သူဖုန်းစားအိုကြီး
Vol. 78 Ch. 1085
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွား၏။ စွန်းသဲ့၏ ပုံပြင် ပြီးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်တိတိ ရှိနေပြီဖြစ်သည်။
အနှစ်သုံးဆယ်ဆိုသည့် အချိန်ကာလမှာ သာမန်လူတစ်ယောက်၏ ဘဝတစ်ဝက်စာနီးပါး ရှိနေသည် မဟုတ်ပါလော။ ထိုအချိန်ကာလအတွင်းတွင် အပြောင်းအလဲ မြောက်မြားစွာ ပေါ်ပေါက်လာနိုင်ပေသည်။ ထို မြို့ငယ်လေးထဲတွင်လည်း ကလေးဘဝမှ အရွယ်ရောက်လာကြပြီး အိမ်ထောင်ကျကာ သားသမီးများ ထွန်းကားနေသည့် လူများပင် ရှိနေပြီဖြစ်သည်။
သို့သော် တဖြည်းဖြည်းနှင့် အိုမင်းလာကြပြီး သေဆုံးသွားခဲ့ကြသည့် သူများလည်း ရှိကြ၏။
ထို မြို့ငယ်လေးသာလျှင် ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ ၎င်း၏ အဆောက်အဦများဖြစ်စေ၊ မြို့နံရံများဖြစ်စေ၊ လက်ဖက်ရည်ဆိုင်လေးဖြစ်စေ ယခင်တုန်းကအတိုင်း ရှိနေဆဲပင်။ ထို လက်ဖက်ရည်ဆိုင်ထဲတွင်မူ ပုံပြင်ဆရာ မရှိတော့ပေ။
မြို့ရှေ့ဘက်ခြမ်းရှိ တံတားတစ်စင်းအောက်တွင် သူဖုန်းစားအိုကြီးတစ်ယောက် ရှိနေ၏။ ထို သူဖုန်းစားကြီးမှာ တစ်ခေါင်းလုံး ဆံပင်ဖြူများပေါက်နေပြီး သူ၏ အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေနေသည်။ သူသည် သူ၏ နောက်တွင် ရှိနေသော နံရံအား မှီထား၏။ သူ၏ ရှေ့တွင်မူ ကျိုးပဲ့နေသည့် သစ်သားစားပွဲတစ်လုံး ရှိနေပြီး ထို စားပွဲပေါ်တွင် အနက်ရောင် ပျဉ်ပြားတစ်ချောင်း ရှိနေသည်ကို မြင်နိုင်ပေသည်။ ထို သူဖုန်းစားအိုကြီးမှာ ရီဝေဝေဖြစ်နေသည့် အမူအရာဖြင့် ကောင်းကင်ကြီးအား မော့ကြည့်နေ၏။ သူ၏ မျက်လုံးများမှာလည်း တိမ်စွဲနေပြီဖြစ်ရာ သူသည် မျက်ကန်းတစ်ယောက်ကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ညစ်ပတ်နေ၏။ သို့သော် အရေးကြောင်းများ ပြည့်နှက်နေသည့် သူ၏ မျက်နှာမှာမူ အလွန်အင်မတန်မှ သန့်ရှင်းစင်ကြယ်နေသည်။
သို့ဖြစ်ရာ ထို မျက်နှာကြောင့် သူသည် လူရုပ်သူရုပ် ပေါက်နေဆဲဖြစ်သည်ဟု ဆိုရပေမည်။
သို့သော် ထိုကဲ့သို့ သန့်ရှင်းစင်ကြယ်နေသည့် မျက်နှာကြောင့် သူသည် ဘေးပတ်ပတ်လည်ရှိ သူဖုန်းစားများ၏ ကြား၌ ဝင်မဆံ့နိုင်ပေ။ ထို့အပြင် သူသည် အလုပ်ကိုယ်စီ ရှုပ်နေကြသည့် လူအုပ်ကြီးထဲတွင်လည်း ဝင်မဆံ့နိုင်ပေ။
