အနက်ရောင် သစ်သားပျဥ်ပြားလေး
Vol. 78 Ch. 1086
အဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာ ရိုးသားမှုအပြည့် ရှိနေ၏။ သူ၏ မျက်ဝန်းများထဲတွင် ပူဆွေးသောကများသာမက အသနားခံနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်ကိုပင် မြင်နိုင်ပေသည်။
သူသည် သူ၏ သမီးလေးအတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေ၏။ သူ၏ အသက်ကိုပင် စတေးရလျှင်တောင် သူသည် တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ပေ။
သူ၏ ဘေးတွင် ရှိနေသည့် ကလေးမလေးမှာ အနီရောင်ဝတ်စုံတစ်ခုကို ဆင်မြန်းထားသည်။ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသလို သူမ၏ မျက်ဝန်းများမှာလည်း အသက်မဲ့နေ၏။ သူမ၏ ခန္ဓာကိုယ်မှာလည်း မှုန်ဝါးဝါး ဖြစ်နေပြီး သေမင်းအငွေ့အသက်များ ထုတ်လွှတ်နေသေးသည်။ သို့ဖြစ်ရာ သူမအား တစ္ဆေတစ်ကောင်အဖြစ်ပင် သတ်မှတ်၍ရပေသည်။
ထို အခြင်းအရာများကြောင့် သူဖုန်းစားအိုကြီး စွန်းသဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူကိုယ်တိုင်ပင်လျှင် အခြေအနေဆိုးနေသည်ကို အထင်အရှား မြင်နေရသည်ဖြစ်ရာ သူသည် ထို သက်လတ်ပိုင်းလူကြီး သူ့ဆီမှ အကူအညီလာတောင်းရသည့် အကြောင်းအရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။
" ငါ ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး " စွန်းသဲ့မှာ အားအင်များ နုံးချည့်နေသောကြောင့် သူ၏ မျက်လုံးများကိုပင် ကောင်းကောင်း မဖွင့်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပို၍ အေးစက်လာနေပြီဖြစ်ရာ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေ၏။ သူ၏ နှုတ်မှ ထွက်လာသည့် စကားသံကိုပင်လျှင် ခပ်သဲ့သဲ့မျှသာ ကြားရတော့သည်။
အဖြူရောင်ဆံပင်နှင့် လူကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ခေါင်းမော့လာပြီး သူဖုန်းစားအိုကြီးအား ကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် နာကြည်းနေသည့် မျက်နှာအမူအရာဖြင့် သူ၏ သမီးလေးအား ကြည့်လိုက်ပြီးနောက် စွန်းသဲ့အား ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံပင်။
" လူကြီးမင်း။ ကျွန်တော် လူကြီးမင်းကို ပုံပြင်တွေ ပြောပြရမလား " ထို သက်လတ်ပိုင်းလူကြီးမှာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
" ပုံပြင်တွေ ဟုတ်လား " ထိုအခါ စွန်းသဲ့မှာ တအံ့တဩ ဖြစ်သွားရသည်။ သူသည် ' ပုံပြင် ' ဆိုသည့် စကားလုံးအား ကြားလိုက်ရသည်နှင့် အာရုံစူးစိုက်နိုင်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ အနက်ရောင် သစ်သားပျဉ်ပြားလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မျှော်လင့်စောင့်စားချက်များ ပြည့်နှက်နေသည့် ခပ်မှိန်မှိန် မျက်ဝန်းတစ်စုံဖြင့် အဖြူရောင်ဆံပင်နှင့် လူကြီးအား ကြည့်နေလိုက်တော့သည်။
" အခုပြောပြမယ့် ပုံပြင်က ဒုတိယ သံသရာစက်ဝန်းရဲ့ အနန္တကပ်ကမ္ဘာတွေထဲက ကပ်ကမ္ဘာတစ်ခုထဲမှာ ဖြစ်ခဲ့တာ။ လူရိုင်းတွေအကြောင်း ပုံပြင်တစ်ပုဒ်ဆိုလည်း ဟုတ်သလို ကံကြမ္မာအကြောင်း ပုံပြင်တစ်ပုဒ်ဆိုလည်း ဟုတ်တယ် "
" လူရိုင်းမျိုးနွယ်စုတစ်ခုထဲမှာ အဘိုးကြီးတစ်ယောက်၊ ရှောင်ဟုန်းဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ ဘဝခရီး ဆုံးတဲ့အထိ နှင်းတောကြီးကို ဖြတ်လျှောက်ရမယ်ဆိုတဲ့ ကတိတစ်ခု ရှိတယ်... "
စွန်းသဲ့မှာ အဖြူရောင်ဆံပင်နှင့် လူကြီး ပြောပြနေသော ပုံပြင်အား တိတ်တိတ်ကလေး နားထောင်နေ၏။ ထိုပုံပြင်ထဲတွင် စွန်းသဲ့မှာ အမှားနှင့်အမှန်ကို အမြဲတစေ လိုက်လံရှာဖွေနေခဲ့သည့် လူတစ်ယောက်အကြောင်း သိခဲ့ရသည်။ သူသည် ထပ်တလဲလဲ လူပြန်ဝင်စားကာ သေရွာမှ တစိကြိမ်ပြီးတစ်ကြိမ် အသက်ပြန်ရှင်ပြန်လာခဲ့ပြီး နောက်ဆုံးတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏....
