ပိုးသားဧကရာဇ် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းသက်သွားခြင်း
Vol. 76 Ch. 1070
အခန်း (၁၀၇၀) ပိုးသားဧကရာဇ် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းသက်သွားခြင်း
ရန်ကျောက်ကဲပြောပြသည့် အမှန်တရားများကို သိရှိပြီးနောက် ဟယ်ရှိးရှင်နှင့် လီကျွင်းရှင်းတို့၏မျက်နှာအမူအရာများက အလွန်တရာ စိတ်ရှုတ်ထွေးသွားကြသည်။
လီကျွင်းရှင်းက ဟယ်ရှီးရှင်ကို လှမ်းကြည့်လိုက်သည်။
အစပိုင်းတွင် ထိတ်လန့်သွားသော ဟယ်ရှီးရှင်သည် စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ဆရာဖြစ်သူ၏ အပြုအမူအတွက် ရှက်ရွံ့အားနာစွာဖြင့် မချိပြုံးသာ ပြုံးနိုင်ခဲ့သည်။
ရန်ကျောက်ကဲ ၊ ဟယ်ရှီးရှင်နှင့် လီကျွင်းရှင်းတို့ နက်ရှိုင်းသည့်ခံစားချက်များဖြင့် ကူရာကယ်ရာမဲ့စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဆိုသောအမည်နာမက အထက်ဘုံကမ္ဘာတစ်ခုလုံးအတွက် တားမြစ်ချက် ဖြစ်သည်။
ထိုအကြောင်းကို သိရှိသူများက ပါးစပ်ပိတ်ထားကြပြီး မည်သူမှ အစဖော် ပြောဆိုခြင်း မပြုကြပေ။
ချင်းယွမ်ဧကရာဇ်နှင့် ကျွမ်းရှန်တို့ ဝါဒတောင်နှင့် ကျင်းထင်တောင်ကို အပြင်းအထန် တိုက်ခိုက်စဉ်ကပင် ထိုအကြောင်းကိုပြောဆိုပြီး လက်နက်အဖြစ်အသုံးပြုရန် မတွေးခဲ့ကြပေ။
အမှန်တော့ ချင်းယွမ်ဧကရာဇ်ရော ကျွမ်းရှန်ပါ လမ်းမှန်ကျင့်ကြံသူများဖြစ်ကြသဖြင့် အမတခုံရုံးနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို အသုံးချကာ အခွင့်ကောင်းယူရန် ဆန္ဒမရှိကြပေ။
နောက်တစ်ချက်မှာ ဤနည်းလမ်းကို နှစ်ဖက်လုံး အသုံးချနိုင်ခြင်း ဖြစ်၏။
ရန်သူကိုတိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုပါက ရန်သူကလည်း ဤနည်းလမ်းဖြင့်ပင် တန်ပြန်အသုံပြု တိုက်ခိုက်နိုင်သည်။
ထို့ကြောင့် ခန့်မှန်းရခက်လှသော အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အထက်ဘုံကမ္ဘာမှ ဧကရာဇ်များအားလုံးက ဤအချက်ကို မပေါက်ကြားစေရန် နားလည်မှုဖြင့် သဘောတူထားကြသည်။
ချန်ချန်းဟွာကလည်း သူ စိတ်မဝင်စားသောကြောင့်လား ၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လားမသိ ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးနှင့်ပတ်သက်သည့် သတင်းများကို တစ်ခါမှ မပေါက်ကြားခဲ့ဖူးပေ။
ယနေ့ ပထမဆုံး စည်းဖောက်လိုက်သည်မှာ ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ဖြစ်မည်ဟု မည်သူထင်မှတ်ပါမည်နည်း။
အကြေင်းအရာအလုံးစုံကြားသိပြီးနောက် လီကျွင်းရှင်းမျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
သူ့အခြေအနေကို ရန်ကျောက်ကဲ စာနာနားလည်ပေးနိုင်သည်။
သူက ယနေ့ကိစ္စနှင့် ဘာမှမသက်ဆိုင်ဘဲ ဘေးမှရပ်ကြည့်သူတစ်ယောက်ဖြစ်လင့်ကစား ပဲလှော်ကြားဆားညပ်သည့်ပမာ အချောင်ခံလိုက်ရခြင်းဖြစ်သည် မဟုတ်လား။ ဤသည်က ကြေကွဲဖွယ်ရာ ဂန္ထဝင်ဖြစ်ရပ်သာပင်။
“ဒီနေ့ကိစ္စ မြေကမ္ဘာထိပ်တန်းအရှင်သခင်ဆီ သတင်းရောက်သွားမှာပဲ”
ရန်ကျောက်ကဲ သက်ပြင်းချရင်း တွေးလိုက်သည်။
လီကျွင်းရှင်းက ခဏမျှတိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ရင်း...
