← Chapters

အသက်စည်းမျဉ်းများ

Vol. 119 Ch. 1655

အသက်စည်းမျဉ်းများ

Vol. 119 Ch. 1655

ဖုန်း...ဖုန်း...ဖုန်း...

အလောင်းကြီး၏ လက်သည်းများနှင့် ဧရာမခြေထောက်ကြီးနှစ်ချောင်းက မာကြောသော ဓားများအလား အဆက်မပြတ် လှုပ်ရှားနေသည်။ ခြေထောက်များကို လှုပ်ရှားလိုက်တိုင်း အသက်အနည်းငယ် ဆုံးရှုံးသွားရသည်။ နတ်ဘုရားဧကရာဇ်များသည် ရွှံ့ပုံများနှင့် မခြားပေ။ အလောင်းကြီးက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်နေသည်။ ၎င်းမှာ အမှန်ပင် ခက်ထန်သော ကျားရဲတစ်ကောင်အလား။ တုပြိုင်၍ မရနိုင်သော အင်အားတစ်ခုအလား။

ဝှစ်...ဝှစ်...

သို့ပင်လျှင် ခြင်္သေ့နဂါးတပ်က ကျန်းရီနှင့် အလောင်းကြီးဆီသို့ မပြတ်ပျံသန်းလာနေသေးသည်။ သူတို့က တောက်မျိုးနွယ်၏ အလွန်အင်အားကြီးသော တပ်တစ်တပ်ပင်။ သူတို့ခေါင်းဆောင်၏ အမိန့်အောက်တွင် သူတို့ အသက်ပေးရမည်ဆိုလျှင်ပင် နောက်တွန့်မည် မဟုတ်ချေ။

“ထွက်သွားကြစမ်း...”

ကျန်းရီ ထိုတပ်ကြီးကြောင့် နှောင့်နှေးမနေလို။ သူ ပေါင်းစည်းမီးတောက်များကို ထုတ်ကာ သူ့လက်ကို အရှေ့သို့ အကြိမ်အနည်းငယ် ရိုက်ထုတ်လိုက်သည်။ သူ့တွင် ပေါင်းစည်းမီးတောက်များ ကုန်လုနီးပြီ။ သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် မီးတောက်များကို သိမ်းထားရန် အကြောင်းမရှိတော့ပေ။ သူ သေသွားလျှင် ထိုမီးတောက်များကလည်း အသုံးဝင်တော့မည် မဟုတ်ချေ။

ပေါင်းစည်းမီးတောက်များက အမှန်ပင် စွမ်းအားကြီးသည်။ ရှေးဦးဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်ဘုရင်ယိုသည်ပင် မီးလောင်ကျွမ်း သေဆုံးခဲ့သည်။ သို့ဖြစ်ရာ ထိုသာမန်တပ်သားလေးထံမှ ကျန်းရီ ဘာကို မျှော်လင့်နိုင်ပါမည်နည်း။ ကျန်းရီ သူ၏မီးတောက်များကို အရပ်မျက်နှာအနှံ့သို့ ပစ်လွှတ်လိုက်သည်။ ချက်ချင်းပင် လေထဲရှိ လူစုများက နာကျင်တကြီး စတင်အော်ဟစ်လာကြသည်။ လူများစွာ၏ ခန္ဓာကိုယ်များလည်း မီးများ လောင်ကျွမ်းလာသည်။ ထိုမြင်ကွင်းမှာ ရင်နာဖွယ်ပင်။

ဝှစ်...

အလောင်းကြီးက လက်ပစ်မြားတစ်ချောင်းအလား အရှေ့သို့ ဆက်ပျံသန်း၍ တပ်ကို ဖောက်ထွက်၏။ ၎င်းသည် အင်အားတစ်သောင်းတပ်ကြီး ဆင်ထားသည့် အဟန့်အတားကို အလွယ်တကူ ဖောက်ထွက်နိုင်လိုက်သည်။ သို့သော် လူများက ဘေးဘယ်ညာမှနေ၍ သူတို့ထံ ပျံသန်းလာနေသေးသည်။ မိုးပြာရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က အရှေ့သို့ ပျံသန်းသွားကာ သူတို့၏လမ်းကို ပိတ်လိုက်သည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က အော်ပြောလေသည်။

