ခြင်္သေ့နဂါးတပ်
Vol. 119 Ch. 1654
ပထမတွင် ကျန်းရီသည် သူ နတ်ဘုရားရှောင်တိမ်းအဆောင်ကို သုံးလိုက်လျှင် တောက်မျိုးနွယ်၏ အခြေစိုက်ဌာနသို့ ရောက်သွားလိမ့်မည်ဟု ထင်ခဲ့၏။ တောက်မျိုးနွယ်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား သုံးယောက်ရှိသည်။ ဤနေရာကသာ တောက်မျိုးနွယ်၏ အခြေစိုက်ဌာနဆိုလျှင် အနည်းဆုံးတော့ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက် ရှိနေသင့်သည် မဟုတ်လော။
ကျန်းရီသည် သူက သေချာပေါက် သေတော့မည်ဟု တွေးထားသော်လည်း ယခုတွင် ဤတောင်လေးပေါ်သို့ ရောက်လာပေသည်။ ဤတောင်ပေါ်တွင် လူအနည်းငယ်သာ ရှိသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားကလည်း သုံးယောက်သာရှိရာ အဘယ်ကြောင့် သူ ဆက်ဟန်ဆောင်နေရန် လိုပါဦးမည်နည်း။
မည်သူမှ မသေလိုပေ။ ကျန်းရီသည်လည်း အခွင့်အရေးရမည်ဆိုလျှင် ထွက်ပြေးလိုသည်။
အမှန်တွင် ကျန်းရီက မသိခဲ့ခြင်းပင်။ မည်သည့်မျိုးနွယ်ကမှ သူတို့၏အခြေစိုက်ဌာကို သူတို့ နတ်ဘုရားရှောင်တိမ်းအဆောင်များ၏ ဦးတည်ရာအဖြစ် မထားပေ။ အကယ်၍ တမလွန်ဘုံဘုရင်တစ်ပါးက ထိုအဆောင်ကို ရသွားပြီး သူတို့၏ အခြေစိုက်ဌာနထဲ တည်နေရာပြောင်းရွှေ့လာကာ သူတို့၏ မျိုးနွယ်ဝင်များကို ရှင်းပစ်မည်ဆိုလျှင် မည်သို့လုပ်ပါမည်နည်း။
ဝှစ်...ဝှစ်...
ကျန်းရီ၏ လှုပ်ရှားမှုက တည်ငြိမ်နေသော တောအုပ်အတွင်းသို့ ပစ်သွင်းလိုက်သည့် ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ မရေမတွက်နိုင်သော ငှက်များ ရုတ်ခြည်း ထပျံကုန်ကြသည်။ တောက်မျိုးနွယ်၏ အဓိက စွမ်းအားကြီး သိုင်းသမားများ ပျံထွက်လာကြသည်။ သူတို့၏ မွေးညင်းပေါက်များထဲမှနေ၍ သတ်ဖြတ်အရှိန်အဝါများ ထွက်နေသည်။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်လည်း အလျင်အမြန် ထွက်လာပေသည်။
သို့သော်...
သူတို့ ရောက်လာသည့်အခိုက်တွင် သူတို့၏ မျက်နှာထားများက ရုတ်ခြည်း ပြောင်းလဲသွားသည်။ ကျန်းရီက ခြောက်ရောင်ခြယ်မီးတောက်များကို ထုတ်ထားသဖြင့် ပတ်ဝန်းကျင် အပူချိန်က အလွန်မြင့်တက်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အပူလှိုင်းတစ်လှိုင်းက တစ်တောင်လုံးကို လွှမ်းခြုံသွားသည်။ ကျန်းရီအနောက်မှ နတ်ဘုရားဧကရာဇ်များက အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံလိုက်ရ၍ ထွက်ပင်မပြေးနိုင်ကြတော့ချေ။ သူတို့အားလုံးသည် နာကျင်တကြီး အော်ဟစ်၍ မြေပြင်တွင်သာ လူးလှိမ့်နေနိုင်ပေသည်။
“အတင့်ရဲလိုက်တာ...”
