← Chapters

လက်စားချေမည်

Vol. 119 Ch. 1651

လက်စားချေမည်

Vol. 119 Ch. 1651

ဝှစ်...

ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ့်တစ်ယောက်သည် တစ်ယောက် တစ်နေရာစီ ဆုတ်ပြေးကြ၏။ သို့သော် သူတို့သည် ကျန်းရီ ထွက်သွားမည်စိုး၍ တည်နေရာပြောင်းရွှေ့အစီအရင်များနှင့် ဝေးဝေးသို့ မသွားဝံ့ပေ။ သို့သော် ကျန်းရီက အမှန်ပင် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားမည်ဆိုလျှင်လည်း သူတို့ မကြောက်ချေ။ တည်နေရာပြောင်းရွှေ့နိုင်ရန် အချိန်တစ်ခု လိုအပ်သည် မဟုတ်ပါလား။ ကျန်းရီက အမှန်တကယ် တည်နေရာပြောင်းရွှေ့ဝံ့လျှင် သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးပစ်လိုက်ရုံသာ။ ထိုအခါကျ ကျန်းရီသည် အာကာသထဲတွင် ညပ်ကာ ပိပြားသေဆုံးသွားပေလိမ့်မည်။

ကျန်းရီကလည်း ထိုအကြောင်းကို သိသည်။ ထို့ကြောင့် သူသည် အဆိပ်ဝိညာဉ်ကို တည်နေရာပြောင်းရွှေ့သွားရန် မပြောသေးခြင်းပင်။ ထိုအစား ကျန်သော လူဆယ့်တစ်ယောက်ကို သတ်နိုင်ရန်သာ အကောင်းဆုံး ကြိုးစားနေသည်။ အလောင်းကြီးက တောက်ဖုန့်ထက် ပိုမြန်ပြီး ကောင်းကင်ဘုရင်ဝူနှင့် ယှဉ်နိုင်လောက်သည်။ ဤကျွန်း၏ အကျယ်အဝန်းက အကန့်အသတ်ရှိရာ ထိုလူများ မည်မျှဝေးဝေး ပြေးနိုင်ပါနည်း။

စက္ကန့်နှစ်ဆယ်အတွင်းမှာပင် ကျန်းရီ နောက်လူတစ်ယောက်ကို မီသွား၏။ သူ ပုံရိပ်လက်တစ်ထောင်ကို သုံးလိုက်ရာ ထိုလူလည်း လှည့်ကွက်ထဲ ကျသွားပေသည်။ ထိုလူထံတွင် ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ပင် မရှိရာ အလောင်းကြီးက သူ့ကို အလွယ်တကူ ကုတ်ဖြဲသတ်ဖြတ်နိုင်လိုက်ပေသည်။

ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကလည်း ပြောပလောက်အောင် မသန်မာ။ သူတို့က သန်မာလျှင် အဘယ်ကြောင့် ဤနေရာ၌ တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေရပါမည်နည်း။ တောက်မျိုးနွယ်မှ နောက်ထပ်ရောက်လာသော လူနှစ်ယောက်ဆိုသည်မှာလည်း တောက်လန်က တမင် ချန်ခဲ့သော ငါးစာသာဖြစ်သည်။ တစ်နည်းဆိုရသော် သူတို့ကို အသေခံရန် ဤနေရာတွင် ချန်ခဲ့ခြင်းပင်။ တောက်လန်သည် ထိုရည်ရွယ်ချက်အတွက် အဘယ်ကြောင့် သူ၏ အသန်မာဆုံး သိုင်သမားများကို ‌ချန်ခဲ့ပါမည်နည်း။

တောက်လန်က သူနှင့်အတူ လူများစွာ ခေါ်လာခဲ့သည်။ သို့သော် ထိုလူအားလုံးက ကီလိုမီတာထောင်ကျော်ပတ်လည်အတွင်းရှိ ကျွန်းအသီးသီးတွင် ပုန်းအောင်းနေကြသည်။ ကြယ်တာရာဝိညာဉ်အစီအရင် ရှိနေလျှင် ကျန်းရီက ထွက်သွားနိုင်မည် မဟုတ်ပေ။ သူ တည်နေရာပြောင်းရွှေ့ရဲမည်လည်း မဟုတ်ပေ။ တောက်လန်က ငါးမိနစ်အတွင်း ရောက်လာမည်ဖြစ်သည်။ သို့သော် ထိုလူဆယ့်နှစ်ယောက်က ကျန်းရီကို ငါးမိနစ်လောက် ထိန်းထားနိုင်ပါမည်လော။

