← Chapters

ကျုပ်တို့ရဲ့ တပည့်တစ်ယောက်ကိုမှ လက်မလွှတ်ဘူး

Vol. 119 Ch. 1657

ကျုပ်တို့ရဲ့ တပည့်တစ်ယောက်ကိုမှ လက်မလွှတ်ဘူး

Vol. 119 Ch. 1657

“ဟုတ်ပါတယ်...”

မိစ္ဆာသတ်ဖြတ်စံအိမ်၏ အခြားအကြီးအကဲတစ်ယောက်ကလည်း ထရပ်ကာ ပြောသည်။

“တောက်နုက မိုးပြာမဟာဧကရာဇ်စစ်တပ်ကိုတောင် သုံးနေပေမဲ့ မိုးပြာမဟာဧကရာဇ်က အဲ့ကိစ္စကို ဘာမှဝင်မပြောတာကို ကြည့်ရင် ဧကရာဇ်က တောက်မျိုးနွယ်ကို ကျန်းရီကို လိုက်ဖမ်းခွင့်ပေးထားတဲ့ သ‌ဘောပါပဲ။ ကျုပ်တို့ ဝင်ပါပြီး ကျန်းရီကို ကယ်လိုက်မယ်ဆိုရင် မိုးပြာမဟာဧကရာဇ်ကို ဆန့်ကျင်သလို ဖြစ်မသွားဘူးလား။ ကျုပ်တို့က လူငယ်လေးတစ်ယောက်အတွက်နဲ့ လူသားမျိုးနွယ်မဟာမိတ်ကို ဘာလို့ အပျက်ခံရမှာလဲ။ စံအိမ်အရှင်... အရှင် ဒီကိစ္စကို သေသေချာချာ စဉ်းစားရပါမယ်...”

“ပါရမီရှင်တစ်ယောက်...”

အကြီးအကဲ နောက်တစ်ယောက်က ထရပ်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

“သူ တက်လှမ်းလာတာ တစ်နှစ်မပြည့်သေးပေမဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေကို‌တောင် သတ်နိုင်နေပြီ။ သူက တောက်ဖုန့်ကို သတ်ခဲ့တယ်၊ ဟွင့်သွမ့်ပင်လယ်မှာရှိနေတဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေနဲ့ အင်အားငါးသန်းလောက်ရှိတဲ့ တပ်ကြီးရဲ့ လက်ကနေလည်း လွတ်အောင် ထွက်ပြေးပြီး ကောင်းကင်ဘုံကို တက်လာနိုင်ခဲ့တယ်။ ဒီကျန်းရီက ကျုပ်တို့ရဲ့ ဂုဏ်သတင်းကို သိသိသာသာ ကျော်ကြားစေတာပဲ။ ဒါပေမဲ့ သူတို့ပြောတာ မှန်ပါတယ်။ ကျန်းရီက ပြဿနာအများကြီး ရှာခဲ့ပြီ...”

“တောက်မျိုးနွယ်က ဒီကိစ္စကို ဒီအတိုင်း အပြီးခံမှာ မဟုတ်ပါဘူး။ တောက်မျိုးနွယ် ဂုဏ်သိက္ခာကျရင် မိုးပြာမဟာဧကရာဇ်ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်လိမ့်မယ်။ အဲ့ဒါကြောင့် ကျုပ်တို့ သူ့ကို ဝင်မကယ်သင့်ဘူးလို့ ကျုပ်ထင်ပါတယ်။ ဒါပေမဲ့ သူ့ကို ကူညီဖို့တော့ ကျုပ်တို့ လျှို့ဝှက်ပြီး လူတွေစေလွှတ်ပေးသင့်တယ်။ အနည်းဆုံးတော့ သူ အသတ်မခံရဘဲ ထွက်ပြေးနိုင်အောင် ကူညီပေးရမှာပေါ့...”

“သူက ကျုပ်တို့ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ တပည့်တစ်ယောက် မဟုတ်လား။ ကျုပ်တို့က ကျုပ်တို့ရဲ့တပည့်တစ်ယောက်ကိုမှ လက်မလွှတ်ရဘူးလို့ မဟာဧကရာဇ်က ပြောခဲ့ဖူးတယ်။ အဲ့ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အခြေခံစည်းမျဉ်းပဲ”

“ကောင်းပြီ...”