သို့သော်လည်း သူသည် ဂရုမစိုက်သည့်ပုံပင်။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ယံထဲ၌ အနက်ရောင်တိမ်တိုက်များ စုဝေးလာချိန်တွင် ထို သူဖုန်းစားအိုကြီး၏ နှုတ်မှ ဗလုံးဗထွေးဖြစ်နေသည့် အသံများ ထွက်ပေါ်လာ၏။ ထိုအသံများမှာ ရယ်သံများနှင့် တူသလို ငိုသံများနှင့်လည်း တူနေသည်။ ခဏအကြာတွင် သူသည် အနက်ရောင်သစ်သားပျဉ်ပြားလေးအား ကောက်ယူကာ စားပွဲအား ရိုက်လိုက်သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကြားခဲ့ရသည့် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။
" အရင်တစ်ခေါက်တုန်းက... ကျယ်ပြန့်တာအိုနယ်မြေ မပျက်စီးခင် အနန္တကပ်ကမ္ဘာ သန်းကိုးဆယ် ရှိခဲ့တယ်လို့ ပြောခဲ့တယ်နော်။ အဲဒီတုန်းက ဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့အလွန်မှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောပြီး အရမ်းကိုထူးဆန်းတဲ့ စကြဝဠာကြီးတစ်ခု ရှိခဲ့တယ်။ အချိန်ရယ်လို့ စဖြစ်တည်လာကတည်းက ရှိနေခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ယောက်က အဲဒီစကြာဝဠာကြီးထဲမှာ နတ်ဝိဇ္ဇာရာထူးကို လုနေခဲ့ကြတာပေါ့ "
" လော့လို့ ခေါ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးက သူ့ရဲ့ ညာဘက်လက်ကိုမြှောက်ပြီး မိုးကောင်းကင်တာအိုကို ဖမ်းဆုပ်လိုက်တာ။ သူ အဲဒီ မိုးကောင်းကင်တာအို ဖျက်ဆီးတော့မယ့်အချိန်မှာ... "
" ဂူက ပိုပြီးတော့တောင် အစွမ်းထက်နေခဲ့တာ။ သူက အချိန်ကို နောက်ပြန်လှည့်ပြီး... " " ( ရှေးဟောင်းနတ်ဝိဇ္ဇာကို နတ်ဝိဇ္ဇာမဖြစ်ခင်တုန်းက The Ancient လို့ခေါ်တာ။ တိုက်ရိုက် ရှေးဟောင်းလို့ပြန်ရင် ထောက်နေလို့ အသံထွက် ' ဂူ ' ကိုပဲ ယူသုံးထားတာပါ )
သူဖုန်းစားအိုကြီး၏ စကားသံမှာ တိုးသွားလိုက် ကျယ်လာလိုက် ဖြစ်နေ၏။ ထို့အပြင် သူသည် ခေါင်းတယမ်းယမ်းနှင့် သူ၏ ပုံပြင်ထဲ၌ အာရုံအပြည့် စိုက်ထားသည့်ပုံ ပေါက်နေသည်။ သို့ဖြစ်ရာ အရောင်မှိန်နေသော သူ၏ မျက်ဝန်းများထဲ၌ သူ မြင်နေရသည့်အရာမှာ သူ၏ရှေ့မှ အလောသုံးဆယ်နှင့် ဖြတ်သန်းသွားလာနေကြသည့် လူအုပ်ကြီးမဟုတ်ဘဲ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက လက်ဖက်ရည်ဆိုင်လေးထဲ၌ ရှိနေခဲ့သည့် ပရိတ်သတ်များ၏ ရီဝေဝေ မျက်ဝန်းများ ဖြစ်နေသည့်ပုံပင်။
သူ၏ စကားများကြောင့် ဘေးပတ်ပတ်လည်ရှိ သူဖုန်းစားများမှာ မကျေမနပ် ဖြစ်သွားကြပါသော်လည်း သူသည် သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဥ်ပြားလေးဖြင့် စားပွဲအားရိုက်ကာ ထိုပုံပြင်အား ဆက်ပြောနေဆဲပင်။
" အဘိုးကြီး။ ခင်ဗျား အဲဒီပုံပြင်ကိုပြောနေတာ အနှစ်သုံးဆယ်လောက် ရှိနေပြီ။ တခြားပုံပြင်တစ်ပုဒ် ပြောင်းပြောပါလားဗျ "