ထိန်းထားနိုင်ပါသည်။ ကျန်းရီသည် အလောင်းကြီးကို ဦးဆောင်၍ ကျန်သော လူဆယ်ယောက်ကို ကျွန်းတစ်ခွင်တွင် လိုက်ဖမ်းနေရသည်။ ကျန်းရီ ထိုလူများကို တစ်ယောက်ချင်း သတ်နိုင်ရန် အချိန်လိုအပ်ပေသည်။ သူ တတိယတစ်ယောက်ကို သတ်ရန် ကြိုးစားနေချိန်တွင် ထိုလူက သူသေကိုယ်သေ သဘောဖြင့် တိုက်ခိုက်မှုမျိုးစုံကို ပစ်လွှတ်လိုက်သည်။ ထို့ကြောင့် ကျန်းရီ သွေးပင်အန်သွားရလေသည်။

လေးယောက်မြောက်၊ ငါးယောက်မြောက်...

ကျန်းရီ ငါးယောက်မြောက်လူကို သတ်နေချိန်၌ နှစ်မိနစ်ကျော် ကုန်သွားခဲ့ပြီဖြစ်သည်။ အခြေအနေက မဟန်တော့သဖြင့် သူ ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမားများနောက်ကို ဆက်မလိုက်တော့ဘဲ အော်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ် အရင်ဆုံး ထွက်သွားတော့”

ရွှီး...

အဆိပ်ဝိညာဉ်သည် ကိုယ်ပြန်ဖော်လိုက်ပြီး ချီချင်ချန်ကို ချက်ချင်း အပြင်ထုတ်လိုက်သည်။ ကျန်းရီ အော်ပြောလိုက်သည်။

“စစ်သူကြီး... တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ပါ”

ချီချင်ချန်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသေချာပေ။ သို့သော် ကျန်းရီ၏ပုံစံကို တွေ့သောအခါ သူမ ရုတ်ခြည်း မြို့ရင်ပြင်အလယ်သို့ ပျံသန်းသွားလိုက်သည်။ ၎င်းနောက် အထက်ဘုံသို့ ပြန်ပို့ပေးနိုင်မည့် တည်နေရာပြောင်းရွှေ့အစီရင်ကို ရှာလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ချီချင်ချန်၏ လက်ထဲမှနေ၍ အလင်းတန်းများ အဆက်မပြတ် ထွက်နေ၏။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသည်။ အဆိပ်ဝိညာဉ်သည် သူမအနောက်သို့လိုက်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သည်။ သို့သော် သူ မဆင်မခြင်တော့ မလှုပ်ရှားဝံ့ပေ။ အမှားတစ်ခုက တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးမရဘဲ ဖြစ်သွားစေနိုင်သည်။ ကံဆိုးလျှင် ပေါက်ပင်ပေါက်ကွဲထွက်သွားနိုင်သည်။

“မင်းတို့က ပြေးချင်တာလား”

ရေခဲတမျှ အေးစက်သော အသံတစ်သံကို ကြားလိုက်ရ၏။ အဝေးမှနေ၍ အလင်းတန်းတစ်တန်း ပျံသန်းလာပြီး တည်နေရာပြောင်းရွှေ့အစီအရင်ကို ထိမှန်သွားသည်။ တစ်စုံတစ်ယောက်က အစီအရင်ကို ဖျက်ဆီးပစ်ရန် လုပ်နေ‌ကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် အလောင်းကြီးကို ထိန်းချုပ်၍ အလင်းတန်း ထွက်လာရာဘက်သို့ သွားစေကာ တိုက်ခိုက်မှုကို ကာပေးရန် ကြိုးစားလိုက်သည်။ သို့သော် အလောင်းကြီးက ပျံသန်းလာသောအခါ တိုက်ခိုက်လိုက်သူက အခြားတစ်ဘက်သို့ အမြန်ဆုံး ထွက်ပြေးလေသည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးကြ”

“ဟုတ်တယ်... အားလုံးပဲ မြန်မြန် တိုက်ခိုက်ကြပါ။ သူတို့ကို ထွက်မပြေးစေနဲ့”

“တိုက်ကြ...”