ရှန်ကွေ့ စိတ်ဆုံးဖြတ်ကာ ထရပ်လိုက်သည်။

“ကျုပ်တို့ ဒုတိယအကြီးအကဲ ပြောတဲ့အတိုင်း လုပ်မယ်။ ဒုတိယအကြီးအကဲ.. ခင်ဗျား ဒီကိစ္စကို တာဝန်ယူပါ။ တကယ်လို့ ကျုပ်တို့ သူ့ကို ကယ်နိုင်မယ်ဆိုရင် အကောင်းဆုံးကြိုးစားပြီး ကယ်ရမယ်”

“ဟုတ်ကဲ့ပါ”

ယခုတွင် ရှန်ကွေ့က အမိန့်ပေးလိုက်ပြီဖြစ်၍ ကျန်အကြီးအကဲဆယ်ယောက်သည် မည်သို့မှ ထပ်မပြောကြတော့ပေ။ သူတို့သည် ရှန်ကွေ့၏ ညွှန်ကြားမှုအတိုင်း ပြင်ဆင်စရာရှိသည်များကိုသာ သွားပြင်ဆင်လိုက်ကြသည်။ ရှန်ကွေ့သည် အလယ်ခန်းမထဲတွင် အချိန်အတော်ကြာအောင် ဆက်ထိုင်နေလိုက်သည်။ ထို့နောက် သူ သက်ပြင်းချကာ ရွေတ်လိုက်သည်။

“မဟာဧကရာဇ်... ရှန်ကွေ့ အသုံးမကျပါဘူး။ ကျုပ် နောက်ဆုံးအဆင့်ကို မတက်နိုင်ခဲ့ဘူး။ ကျုပ်မှာသာ ဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခက်ထန်မှုမျိုး ရှိမယ်ဆိုရင် ကျုပ်တို့ရဲ့ တပည့်တစ်ယောက် လိုက်သတ်ခံနေရတာကို ထိုင်ကြည့်နေရမှာ မဟုတ်ဘူး”

***

ကျန်းရီက ပုန်းအောင်းနေသည်။ မဟုတ်လျှင် အဘယ်ကြောင့် စစ်တပ်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို ရှာမတွေ့ဘဲ နေပါမည်နည်း။ သို့သော် သူ နာကျင်နေပေသည်။

ထိုအခိုက်တွင် ကျန်းရီသည် မိုးပြာလေပြေမြို့ထဲတွင် ရှိနေခြင်းပင်။ ထို့မြို့က သူ ပထမဆုံးဝင်ခဲ့သောမြို့ပင်။ မြို့ထဲမှလူများက သူ၏တိုက်ခိုက်မှုများကြောင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြပြီဖြစ်သည်။

ဤနေရာက ဟွင့်သွမ့်ပင်လယ် မဟုတ်ပေ။ ဤနေရာ၌ ကောင်းကင်စိတ်အာရုံမျာ ကန့်သတ်ခံမထားရ။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းမသားများက သူ့ကို အလွယ်တကူ ရှာတွေ့သွားနိုင်သည်။ ထို့ပြင် သူက ‌တောက်မျိုးနွယ်၏ ပိုင်နက်ထဲတွင် ရှိနေသေးသည်။ မိုးပြာမဟာဧကရာဇ်၏ လက်အောက်မှ နံပါတ်တစ်မျိုးနွယ်ဖြစ်သော တောက်မျိုးနွယ်၏ ဩဇာအာဏာနှင့် လွှမ်းမိုးနိုင်မှုက တွေးကြည့်၍ပင် မရပါပေ။

ထို့ကြောင့် ကျန်းရီသည် သူ အကောင်းဆုံးကြိုးစားလျှင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိပေသည်။ သို့ဖြစ်ရာ သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ပုန်းအောင်းနေရန်သာဖြစ်တော့သည်။ နောက်ဆုံးတွင် သူသည် မိုးပြာလေပြေမြို့ထဲ၌ ပုန်းအောင်းနေရန် ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုမြို့က ပို၍ပရမ်းပတာ ဖြစ်နေ၍ပင်။ သူသည် မြို့ထဲရှိ ရဲတိုက်တစ်ရာကျော်ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်ပြီး လူများစွာကိုလည်း မီးလောင်ကျွမ်းစေခဲ့ပြီးဖြစ်သည်။

နေရာတစ်ခုက ပိုရှုပ်ထွေးနေလေလေ၊ ပုန်းအောင်းနေရန် ပိုကောင်းလေလေပင်။ ကျန်းရီသည် ဒုတိယမြို့ကို တိုက်ခိုက်ပြီးသည်နှင့် မိုးပြာလေပြေမြို့သို့ ပြန်လှည့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူသည် လူနာဆောင်ထဲသို့လည်း ခိုးဝင်နိုင်ခဲ့သည်။

ဟုတ်၏။ လူနာဆောင်...