“မင်းက ပြေးချင်သေးတာလား”

“ကျွန်တော်က ပြေးဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ခင်ဗျားကို သတ်ချင်နေတာ”

အလောင်းကြီးက စကားပြောလိုက်သော အုပ်ချုပ်သူအဆင့် သိုင်းသမားထံ ရုတ်တရက် ဦးလှည့်လိုက်သည်။ ကျန်းရီကလည်း ပုံရိပ်လက်တစ်ထောင်ကို ထုတ်သုံး၍ မြင်လေရာနေရာတိုင်းတွင် လက်ဝါးများ ပြည့်နှက်သွားစေ၏။ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားသည် နေရာမှာပင် ကြက်သေသေနေပြီး သူ့ပတ်ပတ်လည်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်နေသည်။ သူ့လက်ထဲတွင် မိုးပြာရောင် မီးဒဏ်ခံပုလဲတစ်လုံး ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပဲ သူ့ပတ်ပတ်လည်တွင် လှံရှည်ပုံရိပ်များ ထွက်ပေါ်လာပြီး ကျန်းရီ သူ့အနားသို့ ကပ်မလာနိုင်အောင် ကာလိုက်သည်။

ဂျွတ်...

မီးဒဏ်ခံပုလဲလုံးက အက်ကွဲသွားပြီး လှံရှည်က အလောင်းကြီး၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သို့သော် အလောင်းကြီးက ကိုယ်ကို ယမ်းလိုက်ရာ အားကောင်းသော အဟုန်က အုပ်ချုပ်သူအဆင့် သိုင်းသမားကို သွေးအန်သွားစေသည်။ သူ လှံရှည်ကိုလည်း ဆက်ဆုပ်ကိုင်မထားနိုင်တော့။ တစ်ချိန်တည်းမှာပင် အလောင်းကြီးက သူ့ကို လက်တစ်ဘက်ဖြင့် ရိုက်လိုက်သည်။ သူက အလွန်လျင်မြန်စွာ ပြန်တုံ့ပြန်လိုက်၏။ ရုတ်ခြည်းပင် လက်ထဲ၌ ဓားတစ်ချောင်းပေါ်လာပြီး ထိုဓားဖြင့် အလောင်းကြီး၏ လက်ကို ထိုးစိုက်လိုက်သည်။

ဟုတ်၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် အလောင်းကြီ၏ လက်ကို ခုတ်ဖြတ်ရန် မလုပ်ဘဲ ထိုးစိုက်လိုက်ခြင်းပင်။ သူက တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်သည်။ သူ အလောင်းကြီ၏ လက်ကို ခုတ်လိုက်ပါမူ သူ့လက်က ပြန်ကန်ထွက်လာမည်ဖြစ်ပြီး သူ၏ အရေးပါသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူ သေချာပေါက် သေရပေလိမ့်မည်။

ချွမ်း...

မကြာခင်မှာပင် သူက အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။ သူ့ဓားက အပိုင်းပိုင်းအပြတ်ပြတ် ကျိုးသွားသည်။ သို့သော် ပြန်ကန်အားက သူ့ကို အနောက်သို့ ရွေ့လျားသွားစေသည်။ ထို့ကြောင့် သူ့အတွက် စက္ကန့်အနည်းငယ် အချိန်ပိုရသွားပေသည်။ သေရေးရှင်ရေး အခိုက်အတန့်တွင် သူ နောက်ထပ် တုန်လှုပ်ဖွယ်အကွက်တစ်ကွက်ကို ထုတ်သုံးလိုက်ပြန်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို အပိုင်းဆယ်ချီ ခွဲပစ်၍ အပိုင်းတစ်ပိုင်းစီကို အရပ်မျက်နှာတစ်ခုစီသို့ ပျံသန်းသွားစေလိုက်သည်။

‘အဲ့ဒါက ဘယ်လို ဆန်းကြယ်စွမ်းရည်မျိုးလဲ’