" စွန်းဆိုတဲ့ အဘိုးကြီး။ ပါးစပ်ပိတ်ထားစမ်း။ ခင်ဗျားကြောင့် ကျုပ် အိပ်မက်မက်နေတာ ပျက်သွားရပြီ။ နာချင်နေပြန်ပြီလား " ထိုကဲ့သို့ မကျေမနပ်ဖြစ်နေသည့် စကားသံများမှာ ပို၍ကျယ်လောင်လာ၏။ နောက်ဆုံးတွင် ရန်လိုနေသည့်ပုံပေါ်သော သက်လက်ပိုင်း သူဖုန်းစားကြီးတစ်ယောက်မှာ ရှေ့သို့လှမ်းလာပြီး ထို သူဖုန်းစားအိုကြီး၏ အင်္ကျီအား လှမ်းဆွဲကာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်၍ ဆိုလိုက်တော့သည်။
" အဘိုးကြီးစွန်း။ ခင်ဗျားကိုယ်ခင်ဗျား ဟိုးအရင်တုန်းက ဆရာစွန်းလို့ ထင်နေတုန်းပဲလား။ ကျုပ် သတိပေးထားမယ်နော်။ ကျုပ် အိပ်မက်မက်နေတာကို နောက်တစ်ခေါက်ထပ်ပြီးတော့ နှောင့်ယှက်မယ်ဆိုရင်... ခင်ဗျား ဒီနေရာကနေ ထွက်သွားဖို့သာ ပြင်ထား "
သူဖုန်းစားအိုကြီးမှာမူ မျက်ဝန်းများ အရောင်မှေးမှိန်နေပြီ ဖြစ်သည့်တိုင်အောင် သူ၏ အင်္ကျီအား ဆွဲထားသည့် ထို သက်လတ်ပိုင်း သူဖုန်းစားကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ပြန်အော်ပြောလိုက်ဆဲပင်။
" အတင့်ရဲလှပါလားကွ။ ငါက ဆရာစွန်းကွ။ အထက်တန်းအဆင့် ပညာရှိတစ်ယောက်။ တစ်ကမ္ဘာလုံးမှာ ငါ့ကို မသိတဲ့လူမရှိဘူး။ ငါ... "
" ဒီ ကျပ်မပြည့်တဲ့ အဘိုးကြီးကွာ " သက်လတ်ပိုင်း သူဖုန်းစားကြီးမှာမူ ထိုစကားများကိုကြားလိုက်ရသောအခါ သူ၏ ညာဘက်လက်ကို မြှောက်၍ သူဖုန်းစားအိုကြီးအား ပါးရိုက်ရန်ပြင်လိုက်၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
" ရပ်လိုက်စမ်း "
ထိုအော်ဟစ်သံနှင့်အတူ တံတား၏ အခြားတစ်ဖက်၌ အဘိုးကြီးတစ်ယောက် ပေါ်ပေါက်လာ၏။ သူသည် သူ၏ ရင်ခွင်ထဲတွင် ငါးနှစ်၊ ခြောက်နှစ်အရွယ် ရှိသော ကလေးငယ်လေးတစ်ယောက်အား ပွေ့ချီထားသည်။
သက်လတ်ပိုင်း သူဖုန်းစားကြီးမှာ ထိုအဘိုးကြီးအား မြင်လိုက်ရသည်နှင့် သူဖုန်းစားအဘိုးကြီးအား လွှတ်ပေးလိုက်၏။ ထို့နောက် သူ၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အမူအရာများမှာ မျက်နှာချိုသွေးသော အမူအရာများအဖြစ် ပြောင်းလဲသွားသည်။
" လူကြီးမင်းကျိုးပါလား။ ကျွန်တော်မျိုး ဂါရဝပြုပါတယ် "
" သွားတော့ " လူကြီးမင်းကျိုးဆိုသူမှာ မျက်မှောင်ကြုတ်ကာ ကြေးဒင်္ဂါးပြားအချို့ ထုတ်ယူလိုက်ပြီးနောက် လှမ်းပစ်ပေးလိုက်၏။ ထိုအခါ သက်လတ်ပိုင်း သူဖုန်းစားကြီးမှာလည်း ၎င်းတို့အား အလျင်အမြန် ကောက်ယူလိုက်ပြီးနောက် ပို၍ပင် ချိုသာသောအပြုံးဖြင့် နောက်သို့ဆုတ်ခွာသွားတော့သည်။
