သူကို အခက်တွေ့အောင်လုပ်မည်
Vol. 120 Ch. 1665
စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသော၊ အဘွား၊ ဖြေရှင်းချက်...
ထိုစကားသုံးခွန်းက အားလုံးကို တိတ်ဆိတ်သွားစေသည်။ ဟယ်နုန်ယင်း၏ အသံက လေပြေကဲ့သို့ သိမ်မွေ့ပြီး ဒေါသအငွေ့အသက် မပါပေ။ သူမ၏ မျက်နှာထားကလည်း တည်ငြိမ်နေသည်။ သို့သော် လူများစွာသည် သူမ၏ စကားလုံးများထဲရှိ ဒေါသကို ကြားနေရပေသည်။
တောက်လန်သည် သူမကို လေးစားမှုမပြသဖြင့် သူမကလည်း တူညီစွာ ပြန်တုံ့ပြန်နေခြင်းပင်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ သူမသည်လည်း တောက်လန်ကို လေးစားမှု ပြတော့မည် မဟုတ်ပေ။ သူ ရှာလိုလျှင် ရှာနိုင်သည်။ သို့သော် သူမသည် တောက်မျိုးနွယ်ကို မိတ်ဆွေအဖြစ် သတ်မှတ်တော့မည် မဟုတ်။ ထို့ပြင် သူမ၏အဘွားကိုလည်း ထိုအကြောင်းကို ပြန်ပြောကာ တိုင်တန်းမည်ဖြစ်သည်။
ချီလင်းဧကရီက ဟယ်နုန်ယင်းကို ချစ်မြတ်နိုးကာ အလိုလိုက်ကြောင်း ကျော်ကြားသည်။ မဟုတ်လျှင် ဟယ်နုန်ယင်းသည် ယောက်ျားများစွာ၏ တပ်မက်မှုကို ခံရမည် မဟုတ်ပေ။ ချီလင်းဧကရီသည် အပျိုကြီးဖြစ်ပြီး ကိုယ်ပိုင်မျိုးဆက်များ မရှိချေ။ ထို့ကြောင့်လည်း ဟယ်နုန်ယင်း၏ အဖေကို သားအဖြစ် မွေးစားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ထိုသားက သားများ၊ သမီးများ များစွာရှိလာခဲ့သည်။ ထိုသားသမီးများထဲတွင် ဟယ်နုန်ယင်းက အငယ်ဆုံးဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းကာ လှပခဲ့သည်။ ချီလင်းဧကရီသည် ဟယ်နုန်ယင်း၏ အခြားအစ်ကို၊ အစ်မများကို ချစ်ခင်ဟန်မပြသော်လည်း ဟယ်နုန်ယင်းကိုမူ မြင်မြင်ချင်း ချစ်ခင်သွားခဲ့သည်။ ထို့ကြောင့် ဟယ်နုန်ယင်းသည် ငယ်စဉ်ကတည်းက ချီလင်းဧကရီ၏လက်ပေါ်တွင် ကြီးပြင်းခဲ့သည်။ ယခု သူမ သုံးနေသော တာအိုဝိညာဉ်ရတနာအားလုံးမှာလည်း ချီလင်းဧကရီပေးထားသော ရတနာများဖြစ်သည်။
ဟယ်နုန်ယင်းကို အပြစ်ပြုခြင်းက ချီလင်းဧကရီကို အပြစ်ပြုမိသကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ ချီလင်းဧကရီကသာ ဤကိစ္စအတွက် ဖြေရှင်းချက် တောင်းမည်ဆိုလျှင် တောက်မျိုးနွယ်က သူမကို မည်ကဲ့သို့ ဖြေရှင်းချက် ပေးရမည်နည်း။ တောက်လန်က ကိုယ်တိုင်သွား၍ အပြစ်ခံယူကာ သူမ၏ခွင့်လွှတ်မှုကို တောင်းခံရမည်လော။
ယခုအခြေအနေ ဖြစ်လာရသည်မှာ တောက်လန်က ဟယ်တမှာ ဟယ်နုန်ယင်း၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေပြီး ထိုဟယ်တနှင့်ပတ်သတ်၍ တစ်ခုခု မှားနေသည်ဟု သံသယဖြစ်ခဲ့၍ဖြစ်သည်။ သူသာ ချီလင်းဧကရီကို ထိုသံသယအတွက် သက်သေပြနိုင်လျှင် ချီလင်းဧကရီက သူ့ကို အပြစ်တင်နိုင်တော့မည် မဟုတ်ပေ။
တောက်လန် သူ၏သံသယကို အတော်လေးသေချာနေသည်။ ထို့ကြောင့် သူပြုံးကာ ပြောလိုက်သည်။
“သခင်မလေးဟယ်မှာ အမျိုးသမီးသူတော်စင်ခန်းမ ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ အဲ့ဒါကို ချီလင်းဧကရီက ပေးထားတာ မဟုတ်လား။ ကျုပ် အဲ့ဒါကို တစ်ချက်လောက် ကြည့်လို့ရမလား”
“အာ...”