" တခြားသူတွေအကုန် ယစ်မူးနေတဲ့အချိန် သူတစ်ယောက်တည်း အသိစိတ်ရှိနေတာ။ တခြားသူတွေအကုန် အသိစိတ်ရှိနေတဲ့အချိန် သူတစ်ယောက်တည်း ယစ်မူးနေတာ။ အဲဒီ ဖြစ်စဉ်နှစ်ခုရဲ့ကြားက ကွဲပြားခြားနားချက်က ဘာလဲ... တာအိုလမ်းစဉ်ပေါ်မှာ အဆုံးထိလျှောက်တဲ့အခါ ကိုယ်တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတာ။ တာအိုလမ်းစဉ်ရဲ့ အဆုံးကို ရောက်သွားတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် ဆုံးရှုံးလိုက်ရတာ။ အဲဒီဖြစ်စဉ်နှစ်ခုရဲ့ ကြားက ကွဲပြားခြားနားချက်ကရော ဘာလဲ "
" အမှန်ဆိုတာ ဘာလဲ။ အမှားဆိုတာ ဘာလဲ။ အကုန်လုံးက စိတ်ခံစားချက် ပြောင်းလဲမှုတွေပဲ။ စွဲလမ်းမှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ အရာတွေပဲ။ ကိုယ့်ရဲ့ စွဲလမ်းမှုက အဆုံးအစွန်အထိ ရောက်မှ ' နတ်ဆိုး ' ဆိုတဲ့စကားလုံးကို သုံးနိုင်မှာ "
" အဲတာမလို့ ကျွန်တော်ကတော့ ဒီပုံပြင်ကို... နတ်ဆိုးရဲ့ ပုံပြင်လို့ ခေါ်တယ်။ ပုံပြင်ရဲ့ အဆုံးမှာ သူက လော့ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်နိုင်ခဲ့တာ "
" သံသရာကို စွဲလမ်းနေတဲ့ နတ်ဆိုး " ထိုအချိန်တွင် စွန်းသဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်ဝန်းများ ဝင်းလက်စွာ တောက်ပသွား၏။ ထို ပုံပြင်မှာ သူ ယခင်တုန်းက ပြောခဲ့ဖူးသည့် နတ်ဆိုးပုံပြင်ထက် အများကြီးပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေသည်မဟုတ်ပါလော။
အဖြူရောင်ဆံပင်နှင့် လူကြီးမှာမူ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏။
" ဒုတိယပုံပြင်ကလည်း စွဲလမ်းမှုအကြောင်း ပုံပြင်တစ်ပုဒ်ပဲ။ အဲဒီ ပုံပြင်ရဲ့ ဇာတ်လမ်းက... ဟင်္သပဒါးငှက်ဂြိုဟ်လို့ ခေါ်တဲ့ နေရာတစ်ခုမှာ စတာ။ အဲဒီ ဂြိုဟ်ပေါ်မှာ ကျောက်နိုင်ငံတော်လို့ခေါ်တဲ့ နိုင်ငံတစ်ခုရှိခဲ့တယ်... "
အဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီး ပြောပြသည့် ဒုတိယပုံပြင်မှာ ပထမပုံပြင်ထက်ပင် ပို၍ အသေးစိတ်ကျ၏။ ၎င်းမှာ ဇနီးသည်အား အသက်ပြန်သွင်းနိုင်ရန်အတွက် မိမိ၏ ကိုယ်ပွားဖြင့် အချိန်အား ထပ်တလဲလဲ အစမှ ပြန်စခဲ့ပြီးနောက် မိမိ၏ ခန္ဓာကိုယ်အစစ်ဖြင့် ဘဝဟောင်းထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်သွားခဲ့သည့် လူတစ်ယောက်၏ ပုံပြင် ဖြစ်သည်။
ထို ပုံပြင်ထဲတွင် အဓိကဇာတ်ကောင်မှာ နတ်ဘုရားများနှင့် နတ်ဝိဇ္ဇာများအား ရင်ဆိုင်ခဲ့ရ၏။ မိုးကောင်းကင်ကြီးမှာ သူ၏ ဇနီးအား သေရွာသို့ ခေါ်သွားလိုလျှင်တောင် သူသည် သူမအား မရရအောင် ပြန်ခေါ်မည်ဖြစ်သည်။
" ငုံ့ခံရင် လူသားဖြစ်မယ်၊ ဖီဆန်ရင် နတ်ဝိဇ္ဇာဖြစ်မယ်... "
" ဇောက်ထိုးမိုးမျှော် ဖြစ်နေတဲ့ နတ်တစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပိုင်း " စွန်းသဲ့မှာ အဖြူရောင်ဆံပင်နှင့် လူကြီး စကားဆုံသည့် အချိန်ထိ မစောင့်ဘဲ ပုံပြင်၏ အဆုံးအား ပြောလိုက်၏။ ထိုပုံပြင်ကြောင့် သူ၏ ဦးရေခွံများမှာ ထုံကျဉ်နေရပြီဖြစ်သည်။ ၎င်းမှာ အသေးစိတ်ကျလွန်းနေသောကြောင့် ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းနေ၏။
