အရေးကြီးပုဂ္ဂိုလ်
Vol. 120 Ch. 1666
တောက်လန်၏ တားဆီးမှုကို ခံရပြီးနောက်တွင် ဟယ်နုန်ယင်းသည် လမ်းတစ်လျှောက်တွင် တစ်ကြိမ်ပင် ထပ်မရပ်တန့်ခဲ့တော့ပေ။ မိုးပြာဒေသထဲရှိ အခြားမြို့တစ်မြို့ထဲလည်း ဝင်မနားခဲ့ချေ။ ထိုအစား ငါးရက်လုံးလုံး မရပ်မနား ပျံသန်းကာ မိုးပြာဒေသအပြင်သို့ ထွက်လိုက်လေသည်။
မိုးပြာဒေသ၏ အရှေ့မြောက်ဘက်တွင် နဂါးဒေသရှိသည်။ ထိုဒေသမှာ လုံမျိုးနွယ်၏ ပိုင်နက်ပင်။ သို့သော် လုံမျိုးနွယ်မှာလည်း မိုးပြာမဟာဧကရာဇ်၏ လက်အောက်တွင် ခိုလှုံထားသည်။ ထို့ကြောင့် ဟယ်နုန်ယင်းသည် ထိုဒေသတွင်လည်း တည်နေရာပြောင်းရွှေ့ရန် မရပ်တန့်ဝံ့သေးပေ။ ကျန်းရီကိုလည်း အပြင်မထုတ်ရဲသေးချေ။ နောက်ထပ် နှစ်ရက်တိတိ ဆက်သွားပြီးမှ စစ်ရထားလုံးက တောင်တစ်လုံးထိပ်ရှိ ဧရာမမြို့ကြီးတစ်မြို့ထဲတွင် ရပ်တန့်လိုက်ပေသည်။
“နှုတ်ခွန်းဆက်ပါတယ် သခင်မလေး”
ဤနေရာက နဂါးဒေသဖြစ်သော်လည်း ဤမြို့၏ မြို့အရှင်မှာ ဟယ်မျိုးနွယ်ကို ထောက်ခံသော မျိုးနွယ်တစ်ခုမှ ဖြစ်သည်။ ဟယ်နုန်ယင်းသည် မြို့အရှင်နောက်မှလိုက်သွားပြီး ဧရာမရဲတိုက်ကြီးတစ်လုံးထဲ ဝင်လိုက်၏။ ရဲတိုက်ထဲရောက်မှ ခြေဆန့်လက်ဆန့်လုပ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ကျွန်မ ပင်ပန်းနေပြီ။ မြို့အရှင်ကဲ.. ရှင် သွားပါတော့”
ရက်ပေါင်းများစွာ ပျံသန်းခဲ့ရသည်ဖြစ်၍ ဟယ်နုန်ယင်း အမှန်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူမ၏လက်ထဲတွင် အဖြူရောင် ခန်းမဆောင်လေး ထွက်ပေါ်လာ၏။ သူမ ကျန်းရီကို အပြင်ထုတ်ပေးလိုက်သည်။ ထို့နောက် သူမ၏အခန်းဆီသို့ လျှောက်သွားကာ အခန်းတံခါးဝတွင် ရပ်၍ ပြောလိုက်သည်။
“ကျန်းရီ... ရဲတိုက်ထဲမှာပဲ နေပါ။ အပြင်ကိုမထွက်နဲ့။ ကျွန်မတို့ အနားယူပြီးရင် ချီလင်းဒေသဆီ တည်နေရာပြောင်းရွှေ့ကြမယ်”
“ချီလင်းဒေသလား”
ကျန်းရီတစ်ယောက် ဟယ်နုန်ယင်း၏ စကားကို နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့ကြောင့် ဒေါ်လေးရွှမ်က ရှင်းပြသည်။
“မိုးပြာမဟာဧကရာဇ်ရဲ့ ဩဇာအာဏာက အင်မတန်ကျယ်ပြန့်တယ်။ ရှင် ယန်ကိုးပါးမြို့ကို တိုက်ရိုက်သွားချင်ရင် ကျွန်မတို့ အရင်းအမြစ်တွေ အများကြီး သုံးရလိမ့်မယ်၊ ပြီးတော့ စွန့်လည်းစွန့်စားရလိမ့်မယ်။ အဲ့တော့ ချီလင်းဒေသကို အရင်သွားပြီးမှ အဲ့ကနေ ယန်ကိုးပါးမြို့ကို ဆက်သွားတာက အကောင်းဆုံးပဲ”
“ဪ...”
