← Chapters

ဓာတုဘုံ

Vol. 119 Ch. 1661

ဓာတုဘုံ

Vol. 119 Ch. 1661

ကျန်းရီ နာရီအနည်းငယ် အနားယူလိုက်၏။ သို့သော် သူ့မျက်နှာပေါ်မှ အမာရွတ်အားလုံးကို ဖယ်မပစ်လိုက်ပေ။

ကျန်းရီ တည်းခိုခန်းထဲမှ ထွက်လိုက်သောအခါ လူတစ်ယောက်က သူ့ကို အပြင်တွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူက အလွန်ရိုကျိုးစွာဖြင့် သူ့ကို စစ်ရထားလုံးပေါ်သို့ တက်ရန် ဖိတ်ခေါ်လိုက်သည်။ ထို့နောက် ရထားလုံးကို မြို့အရှင်အိမ်တော်ဆီသို့ လျင်မြန်စွာ မောင်းနှင်သွားလေသည်။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံကြည့်သော်လည်း မည်သည့်မူမမှန်သောအရာကိုမှ မတွေ့ပေ။ သူ မြို့အရှင်အိမ်တော်အပြင်သို့ ရောက်သောအခါ သူ့အပေါ်သို့ ကောင်းကင်စိတ်အာရုံများစွာ ရောက်ရှိလာ၏။ သူ မည်သူဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ဂိတ်တံခါးက ပွင့်သွားပြီး စစ်ရထားလုံးက ဧရာမရဲတိုက်ကြီးတစ်လုံးဆီသို့ အဟန့်အတားမရှိ မောင်းနှင်သွားပေသည်။

ထိုရဲတိုက်အပြင်တွင် အစောင့်များစွာ ရှိနေသည်။ ထိုအစောင့်များထဲတွင် တောက်ကွေ့၏ လူများသာမက တပ်သားသုံးသောင်းထဲမှ စွမ်းအားအကြီး သိုင်သမားများလည်း ပါသည်။ ဟယ်နုန်ယင်း၏ အဆင့်အတန်းက အလွန်မြင့်သည်။ သို့ဖြစ်ရာ တောက်မျိုးနွယ်သည် သူတို့၏ နယ်မြေထဲတွင် သူမကို တစ်ခုခု အဖြစ်မခံဝံ့ပေ။ အကယ်၍ တစ်စုံတစ်ခု ဖြစ်သွားပြီး ချီလင်းဧကရီက ထိုကိစ္စကို စုံစမ်းလျှင် တောက်မျိုးနွယ်သည် အကျိုးဆက်များကို ခံနိုင်လောက်မည် မဟုတ်ပေ။

ကျန်းရီ စစ်ရထားလုံးပေါ်မှ ဆင်းလိုက်သောအခါ လူများစွာက သူ့ကို ကြည့်လိုက်ကြ၏။ ဤတစ်ကြိမ်တွင်မူ မည်သူကမှ ရန်လိုပုံ မပြဝံ့တော့ပေ။ သူတို့အားလုံးသည် သူ့ကို သူတို့၏ ဆွေးမျိုးသားချင်းတစ်ယောက်အလား အတော်လေး နွေးထွေးစွာ ကြည့်နေကြသည်။

လူတစ်ယောက်က ကျန်းရီ ရောက်လာပြီဖြစ်ကြောင်း သတင်းသွားပို့သည်။ မကြာခင်တွင် လူတစ်ယောက်က ပြုံး၍ ထွက်လာပြီး ပြောလိုက်သည်။

“အစ်ကိုဟယ်တ.. သခင်မလေးဟယ်က အစ်ကို့ကို အထဲဝင်ခဲဖို့ ပြောပါတယ်”

ကျန်းရီ၏ မျက်နှာက အမာရွတ်များ ရှိနေသေးရာ သူ အတန်ငယ် ပြုံးလိုက်သောအခါ အတော်လေး ကြောက်မက်ဖွယ်ကောင်းသွားသည်။ သူ မည်သို့မှ မပြောတော့ဘဲ ခေါင်းဆတ်ပြ၍သာ အထဲသို့ လျှောက်ဝင်သွားလိုက်သည်။ သူသည် အတန်ငယ် ထော့နဲ့ထော့နဲ့နှင့် လျှောက်၏။ သူ၏ဒဏ်ရာများက အပြည့်အဝ မပျောက်သေးသကဲ့သို့ပင်။