ခဏအကြာတွင် အဖြူရောင်ဆံပင်နှင့် လူကြီးမှာ ဆက်ပြောလိုက်ပြန်သည် " သူကလည်း လော့ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်ခဲ့တာ "
" တတိယပုံပြင်က တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းထဲမှာ စတာ။ ဆုတောင်းပြည့်ပုလင်းလေး တစ်လုံးကို စွန့်ပစ်ခဲ့ပြီးတော့ မကောင်းဆိုးဝါးလမ်းစဉ်ပေါ်မှာ လျှောက်ခဲ့တဲ့ ပညာရှိတစ်ယောက်ရဲ့ ပုံပြင်ပေါ့ "
ထိုပုံပြင်မှာ ပညာရှိတစ်ယောက်၏ ဘဝအကြောင်းဖြစ်သည်။ သူသည် တောင်တန်းများ ပင်လယ်များကို ကျော်ဖြတ်ရင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြောင့် မကောင်းဆိုးဝါး တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားခဲ့၏။ သူ၏ ကျောချမ်းဖွယ်ရာ ရယ်မောသံကြီးအား ကြားလိုက်ရသည့်လူတိုင်းမှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။ ထို့အပြင် ထိုပုံပြင်ထဲတွင် ကျယ်ပြန့်တာအိုနယ်မြေထဲမှ လူများကြောင့် ကျယ်ပြန့်ဟင်းလင်းပြင်ကြီးထဲ၌ ကျန်ရစ်ခဲ့သည့် နာကြည်းမှုများနှင့် မကျေနပ်ချက်များကိုလည်း ဖော်ပြထားသေးသည်။
" အဲဒီပုံပြင်ထဲက ဇာတ်ကောင် ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။ သူ့ရဲ့ဘဝက မိုးကောင်းကင်ကြီးကို ချိတ်ပိတ်ချင်တဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုပဲတဲ့။ သူက... လော့ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်နိုင်ခဲ့ရုံတင် မကဘူး။ သူ့ကိုယ်သူ လော့အဖြစ်ကို ရောက်သွားအောင် ပြောင်းလဲပစ်ခဲ့သေးတာ။ အဲဒီလိုနဲ့ သူက လော့ရဲ့ဘဝကို နားလည်အောင် လုပ်ပြီးသွားတော့မှ နောက်ဆုံး တခြားသူတွေနဲ့ ပူးပေါင်းပြီး လော့ကို သတ်ပစ်ခဲ့တာ "
အဖြူရောင်ဆံပင်နှင့် လူကြီး၏ တတိယပုံပြင်မှာ ဒုတိယပုံပြင်နှင့် ယှဉ်လိုက်ပါက အသေးစိတ်မကျပေ။ သို့သော်လည်း စွန်းသဲ့မှာ ၎င်းအား နားလည်သွားခဲ့ဆဲပင်။ ထို့ကြောင့် သူသည် မျက်ဝန်းများ တောက်ပလာပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" မိုးကောင်းကင်ကို ချိတ်ပိတ်တဲ့ မကောင်းဆိုးဝါးဆိုတာ သူကိုး "
" ထာဝရစိတ်ဆန္ဒပိုင်ရှင်ကရော ဘယ်သူလဲ။ သူက ဘယ်ပုံပြင်ထဲမှာ ပါတာလဲ " စွန်းသဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး အဖြူရောင်ဆံပင်နှင့် လူကြီးအား ကြည့်ကာ အလောတကြီး မေးမြန်းလိုက်၏။
ထိုအခါ အဖြူရောင်ဆံပင်နှင့် လူကြီးမှာ အချိတ်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည် " လူကြီးမင်း။ ကျွန်တော်... အဲဒီပုံပြင်ကိုတော့ မပြောပြနိုင်ဘူး "
စွန်းသဲ့မှာမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ၏ လက်ထဲမှ အနက်ရောင် သစ်သားပျဉ်ပြားလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ လက်ဖဝါးအား ပြန်ဖြန့်လိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တစ်စုံတစ်ခုအား နားလည်သွားသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
