နေသူတော်စင်ဂိုဏ်းနဲ့ပတ်သက်ပြီးဘာများဖြစ်ချင်တာရှိသလဲ
Vol. 76 Ch. 1071
အခန်း (၁၀၇၁) နေသူတော်စင်ဂိုဏ်းနဲ့ပတ်သက်ပြီးဘာများဖြစ်ချင်တာရှိသလဲ
ရန်ကျောက်ကဲ ကောင်းကင်အက်ကွဲကြောင်းအတွင်း ဖြတ်သန်းဝင်ရောက်သွားပြီး အာကာသဗလာနယ် အရံအတားပုံရိပ်ယောင်များက ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲသွားသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိချိန်မှာတော့ ရုတ်တရက် အတားဆီးခံလိုက်ရ၏။
ထို့ကြောင့် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်မှလွဲပြီး အခြားသော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အထက်ဘုံကမ္ဘာတွင် ချန်ထားခဲ့လိုက်ရသည်။
သို့သော် အောက်ဘုံကမ္ဘာက ယိုးမင်ဂမ္ဘီရစက်ဝန်းကိုလည်း လက်ခံနိုင်စွမ်း မရှိပေ။
ထိုပစ္စည်းက ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်းဖြစ်ပါက ကိုယ်ပိုင်စွမ်းကို ချိန်ညှိနိုင်မည် ဖြစ်ပြီး အောက်ဘုံကမ္ဘာသို့ သယ်ဆောင်နိုင်မည် ဖြစ်သည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းက အမြောင်းပေါက်တစ်ခုသာလျှင် အလင်းရောင်ထုတ်လွှတ်နိုင်ပါက အားနည်းနေသေးသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ယူဆောင်ကောင်း ယူဆောင်နိုင်ပေမည်။
သို့သော် ယခုတော့ အမြောင်းပေါက်ကိုးခုက အလင်းရောင်ထွက်ပေါ်နေသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာက လက်မခံဘဲ ငြင်းပယ်ခြင်း ဖြစ်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်လိုက်ပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းကိုပါ အထက်ဘုံကမ္ဘာတွင် ထားခဲ့လိုက်ရသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ကောင်းကင်အက်ကွဲကြောင်းက ယခင် နေသူတော်စင်ဂိုဏ်းတည်ရှိခဲ့ရာ ကမ္ဘာအလင်းတောင်ထွတ် ကောင်းကင်ယံထက်တွင် တည်ရှိသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာသည်နှင့် အလွန်ရင်းနှီးသော ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
သူလက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင် အောက်ဘုံကမ္ဘာသို့ဆင်းလာသည့်အခါ အတိုင်းအတာများစွာ ဖိနှိပ်ခံထားရသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ ချီစွမ်းအားစီးဆင်းမှု အတက်အကျများကို ယောင်ဝါးဝါး အာရုံခံနိုင်နေသေးသည်။
လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားများ ပိုမိုကြွယ်ဝလာပြီး ကျင့်ကြံသူများအတွက် ပိုမိုသင့်တော်လာသည်။
ဤသည်က ဝါဒတောင်၏ကျေးဇူးကြောင့် ဖြစ်၏။
အထက်ဘုံကမ္ဘာတွင် ခြေကုပ်ရယူပြီးသည်နှင့် ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရတနာပစ္စည်းများစွာ ပို့ဆောင်ပေးခဲ့သည်။
ကောင်းကင်နယ်မြေကိုဗဟိုပြုပြီး မြေပြင်သွေးကြောများကို မရပ်မနားပြုပြင်ပေးခဲ့သဖြင့် ဤကမ္ဘာတွင် သိမ်မွေ့သောအပြောင်းအလဲများ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
လောလောဆယ် ထင်ရှားသိသာခြင်း မရှိသေးသည့်တိုင် အချိန်ကြာလာသည်နှင့်အများ အကျိုးသက်ရောက်မှုက ပိုမိုများပြားလာပေမည်။
ဤသို့သောတိုးတက်မှုက အဆုံးစွန်တွင် ကန့်သတ်ချက်ရှိမည်ဖြစ်ပြီး အထက်ဘုံကမ္ဘာလောက်တော့ ဝိညာဉ်စွမ်းအားများ ကောင်းမွန်လာမည် မဟုတ်ပေ။ ဤသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကံတရားသာလျှင် ဖြစ်၏။
ရန်ကျောက်ကဲသိသလောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မူလရှိရင်းစွဲသိုင်းသူတော်စင်များ ချွင်းချက်မရှိ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာကြပြီး လွန်ခဲ့သောနှစ်များအတွင်း သိုင်းသူတော်စင်အသစ်များပင် ထွက်ပေါ်လာခဲ့သည်။
