← Chapters

မင်းလုပ်နိုင်မလား

Vol. 005 Ch. 472

မင်းလုပ်နိုင်မလား

Vol. 005 Ch. 472

သခင်မလောင်က ရီဖူရှင်းကို ကုကလန်ထံသို့ ခေါ်သွားသည့် သတင်းက လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ပေ။ ထိုကိစ္စက သိပ်အရေး မပါသော်လည်း လူတချို့က စိတ်ဝင်စားမိ ကြသည်သာ...။ သူတို့က ပုံမှန်မဟုတ်သည့် အခြေအနေကို စိတ်ဝင်စား မိကြသည်။

ယခု ကြယ်မင်းကျောင်း၌ တပည့် အများအပြားအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရှားပါးစွာ တွေ့မြင်ရသည်။ မှန်သည်… ကျင်းယွန်ရှောင်းက လောင်မူ၏ရှေ့တွင် ပိတ်ရပ်ထား၏။ လူအများအပြားကလည်း စိတ်ဝင်တစား ကြည့်နေကြသည်။ သူတို့ နှစ်ယောက်ကား ရန်သူများ ဖြစ်ကြကာ မကြာခဏ ရင်ဆိုင် တိုက်ခိုက်ကြလေ့ ရှိသည်။ ယခု ကျင်းယွန်ရှောင်းက လောင်မူကို တားထားသည်။ သူတို့ နှစ်ယောက် ထပ်မံ တိုက်ခိုက် ကြတော့မလား...။

“လောင်မူ… မင်းက ကုကလန်က ကိစ္စကို ကြားလိုက်လား… သခင်မလောင်က မင်းအစား ရီဖူရှင်းကို ကုကလန်ဆီသို့ ခေါ်သွားတယ်… နဂါးကလန်ရဲ့ လူငယ် ခေါင်းဆောင်က မင်းလား… ရီဖူရှင်းလား…” ကျင်းယွန်ရှောင်းကား အလွန် လင်းလက် တောက်ပသော အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ၏ရွှေမျက်လုံးများက လှောင်ပြောင်သော အငွေ့အသက်များ ပြည့်နှက်နေ၏။ ထိုသတင်းအား ကြားပြီးနောက် ကျင်းကလန်က တချို့ကိစ္စရပ်များကို သံသယ ဝင်လာခဲ့ကြသည်။

လောင်မူက မျက်မှောင်ကြုတ် လိုက်သည်။ သူ့မျက်လုံးများမှ အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူကလည်း ထိုသတင်းကို ကြားကာ သခင်မလောင်၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ကျင်းယွန်ရှောင်း၏ စကားကို ကြားလျှင် ကြယ်မင်းကျောင်း တပည့်များက အံ့အားသင့်ကြသည်။ သူတို့က ထိုသတင်းအား မသိကြသေးပေ။

“မင်းမှာ နဂါးကလန်ရဲ အတွင်းရေးကို ပြောဖို့ ဘယ်တုန်းက အခွင့်အရေး ရသွားတာလဲ…” လောင်မူက ကျင်းယွန်ရှောင်းကို ကြည့်သည်။

“ဒါက တကယ်ပဲ​ ကျုပ်ကိစ္စ မဟုတ်ဘူး… ဒါပေမဲ့ ငါက မင်းကို လမ်းမှာ တွေ့မှတော့ မင်းအတွက် စိတ်မကောင်း ဖြစ်မိလို့ပါ…” ကျင်းယွန်ရှောင်းက အထင်သေးသော မျက်လုံးများဖြင့် ပြောသည်… “နဂါးကလန်ရဲ့ မင်းသမီးလေးက ရီဖူရှင်းနဲ့အရမ်း ရင်းနှီးတယ်… သူမက သူ့ကို အစ်ကိုဖူရှင်းလို့ ခေါ်တာ မင်း မကြားဘူးလား… အကဲဖြတ်နေ့ကလည်း မင်း မြင်ခဲ့တာပဲ… အခု သခင်မလောင်က အပြင်ကို ခေါ်သွားတာက မင်းမဟုတ်ဘဲ ရီဖူရှင်း ဖြစ်နေတယ်… သခင်မလောင်က ရီဖူရှင်းနဲ့ ကုယွန်ချီတို့ရဲ့ လက်ထပ်ပွဲအတွက် ကုကလန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကျုပ်ကြားတယ်… ကုယွန်ချီကလည်း ရီဖူရှင်းကို သဘောကျပုံရတယ်…” ထိုသို့ ပြောပြီးနောက် ကျင်းယွန်ရှောင်းက လောင်မူအား အကဲခတ်သည်။ အမှန်ပင် လောင်မူက ဒေါသကို ထိန်းချုပ်နိုင်သော်လည်း သူ့မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှု အငွေ့အသက်များကို သူက ခံစား၍ရသည်။

