‘ဖန်းယွင်ရှန်း’ ဘယ်မှာလဲ
Vol. 76 Ch. 1072
အခန်း (၁၀၇၂) ‘ဖန်းယွင်ရှန်း’ ဘယ်မှာလဲ
ပိုးသားဧကရာဇ်၏ အမေးစကားကိုကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
သူ အရင်ကစိုးရိမ်ခဲ့သည်များက အဓိပ္ပါယ်မဲ့ ပူပန်ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။
ပိုးသားဧကရာဇ်သာ နေသူတော်စင်ဂိုဏ်းဘက်မှ ရပ်တည်ပေးပြီး ဝါဒတောင်ကိုလက်စားချေမည်ဆိုပါက ၊ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ချင်းယွမ်ဧကရာဇ်နှင့် ရင်ဆိုင်ရသည်ထက် နိမ့်ကျခြင်းမရှိသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရပေမည်။
အတိအကျဆိုရလျှင် ချင်းယွမ်ဧကရာဇ်ထက်ပင် ပိုမိုဆိုးရွားသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ချင်းယွမ်ဧကရာဇ်တွင် အမတမှော်ဝင်ပစ္စည်း မရှိသော်လည်း ပိုးသားဧကရာဇ်တွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိနေသည်မဟုတ်ပါလား။
ပိုးသားဧကရာဇ်က သူ၏သိက္ခာကိုစဉ်းစားပြီး လက်နက်ထုတ်မသုံးလျှင်တောင်မှ ဆိုးရွားနေဦးမည်ကတော့ အမှန်ပင်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်က ချင်းယွမ်ဧကရာဇ်ကို ရင်ဆိုင်ရန် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ကြရသည်။
မိန်းမပျိုဧကရာဇ် ၊ နျဲ့ကျင်းရှန်နှင့် ပိုင်တောင်းတို့ ရောက်မလာလျှင်တာင်မှ ရန်ကျောက်ကဲက ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ ကိုအသုံးပြုကာ ချင်းယွမ်ဧကရာဇ်ကို ထိန်းထားနိုင်မည် ဖြစ်သည်။
သို့သော် ပိုးသားဧကရာဇ် ပြဿနာရှာမည်ဆိုပါက ထိုကျမ်းစာကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။
ပိုးသားဧကရာဇ် မေးမြန်းသည့်မေးခွန်းကို မန်ဝမ်က ချင်ချင်းပြန်မဖြေခဲ့ပေ။
သူမက ချန်မင်ယင်းကို လှမ်းကြည့်လိုက်သည်။
ယခုမှ သူမရှေ့တွင် ရုတ်တရက်ပေါ်လာသော ဖခင်ဖြစ်သူနှင့် သိပင်မသိလိုက်ရဘဲ ဆုံးပါးသွားရသော မိခင်ဖြစ်သူထက်ဆာလျှင် မန်ဝမ်က သူမအား ငယ်စဉ်ကပင် ပျိုးထောင်သင်ကြားပေးခဲ့သော ဆရာဖြစ်သူ ချန်မင်ယင်းနှင့် ပိုမိုရင်းနှီးကျွမ်းဝင်သည်။
ပြီးတော့ ချန်မင်ယင်းကလည်း မန်ဝမ်ကို သူမ၏သမီးရင်းလေးတစ်ယောက်ပမာ သဘောထားခဲ့သည်။
ဤလောကတွင် မန်ဝမ်ကို သူမထက်ပိုပြီး နားလည်နိုင်သူ မရှိပေ။