ကျန်းရီ ထို့မြို့ကို တိုက်ခိုက်ခဲ့စဉ်က မီးတောက်များ ထုတ်လွှတ်ခဲ့၍ မြို့ထဲရှိ သောင်းချီသော လူများ မီးလောင်သွားခဲ့သည်။ ထိုလူအားလုံးက အဆင့်နိမ့် သိုင်းသမားများဖြစ်သည်။ မြို့အရှင်သည် ထိုသူအားလုံးကို စံအိမ်ကြီးများထဲသို့ ပို့၍ သူတို့အတွက် ဆေးဝါးများပေးကာ သူတို့ဘာသာ ကုသစေခဲ့သည်။

ကျန်းရီလည်း မီးလောင်ကျွမ်းခံထားရသည်။ သူ့မျက်နှာတစ်ခုလုံးက မီးကျွမ်းနေသည်။ ဆိုရလျှင် သူ့တစ်ကိုယ်လုံး၌ မီးလောင်ခံမထားရသည့်နေရာ တစ်နေရာမှ မရှိပေ။ ထို့ကြောင့် သူ နာကျင်နေခြင်းဖြစ်သည်။

သူ့ကိုယ်သူ မီးရှို့ပစ်ရန်မှာ တစ်ခုတည်းသော နည်းဖြစ်သည်။ လူများစွာတွင် သူ၏ပုံတူပန်းချီ ရှိနေကြသည်။ သူသာ သူ၏မျက်နှာကို ဖျက်ဆီးမပစ်ပါက လူများသည် သူ့ကို သေချာပေါက် မှတ်မိသွားပေလိမ့်မည်။ ထို့ပြင် သူ့ကိုယ်သူ ဒဏ်ရာမရစေခဲ့လျှင်လည်း အဘယ်သို့ လူနာဆောင်အတွင်း ခိုးဝင်နိုင်ပါမည်နည်း။

မိမိကိုယ်ကိုယ် ထိုမျှစုတ်ပြတ်သွားအောင် မီးရှို့ပစ်ဝံ့သည်ကို ကြည့်လျှင် ကျန်းရီက မည်မျှခက်ထန်ကြောင်း သိနိုင်ပေသည်။ သာမန်လူများသည် ထိုသို့သောအရာတစ်ခုကို လုပ်ဝံ့လိမ့်မည် မဟုတ်ချေ။ သူသည် တောင်ခြေတစ်ခုတွင် သူ၏ မီးဝိညာဉ်ပုလဲ၊ ကောင်းကင်လေပြေချပ်ဝတ်နှင့် သူကိုယ်ပေါ်မှ အခြားရတနာများကို သိမ်း၍ မီးတောက်အနည်းငယ် ထုတ်ကာ သူ့တစ်ကိုယ်လုံးကို မီးရှို့ပစ်ခဲ့ခြင်းပင်။

