← Chapters

တန်သလော

Vol. 119 Ch. 1656

တန်သလော

Vol. 119 Ch. 1656

ကျန်းရီက ဘာလုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသော်လည်း အကြီးအကဲကိုး မည်သို့မှ မလုပ်နိုင်ပေ။

လူများက သူတို့၏အသက်အတွက် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသည်။ မြို့ကလည်း ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။ ကျန်းရီက ပုန်းအောင်းနေရာ အကြီးအကဲကိုး သူ့ကို အလွယ်တကူ မရှာနိုင်ပေ။ သူလုပ်နိုင်သည်ဆို၍ သူ၏ကောင်းကင်စိတ်အာရုံကိုထုတ်ကာ ပတ်ဝန်းကျင်ကို ထပ်ခါ ထပ်ခါ အာရုံခံပြီး ကျန်းရီက မြို့ထဲတွင် ပုန်းအောင်းနေဆဲလော သို့မဟုတ် လူအုပ်ကြားတွင် ပုန်းအောင်းရန် ကြိုးစားနေခြင်းလောကို စူးစမ်းရန်သာ ရှိသည်။

အကြီးအကဲကိုးသည် ကျန်းရီကို ငါးမိနစ်ကြာအောင် လိုက်ရှာနေလိုက်ပြီးနောက် ကျန်းရီက မြို့ထဲတွင် ပုန်းအောင်းနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ မကြာခင်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ ရောက်ရှိလာသည်။ ထိုအခါ အကြီးအကဲကိုးသည် သူတို့ကို လူခွဲ၍ ကျန်းရီအား လိုက်ရှာရန် ချက်ချင်း ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပဲ ထိုတောင်ငယ်လေးနှင့် ကီလိုမီတာငါးသိန်းအဝန်းအဝိုင်းအတွင်းရှိ မြို့တိုင်းကို သတင်းပို့ရန်လည်း ခိုင်းလိုက်သည်။ ထိုမှ ကျန်းရီကို လူအင်အားအလုံးအရင်းနှင့် လိုက်ရှာနိုင်မည်ဖြစ်သည်။

ရွှီး...

အကြီးအကဲကိုးက ကီလိုမီတာရာကျော် ပျံသန်းပြီးနောက် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းအဆောင် လင်းလက်လာ၏။ သူ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာထားပြောင်းလဲသွားသည်။ ထောက်လှမ်းရေးတစ်ယောက်က ကီလိုမီတာငါးထောင်အကွာရှိ မြို့တစ်မြို့က ဖျက်ဆီးခံလိုက်ရကြောင်း သူ့အား သတင်းလှမ်းပို့ခြင်းပင်။ ကျန်းရီက ထိုသို့ ရောက်နေပေသည်။

“လိုက်ကြ...”

အကြီးအကဲကိုး၏ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ လျှံထွက်လာသည်။ သူ ရုတ်ခြည်းပင် အနောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ အနီးမှ တပ်သားများထံလည်း သတင်းပို့ကာ စစ်ကူတောင်းလိုက်သည်။ သူတို့ ကျန်းရီကို ဝန်းရံသတ်ဖြတ်ရပေမည်။ သို့သော် သူတို့ ရောက်သွားသည့်အချိန်တွင် ထိုမှ အခြေအနေက ပို၍ပင် ပရမ်းပတာဖြစ်နေကြောင်း သိလိုက်ရသည်။ ထိုမြို့နှင့် ကီလိုမီတာထောင်ချီအတွင်းတွင် လူများ ပြည့်နှက်နေရာ ကျန်းရီကို ရှာရန် ပို၍ပင် ခက်ခဲပေသည်။

ခြောက်နာရီနီးပါး ရှာပြီးနောက်တွင်ပင် ကျန်းရီကို ရှာမတွေ့သေး။ တောက်မျိုးနွယ်သည် စစ်ကူအဖြစ် စွမ်းအားကြီး သိုင်းသမားများစွာကို စေလွှတ်လိုက်သည်။ တောက်နုပင် ကိုယ်တိုင် ရောက်လာခဲ့သည်။ တောက်လန်နှင့် အခြားသူများသည်လည်း ကောင်းကင်ဘုံသို့ ပြန်ရောက်လာပြီဖြစ်ပြီး ယခုတွင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ တည်နေရာပြောင်းရွှေ့လာနေကြပေပြီ။

