ပေါ်သွားပြီ
Vol. 119 Ch. 1659
‘ထွက်သွားမယ်’
မကြာခင်တွင် ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ အပြင်ထွက်သွားလျှင် အချိန်မရွေး ထွက်ပြေးနိုင်သည်။ သူ သူ၏ကံကို စမ်းကြည့်လိုသည်။ သူ ဖောက်ထွက်နိုင်မည်လော၊ မနိုင်မည်လော။ သို့သော် နောက်ဆုံးအခိုက်အတန့်အထိ သူမည်သူဖြစ်ကြောင်း ပေါ်သွားစေမည် မဟုတ်ပေ။ မဟုတ်လျှင် သူ သေနိုင်ခြေက အလွန်မြင့်သွားပေလိမ့်မည်။
ကျန်းရီသည် အပြင်သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း ပုံမှန်အတိုင်းတော့ မသွားနိုင်။ လူများစွာက သူ၏ပုံတူကို မြင်ဖူးထားသည် မဟုတ်ပါလား။ ကျန်းရီ ခေတ္တမျှတွေးတောလိုက်ပြီး အံကြိတ်၍ မီးတောက်အနည်းငယ်ကို ထုတ်လိုက်၏။ ထိုမီးတောက်များက ပေါင်းစည်းမီးတောက်များ မဟုတ်ဘဲ သူ့ဟွင့်သွမ့်ပုလဲထဲရှိ အဆင့်နိမ့်မီးတောက်များသာ။
ကျန်းရီက မီးဝိညာဉ်ပုလဲကို မထုတ်ထားသဖြင့် မီးတောက်များ ထွက်လာသည်နှင့် သူ့အဝတ်များ မီးလောင်သွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို ဆက်၍ လောင်ကျွမ်းသွားသည်။ အခန်းထဲရှိ ပရိဘောဂအားလုံးသည်လည်း မြင့်မားသော အပူချိန်ကြောင့် ပျက်စီးကုန်သည်။ သို့သော် အခန်း၏အကာအရံကို နှိုးထားသဖြင့် အခန်းတစ်ခုလုံး လောင်ကျွမ်းမသွားသလို အပြင်ဘက်မှ လူများကလည်း ထိုအဖြစ်ကို မသိလိုက်ပေ။
ရှီး...ရှီး...
ကျန်းရီသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် လူးလွန့်နေပြီး တရှီးရှီးနှင့် ညည်းတွားနေသည်။ ထို့နောက် သူ နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ သူ့ကိုယ်သူ ကုသလိုက်၏။ သူ နတ်ဘုရားသစ်ရွက်ကို အတော်လေး တိကျစွာ ထိန်းချုပ်ထားရာ ဒဏ်ရာများက သက်သာလာသော်လည်း သူ့မျက်နှာပေါ်နှင့် ကိုယ်ပေါ်တွင် အနာဖေးများ ကျန်ခဲ့ပေသည်။ သူသည် သူ့မျက်နှာပေါ်မှာ အနာဖေးအချို့ကို ခွာထုတ်လိုက်၏။ ထိုအခါ အနာက သွေးတစို့စို့ ပြန်ဖြစ်သွားသည်။ သူ့ပုံစံမှာ အတော်လေး ရုပ်ဆိုး၍ ကြောက်မက်ဖွယ်ဖြစ်နေပေသည်။
ရွှီး...ရွှီး...