“ငါ အခုပဲ ချီလင်ကမ်းပါးကိုပြန်ပြီး ဒီကိစ္စ ဆရာ့ကို အကြောင်းကြားလိုက်မယ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုလည်း သတင်းပေးရမယ် ၊ လောလောဆယ် ဒီနေရာက ကိစ္စတွေကိုတော့ မင်းတို့နှစ်ယောက်လက်ထဲ အပ်ခဲ့တော့မယ်”
ပြောပြီးသည်နှင့် သူက စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးရင်း ဟယ်ရှီးရှင်ကို လှမ်းကြည့်လိုက်သည်။
“ဒီနေရာကကိစ္စတွေအတွက်တော့ တာအိုရောင်းရင်းပဲ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းရတော့မှာပဲ”
သူက ဆက်ပြောသည်။
“ပိုးသားဧကရာဇ်က ငါတို့ ဝါဒတောင်မြစ်ဖျားခံလာတဲ့ အောက်ဘုံကမ္ဘာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို သွားလိမ့်မယ်...”
“အဲဒီနေရာက ငါတို့ဝါဒတောင်လက်အောက်ခံနယ်မြေဆိုတော့... ပိုးသားဧကရာဇ်ကို လေးစားမှုပြသဖို့အတွက် ဒီ ‘ရန်’ ကိုယ်တိုင် လိုက်သွားသင့်တယ်ထင်တယ်”
“ပြီးတော့ ဒီနေရာကကိစ္စတွေကိုကိုင်တွယ်ဖို့ အရှေ့တောင် ထိပ်တန်းအရှင်သခင်ကိုလည်း အကြောင်းကြားရမယ်”
ဟယ်ရှီးရှင်က ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ကောင်းပါပြီ တာအိုရောင်းရင်း’ရန်’ ၊ ဒီ ‘ဟယ်’ က ဒီနေရာကကိစ္စအားလုံးကို တာဝန်ယူလိုက်ပါ့မယ်”
ဟယ်ရှီးရှင်က အပြည့်အဝ တည်ငြိမ်နေပြီဖြစ်သည်။
သူကိုယ်တိုင်လည်း အနာဂတ်အလားအလာများအဟန့်အတားဖြစ်စေနိုင်ခြင်းအား ခံစားခဲ့ရသော သားကောင်ဖြစ်ခဲ့သည့်တိုင် ပုံမှန်အတိုင်း ရင့်ကျက်မှု ၊ တာဝန်ယူမှုနှင့် မိမိကိုယ်ကိုနားလည်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်၏။
ထိုက်ချင်အဆက်အနွယ် တိုက်ရိုက်မျိုးရိုးဖြစ်သော ဟယ်ရှီးရှင်က ထူးခြားသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သူဖြစ်သလို အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူလည်းဖြစ်လေရာ ကြယ်စင်ရောင်ပြန်ရေကန်တွင် ရောက်ရှိနေသူများကို ထွက်ခွာမသွားစေဘဲ သူ၏ စောင့်ကြည့်မှုအောက်တွင် နေထိုင်စေလိုက်သည်။
လူအများက သူ၏လုပ်ရပ်ကို အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ကြသည့်တိုင် သည်းခံခဲ့ကြသည်ပင်။
ဤကိစ္စက ဧကရာဇ်တစ်ပါးနှင့်သက်ဆိုင်သည်ဖြစ်ရာ ၊ ဧကရာဇ်တစ်ပါး၏ အဖြစ်အပျက်များကို သတင်းထောက်လှမ်းစောင့်ကြည့်ခြင်းက တားမြစ်ချက်တစ်ခု ဖြစ်၏။
ထို့ကြောင့် ပိုးသားဧကရာဇ်၏တပည့်တစ်ယောက်က သူတို့အားထိန်းသိမ်းထားပြီး နောက်ထပ်စီရင်ချက်ချမှတ်လာသည်ကို စောင့်မျှော်နေရသည်နှင့်ပတ်သက်ပြီး မကျေမနပ်ဖြင်ကာ အထွန့်တက်ရန် မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲကတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ အလျှင်အမြန် ပြန်လာခဲ့သည်။