“မင်းအဖေ အသက်ရှိတုန်းက မင်းတို့ မိသားစုက အရှိန်အဝါကြီးတယ်… နဂါးကလန်က လက်ထပ်ပြီးတော့ ကုကလန်နဲ့ မဟာမိတ်ပြုမယ့် စိတ်ကူးရှိခဲ့တယ် ကြားတယ်… ကံမကောင်းတာက သူ ဆုံးသွားပြီး လက်ထပ်ပွဲကလည်း ပျက်သွားခဲ့တယ်.. ဘယ်လိုပြောပြော မင်းက သခင်မရဲ့ သားအရင်းမှ မဟုတ်တာ…” ကျင်းယွန်ရှောင်းက ဆက်ပြောသည်။ ချက်ချင်းပင် လောင်မူ၏မျက်နှာက အလွန် သုန်မှုန်သွားကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန် ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်လာပြီး အေးစက်စွာ ပြောသည်… “ပါးစပ်ပိတ်ထားစမ်း…”

အားလုံး၏မျက်နှာတွင် ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ ကျင်းယွန်ရှောင်းက လောင်မူနှင့် သခင်မလောင်၏ ဆက်ဆံရေးကို ဆိုးဝါးအောင် တမင် ရည်ရွယ်ချက်ရှိရှိ ပြောနေဟန် ရသည်။

“ငါက မင်းစိတ်ထဲက အတွေးတချို့ကို ပြောမိသွားလား…” ကျင်းယွန်ရှောင်းက ပြုံးသည်။

“ထွက်သွား…” လောင်မူက အေးစက်စွာ ပြောသည်။ သူ၏အဒေါ်နှင့် ဦးလေး အကြောင်းကို လောင်မူက ကောင်းကောင်း သိသည်။ သူတို့က လောင်မူအား ငယ်စဉ်ကတည်းက အကောင်းဆုံးများကို ပေးအပ်ကာ အလိုလိုက် ချစ်ခင်ခဲ့ကြသူများ ဖြစ်၏။ ကျင်းယွန်ရှောင်၏ စကားတစ်ခွန်း နှစ်ခွန်းမျှသာ လောင်မူ၏စိတ်ကို မည်သို့ ယိုင်းယိုင် စေမည်နည်း။ ရီဖူရှင်းကို ကုကလန်သို့ ခေါ်သွားခြင်းကလည်း သခင်မလောင်က အပြင်ကို သွားသည့် အချိန်တိုင်း တစ်ယောက်ယောက်ကို အမြဲ ခေါ်သွားတတ်ရာ တိုက်တိုက်ဆိုင်ဆိုင် ရီဖူရှင်း ဖြစ်သွားခဲ့ခြင်းသာ ဖြစ်ရမည်။ ကုယွန်ချီနှင့် လက်ထပ်မည့် ကိစ္စကိုမူကား လောင်မူက လုံးဝ ယုံကြည်ခြင်း မရှိပေ။

“အခု သခင်မလောင်က ရီဖူရှင်းကို ကြယ်မင်းကျောင်းသို့ ခေါ်လာတယ်…” ရုတ်တရက် တစ်စုံတစ်ယောက်က အော်လိုက်သည်။ ထိုကိစ္စက မကြာမီ လောင်မူတို့ထံကို ရောက်လာ၏။ လူအများအပြားက နားမလည်ကြပေ။ ကျင်းယွန်ရှောင်း၏ စကားကို ခုနကမှ ကြားခဲ့ကြသည်။ သခင်မလောင်က ရီဖူရှင်းကို ကြယ်မင်းကျောင်းသို့လည်း ခေါ်လာသည်။ ဘာကို ဆိုလိုသနည်း။ အကဲဖြတ်ပွဲနေ့က ကြယ်မင်းကျောင်းသို့ ရီဖူရှင်းက ဝင်ရောက်လိုခြင်း မရှိသည်ကို အားလုံးက မြင်ခဲ့ကြသည်။ ယခု သူက အဘယ်ကြောင့် ကြယ်မင်းကျောင်းကို ရောက်လာရသနည်း။