ကျန်းရီ ဆွံ့အသွားသည်။ အဘယ်ကြောင့်ဆိုသော် ကွဲထွက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများက မကြာခင်တွင် အဝေး၌ သွားရောက်ပေါင်းစုက သက်ရှိလူသားတစ်ယောက် ပြန်ဖြစ်သွား၍ပင်။ သို့သော် ယခုတွင် ထိုသူသည် အစောကထက် ပိုဖြူဖျော့နေပေသည်။ ထိုသူ့ခန္ဓာကိုယ်၏ အရှိန်အဝါကလည်း အလွန်အားနည်းလာသည်ဟု ကျန်းရီ ခံစားရသည်။ ထို့ကြောင့် ကျန်းရီသည် အချိန်ဖြုန်းမနေဘဲ အဝေးသို့ အမြန်ဆုံး ထွက်ပြေးလိုက်လေသည်။

‘အဲ့လူက အသက်စည်းမျဉ်းတွေကို ကျင့်ကြံတာလား’

ကျန်းရီ နားမလည်နိုင်။ နားလည်အောင် ဆက်စဉ်းစားနေရန်လည်း မချိန်မရှိ။ သူ ထိုလူကို လိုက်မသတ်ဘဲ အလောင်းကြီးကို အရှေ့သို့သာ ဆက်ပျံသန်းစေလိုက်သည်။ ကီလိုမီတာများစွာ သွားပြီးနောက် စူးရှသော လေခွင်းသံတစ်သံက သူ့ထံသို့ ဦးတည်လာနေသည်ကို ကြားလိုက်ရ၏။ သူ ကောင်းကင်စိတ်အာရုံကိုသုံးကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီးနောက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ယခုတွင် ခြင်္သေ့နဂါးတပ်၏ ခေါင်းဆောင်၊ တောက်မျိုးနွယ်၏ အကြီးအကဲကိုးက စတင်လှုပ်ရှားပေပြီ။ သူ၏ တိုက်ခိုက်ပုံက အလွန်ထူးဆန်းသည်။ သူ ဓားမကိုင်ဘဲ ကျိုင်းတစ်ခုကို ကိုင်ထားသည်။ သူသည် ကျိုင်းကို သူ့အရှေ့တွင် ဝှေ့ယမ်းကာ ကျိုင်းမှနေ၍ မရေမတွက်နိုင်သော ကြိမ်ပင်များ ထွက်သွားစေလိုက်၏။ ကျန်းရီ တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းဆုံး ကြိမ်ပင်တစ်သန်းလောက်က ကျိုင်းနှင့် ကီလိုမီတာဆယ်ချီအဝန်းအဝိုင်းအတွင်း လွှမ်းခြုံထားကြောင်း တွေ့လိုက်ရသည်။

‘ကြိမ်ပင်တွေလား...’

တပ်တစ်တပ်၏ ခေါင်းဆောင်ဖြစ်သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သာမန်ကြိမ်ပင်များကို အသုံးမပြုလောက်ပေ။ ထိုအကြီးအကဲကိုး၏ ရည်ရွယ်ချက်က ရှင်းသည်။ သူသည် သူ့မျိုးနွယ်မှ အခြား စွမ်းအားကြီး သိုင်းသမားများ ရောက်လာချိန်အထိ ကျန်းရီကို ကြိမ်ပင်များနှင့် ချုပ်နှောင်ထားလိုခြင်းပင်။

ကြိမ်ပင်များက အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး အာကာပြင်တစ်ခုလုံးကို လွှမ်းခြုံနေသည်။ အလောင်းကြီးက ကြိမ်ပင်များကို မည်သို့မှ ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ အလောင်းကြီးကို နောက်လှည့်စေပြီး အခြားတစ်ဘက်သို့ ပျံစေလိုက်၏။ တစ်ချိန်တည်းမှာပင် သူ ပေါင်းစည်းမီးတောက်များကို နောက်ပြန်ပစ်လွှတ်လိုက်သည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ထိုကဲ့သို့ စွမ်းအားကြီး မီးတောက်များကပင် ကြိမ်ပင်များကို မဖျက်ဆီးနိုင်ပေ။ ကြိမ်ပင်ဖျားမှနေ၍ အစိမ်းရောင် အခိုးအငွေ့များသာ ထွက်လာပြီး ကြိမ်ပင်များက ကျန်းရီထံသို့ ဆက်၍ဦးတည်လာပေသည်။ ၎င်းကြိမ်ပင်များ၏ အမြန်နှုန်းက အလောင်းကြီး၏ အမြန်နှုန်းထက်ပင် အနည်းငယ် ပိုမြန်လေသည်။