ကျန်းရီ ရဲတိုက်ထဲသို့ ရောက်သောအခါ အစေခံမလေးတစ်‌ယောက်က သူ့ကို အခန်းတစ်ခန်းသို့ ခေါ်သွားပေး၏။ ဟယ်နုန်ယင်းက ထိုအခန်းထဲတွင် ထိုင်နေပြီး ပုလဲလုံးအချို့နှင့် ဆော့ကစားနေသည်။ သူမဘေးတွင်မူ အသက်လတ်ပိုင်းအရွယ် အမျိုးသမီး ရပ်နေပြီး ကျန်းရီကို သတိနှင့် ကြည့်နေသည်။

“ဒေါ်လေးရွှမ်... ဒေါ်လေး အရင် ထွက်သွားလိုက်ပါ။ ကျွန်မမှာ ဟယ်တကို မေးစရာနည်းနည်းရှိတယ်”

အစေခံမလေး ထွက်သွားပြီးနောက် ဟယ်နုန်ယင်းက အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို လက်ဟန်ပြလိုက်သည်။ အမျိုးသမီး မျက်နှာထားပြောင်းသွားပြီး အလေးအနက် ပြောလိုက်သည်။

“သခင်မလေး... အဲ့ဒါက...”

“စိတ်မပူပါနဲ့၊ ကျွန်မ ကိုယ့်အကန့်အသတ်ကိုကိုယ် သိပါတယ်”

ဟယ်နုန်ယင်းသည် ဒေါ်လေးရွှမ်ကို ကြည့်ကာ ပြောလိုက်၏။ ဒေါ်လေးရွှမ်သည် ကျန်းရီကို ထပ်ကြည့်လိုက်ပြီး သတိပေးဟန်ပြု၍ အခန်းထဲမှ ထွက်သွားလိုက်သည်။ ထို့နောက် ဟယ်နုန်ယင်းသည် အလင်းတန်း တစ်တန်းပစ်လွှတ်လိုက်၏။ ထိုအလင်းတန်းက အခန်း၏ အကာအရံကို နှိုးလိုက်ပေသည်။

ကျန်းရီသည် မည်သည့်စကားမှ မဆိုဘဲ ဟယ်နုန်ယင်းအရှေ့တွင် အေးစက်စက် ရပ်နေ၏။ သူ ဟယ်နုန်ယင်းကို စိုက်ကြည့်နေပြီး အတန်ငယ် သံသယဖြစ်ကာ စိတ်မသက်မသာ ရှိနေသည်။ ထိုသခင်မလေးဟယ်က အတော်လေး သတ္တိကောင်းသည်။ သူမသည် သူနှင့် တစ်ယောက်တည်းပင် နေခဲ့ဝံ့သည်။ သူ သူမကို သတ်ပစ်မည်ကို မကြောက်သည်လော။ သူက တောက်ဖုန့်ကိုပင် သတ်ပစ်နိုင်သည်။ ဟယ်နုန်ယင်းက တောက်ဖုန့်ထက် များစွာပိုစွမ်းအားကြီးပုံ မပေါ်ပေ။

“ရှင်က ဒီပုံစံနဲ့ တော်တော်ရုပ်ဆိုးတာပဲ။ ဒါပေမဲ့ ရှင်က ဉာဏ်တော့ကောင်းပါတယ်။ မဟုတ်ရင် ရှင် ဒီမြို့ထဲမှာ ပုန်းနေနိုင်မှာ မဟုတ်ဘူး”

ဟယ်နုန်ယင်းသည် ကျန်းရီကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် အနီးရှိ ထိုင်ခုံတစ်လုံးကို ညွှန်ပြကာ ပြောလိုက်သည်။

“ထိုင်ပါ”

ကျန်းရီ မလှုပ်သေးဘဲ ဟယ်နုန်ယင်းကိုသာ အေးစက်စက် ဆက်စိုက်ကြည့်နေသည်။ ဟယ်နုန်ယင်းက ခပ်သဲ့သဲ့ပြုံး၍ မေးလိုက်သည်။

“ရှင်က ကျွန်မကို ဓားစာခံလုပ်ပြီး အထက်ဘုံကို ပြန်ရင် ကောင်းမလားလို့ တွေးနေတာမဟုတ်လား”