နတ်ဘုရားသစ်ရွက် ရှိနေရာ ကျန်းရီ သူ့ကိုယ်သူ အလွယ်တကူ ပြန်ကုသနိုင်သည်။ သူခံစားနေရသည့် နာကျင်မှုကိုလည်း ဖြည်းဖြည်းချင်း လျှော့ချနိုင်သည်။ သို့သော် သူ အနာခံရန်သာ ရွေးချယ်ခဲ့သည်။ ထို့ပြင် သူသည် သူ့ကိုယ်သူ မီးရှို့ပြီးပြီးချင်း မိုးပြာလေပြေမြို့ထဲ ပြန်ဝင်မသွားခဲ့ဘဲ တောင်ခြေတွင် တစ်နာရီလောက် စောင့်နေလိုက်သည်။ သူ သတိလစ်သွားတော့မည့် အချိန်မှ လူတစ်ယောက်က သူ့ကို ရှာတွေ့သွားပြီး မြို့ထဲသို့ သယ်ခေါ်လာကာ လူနာဆောင်ထဲ ပို့လိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် လူနာဆောင်ထဲ ရောက်ပြီဖြစ်သော်လည်း သူ့ကိုယ်သူ လျင်မြန်စွာ မကုသဝံ့ပေ။ မုန်တိုင်းကြီး ငြိမ်သက်သွားသည်အထိ သူ ထိုပုံအတိုင်း ဆက်ရှိနေရန် လိုအပ်သည်။ သူ လျင်မြန်စွာ ပြန်ကောင်းလာလျှင် လူနာဆောင်ထဲ၌ ဆက်နေခွင့်ရတော့မည် မဟုတ်ပေ။

လူနာဆောင်ထဲတွင် မြို့၏ ဒဏ်ရာရတပ်သားအားလုံး ရှိနေသည်။ မြို့အရှင်သည် မြို့အနီးကို ရှာဖွေခိုင်းထားပြီး မြို့ထဲကို စောင့်ကြပ်ခိုင်းထားသည်။ သို့သော် မည်သူကမှ ကျန်းရီက လူနာများအကြား ပုန်းအောင်းနေလိမ့်မည်ဟု ထင်မထားကြချေ။

မည်သူမှလည်း လူနာဆောင်ကို အရေးမစိုက်ပေ။ မြို့ထဲရှိ အရေးပါသော ပုဂ္ဂိုလ်များသည် လူနာဆောင်ကို လာကြည့်ရန်ပင် စိတ်ထဲ မရှိကြ။ လူနာဆောင်ထဲရှိ အနံ့အသက်များက ဆိုးဝါးပြီး ထိုနေရာက အလွန်လည်း ညစ်ပစ်နေသည် မဟုတ်ပါလား။ ဒဏ်ရာရနေသော လူများက နေရာအနှံ့တွင် လှဲလျောင်း၊ ညည်းညူး၊ ဆဲဆိုနေကြရာ ကြည့်ရှုရန်လည်း မတင့်ပေ။

ကျန်းရီသည် ထောင့်တစ်နေရာတွင် လှဲလျောင်းနေသည်။ သူ့တစ်ကိုယ်လုံးက မီးကျွမ်းထားသဖြင့် သူ့အမေပင် သူ့ကို မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူ့ပတ်ပတ်လည်မှ လူများကလည်း သူ့ကို မမှတ်မိကြပေ။

ကျန်းရီသည် လှုပ်လည်း မလှုပ်နိုင်သလို စကားလည်း မပြောနိုင်။ သူ မျက်လုံးများ မှိတ်ထားပြီး သူ့တစ်ကိုယ်လုံး နာကျင်နေမှုကို လျစ်လျူရှုထားသည်။ ပထမတွင် ကြင်နာတတ်သော လူနှစ်ယောက်က သူ့အခြေအနေကို လာကြည့်ရှုပေး၏။ သို့သော် သူက သူတို့ကို လျစ်လျူရှုနေသောအခါ သူတို့သည် ဆက်၍အရေးမစိုက်တော့ရန် ဆုံးဖြတ်ခဲ့ကြပေသည်။

ကျန်းရီ၏ စိတ်ဓာတ်ကို တွေးကြည့်ရန်ပင် ခက်၏။ သူသည် သူ၏ နာကျင်မှုများကို လျှော့ချနိုင်ပြီး သူ့ကိုယ်သူ ကုသနိုင်မည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း နာကျင်မှုကို တောင့်ခံနေသည်။ ထို့ပြင် သူသည် သတိလစ်မသွားအောင်လည်း သူ့ကိုယ်သူ ဖိအားပေးထားသည်။ သူ သတိအပြည့်ရှိနေရာ နာကျင်မှုကို အပြည့်အဝ ခံစားနေရသည်။ ထိုနာကျင်မှုမှာ သူ့အား သောင်းချီသော ပိုးကောင်များက အရှင်လတ်လတ် ကိုက်ဝါးနေသကဲ့သို့ပင်။

