← Chapters

ရုတ်ခြည်း ကြီးပွားခြင်း

Vol. 120 Ch. 1669

ရုတ်ခြည်း ကြီးပွားခြင်း

Vol. 120 Ch. 1669

ဤလောကကြီးကို သုံးထပ်ဘုံကျောင်းတစ်ကျောင်းကဲ့သို့ သုံးပိုင်းခွဲထားကြောင်း ကျန်းရီ ဟယ်နုန်ယင်းထံမှ သိခဲ့ပြီးဖြစ်သည်။ ရုပ်လောကဘုံ၊ ဓာတုဘုံနှင့် အဓိကဘုံကြီး။ ထိုလောကသုံးပါးက ကပ်လောကကို ဖြစ်စေသည်။

ရုပ်လောကဘုံကို မရေမတွက်နိုင်သော ဘုံများ၊ လူများနှင့် ဖွဲ့စည်းထားသည်။ ထိုဘုံများမှာ အဆင့်အနိမ့်ဆုံးဘုံများဖြစ်ပြီး ၎င်းဘုံများတွင် နေထိုင်သည့် သိုင်းသမားများမှာလည်း အလွန်အားနည်းကြသည်။ ကောင်းကင်ဘုံမှ သိုင်းသမားများအတွက် သူတို့က ပုရွက်ဆိတ်များကဲ့သို့ပင်။

ဓာတုဘုံက ခုနစ်ဘုံ ရှိသည်။ ထိုဘုံတစ်ခုချင်းစီတွင်လည်း ဘုံတစ်သောင်းကျော်ရှိသည်။ ထိုဘုံများတွင် စွမ်းအားကြီး သိုင်းသမားများစွာ နေထိုင်ကြသည်။ အဓိကဘုံကြီးမှာမူ ကောင်းကင်ဘုံပင်။ ကောင်းကင်ဘုံသည် ဘုံဆယ်ဘုံသာရှိသော်လည်း ကပ်လောက၏ ထိပ်ဆုံးတွင်ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော စွမ်းအားကြီး သိုင်းသမား အရေအတွက်မှာ အံ့အားသင့်ဖွယ်ပင်။ ထိုသိုင်းသမားများထဲမှ အချို့ဆိုလျှင် ဓာတုဘုံတစ်ဘုံကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။

ကပ်လောကက မည်မျှကြီးမားပြီး စုစုပေါင်း ဘုံမည်မျှရှိကြောင်းကို တွေးတောကြည့်ရန်မှာ မလွယ်ပေ။ သန်းရာကျော်လော၊ ထောင်ကျော်လော။ ထိုဘုံများတွင် စုစုပေါင်း လူသားမည်မျှရှိသနည်း။ ရေတွက်၍ပင် မရနိုင်ပေ။

သို့သော်...

ကပ်လောကတစ်ခုလုံး၊ ဘုံအားလုံး၏ ကောင်းကင်အရှင်မှာ တစ်ပါးတည်းသာဖြစ်သည်။ ထိုကောင်းကင်အရှင်မှာ ဘုံအားလုံး၏အရှင်သခင် ကောင်းကင်ဧကရာဇ်ပင်။

ကောင်းကင်ဘုံရှိ စွမ်းအားကြီး သိုင်းသမား အားလုံးထက် ပိုစွမ်းအားကြီးသူမှသာ ကောင်းကင်ဧကရာဇ်ဖြစ်နိုင်ရန် အဆင့်မီသည်။ ဆိုရလျှင် ကောင်းကင်ဧကရာဇ် အသက်ရှိစဉ်က ကောင်းကင်ဘုံ၌ အခြားဧကရာဇ်များ မရှိခဲ့ပေ။ အင်ပါယာလေးပါးသာ ရှိခဲ့သည်။ ယခုကဲ့သို့ မဟာဧကရာဇ်လေးပါး မဟုတ်ချေ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ် သေဆုံးသွားပြီးနောက်တွင်မူ အင်ပါယာလေးပါးသည် သူတို့ကိုယ်သူတို့ မဟာဧကရာဇ်လေးပါးဟု သုံးနှုန်းခဲ့သည်။ သို့‌သော် သူတို့က မျက်နှာအရေထူ၍ ထိုသို့လုပ်ခဲ့ခြင်း မဟုတ်။ သူတို့သည် ကျင့်ကြံခြင်းတွင် ဧကရာဇ်အဆင့်သို့ ရောက်နေပြီးဖြစ်၍ ဧကရာဇ်ဘွဲ့ခံခြင်းမှာ သင့်လျော်သည်ဟု ဆိုနိုင်ပေသည်။

