← Chapters

ဝူမင်

Vol. 119 Ch. 1662

ဝူမင်

Vol. 119 Ch. 1662

“နေပါဦး”

ကျန်းရီသည် ထိုအကြောင်းများကို ခေတ္တမျှ တွေးလိုက်ပြီးနောက် လက်ထောင်၍ မေးလိုက်၏။

“ကျွန်တော်မေးတာက ဘာလို့ ခင်ဗျား ကျွန်တော့်ကို ကူညီရတာလဲ ဆိုတာပါ”

ဟယ်နုန်ယင်းသည် ကျန်းရီကို ကြည့်လိုက်ပြီး လက်ထဲမှ ပုလဲလုံးလေးများကို ဆော့ကစား၍ ပြန်ပြောလိုက်သည်။

“ရှင့်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဘာလို့လဲဆိုတာ ခန့်မှန်းပြီးလောက်‌ရောပေါ့။ ကောင်းကင်ဘုံက အချိန်မရွေး ဖျက်ဆီးခံရတော့မှာ။ တမလွန်ဘုံဧကရာဇ်ရဲ့ စွမ်းအားက အထွတ်အထိပ်ကို ပြန်ရောက်သွားတာနဲ့ တမလွန်ဘုံက ကောင်းကင်ဘုံကို အလုံးအရင်းနဲ့ ထပ်ပြီး ကျူးကျော်လိမ့်မယ်။ အဲ့နေ့က ကောင်းကင်ဘုံ အဆုံးသတ်တဲ့နေ့ပဲ...”

“ကောင်းကင်ဘုံ အဆုံးသတ်သွားရင် ကပ်လောကတစ်ခုလုံးလည်း ပျက်စီးသွားလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ လူသားမျိုးနွယ်က အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲ။ ကျွန်မ ရှင့်ကို ကူညီတာ ရိုးရှင်းတဲ့အကြောင်းတစ်ခုကြောင့်ပါ။ ရှင်က ပါရမီရှင်တစ်ယောက်ပဲ။ လူသားအချင်းချင်းကြားက ပဋိပက္ခတွေကြောင့် ရှင်သေသွားမှာကို ကျွန်မ မလိုလားဘူး။ ရှင် ပိုတိုးတက်လာပြီး တမလွန်ဘုံစစ်သူကြီးတွေ အများကြီးကို သတ်ပြီးတော့ လူသားမျိုးနွယ်အတွက် အချိန်ပိုဆွဲပေးနိုင်ဖို့ ကျွန်မ မျှော်လင့်တယ်။ ရှင် တောက်မျိုးနွယ်လက်ထဲမှာ သေသွားရင် ရှင်က အညတရတစ်ယောက်ပဲ ဖြစ်မှာပဲ။ ဒါပေမဲ့ တမလွန်ဘုံမျိုးနွယ်ရဲ့ လက်မှာ သေသွားရင်တောင် သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်”

ဟယ်နုန်ယင်းသည် စကားပြောရင်း ကျန်းရီကို စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် နာကျင်မှု၊ ကူကယ်ရာမဲ့မှုနှင့် စိတ်ရင်းအမှန်တို့ကို ကျန်းရီ မြင်ရသည်။ ထို့ကြောင့် ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဟယ်နုန်ယင်းက သရုပ်ဆောင်နေခြင်း မဟုတ်လျှင် အလွန်ကြင်နာတတ်ပြီး ဖြောင့်မတ်သောစိတ်ထားရှိသူတစ်ယောက် ဖြစ်ရပေမည်။ သရုပ်ဆောင်နေခြင်းဆိုလျှင်တော့ သူမသည် တစ်လောကလုံးရှိ နားလည်နိုင်ရန် အခက်ခဲဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုအခိုက်တွင် ကျန်းရီသည် ဟယ်နုန်ယင်း၏ စကားများကြောင့် ရင်ထဲထိသွားပြီး လူသားမျိုးနွယ်အတွက် တိုက်ခိုက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။ သူ ယခုချက်ချင်းပင် တမလွန်ဘုံစစ်တပ်ကို ထ၍ခုခံလိုစိတ်များ ဖြစ်နေပေသည်။