အကယ်၍ ကျန်းရီနေရာတွင် အခြားတစ်ယောက်ဆိုပါက လက်လျှော့လိုက်သည်မှာ ကြာလောက်ပေပြီ။ သူတို့သည် သူတို့ကိုယ်သူတို့ ကုသလျှင်ကုသ၊ မကုသလျှင်လည်း သတိလစ်သွားလောက်ပြီဖြစ်သည်။ သို့သော် ကျန်းရီမှာ သာမန်ယောက်ျား မဟုတ်ပေ။ သူ၏ စိတ်ဓာတ်က အလွန်ခိုင်မာသည်။ ထို့ပြင် သူ ထူးခြားသော အခြေအနေတစ်ခုထဲလည်း ဝင်ထားသည်။

ကောင်းကင်နှင့်လူသား ပေါင်းစည်းအခြေအနေ...

ထိုအခြေအနေထဲတွင်ဆိုလျှင် ကျန်းရီသည် ရုပ်ခန္ဓာနာကျင်မှုကို မခံစားရပေ။ သို့သော် သူ ၎င်းအခြေအနေထဲ၌ ကြာရှည်မနေနိုင်။ မကြာခဏဆိုသလို သူ့အပေါ်တွင် ကောင်းကင်စိတ်အာရုံများ ဖြတ်သွားသည်ကို သူ ခံစားနေရသည်။ သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်စိုး၍ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေထဲ ခေတ္တမျှသာဝင်ကာ စိတ်ကိုအနားပေးပြီးနောက် နာကျင်မှုကို ဆက်ခံနေရပေသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။

ကျန်းရီ၏ စိတ်ဝိညာဉ်က တစ်ချိန်လုံး တင်းမာနေခဲ့သည်။ အကယ်၍ သူ့နောက်သို့ လိုက်နေသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ ဤနေရာတွင် ရှိနေကြောင်း သိသွားလျှင် သူ သေချာပေါက် သေရပေလိမ့်မည်။ သူက သူ၏စိတ်ဝိညာဉ်အရှိန်အဝါကို မပြောင်းလဲနိုင်သည် မဟုတ်ပါလား။ အတိအကျဆိုရလျှင်တော့ သူ၏စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်သည့် ဆန်းကြယ်စွမ်းရည်တစ်ခုကို သူ တတ်ထားသည်။ ယင်းမှာ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ပင်။ သို့သော် ထိုစွမ်းရည်က အုပ်ချုပ်သူအဆင့် သိုင်းသမားများအပေါ် အလုပ်ဖြစ်မည် မဟုတ်ပေ။

နာရီနှစ်ဆယ်၊ နာရီလေးဆယ်... နာရီတစ်ရာ...

ကျန်းရီ၏ စွမ်းအားကြီးသော ခန္ဓာကိုယ်က သူ့အလိုလို ပြန်ကောင်းလာနေသည်။ သူ၏မီးကျွမ်းနေသော အရေပြားပေါ်တွင် အနာဖေးများ တက်လာပေပြီ။ သို့သော် ထိုမျှလောက်နှင့် သူ့ကို မည်သူမှ မမှတ်မိနိုင်သေးပေ။ နောက်ဆုံးတွင် ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်လေသည်။

နာရီတစ်ရာ ကုန်သွားပေပြီ။ ယင်းမှာ အတော်ကြာသောအချိန်ဟု ဆိုနိုင်သည်။ သို့သော် မည်သူကမှ သူ့ကို ဤမြို့ထဲသို့ လာမရှာသေးပေ။ အချိန်တိုအတွင်း ဤသို့ မည်သူမှလည်း ရောက်မလာနိုင်ဟု သူ ခန့်မှန်းသည်။ တစ်နည်းဆိုရသော် မိုးပြာလေပြေမြို့ကို ရှာပြီးလောက်ပြီဖြစ်သော်လည်း မည်သူကမှ လူနာဆောင်ကို လာမစစ်ဆေးခဲ့ခြင်းဖြစ်မည်။ သူမည်သူဖြစ်ကြောင်းကိုသာ ဖုံးကွယ်ထားနိုင်မည်ဆိုလျှင် သူ ဤနေရာ၌ လုံခြုံပေလိမ့်မည်။