“အာ...”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ၏ သတ်ဖြတ်အရှိန်အဝါ ထွက်လာပြီး သူ့လက်စွပ်က လင်းလက်သွားသည်။ သူ၏ အခြားလက်တစ်ဘက်ကလည်း ခြောက်ရောင်ခြယ်အလင်း တောက်ပလာသည်။ သူ တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။

သို့သော် နောက်ဆုံးတွင် ကျန်းရီ မတိုက်ခိုက်လိုက်ပေ။ ဟယ်နုန်ယင်းက အနည်းငယ်မှ မလှုပ်သလို မျက်နှာထားလည်း တည်ငြိမ်နေသည်။ သူမသည် ကျန်းရီကို တိတ်တဆိတ်ကြည့်နေ၏။ သူမ၏ မျက်ဝန်းများက ကြည်လင်သလို နှုတ်ခမ်းတွင် အပြုံးသဲ့သဲ့ရှိနေပေသည်။ သူမက ဖူးပွင့်စ ပန်းကလေးတစ်ပွင့်ကဲ့သို့ပင်။

ကျန်းရီ၏လက်ထဲမှ အလင်းက ပြန်ပျောက်သွား၏။ သူ ထိုင်ခုံတွင် သွားထိုင်လိုက်ပြီး ဟယ်နုန်ယင်းကိုကြည့်ကာ မေးလိုက်သည်။

“ကျွန်တော် ခင်ဗျားကို တစ်ခုခု လုပ်လိုက်မှာကို ခင်ဗျား မကြောက်ဘူးလား။ ကျွန်တော်တို့က ရန်သူတွေဆိုတာကို ခင်ဗျားသိတယ် မဟုတ်လား”

“ရှင်က ကျွန်မကို တစ်ခုခု လုပ်မှာလား”

ဟယ်နုန်ယင်းက ပြုံး၍ ဆိုသည်။

“အစောက ရှင် အလျင်စလို လုပ်လိုက်ရင် အခုလောက်ဆို သေနေလောက်ပြီ။ ရှင် ကျွန်မကို ဓားစာခံလုပ်လိုက်ရင်တောင် သေချာပေါက် သေရဦးမှာပဲ။ ကျွန်မရဲ့ မွေးစားအဘွားက ချီလင်းဧကရီပဲ။ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်က ရှင့်ကို လိုက်ဖမ်းမယ်ဆိုရင် ရှင် အထက်ဘုံကို ပြန်နိုင်လိမ့်ဦးမယ်လို့ ထင်လား”

“အာ...”

ကျန်းရီ မှင်တက်သွား၏။ ဟယ်နုန်ယင်း၏ အနောက်တွင် ထိုမျှစွမ်းအားကြီးသူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ သူ ချီလင်းဧကရီကို ကြားဖူး၏။ သူမက ကောင်းကင်ဘုံ၏ မဟာဧကရာဇ်လေးပါးထဲမှ တစ်ပါးဖြစ်ပြီး အင်အားအရာတွင် ဒုတိယဖြစ်သည်။ ပထမှာမူ မိုးပြာမဟာဧကရာဇ်ပင်။

“ရန်သူတွေတဲ့လား...”

ဟယ်နုန်ယင်း ခေတ္တမျှ စကားစရပ်ပြီးနောက် ဆက်ပြောသည်။

“ဒီနေ့ကစပြီး ကျွန်မတို့က ရန်သူတွေ မဟုတ်တော့ဘူး။ ဒီနေ့ ကျွန်မ ရှင့်ကို ကူညီပေးခဲ့ပြီ။ ကျွန်မတို့ အသစ်ကပြန်စကြတာပေါ့.. ဟုတ်ပြီလား။ ကျန်းရီ... ကျွန်မကို ကိုယ့်အန္တရာယ်ကို မကြည့်ဘဲ ရှင့်ကို ကူညီပေးနေတာ။ ကျွန်မ မကူညီရင် ရှင် မိုးပြာဒေသထဲက ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ကျန်းရီသည် ဟယ်နုန်ယင်းကို အတော်ကြာအောင် စိုက်ကြည့်ပြီးမှ အလေးအနက် မေးလိုက်၏။

“ခင်ဗျားက ဘာလို့ ကျွန်တော့်ကို ကူညီနေရတာလဲ”