မန်ဝမ်၏မျက်ဝန်းများကိုတွေ့မြင်သည်နှင့် အတိတ်မှရန်ငြိုးများနှင့်ပတ်သက်ပြီး နိဂုံးချုပ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ မန်ဝမ်က သူမ၏ထင်မြင်ချက်ကို တန်ဖိုးထားပြီး ကြားချင်ရုံသာ ရှိသည်။
နှစ်ပေါင်းများစွာ ကြာလာပြီးသည့်နောက် ချန်မင်ယင်းက လှိုင်းနက်ဂေဟာမှ ဂိုဏ်းဝင်ဖြစ်လာခဲ့ပြီး လှိုင်းနက်ဂေဟာအပေါ်တွင် ခိုင်ခံသောစိတ်ခံစားချက် ရှိလာခဲ့သည်။
သူမက ခေါင်းမာသူတစ်ယောက်မဟုတ်သော်လည်း နေသူတော်စင်ဂိုဏ်းပျက်သုဉ်းပြီးနောက် လှိုင်းနက်ဂေဟာသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်း မရှိပေ။
နှစ်ပေါင်းများစွာကြာလာသည့်အခါ နေသူတော်စင်ဂိုဏ်း၏အရိပ်က သူမ၏ခံစားချက်များထဲတွင် မှုံဝါးလာပြီး အမုန်းတရားထက် လွမ်းဆွတ်တမ်းတခြင်းများသာလျှင် ကျန်ရစ်တော့သည်။
မန်ဝမ်ကိုကြည့်ရင်း ချန်မင်ယင်းက နူးညံ့စွာမေးလိုက်သည်။
“ဝမ်အာ... မင်းက မုကဲကိုအခက်တွေ့အောင်မလုပ်ချင်ဘူး မဟုတ်လား”
(T/N - မုကဲ ဆိုသည်မှာ ဖန်းယွင်ရှန်း၏အရင်နာမည် ဖန်းမုကဲကိုပြောခြင်းဖြစ်ပါသည် ၊ ဤစာစဉ် အစပိုင်းတွင် ဖန်းမူဂီဟု ရေးသားထားပါသဖြင့် အသံထွက်အမှန်ဖြစ်သော ဖန်းမုကဲဟုသာ ပြောင်းလဲရေးသားလိုက်ပါသည် - ဘာသာပြန်သူ)
မန်ဝမ်က တည်ငြိမ်စွာဖြင့်...
“ဟုတ်ပါတယ် ဆရာ ၊ ဒီတပည့် အဲဒီနှစ်တုန်းက ဂိုဏ်းတူအစ်မ’ဖန်း’ နဲ့တိုက်ခိုက်ရင်း ရှုံးသွားလို့ ထူးကဲယင်သရဖူကို ဆုံးရှုံးခဲ့ရတယ် ၊ ဒါပေမဲ့ အဲဒီတုန်းက စွမ်းအားအပြည့်နဲ့တိုက်ခိုက်တယ်ဆိုတာ သစ္စာပြုဝံ့ပါတယ်”
သူမက ဆက်ပြောသည်။
“အဲဒီတိုက်ပွဲက သားရေကျလုနီးပါးဖြစ်ပြီးမှ တပည့်ရှုံးသွားရတာပါ”
“ဆရာ ဒီလောကမှာ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတာ ဂိုဏ်းတူအစ်မ’ဖန်း’ ပြောပြလို့ သိခဲ့ရတာ ၊ ဒါကြောင့် ဒီနေ့ ဆရာနဲ့ပြန်ဆုံနိုင်တာပဲ ၊ အဲဒီအတွက် ဂိုဏ်းတူအစ်မ’ဖန်း’ ကို ကျေးဇူးတင်ရမယ်”
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
“ဆိုတော့... ဒီတပည့်က ဝါဒတောင်နဲ့ ထပ်ပြီးမဖက်ပြိုင်ချင်တော့ဘူး”
ချန်မင်ယင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့အဖေက မင်းရဲ့ထင်မြင်ချက်ကို တောင်းဆိုတာပါ ဝမ်အာ... မင်းရဲ့ဆရာကလည်း မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးမှာပါ”
မန်ဝမ်က...
“ဒီတပည့်ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ”
ထို့နောက် သူမက ပိုးသားဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီး...