ကျန်းရီ၏ အရှေ့မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက အလွန်ဒေါသထွက်သွား၏။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားလေးက သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသည်လော။ သို့သော် နောက်အခိုက်အတန့်တွင် သူ မျက်လုံးပြူးသွားပေသည်။ မြင်လေရာ နေရာတိုင်းတွင် လက်ဝါးရာများ ရှိနေသည်။ ကြောက်မက်ဖွယ် မီးတောက်များကလည်း အရပ်မျက်နှာအနှံ့မှ လာနေကြောင်း သူ ခံစားနေရသည်။ သူ့ကိုယ်ထဲမှ ကောင်းကင်စွမ်းအားက အပူချိန်ကြောင့် ရှုပ်ထွေးသွား၏။ သူ့အရေပြားများလည်း ပူလောင်လာသည်။ သူ မတုံ့ပြန်နိုင်သေးခင်မှာပင် အစိမ်းရင့်ရောင် တောက်ပနေသော လက်ကြီးက သူ့ကို ကုတ်ဖြဲသွားသည်။ သူ့တစ်ကိုယ်လုံး သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
“လောင်ပါး(ရှစ်)...”
ခေါင်းပြောင်လုနီးပါး ရှိနေသော အဘိုးအိုတစ်ယောက်က အော်လိုက်၏။ ထို့နောက် သူ ကျန်းရီထံသို့ ဒေါသတကြီး ပျံသန်းလာသည်။ အခြား အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကလည်း အော်ပြောလိုက်သည်။
“ဦးလေးပါး...”
“အား...”
အော်သံများက တောင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ တောင်ပေါ်တွင် နတ်ဘုရားဘုရင်များနှင့် နတ်ဘုရားဧကရာဇ်များစွာ ရှိနေသည်။ သို့သော် သူတို့ထဲက မည်သူကမှ မြင့်မားသော အပူချိန်ကို တောင့်မခံနိုင်ပေ။ သူတို့ တစ်ယောက်ပြီးတစ်ယောက် အပြင်းအထန် လောင်ကျွမ်းလာကြသည်။ နတ်ဘုရားဘုရင်များစွာသည် သေသည်ထိပင် လောင်ကျွမ်းသွားကြသည်။ ယခုတွင် ကျန်းရီအနောက်မှ လေး၊ ငါးယောက်သည် မီးခိုးများပင် ထွက်နေပြီဖြစ်ပြီး လုံးဝကျက်သွားပေပြီ။
“ကျွန်တော် ဒီကို တည်နေရာပြောင်းရွှေ့မလာခင်တုန်းက ခင်ဗျားတို့မျိုးနွယ်က တောက်လန်ကို ပြောခဲ့တယ်၊ ကျွန်တော် ခင်ဗျားတို့နဲ့ ရန်သူမဖြစ်ချင်ဘူးလို့။ ခင်ဗျားတို့ အခုလိုခံရတာ သူ့ကြောင့်ပဲ။ ကျွန်တော့်ကို ရက်စက်တယ်ဆိုပြီး အပစ်မတင်ပါနဲ့”
ကျန်းရီက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။ အလောင်းကြီးက ခြေထောက်ဖြင့် ဖြတ်ကန်လိုက်ရာ သူ့အနောက် လူ လေး၊ငါးယောက် သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွားကြသည်။ ထို့နောက် သူ အလောင်းကြီးကို အရှေ့သို့ သွားစေကာ ထပ်မံအော်ပြောလိုက်လေ၏။
“ခင်ဗျားတို့ မသေချင်ရင် ထွက်သွားကြ။ မဟုတ်ရင်တော့ ခင်ဗျားတို့ သေချာပေါက် သေရလိမ့်မယ်”
ထိုအခိုက်တွင် သိုင်းသမား တစ်သောင်းကျော်က ကျန်းရီထံသို့ အရပ်မျက်နှာအနှံ့မှနေ၍ ပျံသန်းလာနေ၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်လည်း ပါသည်။ ကျန်းရီသည် အကြောက်တရားတစ်စက်မှ မရှိဘဲ သူတို့ထံ ပြေးဝင်သွားလိုက်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်၏ အမြန်နှုန်းကိုကြည့်၍ ထိုနှစ်ယောက်က အလွန်သန်မာနိုင်ကြောင်း ကျန်းရီ ခန့်မှန်းမိသည်။ သူတို့သာ သူ့လမ်းကိုပိတ်မည်ဆိုလျှင် သူကလည်း ဆက်ညှာနေတော့မည် မဟုတ်ပေ။
ခေါင်းပြောင်လုနီးပါး ရှိသော အဘိုးအိုက ရူးသွပ်သွားပုံပေါ်၏။ သူသည် ဓားတစ်ချောင်းကို ဆွဲကိုင်၍ ကျန်းရီထံသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။ သူသည် ကျန်းရီ၏ ခေါင်းကို ချိန်ရွယ်ထားပြီး ကျန်းရီနောက်မှ အလောင်းကြီးကို လုံးဝအရေးမစိုက်ချေ။
“ဟွန်း...”