ကျန်းရီ သဘောပေါက်သွားပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“အဟင်း...”
ဒေါ်လေးရွှမ်သည် ကျန်းရီကို သဘောမကျပေ။ သူမ ခပ်သဲ့သဲ့ရယ်လိုက်ပြီး ကျန်းရီကို ဆက်၍ အရေးမစိုက်တော့ဘဲ သူမ၏အခန်းထဲသို့သာ ဝင်သွားလိုက်သည်။ တောက်လန်နှင့် ဖြစ်ခဲ့သည့်ကိစ္စအတွက် သူမက ကျန်းရီအပေါ် ဒေါသထွက်နေသေးကြောင်း ထင်ရှားပေသည်။
ရဲတိုက်ပတ်ပတ်လည်ရှိ အကာအရံများကို နှိုးထားပြီးဖြစ်သည်။ ကျန်းရီသည်လည်း အပြင်ကို မထွက်ဝံ့ပါပေ။ သူ အလယ်ခန်းမထဲတွင်သာ လှည့်ပတ်လျှောက်၍ စားပွဲပေါ်တင်ထားသည့် ဝိညာဉ်သစ်သီးများကို ယူစားလိုက်သည်။ သစ်သီးဆယ်လုံးကျော် စားပြီးနောက် သူ မချင့်မရဲဖြစ်လာပြီး ကြုံရာအခန်းတစ်ခန်းထဲဝင်ကာ နတ်ဘုရားသစ်ရွက်ကိုထုတ်၍ အနှစ်သာရကို ဆက်လေ့လာရန် ဟန်ပြင်လိုက်သည်။
ကျင့်ကြံနေလျှင် အချိန်က လျင်မြန်စွာ ကုန်ဆုံးပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နေ့တစ်ဝက် ကုန်သွားသည်။ သူ့အခန်းပတ်ပတ်လည်မှ အကာအရံများ လင်းလက်လာသဖြင့် ကျန်းရီ နိုးထလာသည်။ သူ အပြင်သို့ ထွက်သွားလိုက်သောအခါ ကောင်းစွာအနားယူပြီးပြီဖြစ်သော ဟယ်နုန်ယင်းကို တွေ့လိုက်ရသည်။ ဟယ်နုန်ယင်းသည် ကျန်းရီနှင့် ဒေါ်လေးရွှမ်တို့ကို ဦးဆောင်၍ ရဲတိုက်ကြီးထဲမှ ထွက်လိုက်ပြီး အနောက်ခြံဝန်းထဲရှိ သီးခြားရဲတိုက်ငယ်တစ်လုံးထဲသို့ သွားလိုက်၏။ ထိုရဲတိုက်ထဲတွင် ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ပါ”
ဟယ်နုန်ယင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး အပိုစကားများ ဆိုမနေဘဲ လိုရင်းကို တန်းပြောလိုက်သည်။ ကျန်းရီသည် မေးစရာမေးခွန်းများစွာ ရှိနေသော်လည်း မမေးဝံ့ပေ။ သူ ဟယ်နုန်ယင်း၊ ဒေါ်လေးရွှမ်တို့ နှစ်ယောက်နှင့်အတူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သည်။ မကြာခင်မှာပင် မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်း ထွက်ပေါ်လာပြီး သူတို့သုံးယောက်သား တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျောက်ကွယ်သွားလေသည်။
ဤတစ်ခေါက်သည် သူ တည်နေရာပြောင်းရွှေ့ခဲ့ဖူးသမျှထဲတွင် အကြာဆုံးအခေါက်ဟု ကျန်းရီ ခံစားနေရသည်။ သူ၏စိတ်ဝိညာဉ်က ယခင်ကထက် ပိုသန်မာလာပြီဖြစ်သော်လည်း သူ အတန်ငယ် ခေါင်းမူးလာပေသည်။ အနိမ့်ဘုံအချိန် ဆယ်ရက်လောက်ကြာမှ သူ့ခြေထောက်က အောက်ခံအမာနှင့် ပြန်ထိသွားသည်။
ဘုတ်...
