← Chapters

သူ့ကို သူမနှင့် အတူအိပ်အောင် ဖိအားပေးရမည်လော

Vol. 120 Ch. 1667

သူ့ကို သူမနှင့် အတူအိပ်အောင် ဖိအားပေးရမည်လော

Vol. 120 Ch. 1667

ချီလင်းဧကရီက လောကထဲရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် ကပ်လောက၏ အရှင်လေးပါးထဲမှ တစ်ပါးလည်းဖြစ်သည်။

ချီလင်းဧကရီသည် ကျန်းရီကို သူမထံတွင် လက်အောက်ခံစေလိုသည်လော။

ကျန်းရီနေရာတွင် အခြားသူများသာ ဖြစ်ပါက ချီလင်းဧကရီကို ဒူးထောက်၍ အရိုအသေပေးပြီသည်မှာ ကြာလောက်ပေပြီ။ ချီလင်းဧကရီ၏ မျက်နှာသာပေးမှုကို ခံရခြင်းမှာ ကံကောင်းခြင်းပင် မဟုတ်လော။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ချီလင်းဧကရီကို ကိုယ်တိုင်တွေ့ဆုံခွင့်ပင် ရနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့ သူမရှေ့မှောက်တွင် သစ္စာခံရန်မှာ ပို၍ပင် ခက်ပေလိမ့်မည်။

ကျန်းရီ မျက်နှာပျက်လာသည်။

အကယ်၍ ချီလင်းဧကရီက သူ့ကို ကောင်းကောင်းမွန်မွန်ပြော၍ သိမ်သွင်းရန် ကြိုးစားခဲ့ပါက ကျန်းရီ သူမထံတွင် လက်‌အောက်ခံရန် စဉ်းစားမိပေလိမ့်မည်။ ချီလင်းဧကရီနှင့် တစ်ဘက်တည်းတွင် ဆိုလျှင် သူ့၌ မှီခိုစရာ ရှိလာမည် မဟုတ်လော။ ချီလင်းဧကရီကိုသာ ကျောက်ထောက်နောက်ခံအဖြစ် ရလိုက်မည်ဆိုလျှင် သူ ကောင်းကင်ဘုံတွင်ရော အထက်ဘုံတွင်ပါ မည်သည်ကိုမှ စိုးရိမ်ရန်လိုတော့မည် မဟုတ်ပေ။ မည်သူကမှ သူ့ကို ထပ်မံရန်စဝံ့လိမ့်မည် မဟုတ်ဘဲ သူအလိုအရှိသကဲ့သို့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မည်ဖြစ်သည်။

သို့သော်...

ချီလင်းဧကရီ၏ လေသံက ကျန်းရီ၏ မခံချင်စိတ်ကို စွပေးသလို ဖြစ်သွားသည်။ အညံ့ခံမည်လော၊ သေမည်လော။ ယင်းမှာ မိမိ အနိုင်ယူပြီးသူကိုသာ ပြောရသော စကားဖြစ်သည်။ ကြည့်ရသည်မှာ ချီလင်းဧကရီက ကျန်းရီကို သူမရှေ့တွင် ဦးညွှတ်လာအောင် ဖိအားပေးလိုနေပုံပင်။

ကျန်းရီသည်လည်း ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြု၍ လူအနည်းငယ်ကို သူ၏ဝိညာဉ်ကျွန် ဖြစ်စေခဲ့ဖူးသည်။ စွမ်းအားကြီး သိုင်းသမားတိုင်းက သူ့ကဲ့သို့ မာနရှိသူများပင်။ ထို့ပြင် သူက သူသိသော လူအများစုထက် ပို၍ ခေါင်းမာသည်။ သို့ဖြစ်ရာ သူ မျက်နှာပျက်လာခြင်းမှာ မထူးဆန်းပေ။

ကျန်းရီသည် ရင်ထဲတွင် သူ့၌ ရွေးချယ်စရာ ရှိ၊ မရှိကို မတွေးချေ။ သို့သော် အဘယ်ကြောင့် ချီလင်းဧကရီက သူ့အပေါ် ထိုသို့ဆက်ဆံနေရသနည်းဟုတော့ တွေးနေသည်။ ချီလင်းဧကရီအနေဖြင့် သူ့အကြောင်းကို သိနိုင်ရန် အလွန်လွယ်ကူသည်။ သူမ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ကျန်းရီ၏အတိတ်ကို အသေးစိတ် သိနိုင်သည်။