ကျန်းရီ ရပ်တန့်လိုက်ပြီး အံကြိတ်၍ ဓားချက်ကို တောင့်ခံပေးလိုက်၏။ ၎င်းနောက် အလောင်းကြီးက လက်သည်းဖြင့် ကုတ်လိုက်ရာ ထိုအဘိုးအို၏ ဦးခေါင်းက တစ်ချက်တည်းနှင့် ပေါက်ကွဲထွက်သွားပေသည်။ ထိုအဘိုးအိုက တောက်မျိုးနွယ်တွင် အရေးမကြီးကြောင်း ထင်ရှားသည်။ သူ့တွင် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်သာ ရှိသည်။ သို့ဖြစ်ရာ ကျန်းရီက သူ့ကို အဘယ်ကြောင့် ကြောက်ရပါမည်နည်း။
“ဖူး...”
သို့ပင်လျှင် ကျန်းရီသည် ထိုအဘိုးအို၏ ဓားချက်ကြောင့် သွေးအန်သွား၏။ သို့သော် ယင်းက သူ့အတွက် အသေးအဖွဲသာ။ နတ်ဘုရားသစ်ရွက်က သူ့ကို စက္ကန့်ပိုင်းအတွင်း ကုသပေးနိုင်သည်။ သူသည် အရှေ့မှနေ၍ သူ့ထံသို့ ပျံသန်းလာနေသော လူများကို တွေ့လိုက်သောအခါ အချိန်ထပ်ဖြုန်းမနေရန် ဆုံးဖြတ်လိုက်သည်။ သူ့လက်ဝါးထဲမှနေ၍ ခြောက်ရောင်ခြယ်မီးတောက်များ ထွက်လာပြီး ထိုလူများထံ ဦးတည်ပျံဝင်သွားပေသည်။
“အာ...”
နောက်ဆုံး အုပ်ချုပ်သူအဆင့် သိုင်းသမားက တုန်လှုပ်စွာ နောက်ဆုတ်သွား၏။ သို့သော် အခြားသူများမှာမူ ကံမကောင်းပေ။ ကျန်းရီအရှေ့ရှိ ဆယ်ချီသော လူများက ရုတ်ခြည်း မီးလောင်သွားသည်။ သူ့အနောက်မှ ရာချီသော သူများလည်း အပူလောင်သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျကုန်သည်။ ရဲတိုက်များထဲတွင် ပုန်းအောင်းနေသေးဆဲဖြစ်သော သိုင်းသမားအချို့လည်း မြင့်မားသော အပူချိန်ကြောင့် လောင်ကျွမ်းသွားကြသည်။ ရုတ်ခြည်းပင် ဆယ်ချီသော ရဲတိုက်များ ပြိုပျက်သွားပြီး နေရာအနှံ့တွင် အပျက်အစီးများ ဖြစ်သွားလေသည်။
“သွားစို့...”
ဤနေရာက တောက်မျိုးနွယ်၏ အခြေစိုက်ဌာန မဟုတ်သော်လည်း အခြေစိုက်ဌာနအစစ်က သိပ်မဝေးလောက်ဟု ကျန်းရီ ထင်သည်။ ထို့ပြင် သူ ချက်ချင်း ထွက်ပြေးကာ တစ်နေရာရာတွင် ပုန်းအောင်းနေရမည်ဖြစ်ကြောင်းကိုလည်း သူသိသည်။ တောက်မျိုးနွယ်၏ စစ်တပ်ကြီး ရောက်လာချိန်ကျမှဆိုလျှင် သူ ပုန်းအောင်းနိုင်တော့မည် မဟုတ်ချေ။
ဝှစ်...
အလောင်းကြီးက အရှေ့သို့ ဆက်ပြေးကာ တောင်အပြင်သို့ ပျံထွက်လိုက်၏။ ထိုအခိုက်တွင် အခြားတပ်တစ်တပ်က သူတို့ထံသို့ ဦးတည်လာနေသည်။ ကျန်းရီသည် ထိုတပ်ကို အာရုံခံကြည့်ပြီးနောက် တပ်တွင် အနည်းဆုံး အင်အားတစ်သိန်းရှိလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ထိုလူတစ်သိန်းလုံးက ထူးဆန်းသော သားရဲများကို စီးထားကြသည်။ ၎င်းသားရဲများက သိပ်တော့မကြီးပေ။ သားရဲတစ်ကောင်စီက သုံးမီတာလောက် ရှိကြသည်။ သို့သော် ၎င်းတို့၏ တစ်ကိုယ်လုံးကို အကြေးခွံများက လွှမ်းခြုံထားသည်။ ထိုအကြေးခွံများက အပြာရောင်စစ်ချပ်ဝတ်များကဲ့သို့ပင်။ ၎င်းသားရဲများ၏ ဦးခေါင်းများက ခြင်္သေ့ပုံစံဖြစ်ပြီး ခန္ဓာကိုယ်များမှုမူ နဂါးပုံစံဖြစ်သည်။ ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကျန်းရီ၏ ရင်ထဲ၌ အကြောက်တရား ထွက်ပေါ်လာပေသည်။
“အကြီးအကဲကိုး... အဲ့လူကို မြန်မြန်တားလိုက်ပါ။ ကျုပ် အဖေနဲ့ ဦးလေးပါးကို သူ သတ်သွားတယ်...”