ရန်ကျောက်ကဲက ထိုသူများအားလုံးထက် အသက်ငယ်သော်လည်း ကျင့်ကြံခြင်းအဆင့် အလွန်တရာမြင့်မားသဖြင့် ထိုသူများက သူ့အတွက် နောက်ပိုင်းမှ သိုင်းသူတော်စင်ဖြစ်သော လူသစ်များဟုသာ ယူဆနိုင်သည်။
ယခင်က နေသူတော်စင်ဂိုဏ်း တည်ရှိခဲ့ရာနေရာတွင် ရန်ကျောက်ကဲကို စောင့်ကြိုနေသူများ ရှိနေသည်။
တစ်ယောက်က ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်သည်။
ပထမတစ်ယောက်က အထက်ဘုံကမ္ဘာ ဝါဒတောင်ရှိ စည်းကမ်းထိန်းသိမ်းရေးခန်းမ ပထမအဆင့်အကြီးအကဲ ရွှီဖေး ဖြစ်သည်။
သူက ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ရောက်ရှိနေပြီး ဗလာနယ်ကိုဖြတ်ကျော်ကာ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့တက်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
သူ၏အသက်အရွယ်က သေဆုံးသွားပြီဖြစ်သော ဇာမဏီမင်းသား ‘ကျွမ်းကျောင်းဟွေ’ နှင့် ရွယ်တူခန့် ရှိ၏။
ရွှီဖေးက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အစပျိုးကောင်းခဲ့သလို မကြာသေးမီနှစ်များအတွင်း အထက်ဘုံကမ္ဘာ ကောင်းမွန်သောပတ်ဝန်းကျင်တွင် ကျင့်ကြံရသဖြင့် အလားအလာများစွာရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။
အထက်ဘုံကမ္ဘာတွင် အားလုံးက မျက်စိကျရသော ရန်ကျောက်ကဲကဲ့သို့ မဟုတ်သည့်တိုင် ရွှီဖေးသည်လည်း ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်နေပေပြီ။
ဖန်ကျွင်းထံမှ သတင်းစကားလက်ခံရရှိသည်နှင့် ရွှီဖေးက လိုအပ်သည့်အစီအစဉ်များ ကူညီဆောင်ရွက်ရန် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာခြင်း ဖြစ်သည်။
ရွှီဖေးနှင့်အတူပါလာသည့်တစ်ယောက်ကတော့ ဝါဒတာင်အကြီးအကဲ ‘ဖုန်းချီ’ ဖြစ်၏။
ဖုန်းချီနှင့် ရန်တိတို့က ဝါဒတောင်တွင် အတူတူပညာသင်ခဲ့စဉ် ဂိုဏ်းတူညီအစ်ကိုများဖြစ်ကြသလို ခွဲမရအောင်ခင်မင်ကြသည့် သူငယ်ချင်းများလည်း ဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကွာဟချက်က အလွန်တရာကြီးမားသော်လည်း ဖုန်းချီက သဘောထားပျော့ပြောင်းပြီး တည်ငြိမ်သူဖြစ်လေရာ စိတ်ထဲတွင် မည်သည့်အရာမှ မခံစားခဲ့ရပေ။
အစပိုင်းတွင် ယွမ်ကျန်းဖုန်းနှင့် အခြားအကြီးအကဲများက ဖုန်းချီကို အထက်ဘုံကမ္ဘာသို့ ခေါ်ဆောင်သင့်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။
သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်ကို စီမံအုပ်ချုပ်ရန် အရည်အချင်းရှိသူတစ်ယောက်လိုအပ်ကြောင်း စဉ်းစားခဲ့ကြသည်။
အထက်ဘုံကမ္ဘာတွင်ရှိနေသည့် ဝါဒတောင်၏အခွင့်အာဏာကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မည်သူမှ ဝါဒတောင်ကို မထိပါးရဲပေ။
ထို့ကြောင့် သူတို့အနေဖြင့် တန်ခိုးစွမ်းအားကြီးမားသူတစ်ယောက်အား ဂိုဏ်းချုပ်အဖြစ်ရွေးချယ်ရန်မလိုအပ်ဘဲ ကျွမ်းကျင်ပိုင်နိုင်စွာ ကြီးကြပ်နိုင်သူတစ်ယောက်ကိုသာ လိုအပ်သည်။
အဆုံးသတ်မှာတော့ ဖုန်းချီက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်ကို အုပ်ချုပ်ရန်အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျန်ရစ်ခဲ့ရသည်။
သူ၏သားဖြစ်သူ ဖုန်းမော့ယန်ကတော့ ရွှီဖေး ၊ စစ်ခုန်ချင်း ၊ ယင်လုန်ထူတို့နှင့်အတူ ဝါဒတောင်၏ အရေးပါသော အခြေခံအုတ်မြစ်များထဲမှ တစ်စိတ်တစ်ပိုင်းအဖြစ် အထက်ဘုံကမ္ဘာတွင် ရှိနေခဲသည်။
ရန်ကျောက်ကဲက သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။
“ဆရာဦးလေး’ဖုန်း’ ၊ ဂိုဏ်းတူအစ်ကို’ရွှီ’...”