ချီလင်းဧကရီက ပါရမီရှင်ကို မျက်နှာသာပေးနေခြင်းလော။ သို့သော် သူမ၏ လုပ်ပုံမှာ မိမိက ပါရမီရှင်များကို မည်မျှ တန်ဖိုးထားကြောင်း ပြသသည့် နည်းလမ်းမျိုး မဟုတ်ပေ။ ချီလင်းဧကရီထံတွင် ကျန်းရီကဲ့သို့သော လက်အောက်ငယ်သားများ မရှားလောက်ပေ။ သို့ဖြစ်ရာ ချီလင်းဧကရီက ကျန်းရီကို ထိုသို့ဆက်ဆံရသည့် အခြားအကြောင်းအရင်းမှာ အဘယ်နည်း။

ချီလင်းဧကရီ ကျန်းရီကို ထိုသို့ဆက်ဆံနေခြင်းမှာ မီးနဂါးဓားနှင့် ၎င်းဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုကြောင့်လော။ မီးနဂါးဓားက အမှန်ပင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက် ဖြစ်နေသည်လော။ ထို့ကြောင့် သူမက ကျန်းရီကို သူမ၏ ဝိညာဉ်ကျွန်လုပ်ရန် ဖိအားပေးနေခြင်းလော။ ထိုနည်းနှင့်ဆိုလျှင် သူမက မီးနဂါးဓားကို ရနိုင်လိမ့်မည်ဟု ထင်၍လော။ ထိုနည်းနှင့်မှ အမည်မဲ့ကျင့်စဉ် ရနိုင်လိမ့်မည်ဟု သူမ ထင်သည်လော။

အတော်ကြာအောင် တွေးပြီးသည်အထိ ကျန်းရီ နားမလည်နိုင်သေးပေ။ သူ အကြည့်လွှဲကာ ဦးညွှတ်၍ ပြောလိုက်သည်။

“ချီလင်းဧကရီ.. ကျွန်တော့်ရဲ့ ရွေးချယ်မှုက... ဒုတိယတစ်ခုပါ။ ချီလင်းဧကရီ... ကျွန်တော့်ကို သတ်လိုက်ပါ”

“အဲ့လိုဆိုလည်း ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ချီလင်းဧကရီ၏ အသံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး ရေထဲတွင် ထပ်မံ၍ ဂယက်ထသွားစေ၏။ ထို့နောက် ရေပန်းကြီးတစ်ခု ပန်းထွက်လာပြီး ‌ရေပန်းက ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ငှက်ကြီးမှာ အရွယ်ကြီးလှသည်ဟု မဆိုနိုင်သော်လည်း ၎င်း၏အရှိန်အဝါမှာ သက်တမ်းနှစ်တစ်ထောင်ရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်၏ အရှိန်အဝါနှင့်ပင် ယှဉ်နိုင်သည်။ ထို့ပြင် ၎င်းသည် အလွန်ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းပေသည်။

ငှက်ကြီးဖြစ်ပေါ်လာပြီးနောက် ကျန်းရီသည် ဖိအားကို ခံစားလိုက်ရ၍ ရုတ်ခြည်း ဒူးထောက်ကျသွား၏။ ငှက်ကြီးက အော်လိုက်ပြီး အနီးသို့ ချဉ်းကပ်လာသောအခါ ကျန်းရီတစ်ယောက် သူ့ကိုယ်ထဲရှိ အရိုးအားလုံး ကျိုးသွားတော့မလို ခံစားလိုက်ရသည်။ သူ့ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားသည်။ သူ့ကိုယ်ပေါ်တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ၎င်းရတနာက လုံးဝအသုံးမဝင်သကဲ့သို့ပင်။

‘ကြောက်စရာပဲ...’

ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများနှင့် ကြောက်မက်ဖွယ် သစ်ကိုင်းပစ်ချက်ကို တွေ့ဖူးသော်လည်း ဤတစ်ကြိမ်တွင်မှ အမှန်တကယ် ရင်ထဲအသည်းထဲမှနေ၍ တုန်လှုပ်ကြောက်ရွံ့သွားမိသည်။ သူ့အတွေးက လုံးဝဗလာဖြစ်သွားသည်။ သူ မျက်လုံးမှိတ်ကာ သေရမည်ကိုသာ စောင့်နေလိုက်တော့သည်။

ဝှစ်...

ရေမှ ဖြစ်တည်လာသော ငှက်ကြီးက ကျန်းရီထံသို့ ဦးတည်လာနေ၏။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကလည်း ကျန်းရီကို မြေပြင်တွင် ပြားဝပ်နေအောင် ဖိနှိပ်ထားသည်။ ငှက်ကြီးမှာ အလွန်လျင်မြန်ရာ တစ်စက္ကန့်အတွင်းမှာပင် သူ့အား ဝင်တိုက်သွားသည်။ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှင်းလင်းသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါမှာ သေခြင်းတရား၏အရှိန်အဝါပင်။

သို့သော် ကျန်းရီသည် မသေသေးခင် စက္ကန့်ပိုင်းလေးတွင် အံကြိတ်ကာ ခါးမတ်မတ်ထားလိုက်ပြီး အသံတစ်ချက် မပြုမိအောင် မာန်တင်းလိုက်သည်။ သူသည် အသနားခံမည် မဟုတ်သလို ချီလင်းဧကရာဇ်ထံတွင်လည်း လက်အောက်ခံမည် မဟုတ်ပေ။

ဝုန်း...

ငှက်ကြီးသည် ကျန်းရီကို ပြင်းထန်စွာ ဝင်တိုက်သွားရာ ကျန်းရီတစ်ယောက် သူ့ကိုယ်ထဲရှိ အရိုးအားလုံး အစိတ်စိတ်အပိုင်းပိုင်း ကျိုးကြေသွားပြီဟု ခံစားလိုက်ရ၏။ သူ့ဦးခေါင်းခွံမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်လည်း စတင် ပြိုပျက်လာသည်။ တစ်ကိုယ်လုံး အလွန်နာကျင်ခံစားနေရရာ သူ အော်လိုလျှင်ပင် အော်နိုင်လိမ့်မည် မဟုတ်ချေ။ တဖြည်းဖြည်းဖြင့် သူ့မြင်ကွင်းက မည်းမှောင်လာသည်။ မကြာခင်တွင် သူ မြေပြင်ပေါ်၌ မလှုပ်မယှက် လဲကျသွားလေတော့သည်။

ဗြန်း...

ငှက်ကြီး ပြိုကွဲသွားပြီး ရေစက်ရေပေါက်များက ကျန်းရီကို စိုရွှဲသွားစေ၏။

ထို့နောက် ဆန်းကြယ်သော အရာတစ်ခု ဖြစ်ပျက်လာသည်။ ရေစက်များသည် ကျန်းရီ၏ ကိုယ်ပေါ်ရှိ ကောင်းကင်လေပြေချပ်ဝတ်အတွင်းသို့ စိမ့်ဝင်သွားပြီး ၎င်းနောက် ကျန်းရီ၏ကိုယ်ထဲ ဝင်သွားကြသည်။ ကျန်းရီ၏ကိုယ်ပေါ်မှ ဒဏ်ရာများက မြင်သာသောနှုန်းဖြင့် စတင်ပြန်ကောင်းလာသည်။ သူ၏ ပြိုပျက်နေသော စိတ်ဝိညာဉ်မှာလည်း အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။ ထို့ပြင် သူ့ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က စက္ကန့်နှင့်အမျှ ပိုသန်မာလာသည်။ အနည်းဆုံး သူ ဒဏ်ရာမရခင်ကထက် နှစ်ဆယောက် ပိုသန်မာလာပေသည်။

ကျန်းရီသည် သတိလစ်နေသဖြင့် ဖြစ်ပျက်နေသည်များကို မသိပေ။ ချီလင်းဧကရီလည်း မည်သို့မှ ထပ်မလုပ်တော့။ သူမသည် ကျန်းရီ သတိပြန်လည်လာသည်အထိ လေးနာရီကြာ စောင့်နေလိုက်သည်။

“သက်တောင့်သက်သာ ရှိလိုက်တာ...”