လူကြီးမင်းကျိုးမှာမူ သူ့အား လျစ်လျူရှုလိုက်ပြီးနောက် ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် သူဖုန်းစားအိုကြီးအား ကြည့်လိုက်၏။ ထို သူဖုန်းစားအိုကြီးမှာ သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ကာ အောက်သို့ ပြန်ထိုင်ချလိုက်ပြီး အနက်ရောင် သစ်သားပျဥ်ပြားလေးဖြင့် စားပွဲအား ပြန်ရိုက်နေဆဲပင်။
" ဆရာစွန်း။ ဆရာစွန်း အချိန်ရမယ်ဆိုရင် ကျွန်တော် လော့နဲ့ ဂူရဲ့ နောက်ဆုံးတိုက်ပွဲအကြောင်း နားထောင်ချင်ပါတယ် " လူကြီးမင်းကျိုးမှာ လေသံတိုးတိုးဖြင့် တောင်းဆိုလိုက်၏။
သူဖုန်းစားအိုကြီးမှာမူ စိတ်ရှုပ်နေသည့် အကြည့်ဖြင့် လူကြီးမင်းကျိုးအား ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီးမှ မပွင့်တပွင့်ပြုံးကာ မေးလိုက်သည်။
" ဪ၊ စားပွဲထိုးလေးကိုး။ လူစုံပြီလား "
လူကြီးမင်းကျိုးမှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ အတိတ်ကို ပြန်သတိရသွားသည့်ပုံဖြင့် ပြုံးမိသွား၏။ ထို့နောက် သူသည် ပြန်ဖြေလိုက်သည်။
" ဆရာစွန်း။ လူစုံပါပြီ။ ဆရာ့ကို စောင့်နေကြတာပါ " သူသည် ထိုသို့ ပြန်ဖြေလိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲရှိ အထူးအဆန်း ဖြစ်နေသည့်ပုံပေါ်သော ကလေးငယ်လေးအား အောက်သို့ချကာ စားပွဲအား သူ၏ အင်္ကျီလက်ဖြင့် သုတ်လိုက်၏။
သူဖုန်းစားအိုကြီးမှာမူ ဂုဏ်ယူဝင့်ကြွားစွာပြုံးကာ အနက်ရောင် သစ်သားပျဉ်ပြားလေးအား ပြန်မြှောက်၍ စားပွဲအား ထပ်ရိုက်လိုက်ပြန်သည်။
" အရင်တစ်ခေါက်တုန်းက... " သူဖုန်းစားအိုကြီး၏ စကားသံများမှာ လူအုပ်ကြီးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ သူသည် အတိတ်သို့ ပြန်ရောက်သွားသည့်အလားပင်။ သူ၏ရှေ့တွင် ရှိနေသည့် လူကြီးမင်းကျိုးမှာလည်း ထိုနည်းတူပင်။ ထိုသို့ဖြင့် ညနေခင်းအချိန်သို့ ရောက်ရှိလာပြီး သူဖုန်းစားအိုကြီး အိပ်ပျော်သွားသောအခါ လူကြီးမင်းကျိုးမှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ကြီး အုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ အပေါ်ရုံ အင်္ကျီအား ချွတ်၍ သူဖုန်းစားအိုကြီးအား ခြုံပေးလိုက်၏။ ထို့နောက် သူသည် တရိုတသေ ဦးညွှတ်ကာ ငွေစအချို့ ချန်ရစ်ထားခဲ့လိုက်ပြီးနောက် ကလေးငယ်လေးနှင့်အတူ ထွက်ခွာသွားတော့သည်။
သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းသို့ ရောက်သွားချိန်တွင် ကလေးငယ်လေး၏ စကားသံတစ်သံ ထွက်ပေါ်လာ၏။