ဖုန်းချီနှင့် ရွှီဖေးတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ကြပြီး...
“ပိုးသားဧကရာဇ် ဆင်းလာပြီလား”
ရန်ကျောက်ကဲက...
“သူ ကျွန်တော့်ထက်အရင် ဆင်းသွားတယ် ၊ အခုပဲ လှိုင်းနက်ဂေဟာကို သွားမှဖြစ်မယ်”
အစွန်းရောက်ရှစ်ပါးကမ္ဘာအရွယ်အစားက ယခုတော့ ရန်ကျောက်ကဲအတွက် အလွန်သေးငယ်နေပြီ ဖြစ်သည်။
တစ်ချိန်က ရှည်လျားသောအကွာအဝေးအား ယခုတော့ မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားနိုင်သဖြင့် လှိုင်းနက်ဂေဟာသို့ ချက်ချင်းရောက်ရှိလာသည်။
အရင်တုန်းက ရန်ကျောက်ကဲ လှိုင်းနက်ဂေဟာသို့ တစ်ကြိမ်ရောက်ဖူးသည်။
ယခုတစ်ကြိမ်ရောက်ရှိလာတော့ ရှုမျှော်ခင်းများက အရင်အတိုင်းမပြောင်းလဲဘဲ ရှိနေသည့်တိုင် အချို့သောကိစ္စရပ်များကတော့ ပြောင်းလဲသွားခဲ့ပေပြီ။
ယခင်က ဂေဟာသခင်မ ‘အန်းချင်လင်’ သည် ယခု သိုင်းသူတော်စင် ၊ ဒုတိယအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီး တပည့်ဖြစ်သူကို ဂေဟာသခင်မ ရာထူးလွှဲအပ်ကာ သူမကတော့ အေးဆေးစွာ ကျင့်ကြံခြင်းကို အာရုံစိုက်နေသည်။
ကွမ်းမင်ဂိုဏ်း လုံးလုံးလျားလျား ပျက်ဆီးသွားပြီး ဝါဒတောင်က အထက်ဘုံကမ္ဘာတွင် တည်ငြိမ်စွာ ခြေကုပ်ယူနိုင်ပြီဖြစ်သဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို ဝါဒတောင်က အပြည့်အဝ အုပ်စိုးနေပြီ ဖြစ်၏။
အခြားသော အင်အားကြီးအုပ်စုများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရှိနေသေးသည့်တိုင် ထိုအင်အားစုများနှင့် ဝါဒတောင်၏ဆက်ဆံရေးက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ပေပြီ။
ဝါဒတောင်၏အနေအထားက တဖြည်းဖြည်း ပြိုင်ဘက်ကင်းဖြစ်လာပြီး အခြားထိပ်သီးသိုင်းဂိုဏ်းများကလည်း ဝါဒတောင်အပေါ် အမြင်ပြောင်းကာ အားကိုးအားထာ ပြုလာကြသည်။
အင်အားစုများကြား ပြိုင်ဆိုင်မှုသည် ဝါဒတောင်၏အုပ်ချုပ်မှုအောက်တွင် သူတို့၏အအဆင့်အတန်းအတွက် ပြိုင်ဆိုင်ကြခြင်းသာ ဖြစ်၏။
လှိုင်းနက်ဂေဟာကတော့ ဤနေရာတွင် အားသာချက်ရှိသောအနေအထားတစ်ခု ရှိနေသည်ဟု ဆိုနိုင်သည်။
ဖုန်းချီကြိုတင်အကြောင်းကြားထားသည့်အတွက် အန်းချင်လင် ၊ လှိုင်းနက်ဂေဟာသခင်မနှင့် အခြားသောအကြီးအကဲများက ရန်ကျောက်ကဲကို ကြိုဆိုနှုတ်ဆက်ကြသည်။
ရန်ကျောက်ကဲကိုတွေ့တော့ အားလုံးက လေးစားစွာ ဂါရဝပြုကြသည်။
သူတို့အတွက် တစ်ချိန်တုန်းက ရန်ကျောက်ကဲနှင့်ပတ်သက်သည့်ခံစားချက်မှန်သမျှ ဘာတစ်ခုမှမရှိတော့ဘဲ ယခုအချိန် ရန်ကျောက်ကဲကိုတွေ့မြင်ရသည်တွင် လေးစားမှုတစ်ခုသာလျှင် ကျန်ရှိတော့သည်။
“ကျင့်ဝတ်စည်းကမ်းတွေ လုပ်နေစရာမလိုပါဘူး”
ရန်ကျောက်ကဲက စကားရှည်မနေတော့ဘဲ လိုရင်းအချက်ကို တန်းပြောလိုက်သည်။
“ဆရာဦးလေး’ဖုန်း’ လည်း ဂေဟာသခင်မတို့ကို ဆက်သွယ်ထားပြီးဖြစ်နိုင်ပါတယ် ၊ အကြီးအကဲ’ချန်မင်ယင်း ‘အခု ဘယ်မှာလဲ သိချင်ပါတယ်”
အန်းချင်လင်က...