ကျန်းရီ သတိပြန်လာလျှင်လာချင်း ခံစားလိုက်ရသည်မှာ သူ့တစ်ကိုယ်လုံးက သက်တောင့်သက်သာ ရှိနေခြင်းပင်။ ထိုခံစားချက်မှာ အေးစက်သော ဆောင်းနေ့တစ်ရက်တွင် နေခြည်နွေးနွေးလေးအောက်၌ လှဲလျောင်းနေရသည့် ခံစားချက်လိုမျိုးပင်။ သူ အိပ်မက်မက်နေခြင်းဟု ထင်မိလိုက်၏။ ထို့ကြောင့် သူ အကြိမ်အနည်းငယ် မျက်တောင်ပုတ်ခတ်ကာ ပြန်အိပ်ရန် လုပ်လိုက်သည်။

“ဟာ...”

ခေတ္တနေမှ ကျန်းရီ ဆတ်ခနဲ မျက်လုံးပြန်ဖွင့်လိုက်၏။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုလည်း အာရုံခံလိုက်သည်။ သူသည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ မျက်နှာဖြူဖျော့သွား၏။ ထို့နောက် သူ ထခုန်ရပ်ကာ ရေကန်ကိုကြည့်၍ အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်လေသည်။

“ဒါ...ဒါက...”

“ဂုဏ်ပြုပါတယ်”

ရေကန်ထဲတွင် မည်သည့် ဂယက်မှ မရှိတော့ပေ။ သို့သော် ကျန်းရီ၏ နားထဲသို့ ချီလင်းဧကရီ၏အသံ ရောက်ရှိလာသည်။

“ကျန်းရီ... မင်း ငါ့ရဲ့ စမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လိုက်ပြီ။ အခုစကပြီး မင်း နုန်ယင်းကို ပိုးပန်းခွင့်ရပြီ။ သူ့နှလုံးသားကို ရနိုင်၊ မရနိုင်ကတော့ မင်းရဲ့အစွမ်းအစအပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့... မင်းရဲ့ ‌အောင်မြင်နိုင်ခြေက အတော်လေး မြင့်ပါတယ်...”

“ကောင်းကင်ဘုံမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိကြတယ်။ ချောမောခံ့ညားတဲ့ ယောက်ျားတွေဆိုတာလည်း ပင်လယ်ထဲက ငါးတွေလိုပဲ ရေတွက်လို့ မကုန်နိုင်ဘူး။ ဒါပေမဲ့ မင်းက သူ ငါရဲ့ချီလင်းဧကရီမြို့ကို ခေါ်လာဖူးတဲ့ ပထမဆုံး ယောက်ျားတစ်ယောက်ပဲ။ အဲ့ဒါက သူ မင်းကို သဘောကျနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဗျာ...”

ကျန်းရီ အံ့အားသင့်သွား၏။ သူသည် အစောမှ အဖြစ်ကို စမ်းသပ်ချက်တစ်ခုဟု မထင်ခဲ့ပေ။ ထို့ပြင် ယင်းစမ်းသပ်ချက်က ဟယ်နုန်ယင်း၏ ကြင်ရာတော်ကိုရွေးရန် စမ်းသပ်ချက် ဖြစ်နေသည်။ ကျန်းရီ မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာရယ်လိုက်မိ၏။ ထိုချီလင်းဧကရီက အလွန်ရူးသွပ်နေပေသည်။ သူမသည် သူ၏သေခြင်း၊ ရှင်ခြင်းကို အသုံးပြု၍ စမ်းသပ်ခဲ့သည်လော။ အစောတွက် သူက အမှန်တကယ် သေသွားပြီဟုပင် သူ ထင်ခဲ့မိပေသည်။

ကျန်းရီထံတွင် ဟယ်နုန်ယင်းကို ပိုးပန်းလိုစိတ် မရှိပေ။ သူမကလည်း သူ့အပေါ် မည်သည့်စိတ်မှ ရှိလိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။ ချီလင်းဧကရီက နားလည်မှုလွဲနေခြင်းပင်။ ဟယ်နုန်ယင်းက သူ့ကို အိမ်ခေါ်လာခြင်းမှာ သူ့အား သဘောကျနေ၍ဖြစ်ရမည် ချီလင်းဧကရီက တွေးခြင်းဖြစ်မည်။ ထို့ကြောင့်လည်း ချီလင်းဧကရီသည် ကျန်းရီကို ကိုယ်တိုင်စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေမည်။

