မိုးပြာသူရိန်တောင်ထွတ်
Vol. 119 Ch. 1653
နတ်ဘုရားရှောင်တိမ်းအဆောင်ကို ထုတ်သုံးရန်မှာ ကျန်းရီ၏ နောက်ဆုံးအားကိုးရာဖြစ်သည်။ သူသာ ဟွင့်သွမ့်ပင်လယ်ထဲတွင် ပုန်းနေနိုင်မည်ဆိုလျှင် ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့မည့်အစား ဟွင့်သွမ်ပင်လယ်ထဲ၌သာ ပုန်းနေမည်ဖြစ်သည်။
နိမ့်သောဘုံမှ မြင့်သောဘုံသို့ တက်ရန်မှာ ခက်၏။ မြင့်သောဘုံမှ နိမ့်သောဘုံသို့ ပြန်ဆင်းရန်က ပို၍ပင်ခက်၏။
ကောင်းကင်ဘုံသည် လူသားများနှင့် တမလွန်ဘုံမိစ္ဆာများ၏ တိုက်ပွဲပြင် ဖြစ်နေရုံသာမက ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများ၏ ပိုင်နက်လည်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ ထိုသို့သွားမည်ဆိုလျှင် ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အထက်ဘုံသို့ ပြန်၍တည်နေရာပြောင်းရွှေ့ရန်မှာလည်း အလွန်ဝေးကွာသော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
သို့သော် ကျန်းရီ အခြားမည်သို့ လုပ်နိုင်သေးသနည်း။ သူသာ ထွက်မသွားလျှင် သေရပေလိမ့်မည်။ သူ ကောင်းကင်ဘုံတွင် ရှင်သန်နိုင်မည်ဖြစ်စေ၊ မရှင်သန်နိုင်မည်ဖြစ်စေ အနည်းဆုံးတော့ ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရနိုင်သေးသည်။ သူ ပြောခဲ့သလိုပင် သူ သေရမည်ဆိုလျှင်တောင် တောက်မျိုးနွယ်ဝင်များကို သူနှင့်အတူ အပါခေါ်သွားရပေမည်။
ကျန်းရီ တည်နေရာပြောင်းရွှေ့သွားသည့်အခိုက်တွင် တောက်လန် တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် နတ်ဘုရားရှောင်တိမ်းအဆောင် မရှိ၍ပင်။ သူ ကောင်းကင်ဘုံသို့ ပြန်ရောက်ရန် အနည်းဆုံး နာရီဆယ်ချီ လိုအပ်သည်။ သူ လျှို့ဝှက်သတင်းပို့အစီအရင်ကိုသုံး၍ တောက်မျိုးနွယ်ဆီ သတင်းပို့မည်ဆိုလျှင်လည်း အချိန်အနည်းငယ် လိုပေမည်။ ထိုအချိန်အတွင်း ကျန်းရီ သတ်ဖြတ်မှုများ ပြုနိုင်လောက်ပေသည်။
တောက်လန်က နတ်ဘုရားရှောင်တိမ်းအဆောင်တစ်ခုကို ပိုင်ဆိုင်ရန် အဆင့်မမီခြင်း မဟုတ်။ သူက တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်၍ အတော်လေး ဩဇာအာဏာရှိသည်။
တောက်လန်က အလွန်စွမ်းအားကြီးရာ သူ့ကို မည်သူက အလွယ်တကူ သတ်နိုင်မည်နည်း။ သူ့ကို သတ်နိုင်ရန် လူတစ်ယောက်သည် မည်မျှစွမ်းအားကြီးရမည်နည်း။ သူ့ကို သတ်နိုင်အောင်ပင် စွမ်းအားကြီးသူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်လည်း နတ်ဘုရားရှောင်တိမ်းအဆောင်က သူ့အတွက် အထောက်အကူ ဖြစ်ပါမည်လော။ သူ အဆောင်ကို မချိုးနိုင်လိုက်သေးခင်မှာပင် အသတ်ခံလိုက်ရလောက်ပေသည်။
