← Chapters

သူလျှိုဟု သဘောထား၍ ကိုင်တွယ်မည်

Vol. 119 Ch. 1658

သူလျှိုဟု သဘောထား၍ ကိုင်တွယ်မည်

Vol. 119 Ch. 1658

ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်အပေါ် အမြဲသံယောဇဉ်ရှိခဲ့ပြီး မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကိုလည်း အလွန်လေးစားပေသည်။ ထိုသို့လေးစားရခြင်းမှာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က သူ့ကဲ့သို့ အနိမ့်ဘုံမှ တက်လှမ်းလာသူတစ်ယောက် ဖြစ်နေ၍လည်း ဖြစ်လောက်သည်။

မိစ္ဆာသတ်ဖြတ်စံအိမ်၏ လုပ်ရပ်များက မဆိုးလှဟု ကျန်းရီထင်သည်။ သို့သော် သူ မိုးပြာလေပြေမြို့၏ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲသို့ သွား၍အကူအညီမတောင်းသေးပေ။

မိစ္ဆာသတ်ဖြတ်စံအိမ်က အတော်လေး စည်းလုံးကာ သစ္စာရှိသော်လည်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်၍ အမှိုက်သရိုက်အနည်းငယ် ပါမည်ကို ရှောင်လွှဲ၍ မရချေ။ ဤနေရာက တောက်မျိုးနွယ်၏ ပိုင်နက်ဖြစ်သည်။ သို့ဖြစ်ရာ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှ တစ်စုံတစ်ယောက်က တောက်မျိုးနွယ်နှင့် ပတ်သတ်မှုများ ရှိနေနိုင်သည်။ အကယ်၍ တစ်ယောက်ယောက်က သူ့အကြောင်းကို ဖော်လိုက်လျှင် သူ မရှုမလှသေရပေလိမ့်မည်။

ကျန်းရီ ‌တည်းခိုခန်းတစ်ခုသို့ သွားကာ နတ်ဘုရားအမြစ်အနည်းငယ်ပေး၍ အခန်းတစ်ခန်း ငှားလိုက်သည်။ အထက်ဘုံ၏ နတ်ဘုရားအမြစ်များက ကောင်းကင်ဘုံတွင်လည်း သုံး၍ရသဖြင့် တော်ပေသေးသည်။ မဟုတ်လျှင် ကျန်းရီ လမ်းပေါ်တွင် အိပ်ရမည်ဖြစ်သည်။ သူ သူ့အခန်းသို့ ရောက်သောအခါ စားပွဲထိုးတစ်ယောက်ကို ခေါ်လိုက်ပြီး နတ်ဘုရားအမြစ်တစ်သောင်းကို စားပွဲပေါ် ပစ်တင်ကာ အေးစက်စက်ပြောလိုက်သည်။

“ငါ့အတွက် ဆေးပုလင်းနည်းနည်း ဝယ်ပေး။ အဲ့ခွေးကျန်းရီ.. သူ ငါ့လက်ထဲ ရောက်လာရင်တော့ သတ်ပေးပါတော့လို့ တောင်းဆိုလာအောင် လုပ်ပစ်မယ်”

စားပွဲထိုးသည် နတ်ဘုရားအမြစ်များကို မြင်လိုက်သောအခါ မျက်လုံးများ အရောင်လက်သွား၏။ ကျန်းရီက ‘ကျန်းရီ’ကို ကျိန်ဆဲနေကြောင်း တွေ့လိုက်သောအခါ သူလည်း ကျန်းရီကို ကျိန်ဆဲ၍ နတ်ဘုရားအမြစ်များကိုယူကာ ထွက်သွားလေသည်။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ ထိုစားပွဲထိုးကို မျက်ခြည်မပြတ် အာရုံခံလိုက်၏။ စားပွဲထိုးက မြို့အရှင်စံအိမ်သို့ မသွားဘဲ ဆေးဆိုင်တစ်ဆိုင်သို့ သွားကြောင်းကို မြင်လိုက်ရမှ သူ စိတ်အေးသွားသည်။

တစ်နာရီကြာပြီးနောက် စားပွဲထိုးသည် ထိပ်တန်းအဆင့် ဆေးပုလင်းအနည်းငယ်ဖြင့် ပြန်ရောက်လာ၏။ ထိုစားပွဲထိုးက အ‌တော်လေး ဉာဏ်ကောင်းသည်။ သူသည် ပိုသော နတ်ဘုရားအမြစ်ရာကျော်ကို ထုတ်၍ စားပွဲခုံပေါ် တင်‌ပေးလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင်... ဒါက ပိုတဲ့နတ်ဘုရားအမြစ်တွေပါ”

