ခန့်မှန်းရာတွင် တော်သည်
Vol. 119 Ch. 1650
ကောင်းကင်ဝိညာဉ်ကျွန်း အပြင်ဘက်တွင် ထောက်လှမ်းရေးများစွာ စောင့်နေ၏။ ကျန်းရီသည် ထိုနေရာအနီးတွင် တစ်ရက်လုံး ပုန်းအောင်းနေခဲ့ပြီး အဆိပ်ဝိညာဉ်ကို အခြေအနေ သွားစုံစမ်းစေလိုက်သည်။ သို့သော် သူ အဆိပ်ဝိညာဉ်ကို ကျွန်းထဲဝင်ခွင့်တော့ မပေးလိုက်။ ကျွန်းကို အဝေးမှပတ်၍သာ ကျွန်း၏ မြေမျက်နှာသွင်ပြင်ကို စုံစမ်းရမည်ဖြစ်သည်။ သူကမူ အဆိပ်ဝိညာဉ်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်၍ အနားယူနေမည်ဖြစ်သည်။ သူ အနားယူပြီးသည်အထိ အဆိပ်ဝိညာဉ်က ကျွန်းကို စူးစမ်းနေရပေမည်။
အဆိပ်ဝိညာဉ်သည် ကျန်းရီ၏ အမိန့်များကို အပြည့်အဝနာခံ၏။ သူ ကျွန်းကို ဆယ့်ခြောက်နာရီလောက် ကြာသည်အထိ လှည့်ပတ် စူးစမ်းနေလိုက်သည်။ ကျန်းရီက အနားယူပြီးကြောင်း အသံလှမ်းပို့လွှတ်မှ သူ ကျန်းရီကို အပြင်ထုတ်ပေးလိုက်သည်။
“အဆိပ်ဝိညာဉ်... ဒီတစ်ခေါက် ကျွန်တော့်ရဲ့ လေဟာနယ်နယ်နတ်ဘုရားအသုံးအဆောင်ထဲ မဝင်နဲ့တော့။ စစ်သူကြီးကို အပြင်ထုတ်လိုက်ပါ။ ကျွန်တော် ပြောစရာတစ်ခုရှိတယ်”
ချီချင်ချန် အပြင်သို့ ရောက်သောအခါ ကျန်းရီသည် သူမတို့နှစ်ယောက်စလုံးကို ညွှန်ကြားလိုက်သည်။
“အဆိပ်ဝိညာဉ်.. ခင်ဗျားက ကျွန်တော်နဲ့အတူ ကောင်းကင်ဝိညာဉ်ကျွန်းထဲ လိုက်ဝင်ပါ။ စစ်သူကြီးကတော့ အဆိပ်ဝိညာဉ်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာပဲ ဆက်နေလိုက်ပါ။ တကယ်လို့ အခြေအနေက ဆိုးလာရင် စစ်သူကြီး အဆိပ်ဝိညာဉ်ကို ခေါ်ပြီးတော့ ချက်ချင်း အထက်ဘုံကို တည်နေရာပြောင်းရွှေ့သွားလိုက်ပါ။ ကျွန်တော်က ဒီမှာ ရန်သူတွေကို ထိန်းထားပါမယ်။ အဲ့ဒါက ကျွန်တော့်အမိန့်ပဲ။ ကျွန်တော့်အမိန့်ကို ဆန့်ကျင်ရင် နောက်ကျ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်စလုံးနဲ့ မိတ်ဆွေလုပ်တော့မှာ မဟုတ်ဘူး”
“အာ...”
အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ ခပ်ဖြည်းဖြည်း မျက်တောင်ပုတ်ခတ်လိုက်ကြ၏။ သူတို့၏ မျက်နှာထားများလည်း တင်းမာလာသည်။ ချီချင်ချန်က မေးလိုက်သည်။
“ကျန်းရီ... ရှင် ယုံကြည်မှု မရှိဘူးလား”
“လူသားတွေက စိတ်ကြိုက် ကြံစည်နိုင်ပေမဲ့ ရလဒ်ကိုတော့ ကောင်းကင်က ဆုံးဖြတ်တာ မဟုတ်လား။ အကုန်လုံး အဆင်ပြေရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အဆိုးဆုံးအခြေအနေအတွက် ကြိုပြင်ဆင်ထားချင်တယ်”
ကျန်းရီ ခေတ္တမျှ စကားရပ်ပြီးမှ ဆက်ပြောသည်။
“လက်ရှိအခြေအနေအရ ကျွန်တော်တို့ သုံးယောက်လုံး အထက်ဘုံကို ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော် ရှစ်ဆယ်ရာခိုင်နှုန်း သေချာပေမဲ့ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်လာရင် စစ်သူကြီးတို့နှစ်ယောက်ကို အထက်ဘုံဆီ ချက်ချင်း တည်နေရာပြောင်းရွှေ့သွားစေချင်တယ်။ တကယ်လို့ တည်နေရာမပြောင်းရွှေ့နိုင်ဘူးဆိုရင်တောင် အတင်းရုန်းထွက်ပြီး ပုန်းနေဖို့၊ ဒါမှမဟုတ် ပြန်သွားဖို့ နည်းလမ်းတစ်ခု ရှာစေချင်တယ်။ ကျွန်တော့်မှာက တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်နဲ့ အလောင်းကြီး ရှိတယ်။ အဲ့တော့ ကျွန်တော့်ရဲ့ ရှင်သန်နိုင်ခြေက မြင့်တယ်။ ပြီးတော့ အနားမှာ စစ်သူကြီးတို့ ရှိနေရင် ကျွန်တော် အစွမ်းကုန် ထုတ်သုံးဖို့ လက်တွန့်နေရလိမ့်မယ်”
ကျန်းရီက ထိုသို့ပြောလိုက်ပြီဖြစ်ရာ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ မည်သို့မှ မပြောနိုင်တော့ပေ။ ကျန်းရီ၏စကားများက အမှန်ပင်။ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်နှင့် အလောင်းကြီးကြောင့် ကျန်းရီ၏ ရှင်သန်နိုင်ခြေက ပိုမြင့်မည်ဖြစ်သည်။ သူတို့နှစ်ယောက်က အနီးတွင် ရှိနေလျှင် ကျန်းရီကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလိုသာ ရှိပေလိမ့်မည်။
“ကောင်းပြီ...”
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရီသည် အဆိပ်ဝိညာဉ်အား ချီချင်ချန်ကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပို့လိုက်ဖို့ ပြောလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် ပုန်းကွယ်ခြင်းအတတ်ကိုသုံးကာ အရှေ့သို့ ပျံသန်းသွားလိုက်ကြသည်။
ကျွန်းပတ်ပတ်လည်တွင် လူအပြည့် ရှိနေသည်။ လူများစွာထံတွင်လည်း ပြဒါးလုံးများ ရှိနေကြသည်။ ထို့ကြောင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့အတွက် ကျွန်းထဲ ဖောက်ဝင်ရန် အလွန်ခက်နေသည်။ သူတို့သည် ဘေးကင်းလုံခြုံရေးအတွက် ဘယ်ညာရွှေ့၍ ခပ်နှေးနှေးသာ ပျံသန်းနေကြသည်။ မကြာခဏဆိုသလို သူတို့သည် လမ်းကြောင်းလည်း ပြောင်းကြရသေးသည်။ ယင်းက အချိန်နှင့် စွမ်းအင်ကို ပိုကုန်စေသော်လည်း အနည်းဆုံးတော့ သူတို့ကို ရှာတွေ့မည် မဟုတ်ဟု သူတို့ သေချာနိုင်ပေသည်။
ကျန်းရီတို့သည် တဖြည်းဖြည်း ကောင်းကင်ဝိညာဉ်ကျွန်းနှင့် နီးကပ်လာ၏။ သူတို့နှစ်ယောက်စလုံး တောင့်တင်းလာသည်။ နှစ်နာရီကြာပြီးနောက်တွင် သူတို့သည် လေထဲရှိ ဧရာမကျွန်းကြီးတစ်ကျွန်းအနီးသို့ ရောက်သွားကြလေသည်။
ကျန်းရီသည် ကျွန်းထဲ ချက်ချင်းဝင်မသွားဘဲ အဆိပ်ဝိညာဉ်ကို လှမ်းကြည့်လိုက်၏။ သူတို့နှစ်ယောက်သည် ကျွန်းကို လှည့်ပတ်ကာ ပုန်းအောင်းနေသည့်သူများ ရှိနေသလောဟု စူးစမ်းလိုက်ကြသည်။
“လုံခြုံတယ်...”