ထောက်လှမ်းရေးများက အရပ်မျက်နှာအနှံ့မှနေ၍ အလင်းတန်းများနှင့်အတူ ပျံသန်းလာကြ၏။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ထိုသူများကို တားရလေသည်။ သူ အလောင်းကြီးကို ထိန်းချုပ်ကာ တိုက်ခိုက်မှုများစွာကို လှည့်ပတ်ကာရံလိုက်သည်။ တစ်ချိန်တည်းမှာပင် အလောင်းကြီးကို တည်နေရာပြောင်းရွှေ့အစီအရင် ပတ်ပတ်လည်၌ လှည့်ပတ်ပြေးလွှားနေစေလိုက်ပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားများ အနားကပ်မလာနိုင်အောင် လုပ်လိုက်ပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ချီချင်ချန်က လက်နှစ်ဘက်ဝှေ့ယမ်းကာ လက်ဝါးပြင်များမှနေ၍ အလင်းတန်းများ ဆက်ထုတ်လွှတ်နေဆဲပင်။ တည်နေရာပြောင်းရွှေ့အစီအရင်ကြီးက တောက်၍ တောက်၍ လာသည်။ နောက်ဆုံးတွင် အလင်းတန်းကြီးတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ တည်နေရာပြောင်းရွှေ့အစီအရင် နိုးသွားပေပြီ။ သူမတို့လည်း တည်နေရာပြောင်းရွှေ့ပေတော့မည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် ခက်ခက်ခဲခဲဖြင့် အလောင်းကြီးကို ထိန်းချုပ်၍ တည်နေရာပြောင်းရွှေ့အစီအရင် ပတ်ပတ်လည်တွင် လှည့်ပတ်ပြေးစေကာ အဘက်ဘက်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကာပေးနေသည်။ သူက တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း အဆက်မပြတ်တိုက်ခိုက်ခံရမှုက သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရလာစေပေသည်။ သူ့ပါးစပ်ထဲမှနေ၍ သွေးများ စီးထွက်လာပြီး သူ့အဖြူရောင်ချပ်ဝတ်၏ ရင်ဘတ်ကို နီရဲသွားစေပေသည်။

“ကျန်းရီ... အထဲဝင်ခဲ့”

ချီချင်ချန်သည် တည်နေရာပြောင်းရွှေ့အစီအရင်ကြီးက နိုးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ကျန်းရီကို အော်ပြောလိုက်၏။ ကျန်းရီ လှည့်ကြည့်ကာ ပြုံးပြ၍ သွေးပေနေသော သူ့သွားများကို ဖော်ပြလိုက်သည်။

“စစ်သူကြီး၊ အဆိပ်ဝိညာဉ်... ကျွန်တော် ပြန်လာခဲ့မယ်လို့ ကျွန်တော့်ရဲ့ ဇနီးသုံးယောက်နဲ့ အမေကို ပြောလိုက်ပါ။ ကျွန်တော့်ကို ယုံပါ”

ကျန်းရီသည် တည်နေ‌ရာပြောင်းရွှေ့အစီအရင်ထဲသို့ အသည်းအသန် ပြေးဝင်မသွားပေ။ သူ ထိုသို့လုပ်လိုက်လျှင် အစီအရင်ကြီးက သေချာပေါက် ပေါက်ကွဲထွက်သွားပေလိမ့်မည်။ ထိုအခါ သူတို့သုံးယောက်စလုံး သေရမည်ဖြစ်သည်။ သူ တည်နေရာပြောင်းရွှေ့အစီအရင်ကို ဆက်ကာကွယ်ပေးနေမှသာ ထိုနှစ်ယောက် ဘေးကင်းကင်းနှင့် ထွက်သွားနိုင်မည်ဖြစ်သည်။

ရန်သူက ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကို အရေးမစိုက်ပေ။ သူတို့က ကျန်းရီကိုသာ လိုချင်ခြင်းပင်။ သူ တည်နေရာပြောင်းရွှေ့မသွားသ၍ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားများက တည်နေရာပြောင်းရွှေ့အစီအရင်ကြီးကို တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုက တည်ဆောက်ထားခြင်း မဟုတ်ပါလား။ တောက်မျိုးနွယ်ဝင်များပင် ချီချင်ချန်၊ အဆိပ်ဝိညာဉ်တို့အတွက်နှင့် တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးမပစ်နိုင်ပေ။ အစောတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်ပုံများအရ သူတို့က သူ တည်နေရာမပြောင်းရွှေ့ရဲရန် ခြောက်လှန့်နေခြင်းသာဖြစ်ကြောင်း ကျန်းရီ ပြောနိုင်ပေသည်။

“အရှင်ငယ်...”