“အကြောင်းတွေကတော့ အများကြီး ရှိတယ်”

ဟယ်နုန်ယင်းသည် သူမ၏ လက်ထဲမှ ပုလဲလုံးများကို ကြည့်၍ ၎င်းတို့နှင့် ခေတ္တမျှ ဆော့ကစားလိုက်၏။ ထို့နောက် သူမ ပြောသည်။

“ကျွန်မ ရှင့်ရဲ့ အချက်အလက်တွေနဲ့ သမိုင်းကြောင်းကို လေ့လာခဲ့တယ်။ ရှင်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ အနိမ့်ဘုံကနေ တက်လှမ်းလာပြီး ဒီအဆင့်အထိ မြန်မြန်ရောက်လာနိုင်ခဲ့တဲ့သူက သမိုင်းတစ်လျှောက်လုံးမှာ နောက်တစ်ယောက်ပဲ ရှိတယ်။ ရှင်က ဒုတိယသူ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်”

ကျန်းရီသည် မသိနားမလည်သော ကလေးတစ်ယောက် မဟုတ်သဖြင့် ဟယ်နုန်ယင်း၏ စကားအနည်းငယ်လောက်နှင့် သူမကို မယုံကြည်သေးပေ။ သူ အေးစက်စက် ထပ်မေးလိုက်သည်။

“အဲ့တော့...”

“ဟင်း...”

ဟယ်နုန်ယင်း သက်ပြင်းချလိုက်၏။ သူမ၏ မျက်လုံးလေးများလည်း မှေးမှိန်သွားသည်။ ထို့နောက် သူမ အလေးအနက် ပြောလိုက်ပေသည်။

“ကျန်းရီ... ကောင်းကင်ဘုံရဲ့ လက်ရှိအခြေအနေကို ရှင်သိလား”

“သေချာတော့ မသိဘူး”

ကျန်းရီက ပြန်ဖြေရင်း ပြောသည်။

“ခင်ဗျား ပြောပြမယ်ဆိုရင်တော့ ကျွန်တော် နားထောင်နေပါတယ်”

“တကယ်တော့ အခု ကောင်းကင်ဘုံက အဆုံးသတ်ကို စောင့်နေရတာ...”

ဟယ်နုန်ယင်း၏ အသံက အလွန်လေးလံနေသည်။ သူမ ခေါင်းမော့ကာ ဆက်ပြောသည်။

“ကောင်းကင်ဘုံရဲ့ ဘုံဆယ်ခုထဲက ကိုးခုကို တမလွန်ဘုံက သိမ်းပိုက်ပြီးသွားပြီ။ မရေမတွက်နိုင်တဲ့ လူသားတွေက တမလွန်ဘုံရဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားပြီး လောကငရဲကို အသက်ရှင်ရက် ခံနေရတယ်။ ကိုယ့်အသက်ကိုရင်းပြီး တမလွန်ဘုံဧကရာဇ်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တဲ့၊ ပြန်မွေးဖွားစေခဲ့တဲ့ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဘုံ ပြိုလဲသွားခဲ့တာ ကြာလောက်ပြီ...”

“တမလွန်ဘုံဧကရာဇ် ပြန်မွေးဖွားခဲ့တာ အခုဆို နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မကြာခင် သူ့ရဲ့အင်အားက အထွတ်အထိပ်ကို ပြန်ရောက်တော့မယ်။ သူ ပြန်လာတာနဲ့ ကမ္ဘာဦးကောင်းကင်ဘုံက အဆုံးသတ်ပြီပဲ။ မြေဘုံ၊ မီးဘုံ၊ ရေဘုံ၊ ရွှေဘုံ၊ သစ်သားဘုံ၊ လေဘုံနဲ့ မိုးကြိုးဘုံတွေလည်း အကုန်လုံး အဆုံးသတ်သွားလိမ့်မယ်။ လူသားမျိုးနွယ်တစ်ခုလုံးက တမလွန်ဘုံမိစ္ဆာတွေရဲ့ ကျွန်ပြုတာကို ထာဝရခံရလိမ့်မယ်...”

“နေပါဦး...”