အထက်ဘုံကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ ချိတ်ဆက်ပေးထားသော ကောင်းကင်အက်ကွဲကြောင်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေ ၊ ဝိညာဉ်နယ်မြေတွင် တည်ရှိသည်။
ထိုအက်ကွဲကြောင်းက ဝါဒတောင်အနောက်ဘက်တွင် ရှိနေခြင်း မဟုတ်ပါလား။
အထက်ဘုံကမ္ဘာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ သွားရောက်လိုသူများအတွက် တိကျသည့်လမ်းညွှန်သင်္ကေတမရှိပါက ဝါဒတောင်အနောက်ဘက်မှ ကောင်းကင်အက်ကွဲကြောင်းကိုသာ အသုံးပြုနိုင်မည် ဖြစ်၏။
သို့သော် အစစ်အမှန်နတ်ဘုရားတစ်ပါးအတွက်တော့ ဤအခြေခံစည်းမျဉ်းများက အသုံးဝင်မည်မဟုတ်ပေ။ သို့ရာတွင် ပိုးသားဧကရာဇ်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ မည်သည့်နည်းလမ်းအသုံးပြုပြီးသွားရောက်မည်ကို မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသရှိ ဝါဒတောင်သို့ အမြန်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာကလည်း ဤကိစ္စတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ပတ်သက်လိုပုံရသည်။
ရန်ကျောက်ကဲက ချန်ချန်းဟွာနှင့် တစ်ခါမှ မျက်နှာချင်းဆိုင်တွေ့ဆုံဖူးခြင်းမရှိပေ။ ကောလဟလအနည်းငယ်မှတစ်ဆင့် ချန်ချန်းဟွာအကြောင်း ခန့်မှန်းနိုင်ရုံသာ ရှိသည်။
ယနေ့ ချန်ချန်းဟွာနှင့် ခဏမျှတွေ့ဆုံပြီးနောက် ရန်ကျောက်ကဲအာရုံခံမိသည်မှာ ထိုပုဂ္ဂိုလ်က စားမဖွဲ့လောက်သည့် ပေါ့သေးသေးလူတစ်ယောက်တော့ မဟုတ်ပေ။
“ဒီနေ့ကိစ္စတစ်ခုတည်းနဲ့တော့ ခန့်မှန်းနိုင်ဖို့ ခက်ခဲဦးမယ်... ၊ ဒါပေမဲ့ တခြား မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲတွေလည်း ရှိနေဦးမှာပဲ”
ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးရင်း တွေးလိုက်သည်။
နောက်ဆုံးမှာတော့ ရန်ကျောက်ကဲ စက်ဝန်းတောင်တန်းကိုဖြတ်ကျော်ကာ ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝါဒတောင်သို့ပြန်ရောက်သည်နှင့် အရာအားလုံး ပုံမှန်အတိုင်းရှိနေကြောင်း တွေ့ရတော့မှ အတော်လေး စိတ်သက်သာရာရသွားမိသည်။
သူက မိုးထိတောင်ထွတ်သို့ဆင်းသက်လိုက်စဉ် ပင်မခန်းဆောင်ထဲမှထွက်လာသည့် ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းကို တွေ့ရသည်။
ဖန်ကျွင်းကိုတွေ့တော့ ရန်ကျောက်ကဲ အတော်လေး စိတ်သက်သာရာရသွားပြန်သည်။
သူက သတိပေးစကားဆိုလိုက်သည့်အတွက် ဖန်ကျွင်းက ကြယ်စင်ရောင်ပြန်ရေကန်မှ ဝါဒတောင်သို့ အရင်ပြန်နှင့်ခြင်း ဖြစ်၏။