နတ်ဘုရားရှောင်တိမ်းအဆောင်များက အလွန်အဖိုးတန်သည်။ ၎င်းတို့ကို ပြုလုပ်နိုင်ရန် အလွန်ခက်ခဲသည်။ သာမန် သခင်လေးများနှင့် သခင်မလေးများသည် ထိုအဆောင်ကို မပိုင်ဆိုင်နိုင်ကြပေ။ ထိပ်တန်းပါရမီရှင်များသာ ၎င်းကို ပိုင်ဆိုင်နိုင်ကြသည်။ သခင်လေးများနှင့် သခင်မလေးများက ငယ်ရွယ်ကြသေးရာ အမှားများကို အလွယ်တကူ လုပ်မိနိုင်ကြသည်။ ထို့ကြောင့် သူတို့အသက်ကို ကာကွယ်နိုင်ရန် နတ်ဘုရားရှောင်တိမ်းအဆောင်ကို လိုအပ်ပေသည်။ သို့သော် တောက်လန်ကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်အတွက် ထိုကဲ့သို့ အကူအစီအစဉ်မျိုးမလိုပေ။ တောက်မျိုးနွယ်၏ အုပ်ချုပ်သူအဆင့် သိုင်းသမား အားလုံးကလည်း ထိုအဆောင်ကို ယူမထားကြပါချေ။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”
ရုတ်ခြည်းပင် တောက်လန်သည် ကောင်းကင်ဘုံသို့ ပို့ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လျင်မြန်စွာ ဝင်သွား၏။ တစ်ချိန်တည်းမှာပင် သူ အော်ပြောကာ အန်းမျိုးနွယ်ခေါင်းဆောင်ကို ညွှန်ကြားလိုက်သည်။
“အန်းထျန်ရှင်း... ခင်ဗျားရဲ့မျိုးနွယ်ဆီ ချက်ချင်း သတင်းပို့ပြီး လျှို့ဝှက်သတင်းပို့အစီအရင်ကို နှိုးဖို့ ပြောလိုက်ပါ။ ကျန်းရီက မိုးပြာသူရိန်တောင်ထွတ်ကို သွားပြီလို့ တခြားမျိုးနွယ်တွေဆီ သတင်းပို့လိုက်ပါ”
ဝှစ်...ဝှစ်...ဝှစ်...
အကြီးအကဲအချို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးရန် အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြ၏။ တောက်မျိုးနွယ်မှ စွမ်းအားကြီး အကြီးအကဲများလည်း ထိုသို့လိုက်လုပ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အန်းထျန်ရှင်းက သူမျိုးနွယ်ကို လျှို့ဝှက်သတင်းပို့အစီအရင်နှိုးခိုင်းရန် ထွက်သွားလေသည်။
ဤနေရာတွင် ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုစလုံးမှ မျိုးနွယ်ခေါင်းဆောင်များ ရှိနေကြသည်။ တမလွန်ဘုံဘုရင်၏ ကိုယ်ပွားကို ဖျက်ဆီးပြီးသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ တမလွန်ဘုံမိစ္ဆာအားလုံးကိုလည်း ရှင်းပြီးသွားပေပြီ။ ထို့ကြောင့် လူများစွာက ကောင်းကင်ဝိညာဉ်ကျွန်း၏ အနီးတစ်ဝိုက်တွင် ပုန်းအောင်းနေနိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးသည် ကျန်းရီတစ်ယောက် ထောင်ချော်ကထဲ လျှောက်ဝင်လာမည်ကို စောင်နေခဲ့ကြခြင်းပင်။
