ခင်ဗျား ကျွန်တော့်ကို ဖိအားပေးတာ
Vol. 119 Ch. 1652
တောက်လန်၏ အရှိန်အဝါက အလွန်အားကောင်းသည်။ ကျန်းရီ သူ့ကို မတွေ့ရသေးခင်မှာပင် သူ၏အရှိန်အဝါက ကျန်းရီကို လွှမ်းခြုံဖိနှိပ်သွားသည်။ ထို့ကြောင့် ကျန်းရီ အသက်ပင် ခက်ခက်ခဲခဲ ရှူနေရပေသည်။ သူ့အပေါ်သို့ အားကောင်းသော သတ်ဖြတ်အရှိန်အဝါတစ်ခု ကျရောက်လာသည်ကိုလည်း ကျန်းရီ ခံစားလိုက်ရသည်။ သူ့တွင် ပြေးစရာမြေ မရှိတော့ပေ။
တည်နေရာပြောင်းရွှေ့ရမည်လော။ ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်များကို မည်သို့နှိုးရမည်ကို မသိပေ။
ပြေးရမည်လော။ သူက ဝန်းရံထားသူများကို ဖောက်ပြေးနိုင်ပါမည်လော။ လူများ လေကိုခွင်း၍ ပျံသန်းလာသော အသံများက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများ လာနေပြီဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ တောက်လန်၏ အမြန်နှုန်းအရဆိုလျှင် ကျန်းရီ သူ့လက်မှလွတ်အောင် မည်သို့ ထွက်ပြေးနိုင်ပါမည်နည်း။
“သတ်မယ်...”
ကျန်းရီသည် သေရန် ထိုင်စောင့်နေတတ်သူမျိုး မဟုတ်ပေ။ သူ မိုးမြေစွမ်းအားကို ထည့်သွင်းကာ အလောင်းကြီးကို တောင်ဘက်သို့ သွားစေလိုက်သည်။ တောက်လန်၏ အသံက မြောက်ဘက်မှ ထွက်ပေါ်လာခဲ့ခြင်းပင်။ ထို့ပြင် ကြောက်မက်ဖွယ်အရှိန်အဝါကလည်း ထိုဘက်မှပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ပြေးဖို့ ကြိုးစားနေတာလား”
လူခုနစ်ယောက်၊ ရှစ်ယောက်လောက်က တောင်ဘက်မှနေ၍ ကျန်းရီထံသို့ ပျံသန်းလာ၏။ သူတို့ထဲမှ တစ်ယောက်က အေးစက်စက် ပြုံးလိုက်သည်။ သူ့လက်ထဲတွင် ကျောက်တုံးလေးတစ်တုံး ထွက်ပေါ်လာ၏။ ထို့နောက် ကျောက်တုံးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် သုံးကီလိုမီတာကျော် ပြန့်ကျယ်သွားသည်။ ၎င်းသည် တောင်တစ်လုံးကဲ့သို့ ဖြစ်သွားပြီး ကျန်းရီနှင့် အလောင်းကြီးကို ဖိနှိပ်ပစ်ရန် ခြိမ်းခြောက်ကာ ကျဆင်းလာပေသည်။
ဝုန်း...