တောက်မျိုးနွယ်ရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားများထဲမှ တစ်ဝက်ကျော်က လှုပ်ရှားနေကြသည်။ အနီးရှိ မြို့များပင် ပါဝင်လာသည်။ တပ်ကြီးသည်လည်း ကီလိုမီတာငါးသန်း အဝန်းအဝိုင်းအတွင်း ဖြန့်ကျက် ရှာဖွေနေကြသည်။ နေရာအနှံ့တွင် လူများရှိနေသည်။ သူတို့သည် ကောင်းကင်ဘုံကို တစ်လက်မမကျန် ပိုက်စိတ်တိုက် လိုက်ရှာနေကြလေပြီ။

လူတစ်ယောက်က ကျန်းရီ၏ ပုံတူနှင့် အလောင်းကြီး၏ပုံကို ရေးဆွဲပေးသည်။ ကျန်းရီ အလောင်းကြီးကိုသုံး၍ ထွက်ပြေးရန် ကြိုးစားမည်ဆိုလျှင် သေချာပေါက် ရှာတွေ့ခံရမည်ဖြစ်သည်။

သို့သော် နာရီများစွာ ရှာဖွေပြီးနောက်တွင်ပင် ကျန်းရီ၏ ခြေရာလက်ရာများကို ရှာမတွေ့သေးသဖြင့် တောက်နုနှင့် တောက်မျိုးနွယ်ဝင်များ အံ့အားသင့်လာရသည်။ ကျန်းရီက သဲလွန်စတစ်ခုမှ မချန်ခဲ့ဘဲ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။

“ရှာကြ... ဆက်ရှာကြ။ ငါ မိုးပြာမဟာဧကရာဇ်စစ်တပ်ရဲ့ တပ်သားတစ်သန်းကို ဦးဆောင်ပြီး ဒီနေရာနဲ့ မိုင်သန်းတစ်ထောင်အတွင်းမှာ နေရာအနှံ့ လိုက်ရှာမယ်။ တောင်တိုင်းရဲ့ အကာအရံအလွှာတွေကို နှိုးထားလိုက်။ ဘယ်သူမှ ကိုယ့်မြို့ထဲကနေ မထွက်ရဘူး။ ငါတို့ မြေလှန်ရှာရမယ်ဆိုရင်တောင် ကျန်းရီကို ရှာတွေ့ရမယ်”

တောက်မျိုးနွယ်ခေါင်းဆောင် တောက်နုက အလွန်ခက်ထန်သည်။ သူသည် ဒေါသထွက်မနေချိန်မှာပင် ရှိန်ဖွယ်ကောင်းသည်။ တောက်လန်ထက်လည်း ပိုတုတ်ခိုင်သည်။ သူ၏ မေးရိုးက လေးထောင့်ဆန်ပြီး သူ့နားရွက်များကလည်း ကြီးမားရာ သူ့ပုံစံမှာ အလွန်ပြတ်သားပုံ ပေါ်ပေသည်။ သူ၏ ဒေါသတကြီး အော်လိုက်သံက ကီလိုမီတာငါးထောင် အဝန်းအဝိုင်းအတွင် ပဲ့တင်ထပ်သွားသည်။ အလျင်အမြန် လာနေကြသော တောက်လန်နှင့် တောက်မျိုးနွယ်မှ အခြားအကြီးအကဲများ ကြောက်ရွံ့ကာ တောင့်တင်းသွားကြသည်။