ကျန်းရီသည် သူ ဟယ်နုန်ယင်းနှင့် ပထမဆုံးတွေခဲ့ပုံကို ပြန်တွေးမိ၏။ သူမသည် သူ့ကို သတ်နိုင်သော်လည်း မသတ်ခဲ့ပေ။ ထို့ကြောင့် သူ သူမအပေါ် အတန်ငယ် ယုံကြည်မိသည်။ ထိုစဉ်က သူမ လက်ချောင်းတစ်ချောင်း လှုပ်လိုက်လျှင်ပင် သူ့ကို သတ်နိုင်လိုက်မည် မဟုတ်ပါလား။ သို့သော် သူမက သူ့ကို လွှတ်ပေးခဲ့ပေသည်။

ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ထရပ်ကာ လက်ဆုပ်၍ ပြောလိုက်သည်။

“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးဟယ်။ တကယ်လို့ ကျွန်တော် လွတ်မြောက်နိုင်မယ်ဆိုရင် ပြီးခဲ့တာတွေကို ပြီးခဲ့ပြီလို့ပဲ သဘောထားလိုက်ပါမယ်။ နောက်ကျ ခင်ဗျား အကူအညီလိုရင် ကျွန်တော် သေချာပေါက် အစွမ်းကုန် ကူညီပေးပါမယ်”

“မလိုပါဘူး”

ဟယ်နုန်ယင်းက လက်ခါပြ၍ အလေးအနက်ပြန်ပြောသည်။

“ကျွန်မ ရှင့်ကို ကူညီတာ ကိုယ်ကျိုး ပြန်လိုချင်လို့ မဟုတ်ဘူး။ ရှင် ကျွန်မကို တစ်ခုပဲ ကတိပေးရင် ရပြီ”

ကျန်းရီလည်း အလေးအနက် ပြန်တုံ့ပြန်သည်။

“ပြောပါ”

“လူတွေ ထပ်မသတ်ပါနဲ့တော့”

ဟယ်နုန်ယင်းက အလွန်လေးလံသောလေသံဖြင့် ပြောလိုက်၏။

“ကျန်းရီ... ကျွန်မ ရှင့်ရဲ့ အချက်အလက်တွေကို ဖတ်ပြီးပြီ။ ရှင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ လူတွေကို သတ်ဖြတ်ပြီး မြေဘုံ.. အထက်ဘုံကို တက်ခဲ့တယ်။ အခုလည်း လူတွေကို သတ်ဖြတ်ပြီး ကောင်းကင်ဘုံကို တက်လာပြီ။ ပါရမီရှင်တွေ၊ စွမ်းအားကြီး သိုင်းသမားတွေ အများကြီး ရှင့်လက်ချက်နဲ့ သေခဲ့ရပြီ။ အခုကစပြီး ရှင် လူဆက်မသတ်တော့ဖို့ ကျွန်မ မျှော်လင့်ပါတယ်...”

“တကယ်တော့... တမလွန်ဘုံက ကောင်းကင်ဘုံရဲ့ ဘုံတွေအများကြီးကို သိမ်းပိုက်ထားနိုင်ရတဲ့ အဓိကအကြောင်းက လူသားမျိုးနွယ်ထဲမှာ အတွင်းပဋိပက္ခတွေ အများကြီး ရှိနေလို့ပဲ။ လူသားမျိုးနွယ်ကလည်း ပျက်သုဉ်းခါနီးနေတာတောင် အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲ။ အဲ့ဒါက ဘယ်လောက်တောင် ရယ်စရာ‌ကောင်းလိုက်လဲ...”

“အာ...”

ကျန်းရီ မှင်တက်သွားပြီး ထိုအကြောင်းကို တွေးတောလိုက်၏။ ယင်းက အမှန်ပင် ရယ်စရာကောင်းပြီး ဝမ်းနည်းစရာလည်း ကောင်းပေသည်။ လူသားမျိုးနွယ်က ပျက်သုဉ်းတော့မည်ဖြစ်သည်။ သို့သော် အချင်းချင်း တိုက်ခိုက်နေမှုများက မရပ်သေး။ ၎င်းသည်ပင် လူသား၏သဘာဝ ဖြစ်နိုင်ပေသည်။

အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျန်းရီ သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။

“သခင်မလေးဟယ်... ကျွန်တော် တော်တော်လေး သွေးဆာသလို ဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်အကြောင်းတွေကို သိပြီးရင် ကျွန်တော့် အကျင့်စရိုက်ကိုလည်း သိမှာပေါ့။ ကျွန်တော့် ကျွန်‌တော့်ကို ပြဿနာလာရှာမှသာ ပြန်တုံ့ပြန်တာ။ ဘယ်တော့မှ ကိုယ်ကစပြီး ပြဿနာမရှာဘူး...”