" ဘိုးဘိုး။ အဲဒီ သူဖုန်းစားအိုကြီးက ဘယ်သူလဲဗျ "
" သူက ဆရာစွန်းလေ။ ဘိုးဘိုး လက်ဖက်ရည်ဆိုင်ထဲမှာ စားပွဲထိုးလုပ်ခဲ့တုန်းက သူက ဘိုးဘိုး အလေးစားရဆုံး ပုဂ္ဂိုလ်ပေါ့ "
" အဲတာဆို သူက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။ အိပ်မပြန်ဘူးလား "
" ဆရာစွန်းရဲ့ ရည်မှန်းချက်ပန်းတိုင်က တောင်တန်းတွေနဲ့ မြစ်တွေကို ဖြတ်ပြီး သာမန်လူတွေရဲ့ဘဝကို အကဲခတ်လေ့လာဖို့လေ။ သူ မောနေလို့ ဒီနေရာမှာ ခဏနားနေတာ ဖြစ်မှာပါ " လူကြီးမင်းကျိုးမှာ ကလေးငယ်လေး၏ မေးခွန်းများကို ပြန်ဖြေရင်း တဖြည်းဖြည်း အဝေးသို့ ထွက်ခွာသွားတော့သည်။
သူသည် သူ၏ နောက်၌ ကျန်ရစ်ခဲ့သည့် သူဖုန်းစားအိုကြီးအား မမြင်နိုင်ပေ။ ထို သူဖုန်းစားအိုကြီးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေ၏။ ထို့အပြင် သူသည် မျက်လုံးများ မှိတ်ထားသည့်တိုင်အောင် မျက်ရည်များ အဆက်မပြတ် စီးကျလာနေဆဲပင်။ သူ၏ မျက်ရည်များနှင့်အတူ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အုံ့မှိုင်းနေသည့် မိုးကောင်းကင်ကြီးထဲမှ အေးစက်စက် မိုးရေစက်များ ရွာကျလာတော့သည်။
ထို မိုးရေစက်များမှာ အလွန်အင်မတန်မှ အေးစက်လွန်းနေ၏။ ထို့ကြောင့် သူဖုန်းစားအိုကြီးမှာ တဖြည်းဖြည်းနှင့် မျက်လုံးများ ပြန်ပွင့်လာသည်။ သူသည် စားပွဲပေါ်မှ အနက်ရောင် သစ်သားပျဥ်ပြားလေးအား ကောက်ယူလိုက်ပြီးနောက် ၎င်းအား တယုတယ ပွတ်သပ်နေလိုက်၏။ ထို သစ်သားပျဥ်ပြားလေးမှာ သူ့အား အစမှအဆုံးအထိ အဖော်ပြုပေးခဲ့သည့် တစ်ခုတည်းသောအရာ မဟုတ်ပါလော။
သူဖုန်းစားအိုကြီးမှာ အနက်ရောင် သစ်သားပျဥ်ပြားလေးအား ပွတ်သပ်နေရင်း ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ သူသည် ပုံပြင်၏ အဆုံးမှ မိုးရေစက်များကို ကောင်းကောင်းကြီးမှတ်မိနေဆဲပင်။
လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်တုန်းကလည်း ထို မိုးရေစက်များမှာ အေးစက်နေခဲ့သည်သာ ဖြစ်သည်။ သူသည် လော့နှင့်ဂူ ပုံပြင်အား ပြောပြခဲ့ပြီးနောက် အခြား မည်သည့်အိပ်မက်မှ ထပ်မမက်ခဲ့ပေ။ သူကိုယ်တိုင် ဖန်တီးခဲ့သည့် နတ်ဆိုး၊ မကောင်းဆိုးဝါး၊ ထာဝရစိတ်ဆန္ဒနှင့် နတ်တစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပိုင်း ပုံပြင်များမှာလည်း စိတ်ဝင်စားစရာ မကောင်းခဲ့ပေ။ အစတွင် လူများမှာ သူ၏ ပုံပြင်အသစ်များကို မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေခဲ့ကြပါသော်လည်း နောက်ဆုံးတွင် စိတ်မရှည်တော့သဖြင့် သူ့အား လျစ်လျူရှုထားလိုက်ကြသည်သာ ဖြစ်သည်။