ကျန်းရီသည် အခြားရွေးချယ်စရာ မရှိသဖြင့် မီးတောက်များကိုသာ အဆက်မပြတ် ပစ်လွှတ်နေရ၏။ ကြိမ်ပင်များကို သူနှင့် ပိုနီးကပ်လာခွင့် မပေးဝံ့ပေ။ ၎င်းကြိမ်ပင်များသာ သူနှင့် အလောင်းကြီးကို ရစ်ပတ်မိသွားလျှင် သူတို့ ရှုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် အနှေးနှင့်အမြန်ဆိုသလို သူ ထိုကြိမ်ပင်များ၏ ချုပ်နှောင်မှုကို ခံရပေလိမ့်မည်။ ထိုအခါ သူတို့အတွက် လွတ်မြောက်နိုင်မည့်အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

‘ချီးပဲ.. အဲ့ကြိမ်ပင်တွေက ဘယ်လောက်တောင်ရှည်တာလဲ’

ကီလိုမီတာငါးရာ ပျံသန်းပြီးသည်အထိ ကြိမ်ပင်များက ကျန်းရီနောက်မှ ဆက်လိုက်လာနေသေး၏။ ကျန်းရီ သူ၏နဝမမြောက်ကြယ်စက်လုံးကို အာရုံခံကြည့်လိုက်ရာ စက်လုံးထဲတွင် မီးတောက်လုံးလေး တစ်လုံးသာ ကျန်တော့ကြောင့် တွေ့လိုက်ရသည်။ မီးတောက်များ မကုန်ခင် သူ အကြိမ်အနည်းငယ်သာ ထပ်တိုက်ခိုက်နိုင်လောက်ပေသည်။

ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲရှိ မြက်ခင်းပြင်မီးတောက်များကလည်း ကုန်သွားပြီဖြစ်သည်။ မီးတောက်အကြွင်းအကျန် အနည်းငယ်ကိုမူ သားရဲလေးက တတိတိ စားသောက်နေသည်။ မြက်ခင်းပြင်မီးတောက်များ မရှိလျှင် သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုကို ဆုံးရှုံးရပေလိမ့်မည်။ ပုံရိပ်လက်တစ်ထောင်ကလည်း အသုံးမဝင်ဖြစ်လာပေလိမ့်မည်။

‘မြန်မြန်...မြန်မြန်...’

ကျန်းရီ မိုးမြေစွမ်းအား ထုတ်ကာ အလောင်းကြီးကို ပိုလျင်မြန်စွာ ပျံသန်းစေလိုက်သည်။ သူ၏ မိုးမြေစွမ်းအားကလည်း တစ်ဝက်လောက် ကုန်နေပြီဖြစ်သည်။ တိုက်ပွဲက ဤအတိုင်း ဆက်သွားမည်ဆိုလျှင် မကြာခင်တွင် မိုးမြေစွမ်းအား အားလုံး ကုန်သွားနိုင်သည်။ ထိုအခါ အလောင်းကြီးက မလှုပ်ရှားနိုင် ဖြစ်သွားမည်ဖြစ်သည်။

နောက်ထပ် ကီလိုမီတာငါးဆယ် ဆက်ပျံသန်းပြီးနောက်တွင် ကျန်းရီအနောက်မှ ကြိမ်ပင်များက လေထဲတွင် ရပ်တန့်သွား၏။ ၎င်းတို့က ဆက်၍ မဆန့်တန်းနိုင်တော့ပုံပင်။ သို့မဟုတ် အကြီးအကဲကိုးက ကြိမ်ပင်များကို ထိုအကွာအဝေးတွင် ဆက်မထိန်းချုပ်နိုင်တော့ခြင်းဖြစ်မည်။

ဟူး...