နောက်ပိုင်းတွင် တောက်လန်ကဲ့သို့သော ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ ထွက်ပေါ်လာသည်။ သို့သော် ကောင်းကင်ဧကရာဇ်သာ အသက်ရှိနေသေးလျှင် ထို ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ် အသက်ရှိခဲ့စဉ်က တမလွန်ဘုံဧကရာဇ်ကိုလည်း တမလွန်ဘုံအင်ပါယာဟုသာ ခေါ်ခဲ့သည်။ အခြားမည်သူကမှ ဧကရာဇ်ဘွဲ့မခံရဲခဲ့ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ယှဉ်နိုင်သူလည်း မရှိခဲ့ချေ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအကြီးဆုံး သိုင်းသမားတစ်ယောက်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သူတစ်ယောက်က သူ၏ဝိညာဉ်အစအနကို ကောင်းကင်ကြယ်တာရာနယ်နမိတ်လေးသို့ ပို့လွှတ်ခဲ့သည်လော။ သူက ထိုနယ်နမိတ်လေးထဲတွင် နှစ်တစ်သန်းကြာအောင် ပုန်းအောင်းနေခဲ့သည်လော။ ထို့ပြင် သူသည် ဆန်းကြယ်ဧကရာဇ်ကိုပင် သဘောမကျဘဲ ကျန်းရီကိုသာ သူ၏ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်လော။

ကောင်းကင်ဧကရာဇ်သည် ကပ်လောကတစ်ခုလုံးကို စုစည်းနိုင်သည့် ဓားတစ်ချောင်းကိုလည်း ကိုင်ဆောင်ခဲ့သည်။ ထိုဓားက စွမ်းအားအကြီးဆုံး လက်နက်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်ကို ကိုယ်စားပြုသည်။ ၎င်းဓားကို ကိုင်ဆောင်နိုင်သူသည် ကောင်းကင်ဧကရာဇ်အသစ်ဖြစ်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားအားလုံးကို စုစည်းနိုင်မည်ဖြစ်သည်။

သို့သော် ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်ကို မည်သူမှ မယုံကြည်လောက်သည် မဟုတ်လော။ ကျန်းရီကိုယ်တိုင်လည်း ဤအခြေအနေတစ်ခုလုံးက အလွန်ဟာသဆန်ကာ အစစ်အမှန်ဟု မထင်ရပေ။

ကျန်းရီ၏ ထူးဆန်းသော အပြုအမူက လူများစွာကို အာရုံစိုက်သွားစေ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံအချို့ ရောက်လာသည်ကို ခံစားမိလိုက်၍ ခပ်သွက်သွက် ဒူးထောက်လိုက်ပြီး ရုပ်တုကို လေးလေးစားစား အရိုအသေပေးလိုက်သည်။

ထိုကောင်းကင်စိတ်အာရုံများက ရုတ်ခြည်း ပြန်ဆုတ်သွားကြ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ရုပ်တုကို မြင်ပြီးနောက် တုန်လှုပ်သွားခြင်းမှာ ဖြစ်‌လေ့ရှိသောအရာပင်။ ရုပ်တုကို ပထမဆုံး တွေ့ဖူးသူတိုင်း ထိုရုပ်တုက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ရုပ်တုဖြစ်ကြောင်း သိသွားသည်နှင့် လေးလေးစားစား အရိုအသေပေးကြသည်ချည်းသာ။