သူသည် ပုံပြင်အမျိုးမျိုး ပြောခဲ့ပါသော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထို့ကြောင့်လည်း သူသည် သူ၏ မိသားစုထဲ၌ ပို၍ပင် သိမ်ငယ်လာရ၏။ သူ၏ ယောက္ခမကြီးဖြစ်သူမှာလည်း မကျေမနပ် ဖြစ်နေသလို သူ၏ ဇနီးဖြစ်သူမှာလည်း သူ့အား ရွံရှာစက်ဆုပ်ကာ အထင်မြင်သေးနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူဆီတွင် မျှော်လင့်ချက်ဟူ၍ နန်းတွင်းစာမေးပွဲများသာ ရှိတော့ပေသည်။
သို့သော်... သူသည် ထိုစာမေးပွဲများကိုလည်း ကျရှုံးခဲ့သည့်သာဖြစ်သည်။
ထိုကဲ့သို့သော ကျရှုံးမှုများကြောင့် စွန်းသဲ့မှာ ကြံရာမရဖြစ်ကာ လော့နှင့်ဂူ ပုံပြင်အား ပြန်ပြောရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထို ပုံပြင်ကြောင့် သူ၏ ဘဝမှာ ယခင်အခြေအနေသို့ တစ်ခဏမျှ ပြန်ရောက်သွားခဲ့ပါသော်လည်း အချိန်များ ကုန်ဆုံးလာသည်နှင့် မည်သူကမှ စိတ်မဝင်စားကြတော့ပေ။ ထိုသို့ဖြင့် ခုနှစ်တိတိ ကုန်ဆုံးသွားပြီး မြို့ထဲရှိလူတိုင်း ထိုပုံပြင်အား ကြားပြီးသွားကြသည့် အချိန်တွင် စွန်းသဲ့မှာ အလုပ်ပြုတ်သွားတော့သည်။
သူ့ဆီတွင် ဝင်ငွေမရှိတော့သလို သူ၏ ဂုဏ်သတင်းမှာလည်း တဖြည်းဖြည်းနှင့် ကျဆင်းလာ၏။ ထိုအချိန်တွင် သူ၏ ဇနီးဖြစ်သူမှာ သူ့ကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် အရှက်ရခဲ့ရသဖြင့် သူ၏ ရှေ့၌ပင် အခြားယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်ခဲ့၏။ ထို့နောက် သူမသည် စွန်းသဲ့နှင့် ကွာရှင်းပြတ်စဲကာ အခြားတစ်ယောက်နှင့် မင်္ဂလာပြန်ဆောင်ခဲ့သည်။
စွန်းသဲ့မှာ ထိုကဲ့သို့ အိမ်ထောင်ရေးဖောက်ပြန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် ခြေထောက်နှစ်ဖက်စလုံး ကျိုးသည့်အထိ ရိုက်နှက်ကန်ကျောက်ခံခဲ့ရပြီး အိမ်အပြင်သို့ နှင်ထုတ်ခံခဲ့ရ၏။ ထိုနေ့တုန်းကလည်း မိုးများ တဖွဲဖွဲရွာသွန်းနေခဲ့ပြီး ထိုမိုးရေစက်များမှာ ရေခဲတမျှ အေးစက်နေခဲ့သည်သာ ဖြစ်သည်။
သူသည် သူ၏ မိသားစု၊ သူ၏ အသက်မွေးလုပ်ငန်း၊ သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ ခြေထောက်နှစ်ဖက်ကိုသာမက အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး မိုးရေများထဲ၌ လဲလျောင်းကာ အသံကုန်အော်ဟစ်နေခဲ့ရ၏။ နောက်ဆုံးတွင် သူသည် ကံကြမ္မာ၏ ထိုးနှက်ချက်များကို ရင်မဆိုင်နိုင်တော့သဖြင့် ရူးသွားတော့သည်။
