ်နေသော်လည်း မိုးသက်မုန်တိုင်းများအလယ်တွင် တည်ငြိမ်အောင်ကြိုးစားနေဟန်ဖြင့် ပိုမိုဆင်တူသည်။

သူမဘဝ အကြီးမားဆုံးပြောင်းလဲမှုကြီးနှင့် ရင်ဆိုင်ရသည်ဖြစ်ရာ တကယ်တမ်းတွင် မန်ဝမ် မည်သို့တည်ငြိမ်နိုင်ပါမည်နည်း။

သို‌သော် သူမက ရေလိုက်ငါးလိုက် နေထိုင်ရန် ကြိုးစားနိုင်ခဲ့၏။

ပိုးသားဧကရာဇ်က...

“မင်း စေတနာထားတာ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး’ရန်’... နောက်ပိုင်းကိစ္စတွေ မင်းကိုဒုက္ခပေးရတာအတွေက်လည်း ကြိုပြီး ကျေးဇူးတင်စကားပြောပါရစေ”

သူက ဆက်ပြောသည်။

“ဝမ်အာက သူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့နေရာကို သွားရောက်လည်ပတ်ချင်နေတယ် ၊ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာ့ကိုလည်း သတိရလွမ်းဆွတ်နေတယ်တဲ့ ၊ ပြီးတော့ ငါ့အနေနဲ့လည်း သူ့ဆရာကို ကျေးဇူးတင်ကြောင်း ပြောရဦးမယ်လေ”

“ဒီတော့... အားလုံးပဲ... သွားလိုက်ပါဦးမယ်”

ပြောပြီးသည်နှင့် ပိုးသားဧကရာဇ်က မန်ဝမ်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သမီးဖြစ်သူ၏လက်ကိုအသာဆွဲကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခရမ်းရောင်မြူခိုးများ ထွက်ပေါ်လာပြီး ပိုးသားဧကရာဇ်ရော မန်ဝမ်ပါ နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က ရန်ကျောက်ကဲအား အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲနောက်ကို နောက်ယောင်ခံလိုက်ရမည်လား သို့မဟုတ် ပိုးသားဧကရာဇ်နောက်လိုက်ရမည်လား စဉ်းစားနေဟန် သူ့မျက်ဝန်းများက အတွေးများလှည့်ပတ်နေသည်။

နောက်ဆုံးတော့ သူက စိတ်မကောင်းလေဟန်မျက်နှာထားဖြင့် ရန်ကျောက်ကဲကို တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းမှ အလင်းရောင်အရံအတားသည် ပိုးသားဧကရာဇ်နှင့် ချန်ချန်းဟွာ ထွက်ခွာသွားခြင်းအား မတားဆီးနိုင်ခဲ့ပေ။

အရံအတားက နဂိုအတိုင်းပင်ရှိနေပြီး ပိုးသားဧကရာဇ်နှင့် ချန်ချန်းဟွာ ပျောက်ကွယ်သွားသည်နှင့် အခြားသူများ ထွက်ခွာမသွားနိုင်စေရန် တားဆီးထားလိုက်သည်။

ထိုအပြုအမူကြောင့် ဟယ်ရှီးရှင်က ရန်ကျောက်ကဲကို ထူးဆန်းစွာ လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက ကြံရာမရပုံစံဖြင့်...

“အလျင်စလို မပြန်ပါနဲ့ဦး တာအိုရောင်းရင်း’ဟယ်’... မင်းတို့သိရမယ့်ကိစ္စတွေ ရှိနေသေးတယ်”

All Chapters