ကျန်းရီတားသည်ကို ခံခဲ့ရသော နတ်ဘုရားဧကရာဇ်သည် တစ်ချက်ကြည့်ပြီးနောက် ထွက်သွားသည်။ ကျန်းရီသည် သူ့ကို မည်သူမှ အာရုံစိုက်မနေတော့သည်အထိ စောင့်ပြီးမှ ထရပ်ကာ ရုပ်တုကို အကြိမ်အနည်းငယ် ထပ်ကြည့်ပြီးနောက် နောက်လှည့်ကာ ထွက်သွားလေသည်။ သူ၏ခြေလှမ်းများက အတော်လေးနှေးနေသည်။ သူသည် ခြေထောက်များ တုန်ယင်လာမည်စိုး၍ မြန်မြန်မလျှောက်ဝံ့ပေ။

‘ဟူး... မဟုတ်သေးဘူး။ ဘာလို့ သူ့ဓားက မီးနဂါးဓားနဲ့ ပုံစံမတူရတာလဲ။ သူ့ဓားက အရမ်းအရှိန်အဝါကြီးတယ်’

ကျန်းရီ နောက်သို့ ခေါင်းလှည့်၍ ရုပ်တုမှ ဓားကို ပြန်ကြည့်လိုက်၏။ ထိုဓား၏ပုံစံက သူ့မီးနဂါးဓား၏ပုံစံနှင့် အလွန်ကွဲပြားနေသည်။ ထိုဓား၏ ဓားသွားကို နဂါးတစ်ကောင်က ရစ်ပတ်ထားပြီး နဂါးအမြီးက ဓားရိုးဖြစ်သည်။ နဂါးဦးခေါင်းမှာမူ ဓားအဖျားတွင်ရှိသည်။ ၎င်းဓား၏ပုံစံမှာ အလွန်ဆန်းကြယ်ပေသည်။

‘အဲ့ဒါကြောင့်ဖြစ်မယ်’

မကြာခင်တွင် ကျန်းရီ နားလည်သွား၏။ မည်သူကမှ သူ့မီးနဂါးဓားကို မမှတ်မိခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ပုံစံနှင့် စွမ်းအားအရဆိုလျှင် သူ၏မီးနဂါးဓားက ရုပ်တုမှ ဓားထက် များစွာပိုအားနည်းသည်။ မီးနဂါးဓား၏ ကျန်သောအစိတ်အပိုင်းသုံးခုကို ရှာတွေ့မည်ဆိုလျှင် မီးနဂါးဓားက ပုံစံအစစ်အမှန် ပြန်ဖြစ်လာနိုင်လောက်သည်။ သို့သော် တိရှအရှင်ကမူ မီးနဂါးဓား၏ လက်ရှိပုံစံကိုပင် မှတ်မိခဲ့ရာ အဘယ်သို့ မှတ်မိခြင်းနည်းဟု ကျန်းရီ တွေးမိလိုက်လေ၏။

‘မင်း အပိုင်းခုနစ်ပိုင်းလုံးနဲ့ ဒီဓားရဲ့ အသုံးအဆောင်ဝိညာဉ်ကို ပေါင်းစည်းပြီးရင် ဓားက ပုံစံအစစ်အမှန် ပြလိမ့်မယ်။ အဲ့ကျရင် မင်း ဓားရဲ့စွမ်းအားကို အပြည့်အဝ သုံးနိုင်လိမ့်မယ်။ အဲ့ဓားရဲ့စွမ်းအားက ပိုတွေးနိုင်တာထက်တောင် ပိုတယ်’

‘မင်းက တမလွန်ဘုံနဲ့ ရန်သူဖြစ်ဖို့ ကံကြမ္မာပါလာတယ်။ မင်း နဝမအဆင့်ကို ရောက်သွားပြီး မီးနဂါးဓားရဲ့ ပျောက်နေတဲ့ အပိုင်းအကုန်လုံးနဲ့ အသုံးအဆောင်ဝိညာဉ်ကို ရှာတွေ့ပြီးရင် တမလွန်ဘုံကို ခုခံနိုင်မဲ့ စွမ်းအားကို ပိုင်ဆိုင်လာလိမ့်မယ်’