တောက်နုဆိုသော အမည်တွင် ‘နု’(ဒေါသ)ပါသော်လည်း သူက ဒေါသထွက်ခဲသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ ကျန်းရီ၏ အပြုအမူများကြောင့် အလွန်ဒေါသထွက်နေပေပြီ။ တောက်ဖုန့်က အသတ်ခံခဲ့ရသည်။ သူသည် ထိုကိစ္စကို ဖြေရှင်းဖို့ တောက်လန်နှင့် လူရာကျော်ကို ဟွင့်သွမ့်ပင်လယ်သို့ စေလွှတ်ခဲ့၏။ သို့သော် နောက်ဆုံးတွင်မူ ကျန်းရီက ကောင်းကင်ဘုံသို့ တက်လာခဲ့ပြီး တောက်မျိုးနွယ်၏ ပိုင်နက်အတွင်း၌ သတ်ဖြတ်မှုများ လုပ်ခဲ့ပေသည်။ သူက အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် သောင်းချီသော တပ်သားများကိုပင် သတ်ခဲ့ပေသေးသည်။

တောက်မျိုးနွယ်သည် တစ်ခါမှ ဤကဲ့သို့ စော်ကားမခံရဖူးပေ။ ယခုတွင်မူ တောက်မျိုးနွယ်က ကောင်းကင်ဘုံ၏ ဟားစရာတစ်ခု ဖြစ်တော့မည်ဟု တောက်နု ခံစားနေရလေသည်။

မိုးပြာမဟာဧကရာဇ်စစ်တပ်...

နာမည်နှင့်ပင် ထိုစစ်တပ်က တောက်မျိုးနွယ်ပိုင်သောစစ်တပ် မဟုတ်ကြောင်း သိနိုင်သည်။ ထိုစစ်တပ်မှာ မိုးပြာမဟာဧကရာဇ်၏ စစ်တပ်ဖြစ်ပြီး ကောင်းကင်ဘုံတွင် မိစ္ဆာများကို တိုက်ခိုက်နေသည့် အဓိကစစ်တပ်ခြောက်တပ်ထဲမှ တစ်တပ်လည်းဖြစ်သည်။ အဘယ်ကြောင့် ထိုစစ်တပ်ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းမှာမူ သိသာသည်။ တမလွန်ဘုံမိစ္ဆာတပ်သားများကို တိုက်ခိုက်ရန်ပင်။ ထိုစစ်တပ်၏ တပ်ချုပ်မှာ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင်ပင်။ သို့သော် တောက်နုက စစ်တပ်၏ နိစ္စဓူဝကိစ္စများကို တာဝန်ယူရပေသည်။

သို့သော် တောက်နုသည် ကျန်းရီကို ရှာရန်အတွက်လောက်နှင့် မိုးပြာမဟာဧကရာဇ်စစ်တပ်၏ တပ်သားတစ်သန်းကို သုံးမည်လော။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်က တမလွန်ဘုံစစ်တပ်များကို တိုက်ခိုက်ရန်သာ လှုပ်ရှားပေသည်။ တော်သေးသည်မှာ တောက်နုက စစ်တပ်တစ်တပ်လုံးကို မသုံးခြင်းပင်။ သူက တပ်သားတစ်သန်းကိုသာ သုံးမည်ဖြစ်သည်။ ယင်းမှာ တရားလွန်သည်ဟု မဆိုနိုင်ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကမ္ဘာဦးကောင်းကင်ဘုံ၏ တောင်ဘက်ရှိ မိုးပြာဒေသတစ်ခွင်လုံးတွင် တပ်သားများနှင့် ပြည့်နှက်သွားသည်။ တောင်တိုး၊ လွင်ပြင်တိုင်းတွင် လူများ ဖွေးဖွေးလှုပ်နေသည်။ သူတို့သည် အထက်ဘုံမှနေ၍ ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့လာသော ပမွှားလေးတစ်ယောက်ကို ရှာဖွေနေကြခြင်းပင်။

***

တောင်ပိုင်းတစ်ခွင်လုံးက လှုပ်လှုပ်ခတ်ခတ် ဖြစ်နေရာ ထိုကိစ္စကို ကောင်းကင်ဘုံရှိ အခြားမျိုးနွယ်ကြီးများ သိမသွားအောင် မည်သို့ ဖုံးကွယ်ထားနိုင်ပါမည်နည်း။