အစောတွင် ကျန်းရီသည် ချီလင်းဧကရီက သူ၏မီးနဂါးဓားကို လုယူလိုခြင်းဖြစ်ရမည်ဟု ထင်မိခဲ့၏။ ယခုတွင်မူ ကျန်းရီ စိတ်ဆိုးရခက်၊ ဒေါသဖြစ်ရခက် ဖြစ်နေသည်။ ချီလင်းဧကရီက သူ့ကို တစ်ကြိမ် ‘သေစေ’ခဲ့သော်လည်း သူ့အား ဆုလာဘ်လည်း ချီးမြှင့်ခဲ့သည် မဟုတ်ပါလား။ အချိန်တိုလေးအတွင်းမှာပင် သူ့ခန္ဓာကိုယ်က ယခင်ကထက် နှစ်ဆလောက် ပိုသန်မာသွားပြီဖြစ်သည်။ ချီလင်းဧကရီက ယင်းကို မည်သို့လုပ်ခဲ့ကြောင်းကိုပင် သူ မသိပေ။

ကျန်းရီ သတ္တိမွေးကာ လက်ဆုပ်၍ ပြောလိုက်သည်။

“ချီလင်းဧကရီ... တခြားကိစ္စမရှိတော့ရင် ကျွန်တော် သွားပါတော့မယ်”

“ဟင်းဟင်း...”

ကျန်းရီက အာဂပင်။ သို့သော် ချီလင်းဧကရီသည် စိတ်မဆိုးသည့်အပြင် ရယ်ပင်ရယ်လိုက်၏။

“အခု လေးနက်တဲ့ကိစ္စတစ်ခုကို ပြောကြတာပေါ့။ ကျန်းရီ.. ချင်လင်းက သူ ဘယ်တော့ ကောင်းကင်ဘုံကို ပြန်လာမယ်လို့ မင်းကို ပြောလဲ”

“ချင်လင်း...”

ကျန်းရီ ခေါင်းရှုပ်သွား၏။

“ချင်လင်းက ဘယ်သူပါလဲ”

“ဘယ်သူဖြစ်နိုင်သေးလို့လဲ...”

ချီလင်းဧကရီက ရှင်းပြသည်။

“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ နှစ်ထောင်နဲ့ချီပြီး ရှိနေခဲ့တဲ့ ဟိုနတ်ဘုရားသစ်ပင်အိုကြီးပေါ့”

“နတ်ဘုရားသစ်ပင်လား...”

ကျန်းရီ ရုတ်တရက် သဘောပေါက်သွားသည်။ သူမ၏ အမည်က ချင်လင်းလော။ ချီလင်းဧကရီက သူမ၏ဖြစ်တည်မှုကို သိသည်လော။ သို့သော် သေချာတွေးကြည့်လျှင်မူ ဤလောကထဲ၌ ဧကရာဇ်အဆင့် သိုင်းသမား အနည်းငယ်သာရှိရာ ချီလင်းဧကရီက သူမအကြောင်းကို သိနေခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

ကျန်းရီ လက်ဆုပ်ကာ ပြောလိုက်သည်။

“ချီလင်းဧကရီကို တင်ပြပါတယ်... ကျွန်တော်က အဲ့နတ်ဘုရားသစ်ပင်အောက်မှာ အ‌တော်ကြာကြာ နေခဲ့ပေမဲ့ အဲ့အရှင်မက ကျွန်တော့်ကို ဘာစကားမှ မပြောခဲ့ပါဘူး။ နောက်တော့ သူက ကျွန်တော့်ကို နှစ်ကြိမ် ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို ကျေးဇူးတင်ရအောင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို ပြန်သွားတော့ သူက မရှိတော့ပါဘူး။ အခု သူ အဲ့မှာ ရှိနေတုန်းပဲလား၊ မရှိတော့ဘူးလားဆိုတာကို ကျွန်တော် မသိပါဘူး”

“သူ အဲ့မှာ ရှိနေလိမ့်ဦးမယ်။ ဟင်းဟင်း... သူက တမလွန်ဘုံဧကရာဇ်ကို သိပ်ကြောက်နေတာလေ။ သူ ကောင်းကင်ဘုံကို ပြန်လာရဲတော့မှာ မဟုတ်ပါဘူး”

ချီလင်းဧကရီ၏ လေသံက အေးစက်လာသည်။

“မင်း အဲ့ကို ပြန်‌ရောက်လို့ရှိရင် ငါ့ကိုယ်စား သူ့ကိုရှာပြီး ပြောလိုက်စမ်းပါ... ငှက်သိုက်ပျက်သွားရင် ဘယ်ငှက်ဥမှ အကောင်းအတိုင်း ကျန်နေမှာ မဟုတ်ဘူးလို့။ ပြီးတော့ သူ့ကို ပြန်လာဖို့လည်း ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချီလင်းဧကရီက သူ့ထံ ထပ်မံ၍ အသံပို့လွှတ်လိုက်သည်။

“မင်းလမ်း မင်းသွားတော့။ ငါ မင်းကို နောက်ဆုံးအကြံတစ်ခု ပေးလိုက်မယ်။ မင်း နုန်ယင်းရဲ့ နှလုံးသားကို ရချင်ရင် ချီလင်းဒေသထဲမှာ ဆက်မနေသင့်ဘူး။ စစ်တပ်တစ်ခုထဲ ဝင်ပြီး တမလွန်ဘုံစစ်တပ်နဲ့ တိုက်ခိုက်ပါ။ မင်း အဲ့စစ်တပ်ရဲ့ မဟာစစ်သူကြီးတစ်ယောက် ဖြစ်လာရင် နုန်ယင်းက သေချာပေါက် မင်းအပေါ် ကျလာလိမ့်မယ်။ ဒါပေမဲ့... မင်း ရှင်သန်နိုင်ဖို့တော့ လိုတာပေါ့လေ။ မင် တောက်မျိုးနွယ်ကိုတောင် မကိုင်တွယ်နိုင်ရင် ငါ့ရဲ့ နုန်ယင်းလေးနဲ့ လက်ထပ်ဖို့ မထိုက်တန်ဘူး”

“ကျန်းရီ မှတ်သားထားပါမယ်”

ကျန်းရီ စိတ်ထဲမှ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ အဝေးသို့ တည်နေရာပြောင်းရွှေ့သွားလိုက်လေသည်။

ချီလင်းဧကရီက ကောင်းကင်ဘုံ၏ အရှင်တစ်ပါးဟု ကျန်းရီ မခံစားရပေ။ သူမက မိမိ၏ မွေးစားမြေးမလေး လက်မထပ်နိုင်မည်ကို ပူပန်နေသည့် အဘွားတစ်ယောက်ကဲ့သို့သာ။ ထို့ပြင် သူမသည် ဟယ်နုန်ယင်းကို လင်ပေးစားရန် အတော်လေးလည်း အသည်းအသန် ဖြစ်နေပုံပင်။

ရွှီး...

ကျန်းရီ တည်နေရာပြောင်းရွှေ့သွားပြီးနောက် ရေကန်ထဲတွင် ဂယက်များ ထပ်မံဖြစ်ပေါ်လာ၏။ ချီလင်းဧကရီ၏ လှပသော မျက်နှာလည်း ထပ်မံဖြစ်တည်လာသည်။ သူမသည် တည်နေရာပြောင်းရွှေ့အစီအရင်ဘက်ကို ကြည့်က သက်ပြင်းချ၍ ရေရွတ်လိုက်၏။

“ဒီကျန်းရီက တကယ်ကို မဆိုးဘူး။ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က ကျင့်ကြံခြင်းအဆင့် တော်တော်နိမ့်နေတာပဲ။ နုန်ယင်းက ကြင်နာတတ်လွန်းတယ်။ သူ သင့်တော်တဲ့ယောက်ျားတစ်ယောက်ကို မြန်မြန်ရှာမတွေ့ရင် သေချာပေါက် ပေါက်ကွဲပြီး သေရလိမ့်မယ်။ ငါ ကျန်းရီကို သူနဲ့ အတူအိပ်အောင် ဖိအားပေးရမလား”

All Chapters