“ကောင်းကင်ကြယ်တာရာနယ်နမိတ်နဲ့ အထက်ဘုံမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ခင်ဗျား အသေးစိတ် မသိလောက်ဘူးပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် ‌တောက်ဖုန့်နဲ့ ကိစ္စမှာ ကျွန်တော် ရွေးချယ်စရာ ရှိခဲ့လား။ ကျွန်တော် ပြန်မခုခံခဲ့ရင် အခုလောက်ဆို‌ သေနေလောက်ပြီ။ အဲ့တော့ ကျွန်တော် ခင်ဗျားတောင်းတဲ့ ကတိကို အပြည့်အဝတော့ မပေးနိုင်ဘူး။ ဒါပေမဲ့ မသတ်ဘဲ နေလို့ရမယ်ဆိုရင် မသတ်ဖို့ အကောင်းဆုံး ကြိုးစားပါမယ်လို့တော့ ကျွန်တော် ကတိပေးပါတယ်”

“အင်း... ရှင် ပိုသန်မာလာတဲ့အခါကျရင် လူသားမျိုးနွယ်အတွက် တမလွန်ဘုံမျိုးနွယ်ဝင်တွေကို ပိုသတ်နိုင်ပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်”

ဟယ်နုန်ယင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ ခေါင်းငုံ့လိုက်ပြီး စကားဆက်မပြောတော့ဘဲ လက်ထဲမှ ပုလဲလုံးလေးများနှင့် ဆော့ကစားနေလိုက်သည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် မေးလိုက်၏။

“သခင်မလေးဟယ်... ခင်ဗျား ကျွန်တော့်ကို အထက်ဘုံဆီ ပြန်ပို့ပေးနိုင်လား”

“မပို့ပေးနိုင်ဘူး”

ဟယ်နုန်ယင်း ခေါင်းခါကာ ဆိုသည်။

“ဓာတုဘုံခုနစ်ခုကို တည်နေရာပြောင်းရွှေ့ပေးနိုင်တဲ့ အစီအရင်‌တွေအကုန်လုံးက ယန်ကိုးပါးမြို့ထဲမှာ။ ပြီးတော့ အထက်ဘုံအတွက် တည်နေရာပြောင်းရွှေ့အစီအရင်ကိုလည်း ချိပ်ပိတ်ထားတယ်။ အချိန်တိုအတွင်း ရှင် ပြန်နိုင်ဦးမှာ မဟုတ်ဘူး”

“ကျွန်တော် မပြန်နိုင်ဘူးလား”

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထို့နောက် သူ မျက်တောင်ပုတ်ခတ်ကာ ထပ်မေးလိုက်သည်။

“အဲ့ဒါဆို ကျွန်တော် ဘယ်ကို သွားရမှာလဲ”

ကမ္ဘာဦးကောင်းကင်ဘုံက အလွန်ကြီးမားသည်။ အနည်းဆုံး တိရှဘုံထက် အဆတစ်ထောင်လောက် ပိုကြီးသည်။

သို့သော် ကျန်းရီသည် ဤဘုံရှိ တစ်ယောက်ကိုမှ မသိပေ။ အကယ်၍ တည်နေရာပြောင်းရွှေ့အစီအရင်က တစ်နှစ်၊ နှစ်နှစ် သို့မဟုတ် ဆယ်နှစ်၊ နှစ်တစ်ရာလောက်အထိ ချိပ်ပိတ်ခံထားရမည်ဆိုလျှင် သူ ကောင်းကင်ဘုံတွင် လေလွင့်နေရပေလိမ့်မည်။