ကျန်းရီ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်၍ သူ့အနောက်ကို အာရုံခံလိုက်၏။ ကီလိုမီတာငါးရာအကွာရှိ အကြီးအကဲကိုးကို သူ မြင်လိုက်ရ၏။ အကြီးအကဲကိုးက လက်မလျှော့သေးဘဲ ဆက်လိုက်လာနေသည်။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်ကလည်း အကြီးအကဲကိုးအနောက်မှ ကပ်လိုက်လာကြသည်။

“မြန်မြန်...မြန်မြန်...”

ကျန်းရီ တီးတိုးရေရွတ်လိုက်သည်။ သူ အကြီးအကဲကိုးကို တော်‌တော်ဝေးဝေးတွင် နောက်ကောက်ချန်ခဲ့ရမည်။ ထိုမှ လုံခြုံသောနေရာတစ်ခုကို ရှာ၍ ပုန်းအောင်းနိုင်မည်ဖြစ်သည်။ မဟုတ်လျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို အလွယ်တကူ ရှာနိုင်ပေလိမ့်မည်။

ကျန်းရီ အရှေ့သို့ ဆက်သွားလိုက်သည်။ အလောင်းကြီး၏ အမြန်နှုန်းက အကြီးအကဲကိုး၏ အမြန်နှုန်းထက် အနည်းငယ် ပိုမြန်သည်။ ထို့ကြောင့် သူတို့ကြားမှ အကွာအဝေးက ကျယ်လာသည်။ သို့သော် အကြီးအကဲကိုး၏ ကောင်းကင်စိတ်အာရုံက ကြောက်မက်ဖွယ်ပင်။ မကြာခဏဆိုသလို ကောင်းကင်စိတ်အာရုံတစ်ခုက သူ့အပေါ်မှ ဖြတ်သွားကြောင်း ကျန်းရီ ခံစားနေရသည်။ သူက အကြီးအကဲကိုး၏ မျက်စိအောက်မှာပင် ရှိနေသေးပေသည်။

“အာ...”

နောက်ထပ် ကီလိုမီတာတစ်ထောင် ပျံသန်းပြီးနောက် ကျန်းရီ ‌တောင်ငယ်လေးတစ်လုံးကို တွေ့လိုက်၏။ ထိုတောင်ထိပ်ပေါ်တွင် မြို့တစ်မြို့ ရှိနေသည်။ ကျန်းရီသည် မြို့ကို အာရုံခံလိုက်ပြီးနောက် လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်၏။

ဝှစ်...

ကျန်းရီသည် အလောင်းကြီးကို တောင်ထိပ်ဆီသို့ ပျံသန်းသွားစေလိုက်သည်။ အလောင်းကြီးက အလွန်လျင်မြန်ရာ မြို့ထဲမှ တပ်သားများသည် ကျန်းရီ သူတို့၏ လေပိုင်နက်ထဲတွင် ပေါ်လာသောအခါမှ တုံ့ပြန်နိုင်လိုက်ပေသည်။

“မင်းက ဘယ်သူလဲ”

မြို့ရိုးပေါ်ရှိ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်ရှိသော တပ်မှူးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ကျန်းရီကို အော်ပြောလိုက်၏။ အခြားအစောင့်များသည်လည်း ချဉ်းကပ်လာသော ကျူးကျော်သူကို သတိပြုမိသွားပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။ ကျန်းရီက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော်က အေးစက်ဧကရာဇ်ရဲ့ တူပဲ.. ဘေးဖယ်ကြ”

တောက်လန်၏ ဘွဲ့အမည်ကို ကြားသောအခါ အစောင့်များ ဆွံ့အသွားကြ၏။ ထိုအခိုက်တွင် သူတို့ထဲက မည်သူကမှ ကျန်းရီကို မတိုက်ခိုက်ဝံ့တော့ပေ။ ကျန်းရီသည် မြို့ကို ကောင်းကင်စိတ်အာရုံဖြင့် ထပ်မံ အာရုံခံပြီးနောက် စိတ်ထဲတွင် ဝမ်းသာသွားသည်။