“အဲ့ဒါတွေ မင်းယူလိုက်”

ကျန်းရီက လက်ဟန်ပြ၍ ပြောလိုက်ရာ စားပွဲထိုး ရုတ်ခြည်း ဝမ်းမြောက်သွားသည်။ ထို့နောက် ကျန်းရီသည် စားပွဲထိုးထံမှနေ၍ သတင်းအချက်အလက်များ အစ်ထုတ်ရန် ကြိုးစားလိုက်သည်။

“ဒီဒေသတစ်ခွင်လုံးမှာ တပ်သားတွေ အများကြီး လိုက်ရှာနေကြတယ်လို့ ငါကြားတယ်။ သူတို့ ဟိုခွေးကို ရှာတွေ့ပြီလား”

ကျန်းရီသည် သတင်းအချက်အလက်များကို မေးရန် နတ်ဘုရားအမြစ်များကိုနှင့် တိုက်ရိုက် လာဘ်မထိုးခဲ့ပေ။ ထိုသို့လုပ်လိုက်လျှင် စားပွဲထိုးက သံသယဖြစ်သွားနိုင်သည်။ ယခု သူက လမ်းကြုံသဘောမျိုး မေးလိုက်ရာ စားပွဲထိုးက ရိုးရိုးသားသား ပြန်ဖြေပေသည်။

“မတွေ့သေးပါဘူး။ နုဧကရာဇ်နဲ့ အေးစက်ဧကရာဇ်တို့က လူသန်းဆယ်ချီကို ဦးဆောင်ပြီး မိုးပြာဒေသတစ်ခွင်လုံးမှာ လိုက်ရှာနေကြပါတယ်။ သူတို့က မိုးပြာမဟာဧကရာဇ်တပ်ကိုတောင် သုံးနေပါတယ်။ သခင်မလေးကုန်းယန်နဲ့ တခြား သခင်လေး၊ သခင်မလေးတွေကလည်း သူတို့ရဲ့ တပ်တွေနဲ့အတူ ရောက်လာခဲ့ပါတယ်...”

“ဒါပေမဲ့ ဟိုခွေးကျန်းရီက ဘာခြေရာလက်ရာမှမကျန်ဘဲ ပျောက်သွားသလိုပဲ။ အဲ့ခွေးမှာ ဘာဆန်းကြယ်စွမ်းရည်တွေရှိလဲဆိုတာ ဘယ်သူသိမှာလဲ။ သူက အဲ့လောက်တပ်သားအများကြီး လိုက်ရှာနေတာတောင် ပုန်းနေနိုင်တုန်းပဲ”

“ဘာ...”

ကျန်းရီသည် အံ့အားသင့်သွားဟန်ဆောင်၍ အေးစက်စက် ထပ်မေးလိုက်၏။

“အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့လို ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးတောင် လိုက်ရှာနေကြတာလား။ ပြီးတော့ မိုးပြာမဟာဧကရာဇ်စစ်တပ်ပါ ပါသေးတယ်ပေါ့။ အဲ့ဒါကို သူတို့က ဟိုခွေးကို မဖမ်းနိုင်ဘူးပေါ့လေ။ သူက မိုးပြာဒေသထဲက ထွက်ပြေးသွားတာများလား။ ဒါမှမဟုတ် သူ့ကို တစ်ယောက်ယောက်က ကယ်သွားတာလား”

စားပွဲထိုးသည် မျက်မှောင်ကြုတ်၍ ခေတ္တမျှ တွေးတောပြီးမှ ပြန်ဖြေလိုက်သည်။

“သူ မိုးပြာဒေသထဲကတော့ ထွက်မသွားနိုင်လောက်ဘူး။ မိုးပြာမဟာဧကရာဇ်စစ်တပ်က ဖုန့်ထျန်းဝေကို စေလွှတ်လိုက်တယ်.. အရှင် အရှင်ဖုန့်ထျန်းဝေကို ကြားဖူးတယ်မဟုတ်လား။ အဲ့အရှင်တွေအကုန်လုံးက ဂဠုန်သားရဲတွေကို စီးကျတာ၊ သူတို့ရဲ့ အမြန်နှုန်းက အရမ်းမြန်တယ်။ ကျန်းရီ သူတို့ရဲ့ မျက်စိအောက်ကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး...”