ဒေါ်လေးရွှမ် ချက်ချင်း မျက်နှာထားပြောင်းလဲသွားပြီး ဟယ်နုန်ယင်းကို ကြည့်လိုက်၏။ ကျန်းရီက အမှန်ပင် အမျိုးသမီးသူတော်စင်ခန်းမထဲတွင် ဖြစ်သည်။ အကယ်၍ ဟယ်နုန်ယင်းကသာ ၎င်းကို ထုတ်လိုက်ပြီး တောက်လန်ကို စစ်ဆေးခွင့်ပေးလိုက်လျှင် သူမတို့၏ဟန်ဆောင်မှုက ပေါ်သွားပေလိမ့်မည်။ တောက်လန်နှင့် ကျန်းရီတို့က တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ သို့ဖြစ်ရာ တောက်လန်က ကျန်းရီ၏ စိတ်ဝိညာဉ်အရှိန်အဝါကို သိလောက်ပေသည်။
“ဟင်းဟင်း...”
ဟယ်နုန်ယင်းက ဒေါသမထွက်ဘဲ သိမ်မွေ့စွာပြုံး၍ ပြန်ပြောလိုက်၏။
“အေးစက်ဧကရာဇ်... ရှင် အဲ့လိုလုပ်ချင်တာ သေချာလား။ ရှင်က နောက်ကျ ကျွန်မ မိုးပြာဒေသကို ပြန်လာဖို့ ခက်အောင် လုပ်နေတာပဲ”
“ဦးလေးလန်...”
တောက်ရန် စိုးရိမ်လာ၏။ တောက်လန်က အမှန်ပင် ဟယ်နုန်ယင်းကို အပြစ်ပြုလိုက်လျှင် သူ သူမကို ပိုးပန်းနိုင်ရန် အခွင့်အရေး ဆုံးရှုံးသွားရပေလိမ့်မည်။ ထို့ပြင် ဟယ်မျိုးနွယ်နှင့် တောက်မျိုးနွယ်ကြားတွင်လည်း အဖုအထစ်များ ဖြစ်သွားနိုင်သည်။ အကယ်၍ တောက်လန်နေရာတွင် အခြားတစ်ယောက်ဆိုလျှင် တောက်ရန်သည် ထိုလူကို ဆူပူကြိမ်းမောင်းပြီးလောက်ပြီဖြစ်သည်။
တောက်လန်က သူ၏ခန့်မှန်းချက်ကို ဖက်တွယ်ထားဆဲပင်။ သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“သခင်မလေးဟယ်... စိတ်မပူပါနဲ့။ တကယ်လို့ ကျုပ်က သခင်မလေးအပေါ် အထင်လွဲမိခဲ့တာဆိုရင် ကျုပ်ကိုယ်တိုင် ချီလင်းဧကရီဆီသွားပြီး ခွင့်လွှတ်မှုတောင်းခံပါမယ်”
“ကောင်းပြီလေ...”
ဟယ်နုန်ယင်း၏ လက်စွပ်က လင်းလက်လာ၏။ သူမ လက်စွပ်ထဲမှနေ၍ ခန်းမဆောင်အဖြူလေးတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ၎င်းကို အလွန်သိမ်မွေ့စွာ ပစ်ပေး၍ ပြောလိုက်၏။
“အေးစက်ဧကရာဇ်ရဲ့ စွမ်းရည်တွေက မြေပြင်ကိုတောင် တုန်ဟည်းစေတယ်၊ ရှင့်ရဲ့စိတ်ဝိညာဉ်က အရမ်းစွမ်းအားကြီးတယ်ဆိုတော့ ကျွန်မရဲ့ ဝိညာဉ်အမှတ်အသားကို ဖျက်ပေးစရာ မလိုဘူး မဟုတ်လား။ အေးစက်ဧကရာဇ် စိတ်ကြိုက်ရှာပါ”
တောက်လန်သည် လှပသော အဖြူရောင်ခန်းမဆောင်လေးကို ဖမ်း၍ ၎င်းအတွင်းသို့ သူ၏အားကောင်းသော ကောင်းကင်စွမ်းအားကို ထည့်သွင်းကာ ထပ်ခါ ထပ်ခါ ရှာဖွေလိုက်သည်။ အားလုံးသည် အသံတစ်ချက်မထွက်ဘဲ တိတ်ဆိတ်နေကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ အကယ်၍ တောက်လန်က ထိုခန်းမဆောင်ထဲတွင် ကျန်းရီကို ရှာတွေ့မည်ဆိုလျှင် သူတို့အားလုံး အဆင်ပြေပေလိမ့်မည်။
“သခင်မလေး...”