ပုန်းအောင်းနေသူများ မရှိကြောင်း အတည်ပြုပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ကျွန်းပေါ်ရှိ မြို့သို့ ဦးတည်သွားလိုက်၏။ ကျွန်း၏ မြေမျက်နှာသွင်ပြင်က လုံးဝမြေပြန့်ဖြစ်သည်။ ကျွန်းပေါ်တွင် ကျွန်းအလယ်၌ ထီးတည်းကြီးရှိနေသော မြို့ကြီးတစ်မြို့မှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။ မြို့ရင်ပြင်ထဲတွင်မူ ရာချီသော တည်နေရာပြောင်းရွှေ့အစီအရင်များ ရှိနေသည်။ ထိုအစီအရင်အားလုံး၏ အလယ်တွင် အဘိုးအိုဆယ့်နှစ်ယောက် ထိုင်နေကြပေသည်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် မြို့အထက်မှ လှည့်ပတ်ပျံသန်း၍ မြို့ရင်ပြင်ထဲ၌ ထိုဆယ့်နှစ်ယောက်သာ ရှိကြောင်း အတည်ပြုလိုက်၏။ ကျန်းရီ၏အကြည့်က ရုတ်တရက် တင်းမာသွားပြီး သူ အဆိပ်ဝိညာဉ်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ အဆိပ်ဝိညာဉ်သည် ကျန်းရီက လှုပ်ရှားတော့မည်ဖြစ်ကြောင်း သိလိုက်၍ နောက်ဆုတ်လိုက်သည်။
ရွှီး...
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်သမား ဆယ့်နှစ်ယောက်၏ ပူးပေါင်းအင်အားက မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။ ထို့ပြင် တောက်မျိုးနွယ်မှနေ၍ နောက်ထပ်ရောက်လာသော နှစ်ယောက်၏ စွမ်းရည်အဆင့်ကို ယခုအထိ မသိရသေးပေ။ သို့ဖြစ်၍ ကျန်းရီ သတိလွတ်၍ မဖြစ်ချေ။ သူ အလောင်းကြီးကို ထုတ်လိုက်ပြီး ၎င်းအား သူ့ကို ခြေထောက်မှ ဆုပ်ကိုင်ထားစေလိုက်သည်။ ယင်းက သူ့ကို ကာကွယ်ပေးရုံသာမက သူ၏တိုက်ခိုက်မှုများကိုလည်း အနှောင့်အယှက်မဖြစ်စေပေ။
ဝှစ်...
ကျန်းရီ အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်၏။ ထိုအခါ အလောင်းကြီးက မြို့ထဲကို ဆင်းသက်သွားသည်။ မြို့မြေပြင်က ရုတ်ခြည်း အက်ကွဲသွား၏။ ထို့နောက် အလောင်းကြီးသည် မြို့ရင်ပြင်ထဲရှိ အုပ်ချုပ်သူအဆင့် သိုင်သမားများထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလောင်းကြီးက မြို့ရင်ပြင်ထဲ ရောက်သွားပြီး အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ့်နှစ်ယောက်ထံ ဆက်သွားလိုက်သည်။
“ဟားဟားဟား...”
အစောတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ့်နှစ်ယောက်လုံးက မျက်လုံးမှိတ်ထားခဲ့၏။ သို့သော် ယခုတွင်မူ သူတို့ မျက်လုံးဖွင့်လိုက်ကြပေပြီ။ သူတို့သည် ကျန်းရီနှင့် အလောင်းကြီးကိုကြည့်၍ တဟားဟား ရယ်မောလိုက်ကြ၏။ ၎င်းနောက် သူတို့က ကျန်းရီတို့ကို မတိုက်ခိုက်ဘဲ အရပ်မျက်နှာအနှံ့သို့ အလင်းတန်းများ ပစ်လွှတ်လိုက်ကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်ဝိညာဉ်ကျွန်း အထက်တွင် တောက်ပသော အလင်းတစ်စ ထွက်ပေါ်လာသည်။ ၎င်းက လျှပ်စီးလက်သကဲ့သို့ပင်။ မကြာခင်မှာပင် ကောင်းကင်ထက်တွင် အကာအရံအလွှာတစ်ခု ဖြစ်တည်လာပေသည်။
ထိုစဉ် တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ လှောင်ပြောင်သံကို ကြားလိုက်ရ၏။
“ကျန်းရီ... ငါတို့ မင်းကို စောင့်နေတာ ကြာပြီ။ ခေါင်းဆောင်လန်က တကယ့်ကို ခန့်မှန်းတဲ့နေရာမှာ တော်တာပဲ။ ကျန်းရီ... ဒီနေ့ မင်း သေချာပေါက် သေရမယ်”
“ဟားဟားဟား...”
တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေသော အဘိုးအိုတစ်ယောက်ကလည်း ရယ်ကာ ထပ်ဖြည့်ပြောလိုက်၏။
“ခေါင်းဆောင်လန်ဆိုတာ ဘယ်သူလဲ။ သူက ကောင်းကင်ဘုံရဲ့ ဂုဏ်သိက္ခာကြီးတဲ့ အေးစက်ဧကရာဇ်ပဲ။ ခေါင်းဆောင်လန်ရဲ့ လက်ချက်နဲ့ တမလွန်ဘုံမိစ္ဆာဘယ်နှစ်ကောင် သေခဲ့ပြီလဲ။ ကျန်းရီလို ပမွှားလေးတစ်ယောက်ကို သတ်ဖို့လောက်က သူ့အတွက် အလွယ်လေးပဲပေါ့”
“ကျန်းရီ... အခု အညံ့ခံလိုက်တော့။ မင်းမပြောနဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် ခေါင်းဆောင်လန်တောင် ဒီကြယ်တာရာဝိညာဉ်အစီအရင်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ မကြာခင် ခေါင်းဆောင်လန် ဒီကို ရောက်လာလိမ့်မယ်။ မင်းက ပါရမီရှင်တစ်ယောက်လို့ သူက ပြောတယ်။ မင်းသာ တောက်မျိုးနွယ်ထဲ ဝင်မယ်ဆိုရင် သူ ဒီကိစ္စကို မေ့ပစ်ပေးလိမ့်မယ်...”
“ဟုတ်တယ်... ငါတို့ရဲ့ ခေါင်းဆောင်လန်က ပြောခဲ့ပြီးပြီ။ မင်းသာ ငါတို့မျိုးနွယ်ထဲ စိတ်ရင်းအမှန်နဲ့ ဝင်မယ်ဆိုရင် မင်း သခင်လေးတောက်လန်ကို သတ်လိုက်တဲ့ကိစ္စကို ငါတို့ မေ့ပစ်ပေးမယ်။ မဟုတ်ရင်တော့ မင်း သေချာပေါက် သေရလိမ့်မယ်”
“တိုက်ခိုက်မလား၊ အညံ့ခံမလားဆိုတာ မင်းအပေါ်ပဲ မူတည်တယ် ကျန်းရီ”
“...”
မရေမတွက်နိုင်သော အသံများကို ကြားနေရ၏။ သို့သော် အစောမှ လူဆယ်နှစ်ယောက်ကတော့ လျင်မြန်စွာ ပြန်ဆုတ်နေကြပေသည်။ ကျန်းရီ၏ မျက်နှာထား တင်းမာလာ၏။ သူ အလွန်သတိထားခဲ့သော်လည်း သူတို့၏ထောင်ချောက်ထဲ လျှောက်ဝင်သွားမိပေသေးသည်။
ခေါင်းဆောင်လန်၊ အေးစက်ဧကရာဇ်၊ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား...