နောက်ဆုံးကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမားသည် အင်အားတစ်သိန်းရှိသော တပ်ကြီးကို မြင်လိုက်သောအခါ ချက်ချင်း အော်ပြောလိုက်ပေသည်။
ထိုအင်အားတစ်သိန်းတပ်ကြီးက တောက်မျိုးနွယ်၏ ခြင်္သေ့နဂါးတပ်ပင်။ ပုံမှန်အားဖြင့် သူတို့သည် ကျန်းရီ ရှိနေသည့် နေရာနှင့် ကီလိုမီတာငါးသိန်းပတ်လည်အတွင်း၌ ကင်းလှည့်ကြသည်။ သူတို့သည် အနီးတွင် ရှိနေခဲ့ပြီး ရုတ်ရုတ်သဲသဲ အသံများကို ကြားသဖြင့် အလျင်အမြန် ရောက်လာခြင်းဖြစ်ပေမည်။
‘အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်လား။ ကျွတ်... အဲ့အကြီးအကဲရဲ့ အရှိန်အဝါက တော်တော်အားကောင်းတာပဲ’
ကျန်းရီ စတင်၍ ရင်ခုန်မြန်လာ၏။ သူသာ ထိုတပ်ကြီး၏ တားဆီးမှုကို ခံလိုက်ရမည်ဆိုလျှင် တောက်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ မရောက်လာခင်အတွင်း ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ထိုအခါ သူ သေနိုင်ခြေက ပိုမြင့်လာပေလိမ့်မည်။
“ဆက်သွား...”
ကျန်းရီ အော်ပြောလိုက်သည်။ သူ့တွင် သူသေကိုယ်သေ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ ထိုအင်အားတစ်သိန်းတပ်ကြီးကို ဖောက်ထွက်ရမည် ဖြစ်သလို အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်ထဲမှ အနည်းဆုံး နှစ်ယောက်လောက်ကိုလည်း သတ်ရပေမည်။ ထိုအခါမှ ကျန်လူများက ကြောက်ရွံ့သွားပြီး သူ တပ်ကို အလွယ်တကူ ဖောက်ထွက်၍ နေရာတစ်ခုရှာကာ ပုန်းအောင်းနေနိုင်မည်ဖြစ်သည်။
“ကောင်းကင်လေပြေချပ်ဝတ်၊ အလောင်းကြီး...”
ခြင်္သေ့နဂါးတပ်၏ ခေါင်းဆောင်က ရုပ်ဆိုးကာ သန်မာသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် ကျန်းရီ၏ကိုယ်ပေါ်မှ ကောင်းကင်လေပြေချပ်ဝတ်နှင့် အနောက်မှ အလောင်းကြီးကို မြင်လိုက်သောအခါ ကျန်းရီက မည်သူဖြစ်ကြောင်း သေချာသွားသည်။ သူ ချက်ချင်း အော်ပြောလိုက်သည်။
“တစ်ယောက်ယောက် မျိုးနွယ်ခေါင်းဆောင်ဆီ သတင်းပို့လိုက်။ ကျန်တဲ့သူတွေက တိုက်ခိုက်ကြ”
ဝှစ်...
အကြီးအကဲကိုး၏ အမိန့်တစ်ချက်က တပ်သားတစ်သိန်းလုံးကို လှုပ်ရှားသွားစေသည်။ အလင်းတန်းတစ်သိန်း ပျံထွက်လာကာ ကောင်းကင်တစ်ခြမ်းကို အလင်းပေးလိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကလည်း တောင်ကို လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူက လှေငယ်လေးတစ်စင်းထဲတွင် ထိုင်၍ မုန်တိုင်းထန်နေသော ပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားနေသူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။
“တိုက်ကြ...”