“မြို့ထဲကလူတွေ တော်တော်များများကလည်း သူ့ကို တစ်ယောက်ယောက်က ကယ်သွားတာ ဖြစ်ရမယ်လို့ ခန့်မှန်းနေကြတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်က လူတစ်ယောက် မဟုတ်ရင် ယန်ကိုးပါးစစ်တပ်ကတစ်ယောက် ဖြစ်မယ်။ အဲ့အဖွဲ့အစည်းနှစ်ခုပဲ မိုးပြာမဟာဧကရာဇ်ကို ဆန့်ကျင်ရဲတာ။ ဒါပေမဲ့ သက်သေမရှိရင် မိုးပြာမဟာဧကရာဇ်ကလည်း သူတို့ကို စွပ်စွဲရဲမှာ မဟုတ်ဘူး”

“အင်း...အင်း...”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်လည်း တော်သေးသည်ဟု ခံစားလိုက်ရသည်။ တည်းခိုခန်းတစ်ခု၏ စားပွဲထိုးတစ်ယောက်ကပင် သူ့ကို မိစ္ဆာသတ်ဖြတ်စံအိမ်က ကယ်သွားခြင်း ဖြစ်နိုင်သည်ဟု တွေးမိရာ သူ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ မသွားခဲ့ခြင်းမှာ တော်သေးသည်ဟု ဆိုရပေမည်။ မဟုတ်လျှင် သူ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ သွားသည်နှင့် သေချာပေါက် အဖမ်းခံရနိုင်သည်။ ဤဒေသရှိ မြို့တိုင်းမှ မိစ္ဆာသတ်ဖြတ်စံအိမ်များတွင် သူလျှိုများစွာ ရှိနေနိုင်ပေသည်။

“မိုးပြာမဟာဧကရာဇ်က တော်တော် သဘောထားကြီးတာပဲ...”

ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟိုခွေးကို ဖမ်းမိရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ။ အရင်ဆုံး ငါ ဒဏ်ရာတွေ ကုသလိုက်ဦးမယ်။ အရေးကြီးကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို လာရှာရင်လည်း သူတို့ကို ငါ့ကိုယ်စား မင်းပဲ ငြင်းလိုက်ပါ”

ကျန်းရီသည် နောက်ထပ် နတ်ဘုရားအမြစ်တစ်ထောင်ကို ပုံမှန်အတိုင်းထုတ်၍ စားပွဲထိုးအား ပစ်ပေးလိုက်၏။ စားပွဲထိုး အလွန်ဝမ်းသာသွားပြီး ခပ်သွက်သွက် ဦးညွှတ်ကာ ကျေးဇူးတင်စကားဆို၍ ထွက်သွားလေသည်။ ကျန်းရီ အခန်း၏ အကာအရံများကို နှိုးလိုက်၏။ ထို့နောက် သူ့မျက်နှာ မည်းမှောင်သွားပြီး သူ့မျက်လုံးများ မှေးမှိန်သွားသည်။ မည်သို့ဆက်လုပ်ရမည်ကို သူ မသိတော့ပေ။

ဤနေရာတွင် ဆက်နေရမည်လော။

ယင်းက အဖြေမဟုတ်ပေ။ အနှေးနှင့်အမြန်ဆိုသလို သူ့အကြောင်းက ပေါ်သွားမည်သာ။ တည်းခိုခန်းများကဲ့သို့သော နေရာများက ‌သေချာပေါက် ရှာဖွေခံရမည်ဖြစ်သည်။ တောက်မျိုးနွယ်က တည်းခိုခန်းများကို ရှာရန်ပင် မတွေးမိလျှင် သူတို့၏ အသုံးမကျမှုကြောင့် ပျက်သုဉ်းသွားခဲ့သည်မှာ ကြာလောက်ပြီဖြစ်သည်။

ထွက်သွားရမည်လော။

လက်ရှိတွင် မည်သူမှ မြို့ထဲက ထွက်ခွင့်မရှိ။ သို့ဖြစ်ရာ သူ ဘယ်သို့ သွားနိုင်ပါမည်နည်း။ မကြာခင်တွင် သူ့မျက်နှာမှ အနာဖေးများက ကွာကျသွားတော့မည်။ သူ သူ့ကိုယ်သူ ထပ်မံမီးရှို့၍လည်း မရသည် မဟုတ်လော။