“နေသူတော်စင်ဂိုဏ်းဆိုတာ သမီးအတွက်တော့ အတိတ်မှာကျန်ခဲ့ပါပြီ ၊ ဒါပေမဲ့ ကိုယ်ကြဉ်လည်ခဲ့တဲ့ သိုင်းဂိုဏ်းဖြစ်တဲ့အတွက် ဒီအတိုင်းပျောက်ကွယ်သွားတာ စိတ်မကောင်းဖြစ်မိတယ်”
သူမက ဆက်ပြောသည်။
“အဖေသာ ဖေးမကူညီပြီး အထက်ဘုံကမ္ဘာမှာ နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ စီစဉ်ပေးနိုင်ရင် အရမ်းကောင်းမှာပဲ”
သူမက အထက်ဘုံကမ္ဘာဟုသာပြောပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာဟု မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ကြားမှ ယခင်ရန်ငြိုးဟောင်းကို ထာဝရအဆုံးသတ်လိုက်ချင်သောကြောင့် ဖြစ်သည်။
မန်ဝမ်က...
“အထက်ဘုံကမ္ဘာမှာ အရင် နေသူတော်စင်ဂိုဏ်းက ဂိုဏ်းတူအစ်ကို’ထန်ယုံဟောင်’ ရှိတယ် ၊ သူက အရှေ့တောင်ထိပ်တန်းအဆက်အနွယ်ဖြစ်သွားတယ်လို့ အဖေပြောပြတယ် ဟုတ်လား”
သူမက ဆက်ပြောသည်။
“အရင်က သူနဲ့စကားပြောကြတော့... သူက နေသူတော်စင်ဂိုဏ်း ပြန်လည်တည်ထောင်လိုတဲ့ဆန္ဒရှိတယ် ၊ အဖေသာကူညီပေးမယ်ဆိုရင် ဒါက အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူး”
အထက်ဘုံကမ္ဘာတွင် အသစ်ပြန်လည်တည်ထောင်မည့် နေသူတော်စင်ဂိုဏ်းက ကျင်းထင်တောင်နှင့် နီးစပ်သည်ဖြစ်ရာ ဝါဒတောင်နှင့်လည်း ပဋိပက္ခဖြစ်လာမည် မဟုတ်ပေ။
ပိုးသားဧကရာဇ်က နူးညံ့စွာ ခေါင်းညိတ်လိုက်ရင်း...
“ဒါက ပြဿနာမရှိပါဘူး...”
မန်ဝမ်က ချန်မင်ယင်းကိုကြည့်ရင်း...
“ဆရာ... အထက်ဘုံကမ္ဘာကို လိုက်ခဲ့ချင်လားဟင်...”
“မလိုက်ချင်ဘူး...”
ချန်မင်ယင်းက ပြုံးလျှက်ခေါင်းခါယမ်းရင်း ဆိုသည်။
“ဆရာက အခု လှိုင်းနက်ဂေဟာက ဂိုဏ်းဝင်ဖြစ်နေပြီ...”
မန်ဝမ်က ချန်မင်ယင်း၏လက်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်။
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“မင်းရဲ့ဆရာအပြင် မင်းငယ်ငယ်က အရမ်းရင်းနှီးခဲ့တဲ့ ဂိုဏ်းတူအစ်မတစ်ယောက်ရှိတယ်လို့ ပြောခဲ့ဖူးတယ်နော် ဝမ်အာ... ၊ မင်းစကားတွေအရဆိုရင် အဲဒီဂိုဏ်းတူအစ်မက ဘာလို့ ဝါဒတောင်တပည့်ဖြစ်နေရတာလဲ”
မန်ဝမ်က...
“အိုး... အဲဒီကိစ္စ အဖေ့ကို ရှင်းမပြရသေးဘူး ၊ ဂိုဏ်းတူအစ်မ’ဖန်း’ အစက နေသူတော်စင်ဂိုဏ်းကပါ ၊ ဒါပေမဲ့ ဂိုဏ်းထဲမှာ ဖိနှိပ်ခံရလို့ ထွက်ပြေးသွားပြီး ဝါဒတောင်ကို ဝင်ရောက်ခဲ့တာပါ”
ပိုးသားဧကရာဇ်က...
“ဝါဒတောင်မှာ ထူးကဲယင်သရဖူကိုထိန်းချုပ်တဲ့ ဖန်းယွင်ရှန်းလို့ခေါ်တဲ့တပည့်လား”
မန်ဝမ်က...