သို့သော် ကျန်းရီက ထောက်ချောက်ထဲ ရောက်ပြီးနောက်ပင် အသတ်မခံလိုက်ရဘဲ လွတ်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြ။ ယခု ကျန်းရီသည် ကောင်းကင်ဘုံသို့ ထွက်ပြေးသွားပြီဖြစ်သည်။ သူ့အဖော်နှစ်ယောက်ကလည်း အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားခဲ့ပေပြီ။
မည်သူကမှ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့နောက်သို့ မလိုက်ပေ။ သူတို့သည် ပမွှားလေးနှစ်ယောက်အတွက်နှင့် အထက်ဘုံတွင် ရုတ်ရုတ်သဲသဲ ဖြစ်မသွားစေလို။ သေခဲ့သူအားလုံးကို ကျန်းရီကသာ သတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် တာဝန်ရှိသူနောက်ကိုသာ လိုက်ရန်လိုပေသည်။ လက်ရှိအခြေအနေကို ကြည့်ရသည်မှာတော့ ကျန်းရီက ကောင်းကင်ဘုံတွင်လည်း ပြဿနာထပ်ရှာမည့်ပုံပင်။
“မိုးပြာသူရိန်တောင်ထွတ်လား... မိုးပြာမဟာဧကရာဇ်တောင်ထွတ် မဟုတ်ဘူးလား”
စွမ်းအားကြီဂ သိုင်းသမားအချို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့ မည်သို့ဆက်လုပ်ရမည်မသိလည်း ဖြစ်နေကြသည်။ တောက်လန်၏ပုံစံအရ သူက စိုးရိမ်နေကြောင်း ထင်ရှားသည်။ နတ်ဘုရားရှောင်တိမ်းအဆောင်က အသုံးပြုသူကို တောက်မျိုးနွယ်၏ နေရာဌာနဖြစ်သော မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ မပို့ပေးဘဲ မိုးပြာသူရိန်တောင်ထွတ်သို့ ပို့ပေးသည်။ မိုးပြာသူရိန်တောင်ထွတ်တွင် တောက်နု ရှိနေမည် မဟုတ်။ သို့ဖြစ်ရာ မိုးပြာသူရိန်တောင်ထွတ်မှ လူများက ကျန်းရီကို မည်သို့ ခုခံပါမည်နည်း။
***
ကမ္ဘာဦးကောင်းကင်ဘုံထဲရှိ မိုးပြာမဟာဧကရာဇ်တောင်ထွတ်၏ အရှေ့ဘက် ကီလိုမီတာငါးသောင်းအကွာတွင် အလယ်အလတ်အရွယ်အစားရှိသော တောင်တစ်လုံး တည်ရှိသည်။ ထိုတောင်ကို မိုးပြာသူရိန်တောင်ထွတ်ဟု ခေါ်သည်။
မိုးပြာမဟာဧကရာဇ်တောင်ထွတ် ပတ်ပတ်လည်တွင် မိုးပြာသူရိန်တောင်ထွတ်ကဲ့သို့သော တောင်ထွတ်များ ရာနှင့်ချီ၍ တည်ရှိသည်။ ၎င်းတောင်ထွတ်အားလုံးမှာ တောက်မျိုးနွယ်၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်သည်။ တောက်နူက မိန်းမများ ရာနှင့်ချီ၍ ယူခဲ့သဖြင့် မျိုးဆက်များ ထောင်နှင့်ချီ၍ ရှိသည်။ တောက်မျိုးနွယ်ကို ထောက်ခံသော အခြား မရေမတွက်နိုင်သည့် မျိုးနွယ်များကလည်း ထိုဧရိယာတစ်ဝိုက်မှာပင် နေထိုင်ကြသည်။ သူတို့အားလုံးက မိုးပြာမဟာဧကရာဇ်တောင်ထွတ်၏ ပတ်ပတ်လည်ရှိ တောင်ထွတ်လေးများတွင် အခြေချကြပေသည်။
နတ်ဘုရားရှောင်တိမ်းအဆောင်က အသုံးပြုသူကို အမှန်ပင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ မပို့ပေးဘဲ မိုးပြာသူရိန်တောင်ထွတ်သို့ ပို့ပေးသည်။ တောက်မျိုးနွယ်၏ မျိုးဆက်တစ်ဆက်က ထိုတောင်ထွတ်တွင် နေထိုင်ပေသည်။
ရွှီး...