အဆိပ်ဝိညာဉ်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်၍ အော်လိုက်၏။ ချီချင်ချန်သည်လည်း သွေးအလူးလူးဖြင့် ပြုံးနေသော ကျန်းရီကို စိုက်ကြည့်နေသည်။ အကြောင်းအချို့ကြောင့် သူမ ရင်နာသွားပြီး နာကျင်တကြီး အော်ပြောလိုက်သည်။

“ကျန်းရီ... ရှင် ရှင်သန်ရမယ်။ ရှင် ပြန်လာရမယ်...”

“ဟားဟားဟား... ကျွန်တော် သေချာပေါက် ပြန်လာခဲ့မှာပါ။ ကျွန်တော် စစ်သူကြီးနဲ့ လက်ထပ်ရဦးမယ်လေ...”

ကျန်းရီ ရယ်လိုက်၏။ သူ့လေသံက အလွန်အေးဆေးနေသည်။ လေသံအရ သူက ပြန်နိုင်လိမ့်မည်ဟု သေချာနေသလိုပင်။ သူ စကားမဆုံးခင်မှာပင် တည်နေရာပြောင်းရွှေ့အစီအရင်ကြီးက ပို၍တောက်ပလာသည်။ ထို့နောက် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့နှစ်ယောက်စလုံး အစီအရင်အတွင်းမှာ ပျောက်ကွယ်သွားလေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ထိုနှစ်ယောက် ထွက်သွားသည်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများက တည်နေရာ‌ပြောင်းရွှေ့အစီအရင်ကြီးအား တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ ကျန်းရီ သက်ပြင်းချလိုက်၏။ ထိုနှစ်‌ယောက် ဘေးကင်လျှင် သူ လုပ်လိုရာကို လုပ်နိုင်ပြီဖြစ်သည်။

“သတ်မယ်...”

အခြေအနေများက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ ကျန်းရီ မည်သည်ကို အရေးစိုက်ရပါဦးမည်နည်း။ သူ အလောင်းကြီးကို အဝေးသို့ ပြေးသွားစေလိုက်သည်။ သူက ထွက်မပြေးနိုင်ရာ အနည်းဆုံးတော့ ထိုလူများကို သတ်ပစ်ပြီးမှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရပေမည်။

“ပြေးကြ...”

ကျန်သော အုပ်ချုပ်သူအဆင့် သိုင်သမား ခုနစ်ယောက်သည် တုန်လှုပ်တကြီးဖြင့် ကောင်းကင်ဝိညာဉ်ကျွန်းကို လှည့်ပတ်ပြေးကြ၏။ ကျန်းရီသည် မည်သည်ကိုမှ အရေးမစိုက်ဘဲ သူတို့နောက်သို့ လိုက်နေလျက် အလွန်လျင်မြန်စွာပင် သူတို့ထဲမှ နှစ်ယောက်ကို မီသွားပေသည်။ သူသည် ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ အဆက်မပြတ် တိုက်ခိုက်မှုများကို အံကြိတ်၍တောင့်ခံကာ သူတို့ကို တစ်ယောက်ချင်း သတ်ပစ်လိုက်လေသည်။

“ကျန်းရီ... ငါတို့နောက်ကို ဆက်မလိုက်နဲ့တော့။ မဟုတ်ရင် ငါတို့ တည်နေရာပြောင်းရွှေ့အစီအရင်ကို တိုက်ခိုက်ရလိမ့်မယ်။ အဲ့ကျရင် မင်းရဲ့မိတ်ဆွေနှစ်ယောက်စလုံး ချက်ချင်း အမှုန့်ဖြစ်သွားမှာပဲ”