ရီချန်၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က ခက်ခက်ခဲခဲ ကြိုးစားပြီးမှ အထက်ဘုံသို့၊ တိတိကျကျဆိုရလျှင် မြေဘုံသို့ တက်လှမ်းလာနိုင်ခဲ့သည်။ သို့သော် သူမတို့သည် သူ့ကို တစ်ခါမှ မတွေ့ရ‌သေးပေ။ ကျန်းရီသည် သူမတို့နှင့် အချိန်အကြာပြီး ထပ်မံခွဲခွာရဦးမည်လော။

“မစိုးရိမ်ပါနဲ့”

ဟယ်နုန်ယင်းသည် ကျန်းရီ၏ မှုန်ကုပ်သွားသော မျက်နှာထားကို ကြည့်ကာ ပြောလိုက်သည်။

“အလွန်ဆုံးမှ တစ်နှစ်လောက်ပါပဲ.. တစ်နှစ်ပြည့်ရင် တည်နေရာပြောင်းရွှေ့အစီအရင်ကို ချိပ်ပြန်ဖွင့်မှာပါ။ စွမ်းအားကြီး သိုင်းသမားတွေက မြေဘုံကနေပြီး အမြဲ တည်နေရာပြောင်း‌ရွှေ့လာနေတာ မဟုတ်လား။ မဟာဧကရာဇ်လေးပါးက တောက်မျိုးနွယ်ကို အခြေအနေတွေ ရှုပ်ထွေးသွားအောင် လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲ့တစ်နှစ်အတွင်း ရှင် နေရာတစ်ခုရှာပြီး ပုန်းနေလိုက်ပေါ့။ ရှင် မိစ္ဆာသတ်ဖြတ်စစ်တပ်ထဲလည်း ဝင်နိုင်တာပဲ...”

“ဒါမှမဟုတ် ရှင် ကျွန်မနဲ့အတူ ချီလင်းဧကရီတောင်ထွတ်ကို လိုက်ခဲ့ချင်ရင် ကျွန်မ ရှင့်ကို ချီလင်းဧကရီစစ်တပ် ဒါမှမဟုတ် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ရအောင် ခေါ်သွားပေးနိုင်တယ်။ ယန်မဟာဧကရာဇ်စစ်တပ်နဲ့ ရူးသွပ်မဟာဧကရာဇ်စစ်တပ်တွေထဲတော့ ဝင်ဖို့ မစဉ်းစားနဲ့။ အဲ့စစ်တပ်နှစ်တပ်ထဲမှာ တောက်မျိုးနွယ်နဲ့ ပတ်သတ်မှုရှိတဲ့ စွမ်းအားကြီး သိုင်းသမားတွေ အများကြီးရှိတယ်...”

“မိစ္ဆာသတ်ဖြတ်စစ်တပ်၊ ချီလင်းဧကရီစစ်တပ်နဲ့ ကောင်းကင်ယန်ကိုးပါးစစ်တပ်တွေထဲမှာဆိုရင်တော့ ရှင် သေချာပေါက် လုံခြုံမှာပါ။ အဲ့စစ်တပ်တွေထဲမှာ ဘယ်သူကမှ မဆင်မခြင် မလုပ်ရဲကြဘူး။ တောက်မျိုးနွယ်က ရှင့်ကို ရှာတွေ့သွားရင်တောင် အလွန်ဆုံးမှ လျှို့ဝှက်လုပ်ကြံဖို့ပဲ လုပ်နိုင်ကြလိမ့်မယ်။ စည်းကျော်ရဲမှာ မဟုတ်ဘူး”

ကျန်းရီသည် မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်၊ ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ချီလင်းဧကရီစစ်တပ်နှင့် မိစ္ဆာသတ်ဖြတ်စစ်တပ်တို့အကြောင်းကို သိသည်။ သို့သော် ယန်ကိုးပါးစစ်တပ်ကိုမူ ယခုမှ ကြားဖူးခြင်းပင်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။

“ယန်ကိုးပါးစစ်တပ်က ဘာလဲ။ ကောင်းကင်ဘုံမှာ မဟာဧကရာဇ်လေးပါးပဲ ရှိတာ မဟုတ်ဘူးလား”

“ရှင်က ယန်ကိုးပါးစစ်တပ်အကြောင်းကိုတောင် မသိဘူးလား”

ဟယ်နုန်ယင်းသည် ကျန်းရီကို မိစ္ဆာတစ်ကောင်အလား ကြည့်ကာ ပြောလိုက်၏။

“ရှင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကိုတော့ သိတယ်မဟုတ်လား။ သူက ကပ်လောကရဲ့ အရင်က မဟာအရှင်ပဲ။ လူသားမျိုးနွယ်ရဲ့ ကောင်းကင်အရှင်လေ”

“ကျွန်တော် ကောင်းကင်ဧကရာဇ်သွေးသစ္စာအကြောင်းကို ကြားဖူးပါတယ်။ သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်လား။ ယန်ကိုးပါးစစ်တပ်...”

ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

“ယန်ကိုးပါးစစ်တပ်က အရင်တုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ စစ်တပ်လား”

ဟယ်နုန်ယင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် လေးစားမှု ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းကင်ဘုံမှာ ယန်ကိုးပါးစစ်တပ်က အင်အားအကြီးဆုံးပဲ။ အတိတ်တုန်းက အဲ့စစ်တပ်က ကောင်းကင်ဧကရာဇ်ရဲ့ ကိုယ်ပိုင်စစ်တပ်ပေါ့။ သူကိုယ်တိုင် အဲ့စစ်တပ်ကို တည်‌ထောင်‌လေ့ကျင်ပေးခဲ့တာ။ လက်ရှိ အဲ့စစ်တပ်မှာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား မရှိပေမဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား သုံးဆယ်ခြောက်ယောက်ရှိတယ်။ စစ်တပ်အားလုံးထဲမှာ ကောင်းကင်ယန်စစ်တပ်ရဲ့ တိုက်ခိုက်စွမ်းအားက အမြင့်ဆုံးပဲ...”

“ကောင်းကင်ဧကရာဇ်က အတော်ဆုံး၊ ပါရမီအရှိဆုံး လူသားတစ်ယောက်ပဲ။ လူသားသမိုင်းမှာ သူက ဧကရာဇ်အဆင့်ကို အမြန်ဆုံး ရောက်ခဲ့တဲ့သူပဲ။ သူ ကောင်းကင်အရှင်ဖြစ်ဖို့ နှစ်သုံးထောင်ပဲ လိုခဲ့တယ်။ ပြီးတော့ သူက စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေနဲ့ လျှို့ဝှက်အတတ်တွေ အပိုင်းမှာ စွမ်းအားအကြီးဆုံး။ ယန်ကိုးပါးစစ်တပ်က သူ့သင်ကြားမှုတွေကြောင့် အကျိုးအများကြီး ရခဲ့တယ်၊ စွမ်းအားကြီးတဲ့ နတ်ဘုရားအစီအရင်ကိုးခုကိုလည်း ပိုင်ဆိုင်ထားတယ်...”

“ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား သုံးဆယ့်ခြောက်ယောက်သာ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် သူတို့ တမလွန်ဘုံဘုရင်တစ်ပါးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်တယ်။ မိုးပြာမဟာဧကရာဇ်ကလည်း အဲ့သုံးဆယ့်ခြောက်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတစ်ခုကိုတောင် သူ ခံနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်”

“အံ့ဩစရာပဲ...”

ကျန်းရီ အံ့အားသင့်သွားသည်။ ‌ကောင်းကင်ဧကရာဇ်၏ ဇာတ်လမ်းအချို့ကို သူ ကြားခဲ့ဖူးသည်။ တမလွန်ဘုံဧကရာဇ်က သူ့ကို အလစ်တိုက်ခိုက်၍ သတ်လိုက်ချိန်တွင် သူက သေလုနီးပါး ဖြစ်နေခဲ့ပေပြီ။ သူ သေဆုံးသွား၍လည်း တမလွန်ဘုံမျိုးနွယ်က ခေါင်းထောင်လာပြီး ကောင်းကင်ဘုံမှ ဘုံကြီးများကို သိမ်းပိုက်ကာ လူသားမျိုးနွယ်ကို ရှင်းပစ်နိုင်လုနီးပါး ဖြစ်လာခြင်းပင်။

“အဲ့လိုဆိုရင် ဘာလို့ ကောင်းကင်ဘုံက ကောင်းကင်ဧကရာဇ်အသစ်တစ်ပါးကို မရွေးချယ်တာလဲ”