ကျန်းရီ မူးဝေနေ၏။ မည်မျှကြာအောင် တည်နေရာပြောင်းရွှေ့ခဲ့ရသည်ကိုပင် သူ မသိတော့ပေ။ သူ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် သူက ဧရာမစင်ကြီးတစ်စင်အပေါ် ရောက်နေကြောင်း သိလိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် လူများ ရပ်နေကြသည်။ သို့သော် ထိုသူများထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်သာပါသည်။ သူတို့အားလုံးသည် သူ့ကို နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြလေသည်။
“မင်းက ဘယ်သူလဲ”
အုပ်ချုပ်သူအဆင့် သိုင်းသမားက လက်ထဲတွင် ဓားတစ်ချောင်း ကိုင်ထား၏။ သူ၏သတ်ဖြတ်အရှိန်အဝါကလည်း ကျန်းရီအပေါ် ကျရောက်နေသည်။ ကျန်းရီသာ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်တွင် ရှိမနေလျှင် သူ ကျန်းရီကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်ပြီးနေလောက်ပေပြီ။
တောက်မျိုးနွယ်၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ပိုင်ဆိုင်ထားသော လူများသာ ဤစင်မြင့်ဆီသို့ တည်နေရာပြောင်းရွှေ့လာနိုင်သည်။ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားက တောက်မျိုးနွယ်၏ သခင်လေးများ၊ သခင်မလေးများ အားလုံးကို မည်သို့ မသိဘဲ နေပါမည်နည်း။ ထို့ကြောင့် စင်မြင့်ကို စောင့်ကြပ်နေသူများသည် သူတို့၏တောင်သို့ ရန်သူတစ်ယောက် ကျူးကျော်လာပြီဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့သည် ကျန်းရီက ယီးတီးယားတား လုပ်သည်နှင့် ကျန်းရီကို သတ်ပစ်ရန် အသင့်ပြင်ထားပြီးပေပြီ။
ကျန်းရီသည် အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မလှုပ်ရှားဝံ့ပေ။ ထို့ပြင် ဤစင်မြင့်က ဧရာမခန်းမကြီးတစ်ခုထဲတွင် ရှိနေခြင်းပင်။ ဧရာမခန်းမကြီး၏ ပတ်ပတ်လည်တွင် အကာအရံများ ရှိသည်။ သို့ဖြစ်ရာ သူ ဤခန်းမကြီးထဲ၌ ပိတ်မိနေနိုင်ခြေ များစွာရှိပေသည်။
ကျန်းရီ၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်လာ၏။ မကြာခင်မှာပင် သူ အကြံတစ်ခု ရလိုက်သည်။ သူ ကြောက်ရွံ့ဟန်ဆောင်ကာ တုန်လှုပ်တကြီး ဦးညွှတ်လိုက်၏။
“ကျွန်တော်က အန်းမျိုးနွယ်ကပါ။ အရေးကြီးသတင်းတစ်ခု ပေးဖို့ ခေါင်းဆောင်လန်က ကျွန်တော့်ကို ဒီကို စေလွှတ်လိုက်တာပါ”
“အန်မျိုးနွယ်ကလား၊ ခေါင်းဆောင်လန်က စေလွှတ်လိုက်တာလား”
အုပ်ချုပ်သူအဆင့် သိုင်းသမား၏ မျက်နှာထားက ပျော့ပြောင်းသွား၏။ အန်းမျိုးနွယ်က တောက်မျိုးနွယ်၏ ဦးဆောင်မှုနောက်သို့လိုက်သဖြင့် သူတို့က မိသားစုဟု ဆိုနိုင်သည်။ ထို့ပြင် ခေါင်းဆောင်လန်ကလည်း တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ထိုသိုင်းသမားသည် သတိမလျှော့သေးဘဲ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
“မင်း အဲ့နတ်ဘုရားရှောင်တိမ်းအဆောင်ကို ဘယ်က ရခဲ့တာလဲ။ အရေးကြီးသတင်းဆိုတာကရော ဘာလဲ”
“နတ်ဘုရားရှောင်တိမ်းအဆောင်လား”
ကျန်းရီ မျက်တောင်ပုတ်ခတ်ကာ ပြန်ဖြေ၏။
“ဒီနတ်ဘုရားရှောင်တိမ်းအဆောင်က သခင်လေးဖုန့်ရဲ့ အဆောင်ပါ။ သခင်လေးဖုန့်က မတော်တဆ ကျကျန်ခဲ့လို့ ကျွန်တော်တို့မျိုးနွယ်က တစ်ယောက်က ကောက်လာခဲ့တာပါ။ ခေါင်းဆောင်လန်က ဒီကို အရေးကြီးသတင်းတစ်ခု ပို့ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့မျိုးနွယ်က ကျွန်တော်တို့ကို ကိုယ်တိုင်သတင်းသွားပို့ဖို့ ညွှန်ကြားပြီး အဲ့အဆောင်ပေးလိုက်တာပါ။ သတင်းအတွက်ကတော့... ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ကို ကိုယ်တိုင်ပြောရပါမယ်။ ဒါမှမဟုတ် တောက်မျိုးနွယ်ရဲ့ အကြီးအကဲတွေကို ပြောရပါမယ်။ ခင်ဗျားက အကြီးအကဲတစ်ယောက်လား”
“ဪ...”