ကောင်းကင်ဝိညာဉ်ကျွန်းတစ်ခုလုံး တုန်ခါသွားသည်။ ဧရာမကျောက်တုံးကြီးသည် ကျန်းရီတို့ကို ဖိခြေပြီးနောက် ကောင်းကင်ထက်သို့ ထပ်မံတက်သွား၏။ ထို့နောက် အောက်ဘက်သို့ ပြန်ကျလာသည်။ ကျန်းရီသည် ထွက်ပြေးရန် လုပ်နေစဉ်မှာပင် ကျောက်တုံးကြီး၏ ဖိခြေမှုကို ထပ်မံခံလိုက်ရသည်။ သူ့တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာဖြစ်သော ကောင်းကင်လေပြေချပ်ဝတ် ရှိသော်လည်း ဖိခြေမှုကြောင့် သူ့အရိုးများစွာ ကျိုးသွားသည်။ အလောင်းကြီးသည်လည်း မြေပြင်ပေါ် လဲကျသွားသည်။ သို့သော် အလောင်းကြီးက ဒဏ်ရာရမသွားသဖြင့် တော်သေးပေသည်။
ဧရာမကျောက်တုံးကြီးသည် ကျန်းရီတို့ကို ဆယ်ကြိမ် ဖိခြေပြီးမှ ၎င်း၏ပိုင်ရှင်ထံသို့ ပြန်သွား၏။ ထိုအခါ ကျန်းရီသည် အလောင်းကြီးကို ထိန်းချုပ်၍ အရှေ့သို့ ဆက်သွားစေလိုက်သည်။ သို့သော် သူတို့ ပြေးခါစမှာပင် သူတို့အရှေ့၌ ဧရာမလက်ဝါးရာကြီး သုံးခု ထွက်ပေါ်လာသည်။ ၎င်းလက်ဝါးရာများက ကျန်းရီကို မတိုက်ခိုက်ဘဲ လေထုထဲတွင် တုန်ခါမှုများ ဖြစ်လာစေသည်။ ထို့ကြောင့် အလောင်းကြီး၏ အမြန်နှုန်းက သိသိသာသာ နှေးသွားပေသည်။
“ဟွန်း...”
အေးစက်စက် အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံက ကျန်းရီ၏ စိတ်ဝိညာဉ်ကိုပင် တုန်ယင်သွားစေသည်။ ထို့နောက် ကောင်းကင်တွင် သုံးရောင်ခြယ်အလင်း လင်းလက်လာသည်။ တိမ်ထူများပင် ၎င်း၏ ရောင်ဝါကို မကာနိုင်ပေ။ သုံးရောင်ခြယ်အလင်းသည် ကောင်းကင်ကြယ်ကိုးစင်းမှ ဖြာကျလာသော နတ်အလင်းကဲ့သို့ပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းက ကျန်းရီ၏မျက်လုံးသို့ ရောက်လာ၏။ ထိုအခါမှ ၎င်းက ဓားအလင်းဖြစ်ကြောင်း ကျန်းရီ သိသွားသည်။
ထိုဓားအလင်းက သာမန်ဓားအလင်းမဟုတ်ပေ။ ၎င်းက အရေးပါသော စွမ်းအားသုံးခုဖြစ်သည့် အဖျက်၊ အမှောင်နှင့် သေခြင်းစွမ်းအားတို့ကို သယ်ဆောင်လာကြောင်း ထင်ရှားသည်။ ကျန်းရီသည် ထိုကဲ့သို့သော ဓားအလင်းမျိုးကို ယခင်က မြင်ဖူးပေသည်။ တောက်ဖုန့်၏ ပေါင်းစည်းအနှစ်သာရ။
ထိုဓားအလင်းထဲတွင်လည်း ပေါင်းစည်းအနှစ်သာရ ပါဝင်ကြောင်း ထင်ရှား၏။ ထို့ပြင် ၎င်းသည် မတူညီသော အနှစ်သာရသုံးခုမှ ဖြစ်တည်လာခြင်းပင်။ ဓားအလင်းက ကီလိုမီတာများစွာ ဝေးသေးသော်လည်း ကျန်းရီသည် သူ့အပေါ်သို့ ၎င်း၏သတ်ဖြတ်အရှိန်အဝါ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူ့တစ်ကိုယ်လုံးကို နှစ်ပိုင်းပိုင်းပစ်တော့မလိုပင်။
“အလောင်းကြီး... ကာလိုက်”