ထိုသူက အမှန်ပင် တော်ပေသည်။ သူက အမှန်တကယ် တမလွန်ဘုံဘုရင်၏ ကိုယ်ပွားနောက်သို့ လိုက်နေခြင်း မဟုတ်လောက်ပေ။ တမလွန်ဘုံတပ်ကြီးက ဟွင့်သွမ့်ပင်လယ်ထဲသို့ ရောက်လာသည်ဆိုသော သတင်းမှာ မှားနေခြင်း သို့မဟုတ် သူက ထိုကိုယ်ပွားကို အစောကတည်းက သတ်ပြီးသွားခြင်း ဖြစ်နိုင်သည်။ သူသည် ဤတစ်ချိန်လုံး ပုန်းအောင်းနေပြီး ကျန်းရီ ရောက်လာမည်ကို စောင့်နေခြင်း ဖြစ်မည်။
ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်က မည်မျှစွမ်းအားကြီးသနည်း။
အထက်ဘုံတွင် သိမ်းငှက်စိမ်းဘုရင်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ကျန်းရီ သိသလောက် သိမ်းငှက်စိမ်းဘုရင်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ မရောက်သေးပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ကိုလည်း မယှဉ်နိုင်လောက်ချေ။ သိမ်းငှက်စိမ်းဘုရင်ပင် မယှဉ်နိုင်ရာ ကျန်းရီက ယှဉ်နိုင်ပါမည်လော။ ထိုခေါင်းဆောင်လန် ရောက်လာသည်နှင့် ကျန်းရီ လုံးဝထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ယခုချက်ချင်း ထွက်ပြေးသင့်သည်။
ပြဿနာမှာ...
ဤအစီအရင်ကြီးကို ကျန်းရီ မည်သို့ ဖျက်ရမည်နည်း။ ရန်သူများက ဤအစီအရင်ကြီးကို အထူးတလည် ဆင်ထားခြင်းဖြစ်ရာ သူ ၎င်းကို အချိန်တိုအတွင်း ဖျက်နိုင်လိမ့်မည် မဟုတ်ပေ။ သူ လုပ်နိုင်သည်မှာ တစ်ခုသာ ရှိသည်။ ယင်းမှာ ထိုလူဆယ့်နှစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံးသတ်၍ ချီချင်ချန်အား တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုကို နှိုးခိုင်းပြီး သူတို့အားလုံး အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားရန်ပင်။
ယခုတွင် ထိုလူဆယ့်နှစ်ယောက် အမြန်ဆုံး ဆုတ်ခွာနေကြပြီး ကျန်းရီကို အညံ့ခံရန်ပင် ဖျောင်းဖျနေကြသည်။ သူတို့က ခေါင်းဆောင်လန်နှင့် အနီးတွင်ပုန်းအောင်းနေသော အခြား စွမ်းအားကြီး သိုင်းသမားများ ရောက်လာသည်အထိ အချိန်ဆွဲလိုနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“သတ်...”
ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဆက်တုံ့ဆိုင်းမနေတော့ပေ။ သူသည် အလောင်းကြီးကို လူဆယ့်နှစ်ယောက်ထံ လျင်မြန်စွာ ပြေးသွားစေလိုက်သည်။
“သတ်ကြ...”