ကျန်းရီ ကြမ်းပြင်ပေါ်တွင် ထိုင်၍ အမောဖြေနေစဉ်တွင် အခန်း၏ အကာအရံများက လင်းလက်လာ၏။ တစ်စုံတစ်ယောက်က အပြင်ဘက်မှနေ၍ သူ့ကို ခေါ်နေပေသည်။ ကျန်းရီသည် နာကျင်မှုကို တောင့်ခံလိုက်ပြီး အလယ်အလတ်အဆင့် စစ်ချပ်ဝတ်တစ်ထည်ကိုထုတ်ကာ ဝတ်ဆင်လိုက်၏။ ထို့နောက် အကာအရံကို ဖွင့်ပေးကာ အပြင်သို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ အေးစက်စက် မေးလိုက်သည်။
“ဘာကိစ္စလဲ”
“အရှင်... မြို့အရှင်က အားလုံးကို အပြင်မှာ စုဝေးခိုင်းနေပါတယ်။ ဆယ့်ငါးမိနစ်အတွင်း အပြင်မထွက်တဲ့သူတိုင်း အသတ်ခံရပါလိမ့်မယ်”
အပြင်မှသူမှာ ယခင်က စားပွဲထိုးပင်။ သူသည် လေးလေးစားစား လက်ဆုပ်၍ တင်ပြလိုက်သည်။
“ကောင်းပြီ၊ ငါသိပြီ။ ခဏနေရင် ထွက်လာခဲ့မယ်”
ကျန်းရီ၏ စကားကို ကြားသောအခါ စားပွဲထိုးသည် ဦးညွှတ်လိုက်ပြီး အခြားဧည့်သည်များကို အသိပေးရန် ထွက်သွားလိုက်သည်။ ကျန်းရီသည် အပြင်သို့ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံနေပြီး ထိုစားပွဲထိုး ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှ အပြင်သို့ ရဲရဲတင်းတင်း ထွက်လိုက်သည်။ အပြင်ဘက်တွင် လူများနှင့် ရှုပ်ယှက်ခတ်နေသည်။ ကျန်းရီသည် ထိုလူများအနောက်မှလိုက်၍ လူအုပ်ထဲတွင် အလွယ်တကူ ဝင်ရောက်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ တည်းခိုခန်းအပြင်သို့ ရောက်သောအခါ မရေတွက်နိုင်သော အကြည့်များနှင့် ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာ၏။ ကျန်းရီသည် ကြောက်ရွံ့ဟန်ဖြင့် အထက်သို့ မော့ကြည့်လိုက်၏။ ထို့နောက် သူ အတန်ငယ် စိတ်အေးသွားသည်။ အထက်မှ တပ်သားများက ခြင်္သေ့နဂါးတပ်မှ မဟုတ်ပေ။ သူ ထိုတပ်သားတစ်ယောက်ကိုမှ မမှတ်မိ။ သူတို့ကလည်း သူ့ကို တစ်ခါမှ မမြင်ဖူးလောက်ချေ။ သို့ဖြစ်ရာ သူ၏ စိတ်ဝိညာဉ်အရှိန်အဝါကိုလည်း ရင်းနှီးမည် မဟုတ်ပေ။
မျှော်လင့်ထားသလိုပင်...
ကောင်းကင်စိတ်အာရုံများစွာက ကျန်းရီအပေါ် ကျရောက်လာသော်လည်း ကြာရှည်မနေ။ ကျန်းရီ၏ မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နှက်နေသည်။ သူ လမ်းလျှောက်ရာတွင်လည်း ထော့နဲ့ထော့နဲ့နှင့်။ သူ့ပုံစံမှာ အတော်လေး သနားစဖွယ်ပင်။
နေ့တစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မြို့ထဲရှိ လူအချို့၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေသေးသည်။ လူများစွာက မီးလောင်သေဆုံးလုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ကိုယ်ပေါ်တွင် အမာရွတ်များနှင့် မီးလောင်ရာများ ကျန်နေသေးသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။
ကျန်းရီသည် သူ၏ကောင်းကင်စွမ်းအားကို လှည့်ပတ်မနေသဖြင့် သူ့ကိုယ်မှနေ၍ အရှိန်အဝါအနည်းငယ်ပင် ထွက်မနေပေ။ အပြင်ဘက်တွင် လူများစွာ ရှိနေသည်။ ကျန်းရီသည် ထိုလူအုပ်ကြီးနှင့်အတူ မြို့ရင်ပြင်ဆီသို့ သွားလိုက်သည်။ မြို့ရင်ပြင်ထဲ ရောက်သောအခါ နေရာလွတ်တစ်ခုကိုရှာ၍ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် ကောင်းကင်ထက်ရှိ သောင်းချီသော တပ်သားများကို ကြောက်ရွံ့သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်လေသည်။