ကျန်းရီ အော်ပြောလိုက်၏။ အလောင်းကြီးက နောက်လှည့်ကျောပေး၍ သူ့အတွက် ထိုတိုက်ခိုက်မှုအား ကာပေးနိုင်ရန် သူ လိုလားသည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဓားအလင်းက တောင်ဘက်မှ လာနေသည့်ပုံပင်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ဧကရာဇ်တစ်ပိုင်းအဆင့် တောက်လန်ကသာ ထုတ်လွှတ်လိုက်နိုင်လောက်သည်။ တောက်လန်က မြောက်ဘက်တွင် မဟုတ်လော။ အဘယ်ကြောင့် တိုက်ခိုက်မှုက တောင်ဘက်မှ လာရသနည်း။
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လာသည်။ နောက်ဆုံးတွင် ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်ပြီး အလောင်းကြီးအား သူ့ကို ပိုက်ထားစေလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို ခံစားကြည့်၏။ သူ့ရင်ထဲတွင် ပျော်သွားသည်။
တူညီသော သုံးရောင်ခြယ်ဓားအလင်းတစ်ခုကလည်း သူ့အနောက်မှ လာနေသည်။ သို့သော် ထိုဓားအလင်းတွင် မည်သည့် ကြောက်မက်ဖွယ်အရှိန်အဝါမှ မရှိပေ။ ၎င်းက သုံးရောင်ခြယ်တိမ်တိုက်ကဲ့သို့သာ ထင်ရပြီး အသက်အန္တရာယ်တစ်ခုကိုမှ သယ်ဆောင်မလာသလိုပင်။
‘အနောက်ကမှ တကယ့်ဓားအလင်းအစစ်ပဲ’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သူ့အရှေ့မှလာနေသော ဓားအလင်းလည်းရှိနေသည်။ ထိုဓားအလင်းက ကျန်းရီနှင့် အလောင်းကြီး၏ ခန္ဓာကိုယ်များကို ဖောက်ထွက်သွားသည်။ သို့သော် အနောက်မှလာသော ဓားအလင်းက အလောင်းကြီး၏ နောက်ကျောပြင်ကို ပြင်းထန်စွာ ထိမှန်သွားပေသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက အလောင်းကိုဖြတ်၍ ကျန်းရီကို လွှမ်းခြုံသွားလေသည်။
“အာ...”
ရုတ်ခြည်းပင် ကျန်းရီ မူးဝေသွား၏။ သူ အသံတစ်သံမှကို မကြားရတော့ပေ။ ကြောက်မက်ဖွယ်အရှိန်အဝါက သူ၏စိတ်ဝိညာဉ်ကိုလည်း တုန်ယင်နေစေသည်။ ထိုအခိုက် ထိုနေရာတွင် သူ သတိလစ်မလိုပင် ဖြစ်သွားပေသည်။
ဝုန်း...
ကျယ်လောင်သော အသံကြီးတစ်သံက ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ ကျွန်းတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ ကျန်းရီအနားရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့ ရုတ်ခြည်း ပြန်ဆုတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အလောင်းကြီးက တောင်ဘက်သို့ လွင့်ထွက်သွားလေသည်။
“ဒါက...”
လူများစွာ အံ့အားသင့်သွား၏။ ပထမဆုံး ကျန်းရီသည် အလောင်းကြီးကို နောက်လှည့်စေလိုခဲ့ကြောင်း ထင်ရှား၏။ သို့သော် နောက်ဆုံးတွင် သူသည် တောက်လန်၏ ကျော်ကြားသော ပွဲသိမ်းတိုက်ကွက် ရောင်ပြန်ဓားအလင်းကို သဘောပေါက်နိုင်သွားခဲ့သည်။ ဒုတိယအနေဖြင့် အလောင်းကြီး၏ ခံနိုင်ရည်ကလည်း ထူးဆန်းပေသည်။ ထိုမျှပြင်းထန်သော ဓားချက်ကို ခံလိုက်ရသည်ပင် အလောင်းကြီး၏ နောက်ကျောက အပေါ်ယံဒဏ်ရာလောက်သာ ရသွားသည်။ အလောင်းကြီး၏ ကျောပေါ်တွင် ဓားခုတ်ရာကြီးတစ်ခု ရှိနေ၏။ သို့သော် ၎င်း၏အရိုးတစ်ချောင်းမှ ကျိုးမသွားပေ။