“တူမလေး’ချန်’ က အခု ဂေဟာမှာပဲနေထိုင်ပါတယ် ၊ ဒါပေမဲ့ သူ့ဆီဘယ်သူမှ ရောက်မလာပါဘူး”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်တဲ့လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားတယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာက သူ့ကိုဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး ၊ သူ ရောက်လာတာ ပြန်သွားတာကိုလည်း ဘယ်သူမှ အာရုံခံနိုင်မှာ မဟုတ်ဘူး”
ယခု ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံထားရသဖြင့် ဤနေရာတွင် ပိုးသားဧကရာဇ် ရောက်ရှိနေခြင်း ရှိ မရှိ အာရုံခံနိုင်ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ သေချာပေါက် ရောက်ရှိနေသည်ဟု သူ ယုံကြည်သည်။
ထို့ကြောင့် သူက...
“ဂေဟာသခင်မ... အကြီးအကဲ’ချန်’ နေထိုင်တဲ့နေရာဆီ လမ်းပြပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”
အန်းချင်လင်က အပိုစကားမပြောတော့ဘဲ ချက်ချင်းပင် လမ်းပြပေးလိုက်သည်။
သေးငယ်သောခြံဝင်းအပြင်ဘက်သို့ သူတို့အုပ်စုရောက်လာကြသည်။ တံခါးဝသို့မဝင်မိ အထဲမှ စကားပြောသံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
လှိုင်းနက်ဂေဟာမှလူများ မည်သို့မှမတတ်နိုင်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင်တည်ငြိမ်စွာဖြင့်ပင် အခြားသူများကို ဆက်မလိုက်ခဲ့ရန် လက်ကာပြလိုက်ပြီး သူက ရှေ့ဆက်လျှောက်သွားသည်။
ခြံဝင်းငယ်တံခါးအတွင်းသို့ လှမ်းကြည့်လိုက်တော့ ကြီးမားသည့် မိုးမခပင်ကြီးအောက်တွင် လူအချို့ထိုင်နေကြောင်း တွေ့မြင်ရသည်။
သူတို့ထဲကတစ်ယောက်က နူးညံ့တည်ငြိမ်ပုံရသော်လည်း ဤနေရာသို့ရောက်လာသူ မည်သူမဆို ထိုသူကို ပထမဆုံး သတိထားမိမည်သာပင်။
ထိုသူက နှင်းဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနီရောင်ဝတ်ရုံကိုခြံလွှမ်းထားကာ ချောမောလှပသောအသွင်အပြင်နှင့် နတ်ဘုရားတစ်ပါးပမာ ကျက်သရေရှိလှသည်။
ထိုသူက ပိုးသားဧကရာဇ် “ဖုယွင်ချီ” မှလွဲပြီး အခြားသူမဟုတ်ပေ။
သူ့ဘေးမှာတော့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးထိုင်နေသည်။
သူမက မန်ဝမ်၏ဆရာ ၊ နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲ ‘ချန်မင်ယင်း’ ဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိသိရှိလိုက်သည်။
မန်ဝမ်က လူကြီးနှစ်ယောက်ထိုင်သည့်ထိုင်ခုံများထက် အနည်းငယ်နိမ့်သော ထိုင်ခုံတစ်ခုထက်တွင် ထိုင်နေသည်။
ထိုစဉ်...
ပိုးသားဧကရာဇ်၏ ကြည်လင်နက်ရှိုင်းသောအသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“သမီးကိုပျိုးထောင်ပေးခဲ့တဲ့ နေသူတော်စင်ဂိုဏ်းနဲ့ပတ်သက်လို့ သမီးဘာများဖြစ်ချင်တာရှိသလဲ”