“ဟူး...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူ့တွင် အဖြေမရှိတော့ပေ။ တစ်ကြိမ်တွင် တစ်လှမ်းသာ လှမ်းနိုင်သည်။ သူ နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ ၎င်း၏အကူအညီဖြင့် သူ့ကိုယ်သူ စတင်ကုသလိုက်သည်။ သူ၏ဒဏ်ရာများက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပျောက်ကင်းလာ၏။ မကြာခင်မှာပင် သူ့မျက်နှာပေါ်၌ အမာရွတ်ပင် မကျန်တော့ဘဲ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ တိတိကျကျ ဆိုရလျှင် နဂိုထက်ပင် အနည်းငယ် ပိုခံ့ညားလာသည်။

‘ကျင့်ကြံရမယ်...’

ကျန်းရီထံတွင် မိုးမြေစွမ်းအား သိပ်မကျန်တော့ပေ။ မိုးမြေစွမ်းအားမရှိလျှင် အလောင်းကြီးကို ထိန်းချုပ်နိုင်မည် မဟုတ်။ ထို့ပြင် ပေါင်းစည်းမီးတောက်များကိုလည်း သုံးကြိမ်သာ ထပ်သုံးနိုင်တော့မည်ဖြစ်သည်။ အလောင်းကြီ၏ အကူအညီ မရှိလျှင် သူ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် ရင်ဆိုင်တွေ့ပါက သေချာပေါက် သေရပေလိမ့်မည်။

ကျန်းရီသည် ကျင့်ကြံရင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ အပြင်မှ အခြေအနေများကို အာရုံခံ၍ သတင်းအချက်အလက်များ စုဆောင်းကာ သူ ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုရှိ၊ မရှိ ရှာဖွေလိုက်သည်။

ဤတည်းခိုခန်းထဲသို့ လူများစွာ ဝင်ထွက်သွားလာနေသည်။ ကျန်းရီသည် ထိုလူများ၏ စကားများမှနေ၍ သတင်းအချက်အလက်များစွာ ရလိုက်သည်။ သို့သော် ထိုသတင်းအချက်အလက်များက သူ့ကို စိတ်ဓာတ်ကျစေပေသည်။

နေ့တစ်ဝက်အတွင်းမှာပင် တောက်မျိုးနွယ်က မြို့တိုင်းရှိ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတိုင်းကို စတင်၍ အတင်းဝင်ရောက် ရှာဖွေနေပြီဖြစ်သည်။ ကျန်းရီကို ယဲ့ရှန်က စစ်နတ်ဘုရားဘွဲ့ပေးခဲ့၏။ ထိုအကြောင်းကို တောက်မျိုးနွယ် သိထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် မိုးပြာဒေသ၏ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများမှ စွမ်းအားကြီး သိုင်းသမားများကလည်း မကြာသေးမီအတောအတွင်းတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်ကလည်း ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမား အနည်းငယ်ကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် ယခုတွင် တောက်မျိုးနွယ်သည် မိစ္ဆာသတ်ဖြတ်စံအိမ်က ကျန်းရီကို ကယ်သွားပြီး ဝှက်ပေးထားခြင်းဖြစ်မည်ဟု သံသယရှိနေပြီဖြစ်သည်။

တောက်နုသည် တောက်နူထံ အကြံလှမ်းတောင်းခဲ့၏။ ဤတစ်ကြိမ်တွင်လည်း တောက်နူက စကားတစ်လုံးထဲနှင့် ပြန်ပြောသည်။

ရှာ...

ယင်းက တောက်နူ၏ ခွင့်ပြုချက်ဖြစ်စေ၊ မိုးပြာမဟာဧကရာဇ်၏ ခွင့်ပြုချက်ဖြစ်စေ တောက်နု ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူသည် လူများစေလွှတ်၍ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတိုင်းကို ရှာစေလိုက်၏။ ထို့ပြင် မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများ၏ လျှို့ဝှက်စခန်းများကိုလည်း လျှို့ဝှက်၍ ရှာစေလိုက်သည်။