လက်တလောတွင် ကျန်းရီ လုံခြုံနေသော်လည်း ပြဿနာက ပျောက်သွားသည်မဟုတ်၊ ရှိနေသေးသည်။ မြို့ထဲမှ မည်သို့ထွက်သွားရမည်၊ တောက်မျိုးနွယ်၏ ပိုင်နက်ထဲမှ မည်သို့ထွက်သွားရမည်ကို သူ မသိသေးပေ။ တောက်မျိုးနွယ်၏ ပိုင်နက်ထဲတွင် ရှိနေသေးသ၍ အသတ်ခံရနိုင်သော အန္တရာယ်က ရှိနေပေသေးသည်။

လူများစွာ၏ ဒဏ်ရာများက အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်လာပြီဖြစ်သည်။ သူတို့သည် လူနာဆောင်မှ ထွက်၍ သူတို့၏အိမ်များ၊ မျိုးနွယ်များသို့ ပြန်သွားကြပြီ။ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေရာ ကျန်းရီ ပို၍စိုးရိမ်လာသည်။ သူ ဤနေရာတွင် အမြဲနေ၍ မရပေ။

‘မြို့ထဲသွားကြည့်ရမယ်’

ကျန်းရီသည် အတော်ကြာအောင် တွေးတောပြီးနောက် သူ့မျက်နှာတွင် အနာဖေးများ ရှိနေတုန်းမှာပင် လူနာဆောင်ထဲမှထွက်၍ မြို့ထဲသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ အပြင်မှ အခြေအနေကို သိလိုနေသည်။ ထို့ပြင် သူ ပုန်းနိုင်မည့် နောက်တစ်နေရာကိုလည်း ရှာရမည်ဖြစ်သည်။

ကျန်းရီသည် ခြေများလက်များတွင် ပတ်တီးဖွေးဖွေးနှင့် လူနာဆောင်ထဲမှ တရွေ့ရွေ့ ထွက်သွားလိုက်သည်။ သူ့မျက်နှာတစ်ခြမ်းကိုလည်း ပတ်တီးစီးထားသည်။ သူပုံစံက အလွန်ဆိုးဝါးရာ လူများသည် သူ့ကို နှစ်ကြိမ်ပင် ပြန်မကြည့်ကြပေ။ လူနာဆောင်ထဲမှ ထွက်လာသော လူများကလည်း အလွန်များစွာ ရှိနေသည် မဟုတ်ပါလား။

ကျန်းရီ မြို့ထဲရှိ လမ်းမကြီးသို့ လျှောက်သွားလိုက်၏။ သူဖျက်စီးခဲ့သော ရဲတိုက်အများစုကို ပြန်တည်ဆောက်ပြီးနေပေပြီ။ မြို့ထဲတွင်လည်း ပြန်တည်ငြိမ်လာပြီဖြစ်သည်။ သို့သော် ကျန်းရီသည် လမ်းများပေါ်တွင် ဒဏ်ရာရထားသူများစွာကို တွေ့နေရသေးသည်။ သူတို့အားလုံးက မီးလောင်ဒဏ်ရာများ ရထားခြင်းပင်။ ကျန်းရီသည် လူများ၏ ကွက်ကြည့်ကွက်ကြည့် လုပ်မှုကို ခံရသော်လည်း ကြာရှည်တော့ အာရုံစိုက်မခံရပါပေ။

ကျန်းရီသည် မြို့ကို တစ်ပတ်ပတ်ပြီးနောက် စိတ်ဓာတ်ကျသွား၏။ မြို့၏ အကာအရံအလွှာကို နှိုးထားရာ မည်သူကမှ မြို့ပြင်သို့ မထွက်နိုင်ချေ။ ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် တည်းခိုခန်းတစ်ခုကို ရှာကာ တည်းခိုပြီးမှ မြို့ပြင်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရန် ဆုံးဖြတ်လိုက်လေသည်။

‘အာ.. မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲလား’

မြို့ရင်ပြင်ထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့က ပိုင်ဆိုင်သော ရဲတိုက်နှစ်လုံးကို ကျန်းရီ လှမ်းတွေ့လိုက်၏။ သူ ရင်ခုန်မြန်သွား၏။ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ သွား၍ အကူအညီတောင်းနိုင်မည်ဆိုလျှင် တောက်မျိုးနွယ်၏ ပိုင်နက်ထဲမှ ထွက်သွားနိုင်လောက်မည်လောဟု သူ တွေးလိုက်မိပေသည်။

All Chapters