ကျန်းရီ ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ရက် လဲကျသွား၏။ သူသည် အခြားမည်သည်ကိုမှ အရေးမစိုက်တော့ဘဲ မျက်လုံးများ မှိတ်ကာ စတင်တရားထိုင်လိုက်၏။ သူ၏မူးဝေနေမှုက တဖြည်းဖြည်း ပျောက်ကင်းလာသည်။ တစ်နာရီကြားပြီးနောက်မှ သူ မျက်လုံးပြန်ဖွင့်လိုက်သည်။ ဤနေရာကလည်း ရဲတိုက်တစ်လုံး ဖြစ်နေ၍ တော်ပေသေးသည်။ သူဘေးတွင် တိတ်တဆိတ် စောင့်ဆိုင်းနေသော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက်မှလွဲ၍ အခြားသူများ ရှိမနေပေ။
“သခင်လေး... နိုးလာပါပြီလား”
နတ်ဘုရားဧကရာဇ်က ယဉ်ကျေးစွာပြုံး၍ ပြောသည်။
“သခင်မလေးယင်းက သခင်လေးနိုးလာရင် သခင်လေးကို သူ့ဆီ လိုက်ပို့ပေးဖို့ ကျွန်တော့်ကို မှာခဲ့ပါတယ်”
ကျန်းရီ သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဟယ်နုန်ယင်းရော ဒေါ်လေးရွှမ်ပါ မရှိတော့ကြောင်း သိလိုက်ရသည်။ သူ ခပ်သွက်သွက် ထရပ်ကာ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အနောက်သို့ လိုက်၍ ရဲတိုက်ထဲမှ ထွက်လိုက်ပြီး အခြားရဲတိုက်တစ်လုံးဆီသို့ သွားလိုက်သည်။
ဟယ်နုန်ယင်းက အခန်းတစ်ခန်းထဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ သူမသည် ကျန်းရီ ဝင်လာသည်ကို တွေ့လိုက်သောအခါ သူ့ကို ထိုင်ရန် လက်ဟန်ပြ၍ ပြောလိုက်သည်။
“ဒါက ချီလင်းမြို့လေ။ ရှင် ဒီမှာ ရက်နည်းနည်းလောက် အနားယူဦးမလား ဒါမှမဟုတ် ယန်ကိုးပါးမြို့ကို တန်းသွားတော့မလား”
“ကျွန်တော် ယန်ကိုးပါးမြို့ကိုပဲ တန်းသွားပါမယ်”
ကျန်းရီ စက္ကန့်အတော်ကြာစဉ်းစားပြီးနောက် ပြန်ဖြေ၏။ သူသည် ဟယ်နုန်ယင်းကို ဒုက္ခမပေးလိုတော့ပေ။ ဤနေရာတွင် ဆက်နေလျှင် သူ ဟယ်နုန်ယင်းအပေါ် ဆက်မှီခိုနေသလို ဖြစ်ပေလိမ့်မည်။
“ကျွန်မကတော့ ရှင် ဒီမှာ ရက်နည်းနည်းလောက် နေသင့်တယ်လို့ ထင်တယ်”
ဟယ်နုန်ယင်းက ခေတ္တမျှ တွေးတော၍ ပြန်ပြောလိုက်သည်။
“တောက်မျိုးနွယ်က လူတချို့က ယန်ကိုးပါးမြို့ကိုသွားပြီး ဟွင့်သွမ့်ပင်လယ်ကိုသွားတဲ့ တည်နေရာပြောင်းရွှေ့အစီအရင်ကိုလည်း ချိပ်ပိတ်နေကြတယ်။ သူတို့ အချိန်တိုအတွင်း ထွက်သွားဦးမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ရှင် အဲ့ကို တန်းသွားရင် သူတို့ ရှင့်ကို ရှာတွေ့သွားလိမ့်မယ်။ ဒီမှာ ရက်နည်းနည်းလောက်နေပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့အထိ စောင့်နေလိုက်ပါ...”