“လောင်မူ… မင်းကိုယ်တိုင် မြင်ပြီမလား…” ကျင်းယွန်ရှောင်းက နှာခေါင်းရှုံ့သည်။ သို့သော် သူကိုယ်တိုင်လည်း နားမလည်ပေ။ သခင်မလောင်၏ အပြုအမူက လတ်တလော သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံနှင့် သက်ဆိုင်သလော...။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ အတွင်းတွင် သူက ထိုလူ၏ရှေ့၌ ဒူးထောက်ခစား ခဲ့ရသည်ကို ပြန်တွေးလျှင် သူ၏မျက်လုံးထဲ၌ လူသတ်လိုသော အငွေ့အသက်များ ယှက်သန်း လာသည်။

“ရီဖူရှင်းက မိုးမြေ ကောင်းကင်မြို့ကို ရောက်လာတဲ့အချိန်မှာ သူက လောင်လင်းအာရဲ့ ဂီတအကူ ဖြစ်နေပြီးပြီ… သူက သခင်မနောက်ကို လိုက်တာက ဘာထူးဆန်းလို့လဲ…” လောင်မူက ကျင်းယွန်ရှောင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သို့သော်လည်း သည်ကိစ္စက အသေးအမွှား မဟုတ်ဟု သူကလည်း ခံစားရသည်။

သို့သော်လည်း ထိုပတ်ဝန်းကျင်မှ လူများက လောင်မူ၏ စကားမှာ သဘာဝ ကျသည်ဟု ခံစားကြရသည်။ ရီဖူရှင်းက သခင်မလောင်ထံမှ​ နတ်ဗိမာန်အိမ်တော်ကို လက်ဆောင်ရထားရာ ပုံမှန်အားဖြင့် သခင်မလောင်၏လူဟု သတ်မှတ်၍ ရသည်။ ယခု သခင်မလောင်၏ နောက်မှ လိုက်နေရသည်က သူ့အား သခင်မလောင်က အခွင့်အရေးတချို့ ပေးလိုရင်း ဖြစ်ရမည်။

ထို့ကြောင့် ရီဖူရှင်းအား ကြယ်မင်းကျောင်းသို့ ခေါ်လာသည်က ရီဖူရှင်းအား ကြယ်မင်းကျောင်းသို့ ဝင်ရောက် စေလိုရင်း ဖြစ်ရမည်ဟု လူအများက တွေးကြသည်။

တခြားလူများ ဘာတွေးနေသည်ကို သခင်မလောင်က မသိပေ။ ယခု သူမက ရီဖူရှင်းအား ကြယ်မင်းကျောင်း၏ နက်ရှိုင်းသော နေရာတစ်ခုသို့ ခေါ်လာသည်။ ထိုနေရာကား သာမန် ကျောင်းသားများ ဝင်ရောက်ခွင့်ရသော နေရာ မဟုတ်ပေ။ သူတို့ အနီးတွင်ကား များစွာသော ထူးခြား ဆန်းကြယ်သော နန်းတော်အလား အဆောက်အဦများကို တွေ့မြင်နေရသည်။ ကြယ်မင်းကျောင်းမှ စီနီယာ တစ်ယောက်၏ ဦးဆောင်မှုဖြင့် သူတို့က ရှေးဟောင်း နန်းတော်အလား လှပဆန်းကြယ်သော ဗိသုကာ အဆောက်အဦ တစ်ခုထံသို့ ရောက်လာသည်။

နန်းတော်ကား မိုးထိုးအောင် မြင့်မားကာ အချွန်အတက်များဖြင့် လှပ ခမ်းနားလွန်း လှသည်။ သခင်မလောင်က မြေပြင်ပေါ်ကို ကျဆင်းလာကာ ရီဖူရှင်းအား လှေကားထစ်ပေါ်သို့ ခေါ်လာသည်။ ထို့နောက် တစ်ထစ်ပြီးတစ်ထစ် တက်ကာ နန်းတော်အရှေ့မှ မြေကွက်လပ်သို့ ခေါ်လာသည်။