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မအိပ်စက်ခင်တွင် သူ့အား ပြောသွားသော စကားများကို ပြန်တွေးလိုက်၏။ ထိုစဉ်က သူ ထိုစကားများကို နားမလည်ခဲ့ပေ။ ယခုတွင်မူ သူ အပြည့်အဝ နားလည်သွားပေပြီ။ အကယ်၍ မီးနဂါးဓား၏ အပိုင်းခုနစ်ပိုင်းလုံးနှင့် အသုံးအဆောင်ဝိညာဉ်ကို ပေါင်းစည်းနိုင်လိုက်လျှင် မီးနဂါးဓားက ပုံစံအစစ်အမှန်ကိုပြကာ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်အစစ်အမှန် ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်က မည်မျှစွမ်းအားကြီးကြောင်း ကျန်းရီ မသိသော်လည်း သေချာပေါက် ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုထက်တော့ ပိုစွမ်းအားကြီးလောက်ပေမည်။

တမလွန်ဘုံကို သေသည်အထိ တိုက်ခိုက်ရန်...

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေပြီဖြစ်ရာ သူက တမလွန်ဘုံနှင့် ရန်သူမဖြစ်လိုလျှင်ပင် တမလွန်ဘုံဧကရာဇ်က သူ့ကို ပြဿနာလာရှာပေလိမ့်မည်။ သူက မည်သူဖြစ်ကြောင်း ပေါ်သွားသည်နှင့် တမလွန်ဘုံဧကရာဇ်သည် သူ့ကို သေချာပေါက် လိုက်သတ်မည်ဖြစ်သည်။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တမလွန်ဘုံဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ရာ ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူတစ်ယောက်အနေဖြင့် မည်သို့ သူ့အတွက် လက်စားမချေပေးဘဲ နေနိုင်မည်နည်း။

ယခုတွင် အရာအားလုံး ရှင်းလင်းသွားပေပြီ။

ကျန်းရီ၏ ခေါင်းထဲရှိ သံသယများစွာ ရှင်းလင်းသွားသည်။ ဥပမာအနေဖြင့် အဘယ်ကြောင့် မီးဝိညာဉ်ပုလဲက အလွန်စွမ်းအားကြီးသော မီးဒဏ်ခံစွမ်းရည်ကို ပိုင်ဆိုင်ထားရသနည်းဆိုသော သံသယမျိုးပင်။ မီးဝိညာဉ်ပုလဲက ထိုမျှစွမ်းအားကြီးနေခြင်းမှာ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်မှ တစ်စိတ်တစ်ပိုင်း ဖြစ်နေ၍ပင်။ ထို့ကြောင့်လည်း စွမ်းအားအကြီးဆုံး မီးဒဏ်ခံစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ယခု သူ ယင်းကို ရှင်းသွားပေပြီ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက အနိမ့်ဘုံတွင် နှစ်တစ်သန်းကျော် ပုန်းအောင်းနေခဲ့သည်။ အနိမ့်ဘုံအချိန် နှစ်တစ်သန်းကျော်မှာ အထက်ဘုံအချိန် နှစ်တစ်သောင်းကျော်ပင်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က လွန်ခဲ့သော နှစ်တစ်သောင်းကျော်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်နှစ်ခုက ကိုက်ညီမှုရှိနေပေသည်။

ယန်ကိုးပါး‌ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ သွားခဲ့၏။ ၎င်းသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ရောက်ချိန်တွင် အခြားဘုံများသို့ ဆက်သွားရန် စွမ်းအင်မကျန်တော့သဖြင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်သာ ဆက်ခံသူ ရှာခဲ့ရခြင်း ဖြစ်နိုင်သည်။ သို့သော် ကောင်းကင်ကြယ်တာရာနယ်နမိတ်က သေမျိုးဘုံလေးတစ်ခုသာဖြစ်ပြီး ထိုမှ ဝိညာဉ်စွမ်းအင်ကလည်း အလွန်အားနည်းရာ မည်သို့ အကြွင်းမဲ့ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာနိုင်ပါမည်နည်း။