အုပ်ချုပ်သူအဆင့် သိုင်းသမားသည် ကျန်းရီ၏ ရှင်းပြချက်ကို လက်ခံလိုက်၏။ အဘယ်ကြောင့်ဆိုသော သခင်မလေးကုန်းယန်သည် တောက်ဖုန့်က သူ့နတ်ဘုရားရှောင်တိမ်းအဆောင်ကို လွတ်ကျသွားကြောင်း သူ့ထံ သတင်းပို့ထား၍ပင်။ ထို့ကြောင့် အန်းမျိုးနွယ်ဝင်တစ်ယောက်က ထိုအဆောင်ကို ကောက်ယူခဲ့ခြင်းမှာ ပုံမှန်သာဖြစ်သည်။ တောက်ဖုန့်က ရတနာသွားရာရှာ အန်းမျိုးနွယ်က သူ့အနောက်သို့ ကိုယ်ရံတော် အနည်းငယ် ထည့်ပေးလိုက်ခြင်းမှာလည်း အံ့ဩစရာမဟုတ်ပေ။
“ကျုပ်က အကြီးအကဲတစ်ယောက် မဟုတ်ပါဘူး။ ကျုပ် မင်းကို မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီ ခေါ်သွားပေးမယ်”
အုပ်ချုပ်သူအဆင့် သိုင်းသမားက ကျန်းရီကို အပြင်သို့ ခေါ်သွားလိုက်ပြီး ကောင်းကင်စိတ်အာရုံထုတ်၍ ကျန်းရီအား မပြတ်စောင့်ကြည့်နေလိုက်သည်။ အကယ်၍ ကျန်းရီက မူမမှန်သော အပြုအမူများကို လုပ်မည်ဆိုလျှင် သူ ကျန်းရီကို ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။
ကျန်းရီ၏ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား အဆင့်အတန်းက သူ့ကို များစွာအထောက်အကူပြုခဲ့သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား၏ မျက်လုံးထဲတွင် ကျန်းရီက အလွယ်တကူ သတ်ပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေသည်။ ထို့ကြောင့် သူသည် ကျန်းရီအတွက် မစိုးရိမ်ပေ။ ကျန်းရီက သူလျှိုတစ်ယောက်ဟု သူ သံသယရှိလျှင်ပင် ထိုအတွက်လောက်နှင့် အကြီးအကျယ်ဖြစ်အောင် လုပ်မည် မဟုတ်ချေ။
‘အရမ်းကောင်းတယ်’
နောက်ဆုံးတွင် ကျန်းရီ ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ပြီဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ၏ အာကာပြင်က အထက်ဘုံမှ အာကာပြင်ထက် ပိုခိုင်မာသည်။ ထို့ကြောင့် သူ့ကောင်းကင်စိတ်အာရုံက အကွာအဝေးအနည်းငယ်အထိသာ အာရုံခံနိုင်သည်။ ထို့ပြင် သူ လျှောက်၍လည်း အာရုံမခံဝံ့ပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်းသာ အာရုံခံရပေသည်။
ရှူ...
မကြာခင်တွင် ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ့အရှေ့မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက ခက်ထန်သောအကြည့်ဖြင့် နောက်လှည့်ကြည့်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
ကျန်းရီ ခပ်သွက်သွက် ရှင်းပြလိုက်သည်။
“ကောင်းကင်ဘုံက ဝိညာဉ်စွမ်းအင်က တော်တော်သိပ်သည်းတာပဲ။ ကျွန်တော်လာခဲ့တဲ့ဆီကထက် အဆအများကြီး ပိုသိပ်သည်းတယ်”
“ဟင်းဟင်း...”
အုပ်ချုပ်သူအဆင့် သိုင်းသမားက ရယ်လိုက်၏။ ကျန်းရီအနောက်မှ သိုင်းသမားအချို့ကလည်း လှောင်ပြုံးပြုံးလိုက်ကြသည်။ သူတို့သည် ကျန်းရီကို တောသားတစ်ယောက်လို ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
‘မင်းက ဟွင့်သွမ့်ပင်လယ်နဲ့ ကောင်းကင်ဘုံကို နှိုင်းယှဉ်နေတာလား။ ဟွန်း...”