သူတို့ဘေးတွင် လူတချို့ ပေါ်လာကာ သူတို့အားလုံးထံမှ နက်ရှိုင်းသော ခံစားချက် တစ်ခုကို ရနေသည်။ ထိုနေရာတွင် ရပ်နေခြင်းကပင် သူတို့က ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသလို ထင်ရ၏။ သူတို့အားလုံးက သူ့အား ကြည့်နေသည်ကို ရီဖူရှင်းက သိလိုက်သည်။ သူတို့၏ အကြည့်များက သူ့ကို ထွင်းဖောက် သွားဟန် ရသည်။

အကဲဖြတ်ပွဲနေ့က သည်လူများ တစ်ယောက်ကိုမှ သူမတွေ့ခဲ့ရပေ။

သခင်မလောင်က သူတို့အား ခေါင်းညိတ်သည်။ ထို့နောက် သူက ရှေးဟောင်း နန်းတော်ကို ကြည့်ကာ အသာအယာ ဦးညွှတ်သည်။ သိသာစွာပင် နန်းတော်ထဲမှ လူက သခင်မလောင်ထက် စီနီယာကျကာ လေးစားဖွယ် ကောင်းရပေမည်။ ထို့ကြောင့် သူမက အရိုအသေ ပေးရန် လိုသည်။

“ဝင်လာခဲ့…” နန်းတော်ထဲမှ တစ်ယောက်က ပြောသည်။

သခင်မ​လောင်က ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်ပြီး ပြောသည်… “ဝင်သွားလိုက်…”

ရီဖူရှင်းက ခေါင်းညိတ်ကာ ထူးဆန်းသော နန်းတော်ထဲကို လျှောက်လာခဲ့သည်။

သူက လေးစားဖွယ် လူတစ်ယောက်နှင့် တွေ့ဆုံရမည်ဟုသာ သခင်မလောင်က ပြောသည်။ ထိုလူက သဘောတူသည်နှင့် အားလုံးက အဆင်ပြေ သွားမည်ဟု သခင်မလောင်က ပြော၏။

ရီဖူရှင်းက နန်းတော်ထဲတွင် လမ်းလျှောက် နေရသော်လည်း သူက ကောင်းကင်တွင် ကြယ်ရောင်စုံများ လင်းလက် တောက်ပနေသော ကြယ်တာရာ ကမ္ဘာထဲတွင် လမ်းလျှောက် နေရသကဲ့သို့ ခံစားရသည်။ သည်နေရာကား သူလက်ခံရရှိသော ကောင်းကင် အလင်းတစ်ခုနှင့် ဆင်တူသည်။

ကြယ်တာရာ အလင်းများ အောက်တွင် အဘိုးအို တစ်ယောက်ကား ရီဖူရှင်းကို ကျောခိုင်းကာ တိတ်ဆိတ်စွာ ထိုင်နေသည်။

“စီနီယာ… ကျွန်တော့်နာမည်က ရီဖူရှင်းပါ…” ရီဖူရှင်းက ဦးညွှတ်သည်။

“မင်းက အရှေ့မြေရိုင်း ဒေသက ဖြစ်ပြီး တစ်ခါက ကောင်းကင်တောင်မှာ ဧကရာဇ်နှစ်ပါးရဲ့ စိတ်အသိကို လက်ခံရရှိခဲ့တယ် ကြားတယ်…” အဘိုးအိုက ကျောခိုင်းရင်းက ဖြည်းညင်းစွာ ပြောသည်။ သူ၏အသံက ပုံရိပ်ယောင် ဆန်ကာ ထူးခြားလှ၏။

“ဟုတ်ပါတယ်...” ရီဖူရှင်းက ခေါင်းညိတ်သည်။

“မင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက ကောင်းကင် နန်းတော်ကို ဝင်နိုင်တာ မထူးဆန်းတော့ဘူး…” အဘိုးအိုက သူ့ဘက်ကို လှည့်ကာ ဆက်ပြောသည်… “ရီထျန်း လုပ်ခဲ့တာကို အခု တခြားလူတွေက ပိုကောင်းအောင် လုပ်နိုင်ခဲ့ပြီ… မျိုးဆက်တွေက ရှေ့ကိုပဲ ဆက်သွားကြလိမ့်မယ်…”