ရီဖျောင်ဖျောင်က ဝိညာဉ်မျိုးနွယ်မှဖြစ်သည်။ ဝိညာဉ်မျိုးနွယ်မှာ အထက်ဘုံ၏ နတ်ဘုရားမျိုးနွယ်တစ်ခုပင်။ ကျန်းရီ၏ ကိုယ်ထဲတွင် နတ်ဘုရားမျိုးနွယ်သွေးတစ်ဝက် စီးဆင်းနေသည်။ သို့ဖြစ်၍ သေမျိုးဘုံတစ်ခုတွင် သူ့ပါရမီက အကောင်းဆုံးဟု ဆိုနိုင်သည်။ ထို့ကြောင့်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က နောက်ဆုံးတွင် သူ့ကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်မည်။

သို့သော် အဘယ်ကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အစတွင် သူ၏ဒန်တျန်ကို ချိပ်ပိတ်ခဲ့‌ကြောင်း ကျန်းရီ နားမလည်နိုင်သေးပေ။ ယင်းက အမည်မဲ့ကျင့်စဉ်နှင့် သက်ဆိုင်နေသည်လော။ ကျန်းရီသည် သူ့သိုလှောင်လက်စွပ်ထဲရှိ မီးနဂါးဓားအပေါ် အာရုံစိုက်လိုက်ပြီး ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနကို နှိုးနိုင်၊ မနှိုးနိုင် ကြည့်လိုက်သည်။

ကံမကောင်းစွာပင်...

ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို အကြိမ်အနည်းငယ် ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ ငါးနှစ်အိပ်စက်မည်ဟု ပြောခဲ့သည် မဟုတ်လော။ ထိုငါးနှစ်က အနိမ့်ဘုံအချိန် ငါးနှစ်ဟု ကျန်းရီထင်ခဲ့၏။ ယခုကြည့်ရသည်မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပြောသည့် ငါးနှစ်က အထက်ဘုံအချိန်ငါးနှစ် ဖြစ်ပုံပင်။

‘သွားမယ်ကွာ...’

ကျန်းရီ၏ ခြေလှမ်းများ ပြန်သွက်လာသည်။ သူ့ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေပြီး သူ အတန်ငယ် စိတ်မတည်မငြိမ် ဖြစ်နေသည်။ သူ လမ်းပေါ်တွင် ဆက်လျှောက်နေလျှင် မလိုလားအပ်သော အာရုံစိုက်မှုများကို ခံရနိုင်ပေသည်။

ကျန်းရီတစ်ယောက် ရွှေတစ်စ ကောက်ရသော သူတောင်းစားတစ်ယောက်ကဲ့သို့ ခံစားနေရ၏။ သူသည် သူ့ထံမှ ထိုရွှေစကို မည်သူလာလုမည်နည်းဟု စိုးရိမ်နေရသဖြင့် ရွှေစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အိမ်သို့ အပြေးပြန်နေရသလိုပင်။

ကျန်းရီသည် တည်းခိုခန်းလိုက်ရှာရင်း ပြဿနာတစ်ခုကို တွေ့လိုက်ရ၏။ ဤမြို့မှ တည်းခိုခန်းများက အလွန်ဈေးကြီးသည်။ တစ်ညလျှင် နတ်ဘုရားအမြစ်တစ်သန်းကျသည်။ ထို့ကြောင့် လူများစွာက မြို့ရင်ပြင်ထဲတွင်သာ တင်ပျဉ်ခွေထိုင်နေကြခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ထိုလူများသည် တည်းခိုခန်းခ မတတ်နိုင်သူများ ဖြစ်လိမ့်မည်။