ကောင်းကင်ဘုံ မျိုးနွယ်ကြီးများအကြားတွင် သတင်းက အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သို့သော် သတင်းသည် မျိုးနွယ်ကြီးများအပြင်သို့တော့ ရောက်မသွားပေ။ ဤကိစ္စက ရှက်ဖွယ်ကိစ္စပင်။ ထို့ကြောင့် မျိုးနွယ်ကြီးများသည် အပြင်သို့ သတင်းပျံ့ခံမည် မဟုတ်ချေ။ မဟုတ်လျှင် သူတို့သည် နောင်တွင် ကောင်းကင်ဘုံရှိ ကျန်မျိုးနွယ်များကို မည်သို့ မျက်နှာပြရမည်မသိအောင် ဖြစ်သွားနိုင်ပေသည်။

သခင်မလေးကုန်းယန်၊ သခင်လေးလျန်နှင့် သူတို့အဖွဲ့မှ အခြားသူများက ကောင်းကင်ဘုံသို့ ပြန်ရောက်နေကြပြီဖြစ်သည်။ သူတို့သည် ထိုအခြေအနေအကြောင်း သတင်းရလိုက်သောအခါ သူတို့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ သွားလိုက်ကြသည်။ သူတို့သည် ကျန်းရီကိုရှာရန် ‌တောက်မျိုးနွယ်ကို ကူညီပေးမည်ဖြစ်သည်။

ကျန်းရီသည် မိစ္ဆာသတ်ဖြတ်နန်းတော်တွင် သူတို့မျိုးနွယ်များမှ ကိုယ်ရံတော်များစွာကို သတ်ပစ်ခဲ့သည်။ သူတို့ကို နတ်ဘုရားရှောင်တိမ်းအဆောင်သုံး၍ ကောင်းကင်ဘုံသို့ ပြန်ရအောင်လည်း ဖိအားပေးခဲ့သည်။ ယင်းက သူတို့ကို အရှက်ရစေပေသည်။ သူတို့သည် အပေါ်ယံတွင် တောက်မျိုးနွယ်ကို ကူညီပေးနေပုံပေါ်သော်လည်း အမှန်တွင်တော့ သူတို့၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ရန် ကြိုးစားနေခြင်းသာ။ ကျန်းရီ အသက်ရှင်နေသ၍ သူတို့ လောကထဲတွင် မျက်နှာပြနိုင်မည် မဟုတ်ပေ။

ထိုသတင်းကို မဟာဧကရာဇ်လေးပါးထံ မရောက်‌အောင် ဖုံးဖိမထားနိုင်ချေ။ ယင်းမှာ အသေးအဖွဲကိစ္စလေး မဟုတ်။ သို့သော် မဟာဧကရာဇ်လေးပါးသည် မည်သို့မှ မညွှန်ကြားပေ။ သူတို့၏မျက်လုံးထဲတွင် ကျန်းရီက ပုရွက်ဆိတ်တစ်ကောင်နှင့် မကွာခြား။ သို့သော် ပုရွက်ဆိတ်တစ်ကောင် သေသည်၊ ရှင်သည်ကို သူတို့က အဘယ်ကြောင့် အရေးစိုက်နေရပါမည်နည်း။ အခြေအနေများက ထိန်းမနိုင်သိမ်းမရ မဖြစ်သေးသ၍ သူတို့ ဝင်ပါရန် မလိုပေ။

***

“သူက မသေသေးဘူးလား။ ပြီးတော့ ကောင်းကင်ဘုံကိုတောင် ရောက်လာတယ်ပေါ့လေ”

ကမ္ဘာဦးကောင်းကင်ဘုံ၏ အရှေ့ဘက်ရှိ ချီလင်းဧကရီတောင်ထွတ်ပေါ်တွင် ဟယ်နုန်ယင်းသည် ခြံဝန်းငယ်လေးတစ်ခုထဲ၌ ထိုင်နေ၏။ သူမသည် လက်ထဲမှ စာကို ဖတ်ရင်း မျက်နှာထား ထူးဆန်းလာသည်။ ပထမတွင် ကျန်းရီက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် သေချာပေါက် သေမည်ဖြစ်ပြီး အထက်ဘုံသို့ပင် မပြန်နိုင်လောက်ဟု သူမ ထင်ခဲ့သည်။ သူက အထက်ဘုံသို့ ပြန်မသွားဘဲ ကောင်းကင်ဘုံသို့ ရောက်လာလိမ့်မည်ဟု သူမ လုံးဝမမျှော်လင့်ထားချေ။