ဤမှ မိုးမြေဝိညာဉ်စွမ်းအားက အထက်ဘုံထက် အနည်းဆုံး အဆတစ်သောင်းလောက် ပိုသိပ်သည်းသည်။ တစ်နည်းဆိုရလျှင် ကောင်းကင်ဘုံရှိ မည်သည့်နေရာတွင် ကျင့်ကြံသည်ဖြစ်စေ အထက်ဘုံ၏ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲ၌ ကျင့်ကြံရသလို ဖြစ်နေပေမည်။ အကယ်၍ သူသာ ဤနေရာတွင် အဆတစ်သောင်း၊ အဆတစ်သိန်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို တည်ဆောက်နိုင်မည်ဆိုလျှင် သူ၏ကျင့်ကြံနှုန်းက ကြောက်ခမန်းလိလိ ဖြစ်သွားပေလိမ့်မည်။
ခန်းမအပြင်သို့ ရောက်သောအခါ ကျန်းရီသည် လူသူကင်းရှင်းနေသော ဧရာမမြို့ရင်ပြင်တစ်ခုကို တွေ့လိုက်ရ၏။ ကျန်းရီ မြို့ရင်ပြင်ကို စက္ကန့်အတော်ကြာအောင် အာရုံခံပြီးနောက်မှ သက်ပြင်းချလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်အထိ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ရာ သူတို့က တောင်ထွတ်တစ်ခုပေါ်တွင်ဖြစ်ကြောင်း သိလိုက်ရသည်။ တောင်ပေါ်တွင် လူတစ်သိန်းလောက်သာ ရှိသည်။ ထို့ပြင် သူ့အရှေ့ရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားအပြင် အုပ်ချုပ်သူအဆင့် သိုင်းသမား နောက်ထပ်နှစ်ယောက်သာ ရှိသည်။ သူ့မျက်လုံးများ အရောင်လက်သွားသည်။
ကျန်းရီသည် လှည့်ပတ်ကြည့်နေပြီး သူ၏ကောင်းကင်စိတ်အာရုံကိုလည်း ဖိနှိပ်မထားတော့ပေ။ သူ အကြောက်တရားမရှိဘဲ တောင်ထွတ်ကို ထပ်ခါ ထပ်ခါ အာရုံခံလိုက်သည်။ သူ့အရှေ့မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက ထိုအခြင်းအရာကို သတိပြုမိသွား၍ သူ့ကို လှည့်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
“ဟာသပဲ.. အန်မျိုးနွယ်ဝင်တိုင်းက ဒီလို ရိုင်းစိုင်းကြတာလား”
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက တောင်ထွတ်ပေါ်ရှိ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်ကို သတိပြုမိသွားစေသည်။ သူတို့နှစ်ယောက်စလုံး သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“သူက ဘယ်သူလဲ။ ဘာကြောင့် ဒီလောက်အတင့်ရဲရတာလဲ”
“ဟားဟားဟား...”
ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံနှင့် စက္ကန့်အတော်ကြာအောင် လှည့်ပတ်အာရုံခံပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်၏။ ၎င်းနောက် သူ့ခန္ဓာကိုယ်မှနေ၍ အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူ့လက်စွပ်လည်း လင်းလက်သွားပြီး အလောင်းကြီးက သူ့အနောက်တွင် ပေါ်လာသည်။ သူ့ကိုယ်ပေါ်တွင်လည်း ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်လျက်သားဖြစ်သွားသည်။
ရုတ်တရက် ကျန်းရီသည် သူ့အရှေ့မှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို ပုံရိပ်လက်တစ်ထောင်ဖြင့် ရိုက်လိုက်သည်။ သူ၏ ရယ်သံက တောင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေဆဲမှာပင် သူ ပြောလိုက်လေသည်။
“ကျွန်တော်က တကယ်ပဲ အတင့်ရဲပါတယ်။ မဟုတ်ရင် ဘယ်လိုလုပ် ကောင်းကင်ဘုံကို တက်လာမှာလဲ။ သေပေတော့...”