ထိုမြို့က အလွန်သေးသည်။ မြို့ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ပင် ရှိမနေ။ မြို့ထဲရှိ စွမ်းအားအကြီးဆုံးသူမှာလည်း ဘွဲ့ထူးရစစ်နတ်ဘုရားတစ်ယောက်သာဖြစ်သည်။ ကျန်းရီသည် အလောင်းကြီးကို မြို့အထက်တွင် ပျံသန်းစေလိုက်ပြီး အောက်ဘက်ရှိ ရဲတိုက်များဆီသို့ လက်ဝါးရိုက်ချက် အနည်းငယ် ရိုက်ထုတ်လိုက်သသည်။

ကျန်းရီ၏ လက်ဝါးချက်များက မပြင်းသဖြင့် ရဲတိုက်ဆယ်တိုက်ကျော်သာ ပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီက မီးတောက်အနည်းငယ်ကို ထုတ်လိုက်ရာ ပတ်ဝန်းကျင်အပူချိန်က သိသိသာသာ တိုးလာသည်။ ထို့နောက် သူ သတ်ဖြတ်အရှိန်အဝါ ထုတ်လွှတ်ကာ အော်ပြောလိုက်လေသည်။

“ခင်ဗျားတို့ မြို့ထဲက ထွက်သွားဖို့ ခြောက်စက္ကန့် အချိန်ရမယ်။ ခြောက်စက္ကန့်ပြည့်ရင်တော့ ကျွန်တော် ခင်ဗျားတို့ကို စသတ်မယ်”

“ဟာ...”

မြို့မှာ သေသော်လည်း မြို့ထဲတွင် အနည်းဆုံး လူတစ်သန်းရှိသည်။ ကျန်းရီ၏ လက်ဝါးချက်များနှင့် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားသော အပူချိန်က မြို့ထဲရှိ လူအားလုံးကို ကြောက်ရွံ့သွားစေသည်။ သူတို့အားလုံးသည် အသိုက်ဖျက်ခံရသော ငှက်များကဲ့သို့ သူတို့၏အိမ်များထဲမှ ပျံထွက်လာကြပြီး အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်ကြသည်။

ကျန်းရီသည် လူတစ်ယောက်ကိုမှ မသတ်ပေ။ ထိုအစား အလောင်းကြီးကိုသိမ်း၍ မြို့ထဲ ပျံဆင်းလိုက်သည်။ ထို့နောက် သူ အမြန်ဆုံး ကိုယ်ဖျောက်လိုက်ပြီး လူအုပ်နှင့်အတူ ဝင်ရောကာ မြို့ထဲမှ ပြန်၍ ပျံထွက်သွားသည်။ လမ်းတစ်လျှောက်တွင် သူသည် လူများကို ခြောက်လှန့်ရန် လက်ဝါးချက်အနည်းငယ် ထပ်မံရိုက်ထုတ်ကာ ရဲတိုက်အချို့ကို ဖြိုပစ်လိုက်သေးသည်။ အခြေအနေတစ်ခုလုံးက ပို၍ ပရမ်းပတာ ဖြစ်လာပေပြီ။

ကျန်းရီသည် လူအုပ်နှင့်အတူ မြို့ပြင်ပြန်ထွက်ပြီးနောက် အဝေးသို့ ပျံသန်းသွားလိုက်၏။ ကီလိုမီတာငါးရာကျော် ပျံသန်းပြီးနောက်တွင် အလောင်းကြီးကို ပြန်ထုတ်ကာ အရှေ့သို့ အမြန်ဆုံးအရှိန်ဖြင့် သွားစေလိုက်သည်။

ဝှစ်...

ကျန်းရီ ထွက်သွားပြီးနောက် မကြာခင်တွင် အကြီးအကဲကိုးက ဒေါသတကြီး ရောက်ရှိလာ၏။ သူသည် အရပ်မျက်နှာအနှံ့သို့ ပျံပြေးနေကြသော လူများကို ကြည့်ကာ ကျန်းရီ၏ အကြံကို ချက်ချင်း သဘောပေါက်သွားသည်။ ကျန်းရီက ထိုလူများကို ပရမ်းပတာဖြစ်စေ၍ ရှုပ်ထွေးနေသော အခြေအနေကို အသုံးချကာ ထွက်ပြေးလိုနေခြင်းပင်။

All Chapters