“သူက တကယ်ပဲ ဒုတိယ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်လား”

ဟယ်နုန်ယင်းသည် ကျန်းရီနှင့် ပထမဆုံးတွေ့ခဲ့ပုံကို ပြန်စဉ်းစားလိုက်၏။ သူမ သူ့ကို သတ်ပစ်လုနီးပါး ဖြစ်ခဲ့သည်။ သူ့ကိုယ်ထဲမှ အရိုးအားလုံးနီးပါး ကျိုးသွားခဲ့သည်။ သို့သော် သူသည် အားတင်းကာ ပြန်ထရပ်ခဲ့သေးသည်။ သူမ ထို ခေါင်းမာ၍ ပြတ်သားသော အကြည့်ကို ပြန်တွေးမိ၏။ ထိုအကြည့်က သူမအား မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို အလွန်အမှတ်ရစေပေသည်။

ဟယ်နုန်ယင်း ခေါင်းခါကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

“သူ့ကျင့်ကြံခြင်းအဆင့်က အရမ်း နိမ့်နေတာ နှမြောစရာပဲ။ သူသာ အုပ်ချုပ်သူအဆင့်ကို ရောက်နေရင် ရှင်သန်နိုင်ခြေ ရှိလိမ့်ဦးမယ်။ တောက်နုက မိုးပြာမဟာဧကရာဇ်စစ်တပ်ကိုတောင် သုံးနေပြီ။ သူ ထွက်ပြေးနိုင်ပါဦးမလား...”

“ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်ကထင်တယ်”

ဟယ်နုန်ယင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ရင်ခုန်မြန်လာကာ ရေရွတ်လိုက်သည်။

“ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်း မိစ္ဆာသတ်ဖြတ်စံအိမ်မှာ ပါရမီရှင်တွေ ထွက်ပေါ်မလာခဲ့ဘူး။ တကယ်လို့ မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်က သူ့ကို ဝင်ကယ်မယ်ဆိုရင်တော့ မျှော်လင့်ချက်နည်းနည်း ရှိနိုင်သေးတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ ရှန်ကွေ့က တောက်မျိုးနွယ်ကို အပြစ်ပြုရလောက်အောင် သတ္တိရှိပါ့မလား...”

***

ကမ္ဘာဦးကောင်းကင်ဘုံ၏ အရှေ့တောင်ပိုင်းရှိ မိစ္ဆာသတ်ဖြတ်တောင်ထွတ်ပေါ်တွင်...

ထိုနေရာမှာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ပင်မစံအိမ် တည်ရှိသော နေရာပင်။ မိစ္ဆာသတ်ဖြတ်တောင်ထွတ်က အလွန်ကြီးမားပြီး မိုးပြာမဟာဧကရာဇ်တောင်ထွတ်နှင့်ပင် ယှဉ်နိုင်သည်။ မိစ္ဆာသတ်ဖြတ်တောင်ထွတ်အထက် လေထဲတွင် ဧရာမမြို့ကြီးတစ်မြို့ ရှိနေသည်။ ထိုမြို့ကို မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က တည်ထားခြင်းပင်။ ထိုမြို့သည် တိရှမြို့ထက် အနည်းဆုံး အဆတစ်သိန်းလောက် ပိုကြီးသည်။ မြို့ထဲတွင် လူသန်းတစ်ရာလောက် နေထိုင်ကြသည်။ ထိုတစ်မြို့လုံးက ကောင်းကင်၏ ဆန်းကြယ်သောလက်ရာနှင့် တူသည်ဟု ဆိုနိုင်ပေသည်။

မြို့ထဲရှိ မြို့ရင်ပြင်က မိစ္ဆာချေဖျက်တောင်ကြားလောက် ကြီးသည်။ မြို့ရင်ပြင်အလယ်တွင် ဧရာမရဲတိုက်ကြီးတစ်လုံး ရှိနေသည်။ ၎င်းမှာ မိစ္ဆာသတ်ဖြတ်ရဲတိုက်ပင်။ ယခင်တွင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ထိုရဲတိုက်တွင် နေခဲ့သည်။ နောက်ပိုင်း သူ သေဆုံးသွားပြီးသည့်နောက် ၎င်းရဲတိုက်က မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်၏ စံအိမ်အရှင် နေထိုင်ရာနေရာဖြစ်လာသည်။

“တင်ပြပါတယ်...”