“ဟုတ်ပါတယ်... အရင်က ဂိုဏ်းတူအစ်မ’ဖန်း’ ရဲ့နာမည်က ဖန်းမုကဲပါ ၊ နေသူတော်စင်ဂိုဏ်းက ထွက်သွားပြီးတဲ့နောက် သူက ဖန်းယွင်ရှန်းလို့ နာမည်ပြောင်းလိုက်တာ”
သူမက ချန်မင်ယင်းကို လှည့်ကြည့်ရင်း...
“ဆရာ့ကို အရမ်းသတိရသလို ဂိုဏ်းတူအစ်မ’ဖန်း’ကိုလည်း အရမ်းသတိရတာပဲ ၊ သူ အခုဘာတွေလုပ်နေလဲ မသိဘူးနော်”
“ဒါဖြင့် မင်း ဝါဒတောင်ကလူတွေကို မေးကြည့်သင့်တယ်”
စကားသံနှင့်အတူ ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုစကားကိုကြားတော့ ချန်မင်ယင်းနှင့် မန်ဝမ်တို့ အနည်းငယ်မှင်တက်သွားပြီး ပိုးသားဧကရာဇ် လှမ်းကြည့်ရာနေရာသို့ ပြိုင်တူကြည့်လိုက်ကြသည်။
ထိုနေရာတွင် ရန်ကျောက်ကဲ ရှိနေလေသည်။
ပိုးသားဧကရာဇ်ထက်ဆာလျှင် ချန်မင်ယင်းနှင့် မန်ဝမ်က ရန်ကျောက်ကဲ၏ရုပ်သွင်ကိုပိုပြီး ရင်းနှီးကျွမ်းဝင်ကြသည်။
ရန်ကျောက်ကဲကိုတွေ့တော့ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြပြီး ခဏနေမှ ပြန်လည်တည်ငြိမ်သွားသည်။
“လှိုင်းနက်ဂေဟာက ချန်မင်ယင်း... ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားကို ဂါရဝပြုပါတယ်”
ချန်မင်ယင်း မတ်တတ်ရပ်လိုက်ပြီး ရန်ကျောက်ကဲအား တည်ငြိမ်စွာပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။
အထက်ဘုံကမ္ဘာမှ ရန်ကျောက်ကဲ၏သတင်းများက အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ သိုင်းကျင့်ကြံသူများထံသို့ ပျံ့နှံ့လာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ရန်ကျောက်ကဲအား ‘ကောင်းကင်ဘုံမှ ဆင်းသက်လာတဲ့နတ်ဘုရား’ ဟု အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
မန်ဝမ်ကလည်းမတ်တတ်ရပ်လိုက်ပြီး ရန်ကျောက်ကဲအား နှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီး’ရန်’”
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်နှင့် မျက်လုံးချင်းဆုံလိုက်ပြီး ပုံမှန်အမူအရာဖြင့်ပင်...
“ပိုးသားဧကရာဇ် ဆင်းသက်ကြွချီလာတာ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”
ထို့နောက် သူက မန်ဝမ်နှင့် ချန်မင်ယင်ကို ပြန်လည် ဂါရဝပြုနှုတ်ဆက်လိုက်သည်။
“အကြီးအကဲ’ချန်’ နဲ့ ‘ဖု’ မိန်းကလေးကို နှုတ်ဆက်ပါတယ်”
မန်ဝမ်က...
“ဂိုဏ်းတူအစ်ကို’ထန်’ က အစ်ကိုကြီး’ရန်’ ကို အရမ်းသဘောကျပြီး အမြဲတမ်း လေးစားတဲ့သူပါ ၊ နောင်တစ်ချိန် သူက နေသူတော်စင်ဂိုဏ်းကို အထက်ဘုံကမ္ဘာမှာ ပြန်လည်တည်ထောင်တဲ့အခါ အစ်ကိုကြီး’၇န်’ က အတိတ်အာဃာတတွေကို ဖယ်ထားနိုင်မယ် မျှော်လင့်မိပါတယ်”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ငါကအမြဲတမ်း ရန်သူမိတ်ဆွေ ခွဲခြားတတ်ပါတယ်”
မန်ဝမ်က ခဏမျှတုံ့ဆိုင်းနေပြီးမှ တည်ငြိမ်စွာ မေးလိုက်သည်။
“အစ်ကိုကြီး’ရန်’... အခု ဂိုဏ်းတူအစ်မ’ဖန်း’ အခြေအနေဘယ်လိုရှိလဲ ၊ ကျွန်မ သူ့ကိုတွေ့ခွင့်ရနိုင်မလား”
ရန်ကျောက်ကဲက...