“အဲ့ဒါက မဟာနတ်ဘုရားမျိုးနွယ်ရဲ့ စွမ်းအားအကြီးဆုံး သိုင်းသမားတွေထဲက တစ်ယောက်ရဲ့ သန့်စင်ပြီးသားအလောင်းကြီး ဖြစ်ရမယ်”
လူများစွာ၏ မျက်လုံးများ အရောင်လက်လာ၏။ သူတို့သည် ထိုကဲ့သို့သော အလောင်းမျိုးကို ကြားရုံသာ ကြားဖူးကြပြီး မမြင်ဖူးကြပေ။ အလောင်းကြီးက အုပ်ချုပ်သူအဆင့် သိုင်သမားများကို ပုရွက်ဆိတ်သတ်သလို အလွယ်တကူ သတ်နိုင်နေခြင်းမှာ မထူးဆန်းတော့ချေ။ ၎င်း၏လက်သည်းများက ရှေးဦးဝိညာဉ်ရတနာများကိုပင် စုတ်ဖြဲပစ်နိုင်ခြင်းကိုလည်း အံ့ဩစရာမရှိတော့ပေ။ ၎င်းက တောက်လန်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်သည်။ ထိုဧရာမအလောင်းကြီးက သမိုင်းတစ်လျှောက်တွင် စွမ်းအားအကြီးဆုံး အလောင်းကြီးဖြစ်ပေသည်။
သို့သော် အလောင်းကြီး၏ ပိုင်ရှင်က အလွန်အားနည်းနေခြင်းမှာ နှမြောစရာပင်။ သူက အုပ်ချုပ်သူအဆင့် သိုင်းသမားပင် မဟုတ်ချေ။ အကယ်၍ ကျန်းရီသာ ပို၍စွမ်းအားကြီးမည်ဆိုလျှင် ထိုအလောင်းကြီးက ယခုထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းနိုင်ပေသည်။ တိုက်ပွဲတွင် ၎င်းကသာ ကူညီပေးနေမည်ဆိုလျှင် ကျန်းရီသည် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်လေသည်။
တောက်လန်သည် အရောင်လက်နေသော မျက်လုံးများဖြင့် အဝေးမှနေ၍ ပျံသန်းလာ၏။ သူသာ ထိုအလောင်းကြီးကို ယူနိုင်လိုက်လျှင် သူ၏တိုက်ခိုက်စွမ်းအားက အနည်းဆုံး သုံးဆယ်ရာခိုင်းနှုန်း တိုးတက်သွားနိုင်သည်။ သူ့မျက်လုံးထဲတွင် ကျန်းရီက ထောင်ချောက်မိနေသော နှံကောင်တစ်ကောင်ကဲ့သို့ပင်။ ကျန်းရီ မည်သို့မှ လွတ်နိုင်တောမ့ည် မဟုတ်ချေ။
“မင်းက တိုက်ခိုက်ချင်သေးတာလား”
နောက်အခိုက်အတန့်တွင် တောက်လန်၏ မျက်နှာက တောက်ပသွား၏။ အလောင်းကြီးက သူ၏တိုက်ခိုက်မှုတစ်ခုကြောင့် ကီလိုမီတာများစွာ လွင့်ထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အုပ်ချုပ်သူအဆင့် သိုင်သမားများစွာကလည်း ၎င်းဆီသို့ ပြေးသွားနေကြသည်။
သို့သော် ကျန်းရီက ရုတ်တရက် မီးတောက်များကို ဆင့်ခေါ်လိုက်ပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်ကို အပြင်းအထန် ဒဏ်ရာရသွားစေ၏။ ထို့နောက် ကျန်းရီသည် အလောင်းကြီးကို အသုံးပြုကာ ထပ်မံတိုက်ခိုက်လိုက်ပေသည်။
“အား...”