ဒေါ်လေးရွှမ်သည် ဟယ်နုန်ယင်းက အမျိုးသမီးသူတော်စင်ခန်းမကို တောက်လန်အား အမှန်တကယ် ပေးလိုက်လိမ့်မည်ဟု ထင်မထားပေ။ သူမ ဟယ်နုန်ယင်းထံ စိတ်လှုပ်ရှားစွာ အသံပို့လွှတ်လိုက်သည်။ သို့သော် ဟယ်နုန်ယင်းက သူမကို လုံးဝလျစ်လျူရှုထားပြီး တောက်လန်ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေပေသည်။
တစ်ကြိမ်ပြီး တစ်ကြိမ်...
တောက်လန်သည် အကြိမ်ကြိမ်ရှာဖွေပြီးနောက် အတန်ငယ် မျက်နှာပျက်စပြုလာ၏။ သူ အဖြူရောင်ခန်းမဆောင်လေးကို ငါးမိနစ်ကြာအောင် ရှာဖွေပြီးနောက် ၎င်းကို ဟယ်နုန်ယင်းအား ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် သူ ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်မလေးဟယ်၊ ကျုပ် ခင်ဗျားရဲ့ သိုလှောင်လက်စွပ်နဲ့ ဟယ်ရွှမ်ရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးလို့ရမလား”
“တောက်လန်...”
ယခုတွင် ဒေါ်လေးရွှမ် လုံးဝဒေါသထွက်သွားပေပြီ။ သူမ ကြာပွတ်ပျော့တစ်ချောင်းကို ထုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ရှင် တရားလွန်လာပြီ။ ကျွန်မက ရှင့်လောက် စွမ်းအားမကြီးပေမဲ့ ကျွန်မသာ အစွမ်းကုန်သုံးမယ်ဆိုရင် ရှင့်ရဲ့ တပ်သားတစ်သောင်းလုံး ဒီမှာတင် သေသွားလိမ့်မယ်”
“ဒေါ်လေးရွှမ်...”
ဟယ်နုန်ယင်းက မျက်နှာထားတင်းတင်းနှင့် အော်ပြောလိုက်သည်။
“ဒေါ်လေးက အေးစက်ဧကရာဇ်ကို ဘယ်လိုလုပ် အဲ့လိုပုံစံနဲ့ ပြောရတာလဲ။ သူ့ရဲ့အဆင့်အတန်းက ဘာလဲ။ သူ လုပ်တဲ့အရာတိုင်းမှာ အကြောင်းရှိတယ်။ သူက အကျိုးအကြောင်းမညီရင်ရော ဘာဖြစ်သေးလဲ။ သူ ရှာချင်ရင် ရှာမှာပဲ။ သူက ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကို ရှာချင်တယ်ဆိုရင်တောင် ကျွန်မတို့ ခုခံနိုင်မှာ မဟုတ်ဘူး။ သူက အေးစက်ဧကရာဇ် မဟုတ်လား”
“...”