“ရတာပေါ့ ၊ သူက တွေ့ချင်တယ်ဆိုရင် မင်းတို့အချင်းချင်းတွေ့ဆုံနိုင်ပါတယ် ၊ ငါက ဝင်စွက်ဖက်စရာ အကြောင်းမရှိပါဘူး ၊ ယွင်ရှန်းကလည်း မင်းကို သေချာပေါက် ရှောင်နေမှာမှ မဟုတ်တာ ၊ မင်းကို ကျွမ်းကျောင်းဟွေ ဖမ်းသွားကတည်းက သူက မင်းအကြောင်းပဲ စဉ်းစားနေတာ”
သူက ဆက်ပြောသည်။
“ငါတို့ဝါဒတောင်က တောင်ပိုင်း’ကျွမ်း’ ကို သုတ်သင်ပြီးတဲ့နောက် အဖေက ဝါဒတောင်တပည့်တွေနဲ့အတူ တောင်ပိုင်းမီးတောက်ကောင်းကင်ကို သိမ်းပိုက်ဖို့ အနောက်ဘက်ကိုဦးတည်ပြီးသွားနေကပြီ ၊ ငါက ဇာမဏီရိုးရာတောင်ကနေ မင်းကိုပြန်တောင်းမလို့ပဲ ၊ ဒါမှ ယွင်ရှန်းပြန်လာတဲ့အခါ မင်းတို့ ပြန်ဆုံနိုင်မှာလေ...”
“ဒီကြားထဲ မမျှော်လင့်တာတွေ ဖြစ်သွားခဲ့တာပဲ...”
ရန်ကျောက်ကဲစကားများထဲမှ အဓိကအချက်ကို မန်ဝမ်က သတိပြုလိုက်မိသည်။
“ဂိုဏ်းတူအစ်မ’ဖန်း’ က ဝါဒတောင်မှာ မရှိဘူးလား”
ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးရင်း...
“မင်းမှမဟုတ်ပါဘူး... ငါလည်း သူနဲ့မတွေ့ရတာကြာနေပြီ ၊ သူက ခရီးကပြန်မလာဘဲ နှစ်အတော်ကြာအောင် အဆက်အသွယ် ဖြတ်ထားတယ်လေ”
“သူ နောက်ဆုံးသတင်းချန်ခဲ့တာတော့ ပွင့်သွားတဲ့ ‘တံခါး’ တစ်ခုကိုဖြတ်ပြီး ပြင်ပဗလာနယ်ထဲကို ထွက်သွားတယ်တဲ့ ၊ အဲဒီတံခါးက အနည်းဆုံး ဆယ်စုနှစ်တစ်ခုကြာမှ ပြန်ပွင့်မှာလို့ ပြောတယ်”
ရန်ကျောက်ကဲက ပွင်ပွင့်လင်းလင်းပင် ဆိုသည်။
“အဲဒီတံခါးဖွင့်ဖို့ အချိန်ယူနေတုန်း သူပြန်လာဖို့လည်းမလွယ်သလို ငါတို့သွားရှာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး”
မန်ဝမ်၏မျက်ဝန်းများက စိတ်ပျက်လက်ပျက်ဖြစ်သွားဟန် ရှိသော်လည်း သူမက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် အဲဒါနဲ့ပတ်သက်ပြီး ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး”
ထို့နောက် သူမမျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာပြီး...
“ဒါက ကျွန်မသိတဲ့ ဂိုဏ်းတူအစ်မ’ဖန်း’ ပုံစံမျိုးပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“သိပ်ကိုမှန်တာပေါ့”
ထိုစဉ်...
ပိုးသားဧကရာဇ်က ရုတ်တရက် မေးလိုက်သည်။
“မိတ်ဆွေလေး’ရန်’ ၊ မင်းပြောတဲ့ တံခါးဆိုတာ ဘယ်နေရာမှာလဲ”