“ပြီးတော့... တောက်လန်က ကျွန်မကို လမ်းမှာ တားခဲ့တယ်။ ကျွန်မက ရှင့်ကို ခေါ်ထုတ်သွားတာ ဖြစ်ရမယ်လို့ သူ သံသယဝင်နေတယ်ဆိုတာ သေချာတယ်။ အဲ့တော့ သူက ကျွန်မတို့ကို လျှို့ဝှက်ပြီး စောင့်ကြည့်နေမှာပဲ။ ရှင် အခု တည်နေရာပြောင်းရွှေ့သွားလိုက်ရင် ပေါ်သွားဖို့ များတယ်”
“အဲ့ဒါဆိုလည်း ကောင်းပါပြီ”
ကျန်းရီသည် ဟယ်နုန်ယင်း၏ စကားများကို တွေးတောကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ယခုထွက်သွားလျှင် သူ့အတွက် အမှန်ပင် အန္တရာယ်များနိုင်သည်။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ဤနေရာတွင် ရက်အနည်းငယ် ဆက်နေကာ ကျင့်ကြံနေရပေမည်။
ဟယ်နုန်ယင်း ထရပ်လိုက်ပြီး ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်ကို ညွှန်ပြကာ ပြောလိုက်သည်။
“သူက ဟယ်တအစစ်ပဲ။ ကျွန်မရဲ့ အိမ်တော်ထိန်းအိုကြီးရဲ့သားပေါ့။ ဒီရက်အနည်းငယ်အတွင်း သူက ရှင်လိုအပ်တာတွေကို စီစဉ်ပေးပါလိမ့်မယ်။ တကယ်လို့ ရှင်တစ်ခုခုလိုအပ်ရင် သူ့ကို ပြောလိုက်ပါ”
“ဟယ်တအစစ်လား”
ကျန်းရီ အတန်ငယ် အိုးတိုးအန်းတမ်းဖြစ်သွား၏။ ဟယ်မျိုးနွယ်တွင် အမှန်ပင် ‘ဟယ်တ’တစ်ယောက် ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ဟယ်နုန်ယင်းသည် ကျန်းရီကို ပြောစရာရှိသည်များ ပြောပြီးနောက် အပိုစကားတစ်ခွန်းမှ မဆိုဘဲ ထွက်သွား၏။ သူမသည် ကျန်းရီအား ဟယ်မျိုးနွယ်ထဲ ဝင်ရန်ပင် မဖျောင်းဖျခဲ့ပေ။ ကျန်းရီသည်လည်း ရဲတိုက်ထဲမှ မထွက်ဘဲ အခန်းအောင်း၍သာ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ထားလိုက်လေသည်။
ကျန်းရီ လေး၊ ငါးရက် ကျင့်ကြံခဲ့၏။ ထိုအတောအတွင်း ဟယ်နုန်ယင်းက သူ့ကို တစ်ခေါက်မှ လာမရှာခဲ့ပေ။ ထို့ကြောင့် ကျန်းရီ သူမအပေါ် နက်နက်ရှိုင်းရှိုင်း လေးစားလာသည်။ ဟယ်နုန်ယင်းထံတွင် သူ့အား သူမတို့မျိုးနွယ်ထဲ သိမ်းသွင်းရန် အကြံရှိပုံ မပေါ်ပေ။ သူမက သူ့ကို ကူညီနေခြင်းမှာ အမှန်ပင် ပါရမီရှင်တစ်ယောက် သေဆုံးသွားမည်ကို မလိုလာ၍ ဖြစ်နိုင်သည်။ ပါရမီရှင်များ ရှင်သန်နေမှ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်အနည်းငယ်ရှိမည်ဖြစ်သည်။ ထိုမိန်းမပျိုလေးက အမှန်ပင် ကြင်နာတတ်ကာ ဖြောင့်မတ်သူတစ်ယောက်ပင်။
ခြောက်ရက်မြောက်နေ့...