ထိုကဲ့သို့သောအခိုက်တွင် ကျန်းရီ မည်သို့ ဆက်ပြေးနိုင်ပါဦးမည်နည်း။ အလင်းတန်းတစ်သိန်းက ကျယ်လောင်စွာ မြည်ဟီး၍ ပျံသန်းလာနေသည်။ ထိုအလင်းတန်းများကြောင့် မကြာခင်တွင် ဤနေရာသို့ အခြား စွမ်းအားကြီး သိုင်းသမားများလည်း ထပ်ရောက်လာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ သူ ဤတပ်ကြီးကို အမြန်ဆုံး ဖောက်မထွက်နိုင်လျှင် လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
“အလောင်းကြီး တောင့်ထားဦး...”
ကျန်းရီသည် အလောင်းကြီးကို နောက်လှည့်စေလိုက်ပြီး ပျံဝင်လာသည့် အလင်းတန်းများကို နောက်ကျောနှင့် ကာစေလိုက်၏။ တစ်ချိန်တည်းမှာပင် အလောင်းကြီးကို အောက်ဘက်သို့ ပျံဆင်းစေလိုက်သည်။
အလင်းတန်းတစ်သိန်းက ကျန်းရီ၏ အလောင်းကြီးကို ချိန်ရွယ်ထားကြသည်။ ထို့ပြင် တပ်ကြီးနှင့် သူတို့ကြားမှ အကွာအဝေးက သိပ်မဝေးရာ အလောင်းကြီး မည်မျှမြန်မြန် လှုပ်ရှားနိုင်ပါစေ ထိုတိုက်ခိုက်မှုများကို ရှောင်နိုင်မည် မဟုတ်ချေ။ အနည်းဆုံးတော့ အလင်းတန်းတစ်ထောင်ကျော်လောက်က အလောင်းကြီ၏ ကျောကို အဆက်မပြတ် ထိမှန်သွားပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အလောင်းကြီ၏ ခံနိုင်ရည်က အလွန်အားကောင်း၏။ တောက်လန်၏ တိုက်ခိုက်မှုကပင် ၎င်း၏ အပေါ်ယံဒဏ်ရာလောက်သာ ရသွားစေခဲ့ပြီး အရိုးတစ်ချောင်းမှ မကျိုးစေနိုင်ခဲ့ပေ။ သို့ဖြစ်ရာ ထိုလူများ၏ တိုက်ခိုက်မှုများက အလောင်းကြီးကို မည်သို့ ထိခိုက်စေနိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ အလောင်းကြီ၏ နောက်ကျောမှ အရေးပြားတစ်စလောက်တော့ ကွာကျသွားသည်။ သို့သော် ဒဏ်ရာ ရမသွားပေ။ အလောင်းကြီး၏ ရင်ခွင်ထဲတွင် အပိုက်ခံထားရသော ကျန်းရီမှာမူ ကြောက်မက်ဖွယ် အဟုန်များကို မခံနိုင်၍ သွေးအန်သွားသည်။ ယခုတွင် သူ အပြင်းအထန် ဒဏ်ရာရသွားပေပြီ။
အလောင်းကြီးသည် အောက်ဘက်တွင် ကွေ့၍ အထက်သို့ ထိုးတက်လိုက်၏။ ထို့နောက် တပ်ကြီးဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ထိုတပ် တစ်တပ်လုံးနီးပါးကို နတ်ဘုရားဧကရာဇ်များ၊ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များနှင့် ဖွဲ့စည်းထားခြင်းပင်။ ထို့ကြောင့် သူတို့၏ တုံ့ပြန်နှုန်းက အလောင်းကြီး၏ အမြန်နှုန်းနှင့် မယှဉ်နိုင်ချေ။ တပ်သားများစွာ၏ တိုက်ခိုက်မှုများက အလောင်းကြီးကို မထိဘဲ လေကိုသာ ထိမှန်သွားကြသည်။ တိုက်ခိုက်မှုအနည်းငယ်သာ အလောင်းကြီးနှင့် ကျန်းရီကို ထိမှန်သည်။ သို့သော် ၎င်းတို့က သူတို့၏ အရှိန်ကို မရပ်တန့်နိုင်ပေ။
“သတ်...”
ကျန်းရီသည် သိုးအုပ်တစ်အုပ်ထဲ ပြေးဝင်လာသည့် ကျားရိုင်းတစ်ကောင်အလား အော်ပြောလိုက်၏။ သူက ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် ထိုနတ်ဘုရားဧကရာဇ်များနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ၏ တိုက်ခိုက်မှုများက သူ့ကို သတ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ယနေ့တွင် သူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ တောက်မျိုးနွယ်ဝင်များကို များနိုင်သမျှများများ သတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်ပေသည်။