မိစ္ဆာသတ်ဖြတ်ရဲတိုက်၏ အလယ်ခန်းမထဲသို့ ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်က ခပ်သုတ်သုတ်ဝင်လာပြီး ဒူးထောက်ကာ အော်ပြောလိုက်၏။

“စံအိမ်အရှင်၊ အထက်ဘုံက ယဲ့ရှန်က လျှို့ဝှက်သတင်းတစ်ခု လှမ်းပို့ပါတယ်။ အဲ့သတင်းက ကျန်းရီနဲ့ပတ်သတ်တဲ့သတင်းပါ”

အလယ်ခန်းမထဲတွင် လူဆယ်တစ်ယောက် ထိုင်နေသည်။ ခန်းမ၏ ဘယ်ညာတစ်ဘက်စီတွင် လူငါးယောက်စီ ထိုင်နေကြ၏။ သူတို့အားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများပင်။ ခန်းမ၏ အလယ်ရှိ စင်မြင့်ပေါ်တွင်မူ ခေါင်းပြောင်နေသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ထိုင်နေသည်။ သူသည် လက်သည်းဖွက်ထားသော ကျား၊ ခွေနေသော နဂါးနှင့် တူပေသည်။ ထိုသူမှာ မိစ္ဆာသတ်ဖြတ်ပင်ပစံအိမ်၏ စံအိမ်အရှင် ရှန်ကွေ့ပင်။

“လျှို့ဝှက်စာကို ပေးပါ”

ရှန်ကွေ့သည် ဘွဲ့ထူးရစစ်နတ်ဘုရားကို သူ၏ ကျားရဲအကြည့်ဖြင့် ကြည့်လိုက်၏။ ထိုအကြည့်ထဲတွင် ဓားအလင်းရေးရေး ပါပေသည်။ ဘွဲ့ထူးရစစ်နတ်ဘုရား ကြက်သီးထသွားပြီး ချက်ချင်း ထရပ်ကာ ခါးကိုင်း၍ စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ ဒူးတစ်ဘက်ထောက်ကာ ရှန်ကွေ့အား လျှို့ဝှက်စာကို ပေးလိုက်သည်။

ရှန်ကွေ့သည် ယဲ့ရှန်ထံမှ စာကို ဖတ်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီကျန်းရီက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူ တက်လှမ်းလာတာ တစ်နှစ်မပြည့်သေးဘူး.. ဒါတောင် ဒီလို ကြီးကြီးမားမားတွေ လုပ်နိုင်နေပြီ။ ပြီးတော့ သူက တော်တော်လေး သစ္စာရှိတဲ့ပုံလည်း ပေါ်တယ်။ သူက ကျုပ်တို့ မိစ္ဆာသတ်ဖြတ်စံအိမ်ဆီမှာ သစ္စာခံထားတယ်။ အားလုံးပဲ... ကျုပ်တို့ အဲ့ကောင်လေးကို ကယ်သင့်တယ်လို့ ခင်ဗျားတို့ ထင်လား”

ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားဆယ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က တုံ့တုံ့ဆိုင်းဆိုင်းနှင့် လက်တစ်ဘက်ဆုပ်ကာ ပြောလိုက်သည်။

“ပင်မစံအိမ်အရှင်.. ပါရမီရှင်က ပါရမီရှင်ဆိုပေမဲ့ ကျုပ်တို့ ဒီကိစ္စမှာ ဝင်ပါလိုက်ရင် တောက်နူကို အပြစ်ပြုမိသလိုတင် မကဘူး မိုးပြာမဟာဧကရာဇ်ကိုပါ အပြစ်ပြုမိသလို ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါက တန်တယ်လို့ ထင်ပါသလား”

All Chapters