ဟယ်တအစစ်က ကျန်းရီကိုလာရှာပြီး ဆန်းကြယ်သော အရေးကြီးပုဂ္ဂိုလ်က သူ့အား ရှာနေကြောင်း ပြော၏။
“ဟယ်တ... ဘယ်သူက ကျွန်တော့်ကို ရှာနေတာလဲ”
ကျန်းရီ စိတ်ဝင်တစား မေးလိုက်သည်။
ဟယ်တက ခေါင်းခါ၍ ပြန်ပြောသည်။
“ဘယ်သူလဲဆိုတာတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။ ကျွန်တော့်အဖေက ကျွန်တော့်ဆီ အသံပို့လွှတ်ပြီး သခင်လေးကို အဲ့ကို ခေါ်ခဲ့ခိုင်းတာပါ”
ဟယ်တ၏အဖေမှာ ဟယ်မျိုးနွယ်၏ အိမ်တော်ထိန်းအိုကြီးဖြစ်သည်။
မျိုးနွယ်ထဲတွင် အိမ်တော်ထိန်းရာထူးမှာ မနိမ့်ပေ။ အိမ်တော်ထိန်းမှတဆင့် သူ့အား ခေါ်ခိုင်းသူမှာ ဟယ်မျိုးနွယ်ခေါင်းဆောင်လော။ ကျန်းရီသည် ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာနှင့် ဟယ်တအနောက်မှ လိုက်ကာ အနောက်ခြံဝန်းထဲသို့ သွားလိုက်သည်။
ဟယ်မျိုးနွယ်၏ ခြံဝန်းက အလွန်ကျယ်ဝန်းသည်။ ကျန်းရီတို့ တစ်နာရီကြာအောင် လျှောက်၍ ထောင်ချီသော ရဲတိုက်များကို ဖြတ်ကျော်ပြီးမှ ဥယျာဉ်တစ်ခုထဲသို့ ရောက်သွားသည်။ ဥယျဉ်ဂိတ်တံခါးတွင် ခါးကိုင်းနေသော အဘိုးအိုတစ်ယောက်က သူတို့ကို စောင့်နေ၏။
“မင်းက သခင်လေးကျန်းလား”
အဘိုးအိုက ပြုံး၍ မေး၏။ သူ့ပုံစံက အလွန်ကြင်နာတတ်ပုံပေါ်ပေသည်။ ကျန်းရီက ခေါင်းညိတ်ပြလိုက်သောအခါ သူ ဦးညွှတ်၍ အရှေ့သို့ လက်ပြကာ ပြောလိုက်သည်။
“ကျုပ်နောက်က လိုက်ခဲ့ပါ”
အိမ်တော်ထိန်းအိုကြီးသည် ကျန်းရီကို ဥယျာဉ်ထဲ ခေါ်သွား၏။ ထို့နောက် အဖြူရောင်အလင်း လင်းလက်လာပြီး သူတို့နှစ်ယောက်စလုံး ဥယျာဉ်ထဲမှ ပျောက်ကွယ်သွားသည်။ ကျန်းရီသည် အကွာအဝေးတိုတစ်ခုကို တည်နေရာပြောင်းရွှေ့လိုက်ရသလို ခံစားလိုက်ရ၏။ မကြာခင်တွင် အဖြူရောင်အလင်း ပျောက်ကွယ်သွား၏။ ယခု သူတို့နှစ်ယောက်က ကြည်လင်သော ရေကန်လေးတစ်ကန် ရှိသည့် တောင်ကြားတစ်ခုထဲသို့ ရောက်နေပေပြီ။ တောင်ကြားထဲတွင် နန်းတော်တစ်ခုရှိသော်လည်း လူတစ်ယောက်ကိုမှ မတွေ့ရပေ။
ကျန်းရီကို ပို၍ အံ့ဩစေသည်မှာ အိမ်တော်ထိန်းအိုကြီးက သူ့ကို နန်းတော်ဆီ ခေါ်မသွားဘဲ နန်းတော်ဘေးရှိ ရေကန်ဆီသို့ ခေါ်သွားခြင်းပင်။ သူတို့ ရေကန်သို့ ရောက်သောအခါ အိမ်တော်ထိန်းအိုကြီးက ဦးညွှတ်ကာ ပြောလိုက်သည်။
“ချီလင်းဧကရီ... ကျန်းရီ ရောက်ပါပြီ”
‘ချီလင်းဧကရီလား’