ကျန်းရီသည် နောက်ဆုံး စကားအနည်းငယ်ကို ကြားလိုက်သောအခါ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူ ကြားဖြတ်ကာ မေးလိုက်သည်။

“မြေဘုံ၊ မီးဘုံ၊ ရေဘုံ၊ ရွှေဘုံ၊ သစ်သားဘုံ၊ လေဘုံနဲ့ မိုးကြိုးဘုံတွေဆို ဘာလဲ။ ဘာလို့ ကျွန်တော် အဲ့ဘုံတွေကို အရင်က မကြားဖူးရတာလဲ”

“ဟင်းဟင်း...”

ဟယ်နုန်ယင်းက ရယ်၍ ပြန်ပြောသည်။

“ဒါပေါ့... ရှင် ဘယ်ကြားဖူးမလဲ။ မြေဘုံဆိုတာ အခု ရှင် အထက်ဘုံလို့ သိထားတဲ့ ဘုံပဲ။ ရှင်မပြောနဲ့ အထက်ဘုံရဲ့ မျိုးနွယ်ကြီးတွေက သခင်လေး၊ သခင်မလေးတွေတောင် အဲ့အကြောင်းတွေကို သိခွင့်မရှိဘူး။ ကောင်းကင်ဘုံကနေပြီး အထက်ဘုံကို ပြန်သွားတဲ့ အထက်ဘုံက စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံးလည်း သူတို့ရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ချိပ်ပိတ်ခံရတယ်။ မီးဘုံ၊ ရေဘုံ၊ ရွှေဘုံ၊ သစ်သားဘုံ၊ လေဘုံနဲ့ မိုးကြိုးဘုံတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ပေါက်ကြားစေလို့ မဖြစ်ဘူး...”

“ကျွန်မတို့လိုပဲ အဲ့ဘုံတွေက လူအများစုကလည်း တခြားဘုံတွေ ရှိသေးတာကို မသိကြဘူး။ အဲ့ ဓာတုဘုံခုနစ်ခုဆိုတာ ကောင်းကင်ဘုံက တမလွန်ဘုံကို ခုခံနိုင်ဖို့အတွက် အခြေခံအုတ်မြစ်တွေပဲ။ အဲ့ဓာတုဘုံခုနစ်ခုက ကျွန်မတို့ကို စစ်ကူပေးဖို့အတွက် စွမ်းအားကြီး သိုင်းသမားတွေကို ကောင်းကင်ဘုံဆီ မပြတ်ပို့ပေးမနေဘူးဆိုရင် ကောင်းကင်ဘုံတစ်ခုတည်းနဲ့ တမလွန်ဘုံရဲ့ သတ်ဖြတ်မှုတွေကို တောင့်ခံနိုင်လိမ့်မယ်လို့ ရှင်ထင်လား”

“ဘာလို့ အဲ့အကြောင်းတွေက ပေါက်ကြားလို့မဖြစ်တာလဲ”

ကျန်းရီ နားမလည်နိုင်သေးပေ။ အဘယ်ကြောင့် ထိုအကြောင်းအရာများကို ဖုံးကွယ်ထားရန် လိုအပ်ရပါသနည်း။

“အကြောင်းက ရိုးရှင်းပါတယ်’

ဟယ်နုန်ယင်း ရှင်းပြသည်။

“တကယ်လို့ မြေဘုံက တခြားဘုံခြောက်ခု ရှိနေသေးတာကို သိသွားရင် အဲ့ဘုံက စွမ်းအားကြီး သိုင်းသမားတွေက ကောင်းကင်ဘုံကို တက်လာပြီး တမလွန်ဘုံစစ်တပ်ကို ခုခံဖို့ သူတို့အသက်တွေကို ရင်းပါဦးမလား...”

“စွမ်းအားကြီး သိုင်းသမားတိုင်းမှာ မိသားစုတွေ မျိုးနွယ်တွေ ရှိကြတယ်။ ပြီးတော့ သူတို့အားလုံးက ကိုယ်ပိုင်နယ်မြေတွေနဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ ရှိကြတဲ့သူတွေချည်းပဲ။ ဘယ်သူကမှ မသေချင်ဘူး။ လူတိုင်း အသက်ရှင်ချင်တယ်။ တကယ်လို့ မြေဘုံက စွမ်းအားကြီး သိုင်းသမားတွေက တခြားဘုံခြောက်ခု ရှိသေးတာကို မသိရင် သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူတို့မျိုးနွယ်တွေနဲ့ မြေဘုံအတွက်.. လူအများစု ခေါ်တဲ့အတိုင်းဆို အထက်ဘုံအတွက် အသက်ကိုရင်းပြီး တိုက်ခိုက်ကြလိမ့်မယ်။ ကောင်းကင်ဘုံ ပြိုလဲရင် မြေဘုံလည်း ပြိုလဲမှာ မဟုတ်လား”