ကျန်းရီသည် တွေးတောပြီးနောက် စိတ်ဝင်တစား မေးလိုက်သည်။

“တိုင်းပြည်တစ်ပြည်က ခေါင်းဆောင်မရှိဘဲ တစ်ရက်တောင် မရပ်တည်နိုင်ဘူးတဲ့။ ကောင်းက်ဧကရာဇ်အသစ်တစ်ပါးကိုသာ ရွေးလိုက်မယ်ဆိုရင် သူက လူသားမျိုးနွယ်ကို ပေါင်းစည်းပြီး တမလွန်ဘုံမျိုးနွယ်နဲ့ ယှဉ်နိုင်မယ် မဟုတ်လား။ အခု တမလွန်ဘုံဧကရာဇ်က သူ့စွမ်းအားအကုန် ပြန်မရသေးဘူးလို့ ခင်ဗျား ပြောတယ်မဟုတ်လား။ အဲ့လိုဆို အခုက အချိန်ကောင်းမဟုတ်ဘူးလား”

“ဟင်းဟင်း...”

ဟယ်နုန်ယင်း ခပ်ရေးရေးပြုံး၍ ခေါင်းခါကာ ပြောလိုက်သည်။

“မဟာဧကရာဇ်လေးပါးက အတိတ်တုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထက် အများကြီးပိုပြီး အားနည်းကြတယ်။ ဘယ်သူကမှ သူ့နေရာကို ဝင်မယူရဲကြဘူး။ ပြီးတော့ လူသားမျိုးနွယ်ကို ပေါင်းစည်းနိုင်မဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက် မီးနဂါးဓားကလည်း ပျောက်ဆုံးနေတယ်။ အဲ့တော့ အခြေအနေက အခုလို ဖြစ်လာတာပဲ”

“မီး...မီးနဂါးဓားလား”

ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ သူ့ဓားက မီးနဂါးဓား မဟုတ်လော။ ၎င်းက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်လော။ ထို့ပြင် မီးနဂါးဓား၏ ပိုင်ရှင်ဖြစ်သည့် ဆန်းကြယ်‌သော အဘိုးအိုက ကြောက်စရာကောင်းလောက်အောင်ပင် အလွန်စွမ်းအားကြီးသည်။ သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်လော။

ကျန်းရီ နှုတ်ခမ်းတုန်ယင်လာပြီး အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“သခင်မလေးဟယ်... ကောင်းကင်ဧကရာဇ်ရဲ့ နာမည်အရင်းက ဘာလဲ။ သူပုံစံက ဘယ်လိုမျိုးလဲ”

“ကျွန်မလည်း သေချာမသိဘူး”

ဟယ်နုန်ယင်းသည် ကောင်းကင်ဘုံ၏ လက်ရှိအခြေအနေများကို စိုးရိမ်နေဆဲဖြစ်၍ ကျန်းရီ၏ စိတ်လှုပ်ရှားပုံကို သတိမပြုမပေ။ သူမ ပုံမှန်အတိုင်း ရှင်းပြလိုက်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့ ပုံတူပန်းချီ ရှိပုံမရဘူး။ သူ့ကို မြင်ဖူးတဲ့သူတွေက သူ့ပုံတူကို ဆွဲဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ ဆွဲရင်းနဲ့ သူ့ပုံစံကို မမှတ်မိနိုင်တော့ဘူး ဖြစ်ကုန်ကြတယ်။ သူ့နာမည်အရင်းကိုတော့ ဘယ်သူမှ မသိဘူး။ ဒဏ္ဍာရီတွေအရတော့ သူ ကောင်းကင်ဧကရာဇ် မဖြစ်ခင်တုန်းက လူတွေက သူ့ကို ‘ဝူမင်’လို့ ခေါ်ကြတယ်”

“ဝူမင်...” (တရုတ်စကားတွင် ‘ဝူမင်’ဆိုသည်မှာ အမည်မဲ့ဟု အဓိပ္ပာယ်ရသည်)

ကျန်းရီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်သွား၏။ ထို့နောက် သူ အလွန်ငြိမ်သက်သွားပေသည်။

All Chapters