ကျန်းရီ မျက်လုံးပြူးသွား၏။ သူ့ကို တွေ့ချင်သော အရေးကြီးပုဂ္ဂိုလ်မှာ ချီလင်းဧကရီ ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ သူမက ကောင်းကင်ဘုံ၏ မဟာဧကရာဇ်လေးပါးထဲမှ တစ်ပါးဖြစ်သည်။ သူ ခပ်သွက်သွက် ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။
“ကျန်းရီ ချီလင်းဧကရီကို နှုတ်ခွန်းဆက်ပါတယ်”
“ဟယ်ရုန်... သွားတော့”
ကျန်းရီ ကြည်လင်သော အသံတစ်သံကို ကြားလိုက်ရ၏။ ထို့နောက် အိမ်တော်ထိန်းအိုကြီးက ဦးညွှတ်ကာ ထွက်သွားသည်။ ကျန်းရီသည် လှုပ်ပင်မလှုပ်ဝံ့ဘဲ ဦးညွှတ်ကာ ချီလင်းဧကရီက သူ့အား ညွှန်ကြားမည်ကို စောင့်နေလိုက်သည်။ ချီလင်းဧကရီကလည်း မည်သို့မှ မပြောပေ။ သို့သော် ကန်ထဲတွင် ရေဂယက်ကလေးများ ထွက်ပေါ်လာသည်။ လေပြေတစ်ချက်က သူ့ကို ဖြတ်၍တိုက်ခတ်သွားသည်ကိုလည်း ကျန်းရီ ခံစားလိုက်ရသည်။
‘ကောင်းကင်စိတ်အာရုံလား’
ကျန်းရီ တုန်လှုပ်သွား၏။ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သူ့အား ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံနေခဲ့သည်။ သို့သော် သူ မည်သည်ကိုမှ မခံစားခဲ့ရပေ။ ထိုလေပြေကိုလည်း ချီလင်းဧကရီက သူ့အား တမင်ခံစားစေလိုက်၍သာ သူ ခံစားမိသွားခြင်းဖြစ်သည်။
ဗွမ်း...
ခေတ္တမျှကြာပြီးနောက် ကန်ရေပြင်က ထပ်မံလှုပ်ရှားလာ၏။ ရေများက မျက်နှာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထိုမျက်နှာက ရှင်းလင်းပြီး အတန်ငယ် ဆွဲဆောင်မှုရှိပေသည်။ မျက်နှာမှာ လှပသော မိန်းမပျိုတစ်ယောက်၏ မျက်နှာပင်။ ထို့ပြင် ၎င်းက ရေမှ ဖြစ်တည်လာသည်ဟု မထင်ရဘဲ ရေထဲတွင် ရှိနေခြင်းဟု ထင်ရသည်။ ယင်းမှာ အလွန်ထူးဆန်းပေသည်။
“ကျန်းရီ...”
ချီလင်းဧကရီက ထပ်မံပြောလိုက်၏။
“ငါ မင်းရဲ့အကြောင်းတွေကို ဖတ်ပြီးပြီ။ ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးချင်တယ်.. ငါ့ဆီမှာ လက်အောက်ခံမလား ဒါမှမဟုတ် သေမလား”
“ဗျာ...”
ကျန်းရီ၏ မျက်နှာထား တင်းမာသွား၏။ ချီလင်းဧကရီက သူ့အားခေါ်ခြင်းမှာ သူ့ကို သူမထံတွင် လက်အောက်ခံခိုင်းဖို့ ဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့။ ထို့ပြင် သူမက သူ့ကို မျိုးနွယ်ဝင်တစ်ယောက်အဖြစ် သိမ်းသွင်းလိုခြင်း ဟုတ်ပုံမပေါ်ဘဲ သူမ၏ကျွန်တစ်ယောက်အဖြစ် လိုချင်နေသည့်ပုံ ပေါ်ပေသည်။