" မင်း ငါ့ကို တခြား ဘာတွေ ပြောပြလို့ရသေးလဲ "
" ကျွန်တော့်သမီးလေး ဒဏ်ရာရထားလို့ပါ။ ကျွန်တော်ကိုယ်တိုင်တောင် သူ့ရဲ့ အသက်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော် လူတွေအများကြီးဆီ လိုက်ပြီးတော့ အကူအညီတောင်းပြီးသွားပြီ။ နောက်ဆုံးတော့ အကူအညီပေးနိုင်တဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ သူပြောတာကတော့... နတ်ဝိဇ္ဇာတစ်ယောက်ပဲ သူ့ရဲ့အသက်ကို ကယ်နိုင်မှာတဲ့ "
" ကျွန်တော် အဲဒီ နတ်ဝိဇ္ဇာကို တွေ့လိုတွေ့ငြား ဒုတိယသံသရာစက်ဝန်းထဲက ကပ်ကမ္ဘာတွေ အကုန်လုံးထဲမှာ လိုက်ရှာခဲ့တာ။ အချိန်မြစ်ကြီးထဲမှာလည်း တစ်လက်မ မကျန် လိုက်ရှာခဲ့တာ။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ကျွန်တော် ကျောက်ပြားတစ်ပြားကို ရှာတွေ့ခဲ့တာပဲ "
" အဲဒီတုန်းက ကျွန်တော် တခြားသူတွေနဲ့ အတိုက်အခံ လုပ်ခဲ့ပြီးတော့ အဲဒီကျောက်ပြားရဲ့ အစိတ်အပိုင်းအချို့ကို သန့်စင်၊ အနန္တကပ်ကမ္ဘာကျိန်စာကို အတင်းအဓမ္မ ဖွင့်ပြီး နတ်ဝိဇ္ဇာကို ချိတ်ပိတ်ထားတဲ့ ဒဏ္ဍာရီလာ အဆုံးမဲ့တာအိုနယ်မြေထဲကို ဝင်သွားခဲ့တာ။ အဲဒီ နယ်မြေထဲမှာ.... ကျွန်တော် လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ် "
" အဆုံးမဲ့တာအိုနယ်မြေနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တစ်ခု၊ နတ်ဝိဇ္ဇာကြီးနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ ကျွန်တော် အဲဒီလျှို့ဝှက်ချက်ကို ကျွန်တော့် သမီးလေးရဲ့ အသက်နဲ့ လဲချင်ပါတယ် " အဖြူရောင်ဆံပင်နှင့် လူကြီးမှာ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် စွန်းသဲ့အား စိုက်ကြည့်ကာ တောင်းဆိုလိုက်သည်။
ထိုအခါ စွန်းသဲ့မှာ ခေါင်းမော့လာ၏။ သူ၏ အနက်ရောင်မျက်ဝန်းများထဲတွင် အထူးအဆန်း ဖြစ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်၏။
" ငါ အဲဒီ လျှို့ဝှက်ချက်ကို တကယ်သိချင်ပေမဲ့... လူတွေရဲ့ အသက်ကို ဘယ်လိုကယ်ရမလဲဆိုတာ မသိဘူးကွ။ ငါက ပညာရှိတစ်ယောက် မဟုတ်ပါဘူး။ ပုံပြင်ဆရာတစ်ယောက်ပါ... "
" လူကြီးမင်းဘက်က သဘောတူတယ်လို့ပြောလိုက်ရင် ရပါပြီ " အဖြူရောင်ဆံပင်နှင့် လူကြီးမှာမူ လက်မလျှော့သေးပေ။
ထို့ကြောင့် စွန်းသဲ့မှာလည်း သက်ပြင်းချကာ ပြန်ပြောလိုက်တော့သည်။
" ကောင်းပြီလေ။ ငါ သဘောတူတယ် "
ထိုအခါ အဖြူရောင်ဆံပင်နှင့် လူကြီးမှာလည်း သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်ကိုပင် မြင်နိုင်ပေသည်။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ စွန်းသဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ပြီးနောက် ဆက်ပြောလိုက်၏။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်တော် ရှာတွေ့ခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ... ဒီနေရာက အဆုံးမဲ့တာအိုနယ်မြေအစစ် မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ "
" ဒုတိယ သံသရာစက်ဝန်းရဲ့အစမှာ ပထမဆုံးပေါ်ပေါက်လာခဲ့တဲ့ အနန္တကပ်ကမ္ဘာက အဆုံးမဲ့တာအိုနယ်မြေ ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေက အဆုံးမဲ့တာအိုနယ်မြေ အစစ်မဟုတ်ဘူး။ တကယ့် အဆုံးမဲ့တာအိုနယ်မြေ အစစ်က သံသရာစက်ဝန်းရဲ့ အပြင်ဘက်မှာပါ "
အဖြူရောင်ဆံပင်နှင့် လူကြီး ထိုသို့ဆိုလိုက်သည်နှင့် စွန်းသဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သူသည် ထိုကဲ့သို့ တုန်ရီနေရသည့် အကြောင်းရင်းကို မသိပါသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ထဲ၌ အသိစိတ်တစ်ခု နိုးထလာပြီး သက်ဝင်လှုပ်ရှားလာသကဲ့သို့ပင်။ ထို အသိစိတ် ပို၍အားကောင်းလာသည်နှင့် သူ၏ ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးမှာလည်း တဖြည်းဖြည်းနှင့် မှုန်ဝါးဝါးဖြစ်လာပြီး တစ်စစီကွဲအက်လာတော့သည်။ အဖြူရောင်ဆံပင်နှင့် လူကြီးနှင့် ကလေးမလေး၏ ပုံရိပ်များမှာလည်း စတင် တွန့်လိမ်ပုံပျက်လာ၏။ သို့ဖြစ်ရာ ထိုအခိုက်အတန့်တွင် ထိုကမ္ဘာကြီးထဲ၌ ရှိနေသည့်အရာအားလုံးမှာ ပျက်စီးသွားတော့မည့် အလားပင်။
ထို့ကြောင့် သူသည် သူ့အား တစ်ဘဝလုံး အဖော်ပြုပေးခဲ့သည့် အနက်ရောင် သစ်သားပျဉ်ပြားလေးအား လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလိုက်၏။ ထိုအချိန်တွင် သူ စိုက်ထုတ်လိုက်သည့် အင်အား များသွားသောကြောင့်လားတော့ မသိပေ။ ထို အနက်ရောင် သစ်သားပျဉ်ပြားလေးပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာတော့သည်။ အကယ်၍ ၎င်းသာ လူတစ်ယောက် ဖြစ်နေမည်ဆိုပါက ထို အခိုက်အတန့်တွင် နာကျင်မှုဝေဒနာများ အပြင်းအထန် ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကြေမွပျက်စီးသွားလောက်ပြီ ဖြစ်သည်။
စွန်းသဲ့မှာမူ သူ၏ ရှေ့တွင် ရှိနေသည့် ကမ္ဘာကြီး လုံးဝပျက်စီးသွားသည်ကို မြင်လိုက်ရ၏။ ထိုအချိန်တွင် သူ၏ ဝိညာဉ်ထဲမှ နိုးထလာနိုင်ရန် ကြိုးစားနေသည့် အသိစိတ်မှာ အားကုန်သွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ အောင်မြင်စွာ နိုးထလာနိုင်ခြင်းမရှိဘဲ စတင် လွင့်ပါးပျောက်ကွယ်သွားတော့သည်။
၎င်းမှာ... ယခုမှ အမှန်တကယ် လွင့်ပါးပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။
သို့သော် ၎င်းမှာ သေဆုံးသွားခြင်းမဟုတ်ဘဲ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲသို့ ထာဝရ ဝင်ရောက်သွားခြင်းသာ ဖြစ်သည်။ စွန်းသဲ့မှာမူ အသိစိတ် ပျောက်မသွားခင် ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သွား၏။ ထိုကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားခဲ့သည့် အသိစိတ်မှာ သူပြောခဲ့သည့် ပုံပြင်ထဲမှ ရှေးဟောင်းနတ်ဝိဇ္ဇာ၏ ဝိညာဉ်အကြွင်းအကျန် ဖြစ်နေလောက်ပေသည်။ သူ တိုက်ခဲ့သည့် ကျိန်စာ၏ အချိန်ကန့်သတ်ချက်ဖြစ်သော ဒုတိယသံသရာစက်ဝန်းမှာ ပြီးဆုံးသွားတော့မည်ဖြစ်ရာ ထို အသိစိတ်မှာလည်း ဘယ်သောအခါမှ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