ပိုးသားဧကရာဇ်ကို ဟန့်တားရန်ကြိုးစားခြင်းမှာ လက်တွေ့မကျသည့်အလုပ်ဖြစ်သည်။
သို့သော် ဖန်ကျွင်းကိုယ်တိုင်ပြန်လာပြီး ကျူတောပင်လယ်ဒေသရှိ ဝါဒတောင်မှသိုင်းသမားများကို အကြောင်းကြားရသည်မှာ ဂိုဏ်းသားများက မသိနားမလည်ဘဲ ပိုးသားဧကရာဇ်ကို စော်ကာားမိသလိုဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။
မန်ဝမ်က ပိုးသားဧကရာဇ်နှင့်အတူ ရှိနေသည်ဖြစ်ရာ ဝါဒတောင်မှ ကျင့်ကြံသူများစွာက မန်ဝမ်ကို မှတ်မိသိရှိကြပေမည်။ သူမက အတိတ်တစ်ချိန်က ပျက်သုဉ်းသွားပြီဖြစ်သော နေသူတော်စင်ဂိုဏ်းမှ ထူးကဲယင်မိန်းမပျို ဖြစ်သည် မဟုတ်ပါလား။
နောက်တစ်ချက်မှာ ဖန်ကျွင်း စောစောစီးစီးပြန်သွားခဲ့သည့်အတွက် ဟယ်ရှီးရှင် ၊ လီကျွင်းရှင်းနှင့် အခြားသူများကဲ့သို့ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ အမည်ကို ကြားရသည့် အဖြစ်ဆိုမကြုံရဘဲ ပြဿနာ ရှောင်ရှားနိုင်ခဲ့သည်။
ယွမ်ကျန်းဖုန်းက...
“ကျောက်ကဲ... အစွန်းရောက်ရှစ်ပါးကမ္ဘာကို မင်းကိုယ်တိုင် အလောတကြီးပြန်မဘ်ဆိုတော့... ပိုးသားဧကရာဇ်က အဲဒီကိုတကယ်သွားမှာတဲ့လား”
ရန်ကျောက်ကဲက အံတင်းတင်းကြိတ်ရင်း...
“ပိုးသားဧကရာဇ်က ကျွန်တော့်အရင်တောင် သွားနှင့်နေပြီ”
သူက ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းကိုကြည့်ရင်း...
“ကြည့်ရတာ... သူ ဒီကိုလာမှာမဟုတ်ဘူး ၊ သူ လာမယ်ဆိုရင်တောင် သူရောက်လာတာကို ကျွန်တော်တို့သိအောင် လုပ်မှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ပိုးသားဧကရာဇ်က ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့လူတစ်ယောက်ပဲ ၊ သူ့ကိုယ်သူ ဖုံးကွယ်ထားချင်တယ်ဆိုရင် ကျွန်တော်တို့ သူ့ကိုရှာလို့တွေ့နိုင်မှာမဟုတ်ဘူး”
ဖန်ကျွင်းက ခေါင်းခါယမ်းရင်း...
“ဒါပေမဲ့ သူ့အဆင့်အတန်း ဂုဏ်သိက္ခာအရဆိုရင်... ငါတို့ဂိုဏ်းမသိအောင် သူ့ကိုယ်သူဖုံးကွယ်ပြီး လှုပ်ရှားမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...
“ဒါလည်းဟုတ်တယ်...”
သူက ခဏမျှ စဉ်းစားလိုက်ပြီးမှ...
“ဒါဆို အထက်ရပ်ထိပ်တန်းအရှင်သခင်ကရော ဘယ်လိုလုပ်မလဲ မသိဘူး”
ရန်ကျောက်ကဲက ချန်ချန်းဟွာအကြောင်း သိပ်ပြီးသိရှိခြင်း မရှိပေ။
သို့သော် စောစောကတွေ့မြင်ခဲ့ရသော ချန်ချန်းဟွာ၏လုပ်ရပ်အရ သူသည်လည်းအစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်သွားနိုင်သည်ဟု ရန်ကျောက်ကဲ ယုံကြည်ထားသည်။
ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ နှစ်ယောက်လုံးက ခေါင်းခါယမ်းလိုက်ရင်း...