တပ်ဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူအဆင့် အကြီးအကဲသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံမနေဘဲ တစ်စုံတစ်ယောက် ထွက်လာမည်ကို စောင့်နေသကဲ့သို့ သတိနှင့် စောင့်ကြည့်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ မြို့ရင်ပြင်ထဲ၌ အနီးတစ်ဝိုက်မှ လမ်းများပေါ်တွင် လူများ ပြည့်နှက်လာသည်။ ထို့ကြောင့် လူများစွာ ပျံတက်ရန် ဆုံးဖြတ်ကာ ရဲတိုက်များပေါ်တွင် ရပ်နေလိုက်ကြသည်။
“အချိန်ပြည့်ပြီ”
အုပ်ချုပ်သူအဆင့် အကြီးအကဲသည် ဆယ့်ငါးမိနစ် စောင့်ပြီးနောက် အော်ပြောလိုက်၏။
“သွားရှာလိုက်ကြ”
သောင်းချီသော တပ်သားများက အောက်ဘက်သို့ ပျံဆင်းသွားပြီး အဖွဲ့ဆယ်ချီခွဲ၍ မြို့တစ်ခွင်လုံးကို လိုက်ရှာလိုက်ကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများက ထပ်ခါ ထပ်ခါ လှည့်ပတ်နေသည်။ သူတို့သည် အကာအရံနှိုးထားသော နေရာများကို တွေ့လျှင် ချက်ချင်းတိုက်ခိုက်ကာ အကာအရံများကို ဖျက်ဆီးပစ်သည်။ ရဲတိုက်အနည်းငယ်ထဲတွင် အခန်းအောင်းကျင့်ကြံနေသော လူအချို့ ရှိနေသည်။ ထိုလူများသည် ရုတ်ခြည်း အသတ်ခံလိုက်ရပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဘယ်ဘက်ရှိ ရဲတိုက်ငယ်တစ်လုံးထဲမှနေ၍ ဆယ်ချီသော လူများ ရုတ်တရက် ပျံထွက်လာကြပြီး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကြ၏။ သူတို့သည် မသန်မာဘဲ အလွန်ဆုံးမှ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်တွင်သာ ရှိပေလိမ့်မည်။ အကြီးအကဲနှစ်ဆယ့်ခြောက်သည် သူ၏ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံပြီးနောက် မျက်ဝန်းများ အေးစက်သွား၏။ သူ နှာမှုတ်ကာ အော်ပြောလိုက်သည်။
“သူတို့က တမလွန်ဘုံရဲ့ ရုပ်သေးရုပ်တွေပဲ။ သူတို့ကို သတ်ကြ”
ဝှစ်...
အင်အားတစ်ထောင်ရှိသော အဖွဲ့တစ်ဖွဲ့က အရှေ့သို့ ပျံသန်းသွားပြီး သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။ ကောင်းကင်ထဲတွင် ကြယ်တာရာအလင်းတန်းများ ပြည့်နှက်သွားပြီး ထွက်ပြေးနေသောလူများကို လွှမ်းခြုံသွားလေသည်။ သူတို့အများစုသည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး ကျန်သော ခုနစ်ယောက်၊ ရှစ်ယောက်က ခပ်သွက်သွက် ထွက်ပြေးသွားကြသည်။
“အာ...”
အကြီးအကဲနှစ်ဆယ့်ခြောက်က မလှုပ်ရှားသဖြင့် ကျန်းရီ အံ့ဩနေ၏။ အဖွဲ့များကလည်း ရပ်တန့်လိုက်ကြပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သို့သော် အဝေးတွင် လူထောင်ဂဏန်းအနည်းငယ် ထွက်ပေါ်လာပြီး ပျံပြေးနေသော လူများ၏ အနီးကို ချဉ်းကပ်သွားသည်ကို ကျန်းရီ လှမ်းမြင်လိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ မြို့ပြင်တွင် ပုန်းအောင်းစောင့်ဆိုင်းနေသော တပ်သားများ ရှိနေသေးသည်။
လူအနည်းငယ်နှင့် လူထောင်ကျော် တိုက်ခိုက်သောပွဲ၏ ရလဒ်မှာ ရှင်းလင်းပေသည်။ ကျန်းရီ ထိုတိုက်ပွဲကို အရေးမစိုက်တော့ပေ။ ထိုစဉ် အကြီးအကဲနှစ်ဆယ့်ခြောက်က သူတို့တစ်ယောက်ချင်းဆီကို စတင်စစ်ဆေးလာ၏။ ကျန်းရီသည် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံက မြို့တစ်ခွင်လုံးကို ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။ သူ ကောင်းကင်စွမ်းအား မလှည့်ပတ်ဝံ့သလို သတ်ဖြတ်အရှိန်အဝါကိုလည်း အနည်းငယ်မျှ အထွက်မခံဝံ့ပေ။ ထို့ပြင် ပုံရိပ်ယောင်ဆန်းကြယ်စွမ်းရည်များနှင့် ပုန်းကွယ်ခြင်းအတတ်ကိုလည်း ထုတ်မသုံးဝံ့ချေ။ သူ စိတ်ငြိမ်နေရန် အကောင်းဆုံးကြိုးစား၍ သူ့ပတ်ပတ်လည်မှ လူများကဲ့သို့ ကြောက်ရွံ့သည့်ပုံပေါ်အောင် ဟန်ဆောင်နေပြီး အကြီးအကဲနှစ်ဆယ့်ခြောက် သူ့အား စစ်ဆေးပြီးသည်ကို စောင့်နေရုံသာ ရှိပေသည်။