အုပ်ချုပ်သူအဆင့် သိုင်သမား ဆယ့်နှစ်ယောက်သည် ကျန်းရီက သူတို့ထံသို့ လျင်မြန်စွာ လာနေကြောင်း တွေ့လိုက်သောအခါ လေဖြုန်းမနေတော့ရန် ဆုံးဖြတ်လိုက်ပြီး သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ပစ်လွှတ်လိုက်ကြသည်။ လေထဲတွင် အလင်းတန်းများ ပြည့်နှက်သွား၏ သို့သော် ကျန်းရီက အလောင်းကြီးနှင့်အတူ အရှေ့သို့ ဆက်လာနေပေသည်။
အလောင်းကြီးက အလွန်လျင်မြန်၏။ သို့သော် ထို အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း အားမနည်းပေ။ အလောင်းကြီးက သူတို့၏ တိုက်ခိုက်မှု လေး၊ ငါးခုကို ခံလိုက်ရသည်။ ကျန်းရီကိုလည်း အလင်းတန်းတစ်တန်း ထိမှန်သွားသည်။ သို့သော် အားအများစုကို အလောင်းကြီးက သူ့ကိုယ်စား စုပ်ယူပေးလိုက်၍ တော်ပေသေးသည်။
ကျန်းရီ တိုက်ခိုက်ရမည်။ သူ့အတွက် စက္ကန့်တိုင်းက အဖိုးတန်သည်။ ထိုဆယ့်နှစ်ယောက်နှင့် ပြေးတမ်းလိုက်တမ်း ကစားမနေနိုင်။ သူ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်က ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ အစောမှ အလင်းတန်းက သူ့တစ်ကိုယ်လုံးကို တုန်ခါသွားစေသော်လည်း သူ ဒဏ်ရာအပြင်းအထန် မရလိုက်ချေ။ အလောင်းကြီးကလည်း အထင်ကြီးစရာပင်။ တိုက်ခိုက်မှု လေး၊ ငါးခု ခံလိုက်ရသည်ပင် အနောက်သို့ မီတာများစွာ ရွေ့သွားရုံမှလွဲ၍ ခြစ်ရာတစ်ချက်ပင် မရလိုက်ပေ။
“ပုံရိပ်လက်တစ်ထောင်...”
အလောင်းကြီးက အုပ်ချုပ်သူအဆင့် သိုင်သမားတစ်ယောက်နှင့် လုံလောက်စွာ နီးကပ်နေပြီဖြစ်သည်။ ကျန်းရီက ရုတ်တရက် လက်ဆန့်ထုတ်လိုက်ရာ သူ့အရှေ့မှ သိုင်းသမား ကြောက်ရွံ့သွား၏။ ထိုလူသည် လေထဲတွင် လက်ဝါးရာများ ပြည့်နှက်သွားသည်ကို တွေ့လိုက်ရသဖြင့် သူ မည်သည့်နေရာသို့မှ မပြေးနိုင်တော့ကြောင်း ခံစားလိုက်ရ၏။ ထို့ပြင် ထိုလက်တိုင်းမှနေ၍ မီးတောက်များ ထွက်နေသည်။ ထို့ကြောင့် သူ စိတ်ဓာတ်ကျသွားလေသည်။
“အား...”
သူ စိတ်ပြန်ထိန်းနိုင်လိုက်ပြီး ထိုလက်များက ပုံရိပ်ယောင်များသာဖြစ်ကြောင်း သိသွားချိန်တွင် အလောင်းကြီးက သူ့အနားသို့ ရောက်လာပြီဖြစ်သည်။ ကြောက်မက်ဖွယ် အပူချိန်က သူ့ကို လွှမ်းခြုံသွား၏။ သူ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလွန့်သွားသည်။ ထို့နောက် အလောင်းကြီးက သူ့ကို လက်သည်းဖြင့် ကုတ်ဖြဲလိုက်၏။ သူ အပိုင်းပိုင်း ပြတ်သွားလေတော့သည်။
ကျန်ဆယ့်တစ်ယောက်သည် ကျန်းရီက ထို အုပ်ချုပ်သူအဆင့် သိုင်းသမားအား သတ်လိုက်ပုံကို တွေ့လိုက်သောအခါ တုန်လှုပ်သွားကြ၏။ သူတို့ ကျန်းရီကို မတိုက်ခိုက်ဝံ့တော့ဘဲ ဆက်သာ ဆုတ်နေလိုက်ကြသည်။ တောက်လန်က သူတို့ကို အလွန်ရိုးရှင်းသော တာဝန်တစ်ခု ပေးခဲ့သည်။ ထိုတာဝန်မှာ ကျန်းရီကို သူရောက်လာသည်အထိ မိနစ်အနည်းငယ် ထိန်းထားရန်ပင်။
တောက်လန်က ဤကျွန်းနှင့် ကီလိုမီတာထောင်ကျော်အကွာတွင်သာ ရှိနေခြင်းပင်။ သူ ဤသို့ ရောက်လာရန် ငါးမိနစ်သာ လိုသည်။ သူ ရောက်လာသည်နှင့် ကျန်းရီက သေချာပေါက် သေရမည်ဖြစ်သည်။