ဟယ်နုန်ယင်းက ဒေါ်လေးရွှမ်ကို ဆူနေခြင်းဖြစ်သော်လည်း တောက်မျိုးမှ တပ်သားတစ်သောင်း ရင်ထိတ်သွားသည်။ ဟယ်နုန်ယင်းက အမှန်ပင် စကားအပြောအဆို ကျင်လည်လှပေသည်။ သူမက အေးစက်ဧကရာဇ်၏ မကောင်းကြောင်းကို တစ်ခွန်းမှ မပြောသော်လည်း သူမစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်က ထင်ရှားပေသည်။ တောက်လန်က သူမတို့ကို အနိုင်ကျင့်နေခြင်းပင်။
တောက်လန်၏ မျက်နှာက စိမ်းသွားသည်။ ဟယ်နုန်ယင်းသည် သူမလက်မှ သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီး တောက်လန်ဆီ ပစ်ပေးလိုက်သည်။ ဒေါ်လေးရွှမ်သည် အဆူခံရပြီးနောက် ဆက်မပြောဝံ့တော့ပေ။ သူမလည်း လက်မှလက်စွပ်ကို ချွတ်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ တောက်လန်ထံ ပစ်ပေးလိုက်၏။
ယခုက တောက်လန်ရှက်ရမည့် အလှည့်ဖြစ်သည်။ တောက်မျိုးနွယ်၏ တပ်သားများသည် လမ်းတစ်လျှောက်လုံးတွင် ဟယ်တကို မမြင်ခဲ့ပေ။ လမ်းတစ်လျှောက်မှ မြို့အားလုံးကိုလည်း ပိတ်ဆို့ထားသည်။ ဟယ်တက ထိုမြို့များထဲတွင် ဝင်ပုန်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် တောက်လန်သည် ဟယ်တက ဟယ်နုန်ယင်း၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေလိမ့်မည်ဟု သေချာနေခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဟယ်တက အမျိုးသမီးသူတော်စင်ခန်းမထဲ၌ ရှိမနေပေ။
ယခုတွင် ဟယ်နုန်ယင်းသည် သူမ၏ သိုလှောင်လက်စွပ်ကိုပင် တောက်လန်ထံ လိုလိုချင်ချင် ပစ်ပေးနေသည်။ အခြေအနေများက ဤအဆင့်အထိ ရောက်လာပြီဖြစ်၍ တောက်လန် မရှာဘဲနှင့် လက်မလျှော့နိုင်တော့ပေ။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လိုက်ပြီး လက်စွပ်များထဲ ထပ်ခါ ထပ်ခါ ရှာလိုက်သည်။ ထို့ပြင် ဒေါ်လေးရွှမ်၏ သိုလှောင်လက်စွပ်ထဲမှ လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုကိုလည်း အတင်းထုတ်ယူလိုက်သေးသည်။
နောက်ဆုံးတွင်...
တောက်လန် သဲလွန်စတစ်ခုကိုမှ ရှာမတွေ့ချေ။ သူ မျက်နှာမည်းမှောင်သွားပြီး လက်စွပ်နှစ်ကွင်းကို ဟယ်နုန်ယင်းနှင့် ဟယ်ရွှမ်တို့ထံ ပြန်ပစ်ပေးလိုက်၏။ ဟယ်နုန်ယင်းက တည်ငြိမ်စွာ မေးလိုက်သည်။
“အေးစက်ဧကရာဇ်... ရှင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေကိုရော ရှာချင်သေးလား”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
တောက်လန်က မျက်နှာသေဖြင့် ပြန်ပြောသည်။
“သခင်မလေးဟယ်... ဒီနေ့ ကျုပ် သခင်မလေးကို အပြစ်ပြုမိခဲ့ပါပြီ။ မကြာခင် ကျုပ် ချီလင်းဧကရီဆီ ကိုယ်တိုင်သွားပြီး ခွင့်လွှတ်မှု တောင်းခံလိုက်ပါမယ်”
ဟယ်နုန်ယင်းက ခပ်လှောင်လှောင်ပြုံးကာ ပြောလိုက်သည်။
“အဲ့ဒါဆို ကျွန်မ အေးစက်ဧကရာဇ် ရောက်လာမှာကို စောင့်နေပါမယ်။ အေးစက်ဧကရာဇ်လို လူတစ်ယောက်က စကားတည်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ တကယ်လို့... အေးစက်ဧကရာဇ် ရောက်မလာဘူးဆိုရင် ကျွန်မရဲ့အဘွားကို ရှင့်ဆီ ကိုယ်တိုင်သွားဖို့ ကျွန်မ ပြောရလိမ့်မယ်”
တောက်လန်နှင့် တောက်မျိုးနွယ်မှ အခြားလူများအားလုံး၏ မျက်နှာများ သွေးဆုတ်သွားသည်။ ဟယ်နုန်ယင်းက အားနည်းကာ သိမ်မွေ့ပုံပေါ်သော်လည်း သူမ၏နှလုံးသားက သန်မာ၊ ခက်ထန်ပေသည်။ သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်မှ ကြောက်မနေ၊ ရှိန်မနေ။ ယင်းက သူမ၏စိတ်ဓာတ်မှာ မည်မျှခိုင်မာကြောင်း ပြသနေသည်။ တောက်ရန်နှင့် အခြားသူများပင် လေးစားသွားရလေသည်။
“သွားကြစို့...”