“မင်းက ရှန့်ထိုတန်ခိုးရှင်ရဲ့ ပညာအမွေကို ရခဲ့ပြီး သူ့တပည့် ဖြစ်ခဲ့မှတော့ ငါက မင်းရဲ့ပါရမီကို စမ်းသပ်ဖို့ မလိုတော့ဘူး…” အဘိုးအိုက ဆက်ပြောသည်… “နဂါးကလန်နဲ့ ကုကလန်တို့က မင်းကို သားတော် ဖြစ်စေချင်ကြတယ်… ဒါက ဘာကို ဆိုလိုတာလဲ မင်းသိလား…”

“စီနီယာ… ကျွန်တော် မသိပါဘူး…” ရီဖူရှင်းက ပြောသည်။

“လောင်ရီထျန်းကလည်း ကြယ်မင်းကျောင်းမှာ လေ့ကျင့်ဖူးတယ်… နောက်ပိုင်း သူက ငါ့ထက်တောင်မှ ပိုပြီး အားကောင်းလာပြီး မိုးမြေ ကောင်းကင်မြို့မှာ အားအကောင်းဆုံးလူ ဖြစ်လာတယ်… သူက သူ့မျိုးဆက်ကလူတွေ အကုန်လုံးကို အလွယ်တကူ အနိုင်ယူနိုင်တယ်... သူက ကောင်းကင်မြေရိုင်း အဆင့်ထဲကိုတောင်မှ​ ဝင်ခဲ့တယ်… ဒါတောင်မှ သူအပြင်မှာ သေခဲ့ရတယ်…” အဘိုးအိုက တည်ငြိမ်စွာ ပြောသည်… “တခြား တစ်ဖက်မှာ မင်းက သူမလုပ်ခဲ့တာ လုပ်နိုင်ခဲ့တယ်… ပြီးတော့ ရှန့်ထိုတန်ခိုးရှင်ရဲ့ အမွေကိုလည်း ရခဲ့တယ်… နဂါးကလန်နဲ့ ကုကလန်က မင်းကို သားတော်ဘွဲ့ထူးနဲ့ ကြယ်မင်းကျောင်းကို ဝင်စေချင်ခဲ့တယ်… ဒါပေမဲ့ ကြယ်မင်းကျောင်း အတွက်ရော သူတို့အတွက်ရော… ငါတို့အားလုံး တကယ် လိုချင်တာက သားတော် မဟုတ်ဘူး…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ သားတော် တစ်ယောက်က ကြယ်မင်းကျောင်း အတွက် အဓိပ္ပာယ် မရှိပေ။ ကြယ်မင်းကျောင်းက သူပိုင်ဆိုင်သော အရာကို အလွယ်တကူ ယူသွားနိုင်သည်။ ပို၍ အရေးကြီးသည်က သူပြသခဲ့သော ပါရမီသာ ဖြစ်သည်။ ကြယ်မင်းကျောင်းက သူပိုင်ဆိုင်သော ကောင်းကင် အလင်းကို ယူဆောင် သွားနိုင်သော်လည်း သူ၏ပါရမီကို မယူနိုင်ပေ။

“ရှန့်ထိုတန်ခိုးရှင်ရဲ့ အမွေကို ရခဲ့တဲ့လူက သူ့တပည့်လို ပြောလို့ရတယ်… သားတော် တစ်ယောက် အနေနဲ့ မင်းက ဒီခေတ်ရဲ့ အပေါ်ဆုံးမှာ ရပ်နေနိုင်ရမယ်…” အဘိုးအိုက ဖြည်းညင်းစွာ ပြောသည်။ ရီဖူရှင်းအား သူ၏ ထူးခြား နက်ရှိုင်းသော မျက်လုံး အစုံဖြင့် ကြည့်ကာ အဘိုးအိုက မေးသည်… “မင်း လုပ်နိုင်မလား…”

ရီဖူရှင်းက အတိတ်မှ ကိစ္စရပ်များကို ဘာတစ်ခုမှ မပြောပေ။ သူ၏ မျက်လုံးထဲတွင် ထိုအရာများက အရေးမပါပေ။ အရေးလည်း မစိုက်ပေ။ ရီဖူရှင်း၏ ပါရမီကိုမူ စစ်ဆေးစရာ မလိုတော့။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကား အကောင်းဆုံး စစ်ဆေးမှု တစ်ခုပင်။