မကြာခင်တွင် ကောင်းကင်စိတ်အာရုံက ကျန်းရီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ ၎င်းက ကျန်းရီအပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားသည်။ ကျန်းရီ၏ ဒဏ်ရာများက အခြားသူများ၏ ဒဏ်ရာများထက် အတန်ငယ် ပိုပြင်းထန်နေသဖြင့် အကြီးအကဲနှစ်ဆယ့်ခြောက်က အတန်ငယ် သံသယဖြစ်သွားခြင်းပင်။
ကျန်းရီသည် အခြေအနေဆိုးပြီဟု ခံစားလိုက်ရ၏။ သို့သော် သူ မလှုပ်ဝံ့ဘဲ ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် အကြီးအကဲနှစ်ဆယ့်ခြောက်ကို မော့ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူနှင့် အကြီးအကဲနှစ်ဆယ့်ခြောက်တို့ မျက်လုံးချင်းဆုံသွား၏။ ကျန်းရီ ကြောက်ရွံ့ဟန်ဖြင့် ခပ်သွက်သွက် ခေါင်းငုံ့လိုက်သည်။
ကျန်းရီ၏ သရုပ်ဆောင်မှုက အကြီးအကဲနှစ်ဆယ့်ခြောက်၏ သံသယများကို ဖယ်ရှားပေးလိုက်၏။ တောက်မျိုးနွယ်၏ မျက်လုံးထဲတွင် ကျန်းရီက မည်သည်ကိုမှ မကြောက်သော အရူးတစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူက မည်သို့ အလွန်ကြောက်ရွံ့သည့်ပုံနှင့် ရှိနေပါမည်နည်း။
အကြီးအကဲနှစ်ဆယ့်ခြောက်၏ ကောင်းကင်စိတ်အာရုံက ဘေးကို ဆက်သွားတော့မှ ကျန်းရီ စိတ်အေးသွား၏။ သို့သော် နောက်အခိုက်အတန့်တွင် သူ ကြက်သီးများ ထသွားပေသည်။ အကြီးအကဲနှစ်ဆယ့်ခြောက်၏ ကောင်းကင်စိတ်အာရုံက သူ့အပေါ်သို့ ပြန်ရောက်လာ၏။ ထို့နောက် အကြီးအကဲနှစ်ဆယ့်ခြောက်က သူ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မင်း.. ထရပ်လိုက်”
မရေမတွက်နိုင်သော အကြည့်များ ရောက်ရှိလာ၏။ ကျန်းရီသည်လည်း အလောင်းကြီးကိုထုတ်၍ စတင်သတ်ဖြတ်ထွက်ပြေးရန်ပင် ကြံမိလိုက်သည်။ သို့သော် သူ့ရင်ထဲရှိ သတ်ဖြတ်အရှိန်အဝါကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး ကြောက်ရွံ့ဟန်ဖြင့် မျက်တောင်ပုတ်ခတ်၍ သူ့ကိုသူ ညွှန်ပြကာ ပြောလိုက်သည်။
“အရှင်... ကျွန်တော့်ကို ပြောတာပါလား”
အကြီးအကဲနှစ်ဆယ့်ခြောက်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီအပေါ်တွင် ရှိနေသာ်လည်း ထိုစိတ်အာရုံ၌ သတ်ဖြတ်အရှိန်အဝါ မပါပေ။ အကယ်၍ အကြီးအကဲနှစ်ဆယ့်ခြောက်သာ သူက ကျန်းရီဖြစ်ကြောင်း သေချာလျှင် သေချာပေါက် သတ်ဖြတ်လိုလာမည်ဖြစ်သည်။ သတ်ဖြတ်အရှိန်အဝါကိုလည်း ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ယခုကဲ့သို့လည်း ထခိုင်းနေမည်မဟုတ်ဘဲ သတ်ဖြတ်ရန် ချက်ချင်း အချက်ပြလိုက်မည်ဖြစ်သည်။
“အပိုတွေ ပြောမနေနဲ့ ထရပ်စမ်း”
အကြီးအကဲနှစ်ဆယ့်ခြောက်က ဒေါသသံဖြင့် အော်ပြောလိုက်ရာ ကျန်းရီ နာခံစွာနှင့် ထရပ်လိုက်ရတော့သည်။ သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့ခန္ဓာကိုယ်က အတန်ငယ် တုန်ယင်နေသည်။ အကြီးအကဲနှစ်ဆယ့်ခြောက်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“သူ ဘယ်သူလဲဆိုတာ စစ်ဆေးလိုက်ကြ။ သူက သူလျှိုတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ သံသယရှိတယ်”
ဝှစ်...ဝှစ်...