အလောင်းကြီးသည် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို လက်သည်းဖြင့် ကုတ်လိုက်ပြီး ထိုသူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေ၏။ နတ်ဘုရားအမြုတေက ဖျက်ဆီးခံလိုက်ရသဖြင့် ထိုလူ နာကျင်တကြီး အော်လိုက်သည်။ ကျန်နှစ်ယောက်သည်လည်း အလောင်းကြီးကြောင့် ပြင်းထန်စွာ လွင့်ထွက်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားပြီး ကျန်တစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် သေသွားပေပြီ။
အုပ်ချုပ်သူအဆင့် သိုင်းသမားများအတွက် တိုက်ပွဲတွင် သေရခြင်းမှာ ဖြစ်လေ့ရှိသောအရာပင်။ နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ သေကြသည်။ သို့သော် ထိုသိုင်းသမားအများစုက တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်ရင်း သေဆုံးကြခြင်းပင်။ သူတို့က ရဲရင့်ကာ ဖြောင့်မတ်ကြသည်။ ယခု သူတို့ထဲမှ အနည်းငယ်က ကျန်းရီ၏လက်ချက်ဖြင့် သေသွားသည်ကို မြင်လိုက်သောအခါ တောက်လန် ရင်နာသွားပေသည်။
တောက်လန်သည် ကျန်းရီထံသို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသွားနေသည်။ သူ၏အမြန်နှုန်းက အလောင်းကြီး၏ အမြန်နှုန်းထက် နှစ်ဆလောက်ပိုမြန်သည်။ သူ ကျန်းရီတို့ထံ ဦးတည်ပျံသန်းနေရင်း အော်ပြောလိုက်သည်။
“အားလုံးပဲ ပြန်ဆုတ်ကြပါ”
ရွှီး...
တောက်လန်၏ အနောက်တွင် မိုးပြာရောင် ဓားတစ်လက် ထွက်ပေါ်လာ၏။ သူ့ဓားကို သူ့သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားခြင်း မဟုတ်ဘဲ သူ့ကျောတွင်လွယ်ထားသော ဓားအိမ်ထဲ၌ ထည့်ထားခြင်းပင်။ သူသည် တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူက အရပ်မြင့်ကာ ရင်အုပ်ကျယ်ပြီး သာမန်ယောက်ျားများထက် ပိုခံ့ညားသည်။ သူသည် မိုးပြာရောင်စစ်ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားရာ ပို၍ပင် ခံ့ညားထည်ဝါနေသည်။ သူက အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း သူ၏ဟိတ်ဟန်က လူအများကို ကြောက်ရွံ့စေနိုင်ပေသည်။
ဝှစ်...
အဝေးရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ကြောက်လန့်တကြားနှင့် ရုတ်ခြည်း ပြန်ဆုတ်သွားကြ၏။ တောက်လန်က သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်တော့မည်ဖြစ်ကြောင်း သူတို့အားလုံး သိပေသည်။ သူတို့ အနီးတွင် အလွန်ကပ်နေလျှင် ကျန်းရီနှင့်အတူ သေသွားမည်ကို သူတို့ ကြောက်သည်။ ယခုတွင် ကျန်းရီက သေချာပေါက် သေတော့မည်ဖြစ်သည်။
“နေဦး...”
ထိုအခိုက်တွင် ကျန်းရီသည် အလောင်းကြီးကို လေထဲ၌ ရပ်တန့်စေလိုက်၏။ ထို့ပြင် အလောင်းကြီးကို နောက်လှည့်စေကာ တောက်လန်နှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။ ပြီးမှ ကျန်းရီ အော်ပြောလိုက်သည်။
“ခင်ဗျားက တောက်လန်မဟုတ်လား။ နေပါဦး၊ ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်...”