သားတော် ဘွဲ့ထူးအား တစ်စုံတစ်ယောက် ရခဲ့သည်မှာ အလွန့်အလွန် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ သားတော်ဖြစ်မည် ဆိုပါက သည်မျိုးဆက်၏ အားအကောင်းဆုံးလူ ဖြစ်မှ ရမည်။ ထို့ကြောင့် ရီဖူရှင်းက လုပ်နိုင်မလား သူမေး၏။

အဘိုးအို၏ စူးရှသော အကြည့်အောက်တွင် ရီဖူရှင်းက သူ၏ခန္ဓာကိုယ် တစ်ခုလုံး ထွင်းဖောက် ခံရသလို ခံစားရ၏။ သို့သော်လည်း သူက တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်သည်… “ဟုတ်ကဲ့…”

“ကောင်းပြီ…” အဘိုးအိုက ခေါင်းညိတ်သည်။ ထို့နောက် ရှေးဟောင်း နန်းတော် အတွင်းမှ မဆုံးနိုင်သော စွမ်းအင်များ အပေါ်ကို ထိုးတက် သွားကြသည်။ သန်းပေါင်း များစွာသော ကြယ်များ အကြားတွင် ရှေးဟောင်း ခေါင်းလောင်း တစ်လုံး ဖြစ်ပေါ်လာသည်။

ဒေါင်…

လောက၏ စည်းမျဉ်းအလား ခေါင်းလောင်းသံက ကောင်းကင် တစ်ခွင်လုံးကို လှုပ်ယမ်းသွားသည်။ ထိုအသံကို ကြားလျှင် ကြားခြင်း နန်းတော် အပြင်မှ တန်ခိုးရှင်များ အားလုံး ထိတ်လန့် သွားကြသည်။ ထို့နောက် မမြင်ရသော အသံလှိုင်းက ကြယ်မင်းကျောင်း တစ်ခုလုံးကို ပျံ့လွင့်သွား၏။ ခေါင်းလောင်းသံက လူတိုင်း၏နားစည်ကို တုန်ခါ သွားစေသည်။

နန်းတော်များစွာထဲမှ မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များက မှိတ်ထားသော မျက်လုံးများအား ဖျတ်ခနဲ ဖွင့်ကာ ထရပ်ကြသည်။

ကြယ်တာရာ ခေါင်းလောင်းအား တီးခတ်ခဲ့သည်။ ကြယ်မင်းကျောင်းတွင် ဘာဖြစ်သနည်း။

သူတို့အားလုံးက နန်းတော်များထဲမှ ထွက်လာကြသည်။

ကျောင်းထဲတွင် ကျောင်းသားများက အချင်းချင်း ပညာဖလှယ်ခြင်း၊ စာဖတ်ခြင်း၊ စကားစမြည် ပြောခြင်းများ လုပ်ကာ ဟိုမှသည်မှာ ရှိနေကြသည်။ ခေါင်းလောင်းသံ ကြားသည်နှင့် သူတို့အားလုံးက မိမိတို့ လုပ်ဆောင်နေသည်များကို ရပ်လိုက်ကြသည်။

ကျောင်းသား တစ်ယောက်က နားမလည်စွာ မေးသည်… “အဲဒါ ဘာအသံလဲ…”

“ကြယ်တာရာ ခေါင်းလောင်းသံ” တပည့်တစ်ယောက်က ဖြေသည်… “ကြယ်တာရာ ခေါင်းလောင်းသံ နောက်ဆုံး ထွက်လာတာက လောင်ရီထျန်း ဆုံးသွားတဲ့ အချိန်ကပဲ… အခု နောက်တစ်ခါ မြည်လာပြန်ပြီ… ဘာဖြစ်တာလဲ…”

“ကြယ်တာရာ ကွင်းထဲကို သွားကြရအောင်… ကြည့်ရတာ အရေးပါတဲ့ ကိစ္စတစ်ခုကို ကြေညာတော့မည့်ပုံပဲ…” မရေမတွက်နိုင်သော လူများက ဦးတည်ရာ အရပ်တစ်ခုသို့ အလျှိုလျှို သွားနေကြသည်။

***

All Chapters