“ဟုတ်တယ်၊ ဟုတ်တယ်... မဟုတ်လည်း ငါတို့က သေရမှာပဲ။ ကျန်းရီ... မင်း ဆက်လိုက်နေဦးမယ်ဆိုရင် ငါတို့ အသက်ကိုရင်းပြီး တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးပစ်မယ်”

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က ကြောက်ရွံ့စွာ အော်ပြောလိုက်ကြ၏။ သူတို့သည် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့၏ အသက်ကို အသုံးချ၍ ကျန်းရီကို ခြိမ်းခြောက်နေကြသည်။ ကျန်းရီက ထိုနှစ်ယောက်ကို အေးစက်စက် လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

“သွားပြီး တိုက်ခိုက်လိုက်လေ။ ခင်ဗျားတို့ တည်နေရာပြောင်းရွှေ့အစီအရင်တွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်နိုင်ရင် အကောင်းဆုံးပဲ။ အဲ့ကျ ခင်ဗျားတို့ရဲ့ မျိုးနွယ်တွေက မဟာဧကရာဇ်လေးပါး အမျက်ရှတာကို ခံရလိမ့်မယ်။ အစီအရင်တွေကို ဖျက်ဆီးဖို့ ကျွန်တော် ခင်ဗျားတို့ကို ကူပေးရဦးမလား။ ကောင်းကင်ဘုံကို သွားတဲ့ အစီအရင်ကိုလည်း ကျွန်တော် ဖျက်ဆီးပေးပါမယ်”

ရှူး...ရှူး...

ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမားငါးယောက် အသက်ပြင်းပြင်း ရှးသွင်းလိုက်ကြ၏။ မည်သူမှ မည်သို့မှ ဆက်မပြောဝံ့တော့ပေ။ ကျန်းရီက ကောင်းကင်ဘုံသို့ သွားသည့် တည်နေရာပြောင်းရွှေ့အစီအရင်ကို အမှန်တကယ် ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။ မဟာဧကရာဇ်လေးပါးက ထိုကိစ္စကို သေချာပေါက် စုံစမ်းပေလိမ့်မည်။ သူတို့သည် မဟာဧကရာဇ်လေးပါ၏ အမျက်တော်ကို မည်သို့ခံနိုင်ပါမည်နည်း။ တောက်မျိုးနွယ်ပင် သေချာပေါက် အပြစ်ပေးခံရပေမည်။

သူတို့ငါးယောက်က အလျင်စလို မလုပ်လျှင် ကျန်းရီလည်း အလျင်စလို လုပ်မည် မဟုတ်‌ပေ။ ကျန်းရီ ထိုငါးယောက်ကို ဆက်၍ လိုက်ဖမ်းလျက်ရှိသည်။ သူတို့က ဆယ့်နှစ်ယောက်အုပ်စုထဲတွင် စွမ်းအားအကြီးဆုံးသူများပင်။ ထို့ကြောင့် အတော်ကြာအောင် လိုက်ပြီးနောက်တွင်ပင် ကျန်းရီ သူတို့ထဲမှ တစ်ယောက်ကိုသာ ထပ်သတ်နိုင်ခဲ့သည်။

ကျန်းရီ ပုံရိပ်လက်တစ်ထောင်ကို ထုတ်သုံးနေစဉ် ကေင်းကင်ထက်မှ အကာအရံအလင်းလွှာကြီးက လင်းလက်ကာ ပျောက်ကွယ်သွား၏။ သိမ်းငှက်စိမ်းဘုရင်၏ အရှိန်အဝါထက်ပင် ပိုအားကောင်းသော အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ၎င်းနောက် အရိုးခိုက်အောင် အေးစက်သော အသံတစ်သံက ကောင်းကင်ဝိညာဉ်ကျွန်းတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။

“ကျန်းရီ... မင်းက တော်တော်သတ္တိကောင်းတာပဲ။ မင်းက ငါ့တူကို သတ်ပြီး သူ့ရဲ့ ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ထားရဲတယ်ပေါ့လေ။ ငါက တောက်မျိုးနွယ်ရဲ့ တိုက်ပွဲခန်းမအရှင် တောက်လန်ပဲ။ ဒီနေ့ ငါ့တူအတွက် လက်စားချေမယ်”

All Chapters