“အာ.. အခု ကျွန်တော် နားလည်ပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဟယ်နုန်ယင်း၏ စကားများက မှန်ပေသည်။ အကယ်၍ အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက အခြားဘုံခြောက်ခု ရှိနေသေးကြောင်း သိသွားလျှင် သူတို့ ကောင်းကင်ဘုံသို့ မသွားလျှင်ပင် အခြားဘုံများမှ စွမ်းအားကြီး သိုင်းသမားများက သွားလိမ့်မည်ဟု တွေးကြပေလိမ့်မည်။ အခြားဘုံများမှ စွမ်းအားကြီး သိုင်းသမားများကလည်း ထို့အတူသာ တွေးကြလိမ့်မည်။ သို့ဖြင့် နောက်ဆုံးတွင် ကောင်းကင်ဘုံသို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်မှ ရောက်လာ‌တော့မည် မဟုတ်ပေ။

“ဓာတုဘုံ.. ကောင်းကင်ဘုံကကျ အဓိကဘုံကြီးလား။ အနိမ့်ဘုံ.. သေမျိုးဘုံကိုကျ ဘယ်လိုခေါ်လဲ”

ကျန်းရီ မေးလိုက်သည်။

ဟယ်နုန်ယင်းက ပြန်ဖြေသည်။

“လောကကြီးတစ်ခုလုံးကို ကပ်လောကလို့ခေါ်တယ်။ အဲ့ကပ်လောကကို သုံးပိုင်း ပြန်ခွဲတယ်။ အဲ့သုံးပိုင်းကို လောကသုံးပါးလို့ခေါ်တယ်။ ရှင် အဲ့လောကသုံးပါးကို သုံးထပ်ဘုံကျောင်းတစ်ဆောင်လို မြင်ကြည့်လိုက်။ ဘုံကျောင်းရဲ့ အပေါ်ဆုံးအထပ်က အဓိကဘုံကြီးဘဲ.. ကောင်းကင်ဘုံလို့ ခေါ်တယ်။ အလယ်ထပ်မှာတော့ ဓာတုဘုံခုနစ်ခု ရှိတယ်။ အောက်ဆုံးထပ်မှာတော့ သန်းထောင်ချီတဲ့ ဘုံအသေးလေးတွေ ရှိတယ်။ ကျွန်မတို့ ကောင်းကင်ဘုံက လူတွေက အဲ့သန်းထောင်ချီတဲ့ ဘုံလေးတွေကို စုပေါင်းပြီး ရုပ်လောကဘုံလို့ ခေါ်တယ်”

“လောကသုံးပါး၊ သုံးထပ်ဘုံကျောင်း၊ အဓိကဘုံကြီး၊ ဓာတုဘုံ၊ ရုပ်လောကဘုံ”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ နောက်ဆုံးတွင် ဤလောကကြီးကို သူ ပို၍ ရှင်းရှင်းလင်းလင်း သိမြင်လာပေပြီ။ ဤလောကကြီးမှာ အမှန်ပင် ဘုံကျောင်းတစ်ခုကဲ့သို့ပင်။ အောက်ဆုံးအထပ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကဲ့သို့သော ဘုံငယ်လေးများ သန်းထောင်ချီ၍ ရှိပြီး ဘုံကျောင်း၏ အခြေကို တည်စေသည်။

အလယ်ထပ်တွင်မူ မြေဘုံ၊ လေဘုံ၊ မီးဘုံ၊ သစ်သားဘုံ၊ မိုးကြိုးဘုံ၊ ရေဘုံနှင့် ရွှေဘုံဟူသော ဓာတ်သဘာဝ ဓာတုဘုံခုနစ်ခု ရှိသည်။ ဘုံကျောင်း၏ အပေါ်ဆုံးအထပ်မှာမူ... ကောင်းကင်ဘုံပင်။

All Chapters