ကျန်းရီ၏ အမြန်နှုန်းက မြန်လှသည်ဟု မဆိုနိုင်။ သူ၏ ပုန်းကွယ်ခြင်းအတတ်ကလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အာရုံမှ မလွတ်နိုင်။ သို့သော် အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာက လိုက်လံရှာဖွေနေသည်ပင် ကျန်းရီကို ရှာမတွေ့သေးရာ တောက်နုသည် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတစ်ခုထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်ရမည်ဟု အတော်လေး သေချာနေပေသည်။

အတင်းဝင်ရောက် ရှာဖွေမှုများ လုပ်ဆောင်နေရာ တောက်မျိုးနွယ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ကျန်းရီသည် ထိုကိစ္စများကို စိတ်မပူပေ။ မိစ္ဆာသတ်ဖြတ်ပင်မစံအိမ်ကလည်း ထိုကိစ္စများကို စိတ်ပူမည်မဟုတ်။ သူ့တွင် ပူပန်မှုတစ်ခုသာရှိသည်။ တောက်နုတို့က မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများကို စတင်ရှာနေပြီဖြစ်ရာ မကြာခင်တွင် တစ်မြို့လုံးကို ထပ်မံရှာလာနိုင်သည် မဟုတ်ပါလော။

ကျန်းရီ တွေးနေဆဲမှာပင်...

နောက်ထပ်နေ့တစ်ဝက် ကြာပြီးနောက် မြို့၏ အကာအရံအလွှာက ရုတ်တရက် ပွင့်သွားပြီး တပ်ကြီးတစ်တပ် ဝင်လာသည်။ တပ်ကြီးသည် ကောင်းကင်ထဲတွင် ရပ်နေသည်။ ထိုတပ်၏ တပ်သားအားလုံးက မိုးပြာရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြရာ သူတို့က တောက်မျိုးနွယ်တပ်သားများဖြစ်ကြောင်း ထင်ရှားသည်။ သူတို့ကို ဦးဆောင်လာသော အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။

“တောက်ကွေ့... မြို့ထဲက လူတိုင်းကို ဒီမှာ စုဝေးဖို့ ပြောလိုက်။ ပုန်းနေတဲ့သူ၊ မနာခံတဲ့သူဆိုင်းကို သတ်ပစ်”

တောက်ကွေ့မှာ မိုးပြာလေပြေမြို့၏ မြို့အရှင်ဖြစ်ပြီး တောက်မျိုးနွယ်၏ အဆက်အနွယ်ခွဲငယ်လေးတစ်ခုမှ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ သူသည် လူတစ်စုကို ခေါ်၍ အပြင်သို့ပျံထွက်ကာ ‌တောက်မျိုးနွယ်အကြီးအကဲကို နှုတ်ခွန်းဆက်လိုက်သည်။

“အကြီးအကဲနှစ်ဆယ့်ခြောက်ကို နှုတ်ခွန်းဆက်ပါတယ်”

“မြို့ထဲက လူတိုင်း နားထောင်ကြ”

တောက်ကွေ့သည် အရိုအသေပေးပြီးနောက် အသံထဲ ကောင်းကင်စွမ်းအားထည့်သွင်း၍ အော်ပြောလိုက်၏။

“အကုန်လုံး မြို့ရင်ထဲမှာ ဒါမှမဟုတ် လမ်းမတွေပေါ်မှာ စုဝေးကြပါ။ အားလုံးပဲ... ဆယ့်ငါးမိနစ်အတွင်းမှာ စုဝေးကြပါ။ မနာခံတဲ့သူ၊ ပုန်းနေတဲ့သူတွေကိုတော့ သူလျှိုလို့ သ‌ဘောထားပြီး ကိုင်တွယ်ရလိမ့်မယ်”

‘ဟာ... သွားပြီ’

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ သူ အပြင်သို့ ထွက်လိုက်လျှင် ထို အုပ်ချုပ်သူအဆင့် အကြီးအကဲက သူ့ကို သေချာပေါက် ရှာတွေ့သွားပေလိမ့်မည်။ သူ အပြင်မထွက်လျှင်လည်း သူလျှိုဟု သတ်မှတ်ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ အကောင်းဆုံး ကြိုးစား၍ စစ်တပ်ကို ဖောက်ထွက်ရန်သာ ရှိတော့သည်။ သို့သော် သူ့နေရာ ပေါ်သွားလျှင် သူ တောက်နုနှင့် တောက်လန်တို့၏ လိုက်လံသတ်ဖြတ်မှုကို ချက်ချင်း ခံရပေလိမ့်မည်။

All Chapters