“အထက်ရပ်ထိပ်တန်းအရှင်သခင်က ဘာလို့ ဒီကိစ္စကိုဝင်ပါရတာလဲ... ငါတို့တွေက သူနဲ့တွေ့တောင်တွေ့ဖူးတာ မဟုတ်ဘူး”
ရန်ကျောက်ကဲ ရေစင်တောင်ထွတ်သို့လျှောက်လာရင်း ထိုအချက်ကို တွေးတောနေသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းသက်သည့် ကောင်းကင်အက်ကွဲကြောင်းက ရေစင်တောင်ထွတ်အောက်ဘက်တွင် တည်ရှိသည်။
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ထံမှ အတည်ပြုချက် ရယူလိုက်သည်။
“မန်ဝမ်ရဲ့ဆရာ ချန်မင်ယင်းက လှိုင်းနက်ဂေဟာမှာ ခိုလှုံနေတယ် မဟုတ်လား ၊ အခု သူ အဲဒီမှာ ရှိနေသေးလား”
ဖန်ကျွင်းက ခေါင်းညိတ်ရင်း...
“ရှိနေသေးတယ်...”
ရန်ကျောက်ကဲ နေသူတော်စင်ဂိုဏ်းကိုချေမှုန်းပြီးနောက် သိုင်းကျင့်ကြံသူများ သေသူသေ ၊ လူစုကွဲသူကွဲ ဖြစ်ကုန်ကြသည်။
အချို့က တစ်ကိုယ်တည်းနေထိုင်ရန် သို့မဟုတ် ပုန်းအောင်းရန် ရွေးချယ်ခဲ့ကြပြီး အချို့ကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ အခြားသောအင်းအားစုများနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။
အကြီးအကဲ ‘ချန်မင်ယင်း’ က နေသူတော်စင်ဂိုဏ်းမှ သိက္ခာရှိသော အကြီးအကဲတစ်ယောက် ဖြစ်သလို မန်ဝမ်၏ဆရာလည်း ဖြစ်သည်။ ထို့ကြောင့် ဝါဒတောင်က သူမ၏လှုပ်ရှားမှုများကို ယခုအချိန်ထိ အာရုံစိုက်နေခဲ့သည်။
သဘာဝပသာဒနယ်မြေ ၊ ရေအောက်နန်းတော်တိုက်ပွဲတွင် ဖန်းယွင်ရှန်းက မန်ဝမ်ကို အနိုင်ယူကာ ထူးကဲယင်သရဖူကို ရယူသွားခဲ့သည်။
ထိုစဉ်က မန်ဝမ်၏ဆရာ ချန်မင်ယင်း ဤလောကတွင် အသက်ရှင်နေဆဲဖြစ်ကြောင်း ဖန်းယွင်ရှန်းက သူမအား ပြောပြခဲ့သည်။
ဤလောကတွင် မန်ဝမ် အမှန်တကယ်ဂရုစိုက်သူ (၂)ယောက်သာလျှင် ရှိသည်။ တစ်ယောက်က ဖန်းယွင်ရှန်းဖြစ်ပြီး ကျန်တစ်ယောက်က သူမ၏ဆရာ ချန်မင်ယင်းပင် ဖြစ်၏။
သူတို့နှစ်ယောက်ရှေ့တွင်သာ မန်ဝမ်က သူမ၏အစစ်အမှန်ပုံစံအတိုင်း နေထိုင်တတ်သည်။
ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ခွင့်ရမည်ဆိုလျှင် သူ အမြဲတမ်းဂရုစိုက်ခဲ့သော ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံလိုသည်မှာ သဘာဝပင် ဖြစ်သည်။
ရေစင်တောင်ထွတ်သို့ ရောက်ရှိသည်နှင့် ရန်ကျောက်ကဲက ပိတ်ထားသောစည်းတံဆိပ်ကိုဖွင့်ကာ ကောင်းကင်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။