လူရာဂဏန်းအနည်းငယ်က ကျန်းရီထံသို့ ပျံသန်းလာ၏။ ကျန်းရီ လှုပ်ရှားလိုက်သည်နှင့် သူတို့က သူ့ကို သတ်ပစ်လိုက်မည်ဖြစ်သည်။ မိုးပြာလေပြေမြို့အရှင် တောက်ကွေ့က ပျံသန်းလာပြီး အေးစက်စက်လေသံဖြင့် မေးလိုက်၏။
“မင်းနာမည် ဘယ်သူလဲ။ မင်းက ဘယ်မျိုးနွယ်ကလဲ။ မိုးပြာလေပြေမြို့ထဲကို ဘယ်တုန်းက လာခဲ့တာလဲ”
ကျန်းရီ စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်လိုက်၏။ အကြီးအကဲနှစ်ဆယ့်ခြောက်က သူ့ဒဏ်ရာများ၏ ပြင်းထန်နေမှုကို သံသယဖြစ်သွားခြင်းပင်။
ကျန်းရီသည် ကျပန်းအမည်တစ်ခုကို ပြောလိုက်နိုင်သော်လည်း မျိုးနွယ်အမည်ကိုမူ မည်သို့ ပြောရမည်မှန်းမသိပေ။ သူ ကောင်းကင်ဘုံနှင့် လုံးဝမရင်းနှီးချေ။ ထို့ပြင် သူက မိုးပြာလေပြေမြို့တွင် နေထိုင်သူဟုလည်း ပြော၍မဖြစ်သည် မဟုတ်ပါလား။ ဤမြို့က တောက်ကွေ့၏ ပိုင်နက်ပင်။ သို့ဖြစ်ရာ သူ လိမ်နေကြောင်းကို တောက်ကွေ့က အလွယ်တကူ သိရှိနိုင်ပေသည်။
ဝှစ်...
ထိုအခိုက်တွင် အဝေးမှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ အဖြူရောင်သားရဲကြီးတစ်ကောင် ဆွဲသည့် လှပသော စစ်ရထားလုံးတစ်စင်း ပျံသန်းလာသည်။ မရေမတွက်နိုင်သော လူများသည် ထိုရထားလုံးကို အာရုံစိုက်လိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာပေသည်။
အကြီးအကဲနှစ်ဆယ့်ခြောက်သည် လှမ်းကြည့်လိုက်ပြီးနောက် ထိုစစ်ရထားလုံးကို ကြိုဆိုရန် ရုတ်ခြည်း ပျံသန်းသွားလိုက်၏။ ကျန်းရီသည်လည်း စစ်ရထားလုံးကို လှမ်းကြည့်လိုက်၏။ သူ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပေသည်။
ထိုစစ်ရထားလုံးထဲတွင် သခင်မလေးတစ်ယောက်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီး စွမ်းအားကြီး သိုင်းသမားတစ်ယောက် ထိုင်နေ၏။ ထိုအခိုက်တွင် သခင်မလေး၏ မျက်ဝန်းများကို မြို့ကို ငုံ့ကြည့်နေပြီး ကျန်းရီနှင့် အကြည့်ချင်းဆုံသွား၏။ ထိုသခင်မလေး၏ မျက်ဝန်းများသည် တစ်စုံတစ်ခုကို တွေ့လိုက်သည့်အလား အတန်ငယ် လင်းလက်သွားပေသည်။
ထိုသခင်မလေးမှာ အခြားသူမဟုတ်၊ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် ကျန်းရီကို တစ်ချက်တည်းနှင့် သတ်ပစ်လုနီးပါး ဖြစ်ခဲ့သော ဟယ်နုန်ယင်းပင်။ ကျန်းရီသည် ဟယ်နုန်ယင်း၏ အကြည့်မှနေ၍ ခံစားချက်တစ်ခုကို ရလိုက်၏။ သူမက သူမည်သူဖြစ်ကြောင်း သိသွားပေပြီ။