ထိုသို့ဖြင့် သူသည် သူဖုန်းစားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ရောက်သွားခဲ့၏။
ယခုတွင် စွန်းသဲ့မှာ အနက်ရောင် သစ်သားပျဥ်ပြားလေးအား ပွတ်သပ်နေရင်း မိုးရေစက်များကို ကြည့်နေ၏။ ထိုမိုးရေစက်များမှာ ယခင်တုန်းကထက်ပင် ပို၍ အေးစက်နေသဖြင့် သူသည် ဤကမ္ဘာကြီးထဲတွင် သူတစ်ယောက်တည်း ကျန်တော့သည့်အလား ခံစားနေရသည်။ သူ၏ အမြင်အာရုံမှာ မှုန်ဝါးဝါး ဖြစ်နေသည့်တိုင်အောင် သူသည် လူများစွာအား ပြန်လည်မြင်ယောင်လာသလို နားထဲတွင်လည်း စကားသံမျိုးစုံကို ပြန်၍ ကြားယောင်နေတော့သည်။
" ဆရာစွန်း။ နည်းနည်းလောက် ဆက်ပြောပြပါဦးဗျ "
" ဟုတ်တယ်။ ဆရာစွန်းရ။ ကျွန်တော်တို့မှာ နားထောင်ချင်လွန်းလို့ တစ်ပိုင်းသေနေပြီ။ တိုးလိုးတန်းလန်းကြီး မထားခဲ့ပါနဲ့ "
" ဆရာစွန်း၊ ဆရာစွန်း။ ကျွန်နော်တို့ကို အကြာကြီး စောင့်ခိုင်းခဲ့ပေမဲ့ စောင့်ရကျိုးနပ်ပါပေတယ်ဗျာ "
စွန်းသဲ့မှာ ထိုစကားသံများနှင့်အတူ သူ၏ အမြင်အာရုံထဲ၌ ပြန်လည် ပေါ်ပေါက်လာသည့် စိတ်အားထက်သန်မှု အပြည့်ရှိနေသော မျက်နှာများကြောင့် ပြုံးမိသွား၏။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနဲ့ အေးစက်လာပြီး သူ၏ အပြုံးမှာလည်း ထာဝရ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ထိုအချိန်တွင်... သူသည် လူအုပ်ကြီးထဲ၌ လူနှစ်ယောက်အား ရုတ်တရက်ဆိုသလို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ သူတို့ထဲမှတစ်ယောက်မှာ အဖြူရောင်ဆံပင်နှင့် လူကြီးတစ်ယောက်ဖြစ်ပြီး သူ၏ မျက်ဝန်းများထဲတွင် ပူဆွေးသောကများဖြင့် ပြည့်နှက်နေသည်။ သူ၏ ဘေးတွင်မူ အနီရောင် ဝတ်စုံတစ်ခုအား ဆင်မြန်းထားသည့် ကလေးမလေးတစ်ယောက် ရှိနေ၏။ သူမ၏ အဝတ်အစားများမှာ အနီရောင် ဖြစ်နေပါသော်လည်း သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း မှုန်ဝါးဝါး ဖြစ်နေသောကြောင့် သူမသည် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေတော့သည်။
သူတို့နှစ်ယောက်မှာ မလှုပ်မယှက်ထိုင်ကာ သူ့အား စိုက်ကြည့်နေကြ၏။
" လူကြီးမင်းခင်ဗျား။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်သမီးလေးရဲ့ အသက်ကို ကယ်ပေးပါ။ ကျွန်တော် ဘာမဆို ပေးဆပ်ရ ပေးဆပ်ရ အဆင်သင့်ပါပဲ " စွန်းသဲ့ သူတို့နှစ်ယောက်အား လှမ်းကြည့်လိုက်ချိန်တွင် အဖြူရောင်ဆံပင်နှင့် လူကြီးမှာ မတ်တတ်ထလာပြီး တရိုတသေ ဦးညွှတ်ကာ တောင်းဆိုလိုက်တော့သည်။