တောက်လန်သည် သူ၏တိုက်ခိုက်မှုကို ရုတ်ခြည်း ပြန်ရုတ်သိမ်းလိုက်ပြီး နေရာတွင် ရပ်တန့်လိုက်၏။ တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်၏ အပြုအမူများက အမှန်ပင် ကွဲပြားပေသည်။ သူသည် ကျန်းရီကို အလစ်သတ်ဖြတ်ရန် မကြိုးစားပေ။ ထိုအစား အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ကျန်းရီ... ငါက အကြင်နာမဲ့တယ်လို့ တခြားသူတွေ ထင်ကုန်မှာစိုးလို့ မင်းကို နောက်ဆုံးစကား ပြောခွင့်ပေးလိုက်မယ်”
“ဒီလိုလုပ်မှကို ရမှာလား”
ကျန်းရီ မျက်နှာသေဖြင့် မေးလိုက်သည်။
“တောက်ဖုန့်ကသာ ကျွန်တော့်ကို အရင်လာမသတ်ရင် ကျွန်တော် သူ့ကို သတ်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော်က ဘယ်တုန်းကမှ ပြဿနာစမရှာခဲ့ဖူးဘူး၊ ဒါပေမဲ့ ပြဿနာကနေ ရှောင်ပြေးတတ်တဲ့သူလည်း မဟုတ်ဘူး။ ဒီတစ်ခေါက် ခင်ဗျား ကျွန်တော့်ကို မသတ်နိုင်ရင် ကျွန်တော် ပြန်လာပြီး ခင်ဗျားတို့ တောက်မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်လို့ ကျိန်တယ်။ ခင်ဗျား ကျွန်တော့်ကို အထက်ဘုံကို ပြန်ခွင့်ပေးလိုက်ရင်တော့ ကျွန်တော် တောက်မျိုးနွယ်ဆီမှာ အကြွေးတစ်ခုတင်သွားမှာပေါ့။ ကဲ.. ဘယ်လိုလဲ”
“ဟားဟားဟား...”
တောက်လန်က ကျယ်လောင်စွာ ရယ်လိုက်၏။ ပတ်ပတ်လည်တွင် ရပ်နေကြသော သိုင်းသမားများလည်း လှောင်ပြုံးပြုံးလိုက်ကြသည်။ ကျန်းရီက သူ့ကိုယ်သူ ဘယ်သူထင်နေသနည်း။ မည်သူက သူအပေါ် အကြွေးရှိမည်ကို အရေးစိုက်မည်နည်း။ ကျန်းရီမဆိုထားနှင့် သူ့နေရာတွင် သိမ်းငှက်စိမ်းဘုရင် ဖြစ်နေလျှင်ပင် တောက်လန်က သူ့ကို သတ်ပစ်ဦးမည်သာ။
“စိတ်မကောင်းပါဘူး။ မင်းက ဖုန့်အာကို သတ်ခဲ့ပြီဆိုတော့ သေရမဲ့ကံ ပါနေပြီ”
တောက်လန်၏ လက်ထဲမှ မိုးပြာဓားက လင်းလက်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သို့သော် ထို့နောက်တွင် သူ့မျက်နှာထား ပြောင်းလဲသွားသည်။ သူ ဒေါသတကြီးဖြင့် အော်ပြောလိုက်၏။
“ကျန်းရီ.. မင်း လုပ်ရဲလား”
အလောင်းကြီးက ပျောက်ကွယ်သွားပြီး ကျန်းရီ၏ လက်ထဲတွင် ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်တစ်ခု ထွက်ပေါ်လာ၏။ ကျန်းရီ ထိုအဆောင်ကို ချိုးလိုက်သောအခါ သူ့ခန္ဓာကိုယ်က ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်မသွားခင်တွင် အော်ပြောခဲ့သေးသည်။
“တောက်လန်... ခင်ဗျားက ကျွန်တော့်ကို ဖိအားပေးတာပဲ။ အခု ကျွန်တော် ခင်ဗျားရဲ့ တောက်မျိုးနွယ်တစ်ခုလုံးကို သွားသတ်တော့မယ်။ ကျွန်တော် သေရမယ်ဆိုရင်တောင် ကျွန်တော်နဲ့အတူ သောင်းချီတဲ့ တောက်မျိုးနွယ်ဝင်တွေကို ခေါ်သွားရမှာပဲ...”
ကျန်းရီက တောက်ဖုန့်၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးကာ ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားပေပြီ။