← Chapters

သူက ဘယ်သူလဲ

Vol. 120 Ch. 1668

သူက ဘယ်သူလဲ

Vol. 120 Ch. 1668

ကျန်းရီ ရဲတိုက်သို့ ပြန်လာ၏။ သူ အတန်ကြာ တွေးတောပြီးနောက် ချီလင်းဧကရီ၏ လုပ်ရပ်များက သူမ၏ အဆင့်အတန်း၊ ဂုဏ်ပုဒ်များနှင့် မကိုက်ညီကြောင်း ခံစားနေရ၏။

ချီလင်းဧကရီက ဟယ်နုန်ယင်းကို အလွန်ချစ်ခင်သည်။ ကောင်းကင်ဘုံတွင် ဟယ်နုန်ယင်း၏ အဆင့်အတန်းက သေချာပေါက် အမြင့်ဆုံးထဲတွင် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ထိုကဲ့သို့ ဂုဏ်သရေရှိ မိန်းမလှတစ်ယောက်အတွက် သင့်တော်သူကို ရှာမတွေ့နိုင်ရသနည်း။

ကျန်းရီက ဟယ်နုန်ယင်း ချီလင်းမြို့သို့ ခေါ်လာသည့် ပထမဆုံးယောက်ျား ဖြစ်နေစေကာမူ ချီလင်းဧကရီကိုယ်တိုင် သူ့ကိုခေါ်၍ မစမ်းသပ်သင့်သည် မဟုတ်လော။ သူ၏ အကျင့်စရိုက်ကို စမ်းသပ်လိုလျှင် အခြားသူများကို တာဝန်ပေးလိုက်နိုင်သည်။ သို့သော် အဘယ်ကြောင့် ချီလင်းဧကရီကိုယ်တိုင် စမ်းသပ်ရသနည်း။

ကျန်းရီသည် ထိုအကြောင်းများကို ဆက်တွေးရင် ထွက်သွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူ ဤနေရာတွင် နေခဲ့သည်မှာ ခြောက်ရက်ရှိခဲ့ပြီဖြစ်သည်။ ဤမျှကြာခဲ့ပြီဖြစ်၍ ယန်ကိုးပါးမြို့တွင် ပြဿနာများ မရှိနိုင်လောက်တော့ပေ။ ကျန်းရီ ခေတ္တမျှ တွေးတောကာ ဟယ်တကိုရှာ၍ မေးလိုက်သည်။

“ကျွန်တော် ယန်ကိုးပါးမြို့ကို သွားတော့မယ်လို့ ခင်ဗျား သခင်မ‌လေးနုန်ယင်းကို သွားအကြောင်းကြားပေးလို့ရမလား”

ဟယ်တသည် ကျန်းရီကို ဆက်မမေးဝံ့သဖြင့် ဟယ်နုန်ယင်းကို ခပ်သွက်သွက် သွားရှာလိုက်သည်။ တစ်နာရီကြာပြီးနောက် သူ ပြန်ရောက်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သခင်မလေးပြောတာကတော့ သခင်လေး ထွက်သွားချင်ရင် သူ တားမှာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ဖိုခနောက်ကိုးခုမြို့ကို အရင်တည်နေရာပြောင်းရွှေ့ပြီးမှ ယန်ကိုးပါးမြို့ကိုသွားဖို့ နည်းလမ်းရှာတာ ပိုကောင်းလိမ့်မယ်တဲ့။ ပြီးတော့ သူက သခင်လေးကို ယန်ကိုးပါးမြို့ထဲကို မဝင်ဘဲ မြို့ပြင်က ယန်ကိုးပါးတောင်ကြားကို တိုက်ရိုက်သွားပြီး ယန်ကိုးပါးစစ်တပ်ထဲဝင်ဖို့ ပြောလိုက်ပါသေးတယ်။ မြို့ထဲမှာ တောက်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေ ရှိနေနိုင်ပါတယ်တဲ့”

“ကောင်းပြီ...”

ကျန်းရီသည် ချီလင်းမြို့ထဲမှ ထွက်သွားရန် မစောင့်နိုင်တော့ပေ။ ချီလင်းဧကရီက သူ့ကို ဆက်၍ စမ်းသပ်လိုနေသေးလျှင် မည်သို့လုပ်မည်နည်း။ ဟယ်တသည် ကျန်းရီကို အပြင်သို့ ခေါ်သွား၏။ ခေါ်သွားသောနေရာမှာ မြို့ရင်ပြင်မဟုတ်ဘဲ အနောက်ခြံဝန်းထဲရှိ ရဲတိုက်တစ်လုံးဆီသို့ဖြစ်သည်။

ထိုရဲတိုက်တွင် ဘေးခန်းမ ဆယ်ခန်းကျော်ရှိသည်။ ထိုခန်းမတိုင်းတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုစီ ရှိကြသည်။ ဟယ်တသည် ကျန်းရီကို ဘယ်ဘက်မှ ဒုတိယခန်းမထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ခေါ်သွား၏။ ထို့နောက် အမိန့်ပြားတစ်ပြားကို ထုတ်ကာ အစောင့်ကို ကြည့်၍ ပြောလိုက်သည်။

“ဒီတည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးပြီး ဒီသခင်လေးကို ဖိုခနောက်ကိုးခုမြို့ဆီ တည်နေရာပြောင်းရွှေ့ပေးလိုက်ပါ”

ဟယ်တသည် ကျန်းရီအား သိုလှောင်လက်စွပ်တစ်ကွင်း ပေး၍လည်း ပြောလိုက်၏။

“သခင်လေးကျန်း... ဒီထဲမှာ ယန်ကိုးပါးဒေသရဲ့ အချက်အလက်တွေနဲ့ မြေပုံ ပါပါတယ်။ သခင်မလေးက ပေးခိုင်းလိုက်တာပါ”

ကျန်းရီသည် လက်စွပ်ကို ယူလိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ လက်ဆုပ်၍ ပြောလိုက်သည်။

“သခင်မလေးနုန်ယင်းကို ကျွန်တော် နှုတ်ဆက်တယ်လို့ ပြောပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်”

ရွှီး...

တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး ကျန်းရီ အစီအရင်ထဲမှ ပျောက်ကွယ်သွားသည်။ တစ်ခဏနေပြီးနောက် ကျောက်စိမ်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်က ခန်းမထဲသို့ ဝင်လာ၏။ ထိုမိန်းမပျိုမှာ ဟယ်နုန်ယင်းပင်။

ဟယ်နုန်ယင်းသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။

“ယန်ကိုးပါးစစ်တပ်က ကောင်းကင်ဘုံရဲ့ အင်အားအကြီးဆုံး စစ်တပ်ပဲ။ ဒါပေမဲ့... သေနှုန်းအမြင့်ဆုံး စစ်တပ်လည်း ဖြစ်တယ်။ ကျန်းရီ.. ရှင်က တီကောင်လား၊ နဂါးလားဆိုတာ ယန်ကိုးပါးစစ်တပ်ထဲရောက်သွားရင် သိရမှာပဲ၊ ရှင် ရှင်သန်နိုင်မယ်ဆိုရင်ပေါ့လေ”

ဒေါ်လေးရွှမ်သည်လည်း ခန်းမထဲဝင်လာကာ ဟယ်နုန်ယင်းကို စိုးရိမ်တကြီး ကြည့်လိုက်၏။ ထို့နောက် အသံပို့လွှတ်လိုက်သည်။

“သခင်မလေး... ဒီလိုဖြစ်လို့ မရဘူးလေ။ အခုမှ သင့်တော်တဲ့သူတစ်ယောက်ကို ရှာတွေ့တာ.. သခင်မလေးကို သူ့ကို ဒီအတိုင်း ထွက်သွားခွင့်ပေးလိုက်တာလား။ သခင်မလေးက တခြားသူတွေကိုလည်း လက်ခံချင်တာ မဟုတ်ဘူး။ ဒီအတိုင်း ဆက်သွားရင် သခင်မလေးရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က အနှေးနဲ့အမြန်ဆိုသလို ပေါက်ကွဲသွားလိမ့်မယ်...”

“ဟင်းဟင်း...”

ဟယ်နုန်ယင်း ပြုံးကာ ခေါင်းခါ၍ သူမဘာသာ ရေရွတ်လိုက်၏။

“ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကျွန်မချစ်တဲ့သူပဲ ရနိုင်မယ်။ ဒါပေမဲ့ ကျွန်မချစ်တဲ့သူကို ကျွန်မက ဘယ်လိုလုပ် ထိခိုက်ခံနိုင်မှာလဲ။ ဒါက ကျွန်မဘဝပဲ။ ကျွန်မမွေးကတည်းက ဒီကံကြမ္မာပါလာခဲ့တာ။ အဲ့ဒါကို ပြင်လို့မရဘူး”

***

အကယ်၍ လုံဒေသမှနေ၍ ချီလင်းမြို့သို့ တည်နေရာပြောင်းရွှေ့ခဲ့ရသော ခရီးက ကျန်းရီ တည်နေရာပြောင်းရွှေ့ဖူးသမျှထဲတွင် အဝေးဆုံးခရီးဟု ဆိုခဲ့လျှင် ယခု ချီလင်းမြို့မှနေ၍ ဖိုခနောက်ကိုးခုမြို့သို့ တည်နေရာပြောင်းရွှေ့ရသော ခရီးက အထက်ဖော်ပြပါခရီး၏ တစ်ဝက်လောက် ကြာပေသည်။ ခြေထောက်နှင့် အောက်ခြေအမာတို့ ပြန်ထိသွားသည့်အခိုက်တွင် ကျန်းရီ တစ်ကိုယ်လုံး အားနည်းကာ လဲကျသွားသည်။ သူ မူးဝေနေပြီး တင်ပျဉ်ခွေပင် မထိုင်နိုင်ဖြစ်နေသည်။

ဟောဟဲ...

ကျန်းရီ မောပန်းနေပြီး ခေါင်းချာချာလည်နေသည်။ သူ အန်မိမလိုပင် ဖြစ်နေသည်။ ဆယ့်ငါးမိနစ်ကြာမှ သူ မျက်လုံးများ ပြန်ဖွင့်နိုင်သည်။ သို့သော် မျက်လုံးများ ဖွင့်လိုက်သည်နှင့် သူ လည်ပင်းမှကိုက်ကာ ဘေးသို့ လွှင့်ပစ်ခံလိုက်ရ၏။ သူ မြေပြင်ပေါ်တွင် အပတ်အနည်းငယ် လိမ့်သွားပေသည်။

ကျန်းရီ လှမ်းကြည့်လိုက်ရာ သူ့ကို လွှင့်ပစ်လိုက်သူက တပ်သားတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။ သူ ထိုတပ်သားကို ပြန်မတုံ့ပြန်နိုင်သေးဘဲ တင်ပျဉ်ခွေထထိုင်ကာ တရားထိုင်လိုက်ရသည်။ နောက်ထပ်ဆယ့်ငါးမိနစ်ကြာမှ သူ အမူးပျောက်လာပြီး ကောင်းကင်စိတ်အာရုံထုတ်လွှတ်လိုက်နိုင်လေသည်။

ကျန်းရီသည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် သူ ယန်ကိုးပါးမြို့သို့ တိုက်ရိုက် တည်နေရာမပြောင်း‌ရွှေ့ခဲ့မိသည်ကို ဝမ်းသာသွားသည်။ သူက ဧရာမမြို့ကြီးတစ်မြို့၏ မြို့ရင်ပြင်ထဲသို့ ရောက်နေခြင်းပင်။ နေရာအနှံ့တွင် လူများရှိနေပြီး တပ်သားများလည်း အနည်းဆုံး အယောက်တစ်သောင်းလောက်ရှိနေသည်။ မြို့ရင်ပြင်ထဲတွင် တင်ပျဉ်ခွေထိုင်နေကြသော သိုင်းသမားများစွာလည်း ရှိသည်။ ပုံစံဆန်းသော စစ်ရထားလုံးအမျိုးမျိုးကလည်း ဝင်လိုက်ထွက်လိုက်နှင့် ရှိနေကြသည်။ ထို့ကြောင့် အလွန်စည်းကားသည်ဟု ဆိုနိုင်ပေသည်။

ခန့်မှန်ရန် မလိုဘဲနှင့်ပင် ဤမြို့ရင်ပြင်ထဲ၌ ယန်ကိုးပါးဒေသရှိ မျိုးနွယ်အသီးသီးမှ ထောက်လှမ်းရေးများ သေချာပေါက် ရှိလိမ့်မည်ကို ကျန်းရီ သိပေသည်။ တစ်ယောက်ယောက်က သူ့ကို မှတ်မိသွားမည်လောဟု သူ စိုးရိမ်မိသည်။ ယခုတွင် သူ့မျက်နှာပေါ်မှ အမာရွတ်များက ပျောက်သွားပေပြီ။ သို့သော် အနီမှတ်များ ကျန်နေသေးသည်။ သူသည် ဆံပင်ကိုလည်း ဖြန့်ချထားသည်။ ထို့ကြောင့် လက်ရှိသူ၏ပုံစံက ယခင်မှပုံစံနှင့် အတော်လေး ကွဲပြားနေပေသည်။ ထို့ပြင် သူသည် ထိပ်တန်းအဆင့် စစ်ချပ်ဝတ်နှင့် လက်အိတ်တို့ကို ဝတ်ဆင်ထားသည်။ သူ့ကို ကိုယ်တိုင်မမြင်ဖူးသူ၊ သူ၏စိတ်ဝိညာဉ်ကို အာရုံမခံခဲ့ဖူးသူများသည် သူက ကျန်းရီဖြစ်ကြောင်း အလွယ်တကူ မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် အကယ်၍ ကျန်းရီသာ ယန်ကိုးပါးမြို့သို့ တိုက်ရိုက်တည်နေရာပြောင်းရွှေ့လိုက်လျှင်မူ ထိုမြို့ထဲရောက်နေသော တောက်မျိုးနွယ် ခြင်္သေ့နဂါးတပ်မှ စွမ်းအားကြီး သိုင်းသမားများက သူ့ကို သေချာပေါက် မှတ်မိသွားနိုင်ပေသည်။ မြို့ထဲတွင် တိုက်ခိုက်ခွင့်မရှိသော်လည်း တောက်မျိုးနွယ်ဝင်များက ကျန်းရီကို သူလျှိုတစ်ယောက်ဟု စွပ်စွဲနိုင်သည်။ ထိုအခါ ယန်ကိုးပါးစစ်တပ်က သူ့ကို ဖမ်းပေလိမ့်မည်။ ဖမ်းပြီးနောက်တွင်မူ သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်ပြီဖြစ်သည်။

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ပတ်ဝန်းကျင်ကို အာရုံခံနေ၏။ အတန်ကြာမှ သူ စိတ်အေးသွားသည်။ မည်သည့်ကောင်းကင်စိတ်အာရုံကမှ သူ့အ‌ပေါ်တွင် ရှိမနေပေ။ ဖိုခနောက်ကိုးခုမြို့ထဲတွင် တောက်မျိုးနွယ်မှ လူများ ရှိနေပုံမပေါ်ချေ။ မည်သူမှလည်း သူ့ကို သံသယရှိမနေပေ။

‘သွားမယ်...’

မြို့ရင်ပြင်ထဲတွင် ဆက်ထိုင်နေခြင်းက အလွန်အန္တရာယ်များသည်။ ကျန်းရီသည် တည်းခိုခန်းတစ်ခန်းသို့သွား၍ သတင်းအချက်အလက်များ စုဆောင်းပြီးမှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရန် တွေးထားသည်။ သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မြို့ထဲသို့ လျှောက်သွားလိုက်ပြီး စိတ်ဝင်စားဟန်ဖြင့် ကြည့်ရှုနေသလို ဟန်ဆောင်လိုက်သည်။ သူ့အနောက်သို့ လိုက်လာသူများ ရှိ၊ မရှိလည်း သတိထားစူးစမ်းနေသည်။

‘ဒါက ယန်ကိုးပါးစစ်တပ်လား။ အဲ့စစ်တပ်က တကယ်ကို ကွာခြားတာပဲ။ ဒီတပ်သားတွေက တောက်မျိုးနွယ်က တပ်သားတွေထက် အများကြီးပိုပြီး ရှိန်ဖို့ကောင်းတယ်’

ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေသော ယန်ကိုးပါးတပ်သားများကို ဝေ့ဝဲကြည့်လိုက်၏။ ထိုယန်ကိုးပါးတပ်သားများက အနိမ့်ဆုံး နတ်ဘုရားဧကရာဇ်အဆင့်တွင် ရှိကြသည်။ သူတို့အားလုံးသည် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားလျက် အနက်ရောင်လှံရှည်များကို ကိုင်ထားကြကာ ကြည့်မိသူကို ရင်တုန်စေလောက်အောင် ဟိတ်ဟန်အပြည့်နှင့် ရှိနေကြပေသည်။ သူတို့ထံတွင် ထူးခြားသော အရှိန်အဝါတစ်မျိုး ရှိနေသလိုပင်။

‘မကောင်းတဲ့အရှိန်အဝါ’

မကြာခင်မှာပင် ကျန်းရီ ထိုအရှိန်အဝါကို သိသွားသည်။ ထိုယန်ကိုးပါးတပ်သားများသည် မကြာခဏ တိုက်ပွဲဆင်နွှဲရသဖြင့် သူတို့၏ခန္ဓာကိုယ်မှနေ၍ မကောင်းသောအရှိန်အဝါခပ်ရေးရေး ထွက်နေခြင်း ဖြစ်ရမည်။ ထို့‌ကြောင့်လည်း သူတို့ကို ကြည့်မိသူများက ရင်တုန်မိခြင်းဖြစ်မည်။

“အာ...”

မြို့ရင်ပြင်က ကျယ်ဝန်း၏။ ပေတစ်သောင်းကျော် လျှောက်ပြီးနောက်တွင် ကျန်းရီသည် အရှေ့ရှိ ဧရာမကျောက်စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်၏။ ၎င်းစင်မြင့်ပေါ်တွင် ပေတစ်ထောင်မြင့်သော ဧရာမရုပ်တုကြီးတစ်ခု ရှိနေသည်။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံခဲ့စဉ်က ‌ဝေးဝေးသို့ အာရုံမခံခဲ့သဖြင့် ထိုရုပ်တုကြီးကို မတွေ့ခဲ့ခြင်းပင်။

‘သူက ဖိုခနောက်ကိုးခုမြို့အရှင်လား’

ရုပ်တုက ကျန်းရီကို ကျောပေးထားသဖြင့် ကျန်းရီ ရုပ်တု၏မျက်နှာကို မမြင်ရသေးပေ။ သူ ရုပ်တုကို ‌ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံရန် လုပ်လိုက်သောအခါ ရုပ်တုက ရုတ်တရက် လင်းလက် တောက်ပလာ၏။ သူ၏စိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရသွားပြီး သူ လဲကျတုန်ယင်သွားသည်။ ထိုအဖြစ်ကို မြင်လိုက်သော အနီးမှ လူများသည် လှောင်ပြုံးပြုံးလိုက်ကြပြီး တီးတိုးရေရွတ်ကာ သူတို့လမ်းသူတို့ ဆက်သွားလိုက်ကြသည်။

‘ဘယ်လိုတောင် အားကောင်းတဲ့ အကာအရံတွေလဲ။ ဒီရုပ်တုကို ကောင်းကင်စိတ်အာရုံနဲ့ အာရုံခံလို့ မရဘူးပေါ့လေ’

မိနစ်အနည်းငယ်ကြာပြီးမှ ကျန်းရီ ပြန်သက်သာလာသည်။ ဘေးမှ လူများ၏ လှောင်ပြုံးများကြောင့်လည်း သူ ပို၍စိတ်ဝင်စားလာသည်။ ၎င်းက ရုပ်တုတစ်ခုသာဖြစ်သည်။ ယန်ကိုးပါးမြို့အရှင်၏ရုပ်တု ဖြစ်နေလျှင်ပင် ၎င်းကို ကာကွယ်ရန် ထိုမျှစွမ်းအားကြီးတဲ့ အကာအရံများ မလိုသည် မဟုတ်လော။

ကျန်းရီ ထရပ်လိုက်ပြီး ရုပ်တုဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်၏။ မကြာခင်တွင် သူ ရုပ်တုအရှေ့ဘက်သို့ ရောက်သွားကာ ရုပ်တု၏မျက်နှာကို ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူ့စိတ်ဝိညာဉ်သည်လည်း မိုးကြိုးဖြင့် အပစ်ခံလိုက်ရသလို ထပ်မံခံစားလိုက်ရသည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ၊ မယုံနိုင်မှုများနှင့် ပြည့်နှက်သွားပေသည်။

ရုပ်တုက ဓားတစ်ချောင်းကိုင်ထားသော ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်၏ ရုပ်တုပင်။ သို့သော် ရယ်ရသည်မှာ ထိုရုပ်တုတွင် မျက်နှာမရှိခြင်းပင်။ တိတိကျကျဆိုရသော် မျက်နှာက အလွန်ဝေဝါးနေပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်။ မျက်ဝန်းတစ်စုံကိုသာ ရှင်းလင်းစွာ မြင်နိုင်သည်။

ရုပ်တု၏ မျက်ဝန်းများက အဝေးကို ကြည့်နေသည်။ ၎င်းမျက်ဝန်းများထဲတွင် ချစ်ခင်မှု၊ ကြင်နာမှုနှင့် နွေးထွေးမှုတို့ ရှိနေသည်။ ၎င်းက ရုပ်တုတစ်ခုသာဖြစ်သော်လည်း မျက်ဝန်းများမှာမူ အလွန်အသက်ဝင်လှပေသည်။

ရုပ်တုတွင် ထိုမျက်ဝန်းများမှာ အဓိကပင်။ ကျန်းရီ ထိုမျက်ဝန်းတစ်စုံကို ယခင်က မြင်ခဲ့ဖူးသည်။ သူ မြင်ခဲ့ဖူးကြောင်းလည်း အလွန်သေချာသည်။

ထိုရုပ်တုမှာ မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအို၏ ရုပ်တုပင်။ ကျန်းရီသည် ၎င်းမျက်ဝန်းတစ်စုံကို မြင်လိုက်သည်နှင့် ရုပ်တုကို ရင်းနှီးသလို ခံစားခဲ့ရပေသည်။

“အရှင်.. ကျွန်တော် မေးလို့ရမလား...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ဘေးမှ ဖြတ်သွားသည့် နတ်ဘုရားဧကရာဇ် တစ်ယောက်ကို လက်ဆွဲကာ ပြောလိုက်သည်။ ထို့နောက် ရုပ်တုကို လက်ညှိုးညွှန်ကာ တုန်ယင်သောအသံဖြင့် မေးလိုက်၏။

“ဒီအရှင်က ဘယ်သူပါလဲ”

“မင်း မသိဘူးလား”

ထိုနတ်ဘုရားဧကရာဇ်သည် ကျန်းရီအား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်၏။ ထို့နောက် သူ ရုပ်တုကို လေးလေးစားစား ကြည့်ကာ အတန်ငယ်ဦးညွှတ်၍ ပြောလိုက်သည်။

“သူက လူသားမျိုးနွယ်ရဲ့ သူရဲကောင်း၊ ငါတို့အားလုံးထဲက ပါရမီအပါဆုံး လူသားတစ်ယောက်ပဲ။ သမိုင်းတစ်လျှောက်လုံးမှာ သူက စွမ်းအားအကြီးဆုံး ကောင်းကင်ဧကရာဇ်ပဲ... ယန်ကိုးပါးကောင်းကင်ဧကရာဇ်”

ဂျိန်း...

ကျန်းရီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး မြေပြင်ပေါ် လဲကျသွား၏။ သူသည် ရုပ်တုကို မြင်ကတည်းက သံသယဖြစ်နေခဲ့သော်လည်း လက်မခံနိုင်ခဲ့ပေ။ သူက အမှန်ပင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ထံမှနေ၍ ကျင့်စဉ်တစ်ခုကို ရထားသည်။ ထို့ပြင် လူသားမျိုးနွယ်တစ်ခုလုံးကို စုစည်းနိုင်သည့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကိုလည်း သူ ကိုင်ဆောင်ထားပေသည်။

All Chapters