တောက်လန်က လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး သူ့လူများကို ဦးဆောင်၍ ထွက်သွားသည်။ သူသည် နှုတ်ဆက်စကားပင် ပြောမနေတော့ပေ။ ယနေ့တွင် သူ လုံးဝအရှက်ရခဲ့ရပေပြီ။ ထို့ပြင် ချီလင်းဧကရီက သူ့ကို ထပ်မံအရှက်ခွဲရန် စောင့်နေဦးမည်ဖြစ်သည်။ ချီလင်းဧကရီသည် ဟယ်နုန်ယင်းကို အလွန်ချစ်သည်။ အကယ်၍ တောက်လန်က ချီလင်းဧကရီတောင်ထွတ်သို့ သွားလိုက်လျှင် အနည်းဆုံး ပါးရိုက်ခံရနိုင်ပေသည်။
“သခင်မလေးနုန်ယင်း... ကျွန်တော် တောင်းပန်ပါတယ်”
တောက်ရန် မည်သို့လုပ်ရမည်မသိ ဖြစ်နေ၏။ သူသည် အခြေအနေကို ဖြေရှင်းရန် ယဉ်ကျေးသော တစ်စုံတစ်ရာ ပြောလိုနေသော်လည်း နောက်ဆုံးတွင် လက်ဆုပ်၍သာ နှုတ်ဆက်လိုက်ပြီး တောက်လန်နောက်သို့ လိုက်သွားလိုက်သည်။ ဟယ်နုန်ယင်းကလည်း မည်သည့်စကားမှ မပြောဘဲ မျက်နှာသေဖြင့် ရပ်နေသည်။ ဒေါ်လေးရွှမ်မှာမူ ဟယ်နုန်ယင်း၏ သရုပ်ဆောင်စွမ်းရည်ကို အံ့အားသင့်နေရပေသည်။
“သခင်မလေး...”
လူအုပ် ထွက်သွားပြီးနောက် တစ်ခဏအကြာတွင် ဒေါ်လေးရွှမ်က အံ့ဩတကြီးဖြင့် ဟယ်နုန်ယင်းထံ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီက အမျိုးသမီးသူတော်စင်ခန်းမထဲ ဝင်သွားတာ မဟုတ်ဘူးလား။ ဘာလို့ တောက်လန်က သူ့ကို ရှာမတွေ့ရတာလဲ”
“ဟင်းဟင်း...”
ဟယ်နုန်ယင်း ရယ်ကာ ပြန်ပြောလိုက်သည်။
“အမျိုးသမီးသူတော်စင်ခန်းမဆိုတာ အရေးကြုံရင် ကျွန်မအသက်ကို ကယ်နိုင်ဖို့ ကျွန်မအဘွားကိုယ်တိုင် သန့်စင်ပေးထားတဲ့ အသုံးအဆောင်တစ်ခုပဲ။ အထဲမှာ အရမ်းစွမ်းအားကြီးတဲ့ အကာအရံတွေရှိတယ်။ တောက်လန် မပြောနဲ့ တောက်နူတောင် ကျန်းရီကို ရှာနိုင်မှာ မဟုတ်ဘူး။ တောက်လန်က သူ့ကိုယ်သူ အခက်တွေ့အောင် လုပ်ခဲ့တာပဲ။ သူ ချီလင်းဧကရီတောင်ထွတ်ကို ရောက်လာရင် ကျွန်မ သူ့ကို အခက်တွေ့ရအောင် လုပ်မယ်...”
ရှူး...ရှူး...
ဒေါ်လေးရွှမ်တစ်ယောက် အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်၏။ သူမ၏ကျောရိုးတစ်လျှောက်လည်း အေးစက်သွားသည်။ သူမသည် ဟယ်နုန်ယင်း ငယ်စဉ်ကတည်းက ဟယ်နုန်ယင်းနောက်သို့ လိုက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟယ်နုန်ယင်း၏ အကျင့်စရိုက်ကို အလွန်ကောင်းစွာ နားလည်သည်။ ထိုသခင်မလေးက အပေါ်ယံတွင်ဆိုလျှင် သိမ်မွေ့လှပသော နတ်မိမယ်လေးတစ်ပါးကဲ့သို့ ထင်ရသည်။ သို့သော် သူမကို ဒေါသထွက်အောင် လုပ်မိသူတိုင်း ဆိုးဝါးသော အကျိုးဆက်များကို ခံရပေလိမ့်မည်။