သူ၏ ဝိညာဉ်အကြွင်းအကျန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ အသိစိတ်ပျောက်ကာ ရီဝေဝေဖြစ်နေခဲ့ပြီး ပြန်လည် နိုးထလာခဲ့ခြင်း မရှိသောကြောင့် နတ်ဝိဇ္ဇာကြီးမှာ ရှုံးနိမ့်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။
သို့သော် အဖြူရောင်ဆံပင်နှင့် လူကြီး၏ ပြောစကားများအရဆိုလျှင် လော့မှာ သတ်ဖြတ်ခံလိုက်ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ရှေးဟောင်းနတ်ဝိဇ္ဇာကြီးမှာ အနိုင်ရရှိသွားခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။
စွန်းသဲ့မှာ အဖြူရောင်ဆံပင်နှင့် လူကြီး မပြောပြခဲ့သည့် ထာဝရစိတ်ဆန္ဒပုံပြင်အကြောင်း ပြန်၍ သတိရသွားပါသော်လည်း ထိုအကြောင်းများစဉ်းစားရန် စိတ်မပါတော့ပေ။
" အဲဒီအကြောင်းတွေ ဆက်မတွေးချင်တော့ဘူးကွာ။ ကိုယ့်အကြောင်းကိုယ်ပဲ တွေးတော့မယ်။ ငါ တစ်ဘဝလုံး ပြောနေခဲ့တဲ့ ပုံပြင်က... ငါ့အကြောင်း ဖြစ်နေတာကိုး... " စွန်းသဲ့တစ်ယောက် ထိုသို့ ရေရွတ်လိုက်ပြီး ရယ်မောနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးနဲ့အတူ ပျက်စီးသွား၏။ သူ့အား တစ်ဘဝလုံး အဖော်ပြုပေးခဲ့သည့် အနက်ရောင် သစ်သားပျဥ်ပြားလေးမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ အချိန်မရွေး တစ်စစီ ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်ကြီးထဲ၌ လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံပင်။
အမှောင်ထုများနှင့် အအေးဓာတ်များသာ ရှိနေသော ဟင်းလင်းပြင်ကြီးထဲ၌ ထို အနက်ရောင် သစ်သားပျဥ်ပြားလေးမှာ အောက်သို့ အဆက်မပြတ် ကျဆင်းနေသည်။
ထို့နောက် ဘဝပေါင်းများစွာ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားသည်နှင့် ထို အနက်ရောင် သစ်သားပျဥ်ပြားလေးပေါ်ရှိ အက်ကွဲကြောင်းများမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်စပြုလာ၏။
ထိုသို့ဖြင့် သမိုင်းတစ်လျှောက်လုံး၌ မည်သူမှမမြင်ဖူးသည့် ပြောင်းလဲမှုများ ထို အနက်ရောင် သစ်သားပျဥ်ပြားလေး၏ ကိုယ်ထည်ပေါ်၌ ပေါ်ပေါက်လာချိန်တွင် ၎င်းပေါ်ရှိ အက်ကွဲကြောင်းများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတွင် ဟင်းလင်းပြင်ကြီးမှာ မှောင်မိုက်နေခဲ့ရာမှ အလင်းရောင်များဖြင့် တောက်ပလာပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် စကြဝဠာကြီးမှာလည်း စတင်ပြောင်းလဲလာ၏။ ထို ကမ္ဘာသစ်ကြီးထဲတွင် အနက်ရောင် သစ်သားပျဥ်ပြားလေးမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ သာမန်ဂြိုဟ်တစ်လုံးပေါ်ရှိ တောအုပ်တစ်အုပ်ထဲ၌ မီးဖွားတော့မည့် သမင်မကြီးတစ်ကောင်၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားတော့သည်။