ကျန်းရီတွင် နတ်ဘုရားအမြစ် မရှားပေ။ ဘုံတစ်သောင်းပြိုင်ပွဲတွင် ပထမရသဖြင့် သူ နတ်ဘုရားအမြစ်သန်းငါးဆယ် ဆုရထားသည်။ ထို့နောက် ပိုင်မျိုးနွယ်ထံမှလည်း နတ်ဘုရားအမြစ်များ ထပ်ရသေးသည်။ နောက်တွင် သူ ပိုင်မျိုးနွယ်ကို လျော်ကြေးအနည်းငယ် ပြန်ပေးရသော်လည်း သူ့တွင် နတ်ဘုရားအမြစ်များစွာ ကျန်နေသေးသည်။ ထို့ကြောင့် နတ်ဘုရားအမြစ်တစ်သန်းပေး၍ တစ်ရက်တည်းခိုရန် သူ ဆုံးဖြတ်လိုက်သည်။

နတ်ဘုရားအမြစ်တစ်သန်း ပေးခဲ့ရသည်ဖြစ်ရာ ကျန်းရီ ပေးသည်နှင့် ထိုက်တန်သည်ကို ပြန်ရ၏။ သူ တည်းခိုရမည့်နေရာမှာ ခမ်းနားစွာ ပြင်ဆင်ထားသော သီးသန့်ရဲတိုက်တစ်လုံးပင်။ လှပသော အစေခံမလေးနှစ်ယောက်ကလည်း သူ့ကို ပြုစုရန် ဒူးထောက်၍ စောင့်ဆိုင်းနေကြသည်။ ကျန်းရီကို ပို၍ အံ့အားသင့်စေသည်မှာ ရဲတိုက်ထဲတွင် ဝိညာဉ်စုစည်းအစီအရင်တစ်ခု ရှိနေခြင်းပင်။

ရဲတိုက်ထဲရှိ မိုးမြေစွမ်းအင်က အပြင်ကထက် ဆယ်ဆပိုသိပ်သည်းသည်။

ဤဖိုခနောက်ကိုးခုမြို့က အလွန်ကြီးမားသဖြင့် ယန်ကိုးပါးဒေသထဲတွင် အတော်လေး ကျော်ကြားလောက်သည်။ မဟုတ်လျှင် ဟယ်မျိုးနွယ်က သူ့ကို ဤနေရာသို့ တည်နေရာပြောင်းရွှေ့ပေးခဲ့မည် မဟုတ်သလို ဤမှ တည်းခိုခန်းခများကလည်း အလွန်ဈေးကြီးနေမည် မဟုတ်ပေ။

“မင်းတို့နှစ်ယောက် သွားလို့ရပြီ။ အရေးကြီးကိစ္စမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့။ ငါ အခန်း‌အောင်းပြီး ကျင့်ကြံလိုက်ဦးမယ်”

ကျန်းရီသည် အစေခံမလေးနှစ်ယောက်ကို အပြင်ထွက်ခိုင်းလိုက်ပြီး ရဲတိုက်၏ အကာအရံများကို နှိုးလိုက်သည်။ ထို့နောက် သူ စိတ်လှုပ်ရှားစွာဖြင့် ရဲတိုက်ထဲ လှည့်ပတ်ကြည့်လိုက်၏။ သူသည် ရုတ်ခြည်း ကြီးပွားလာသော ခြေသလုံးအိမ်တိုင်တစ်ယောက်ကဲ့သို့ပင်။ သူ့ရင်ထဲတွင် ယန်ကိုးပါးစစ်တပ်သို့ ချက်ချင်းသွား၍ ကောင်းကင်ဘုရင်သုံးဆယ်ခြောက်ပါးကို ရှာကာ သူ့မီးနဂါးဓားကို ပြလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။

ယန်ကိုးပါးစစ်တပ်က ကောင်းကင်ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်ဟု ဆိုကြသည်။ ထိုစစ်တပ်သာ ကျန်းရီ၏ လက်‌အောက်သို့ ရောက်လာလျှင် တောက်မျိုးနွယ်က သူ့ကို ဘာလုပ်နိုင်ဦးမည်နည်း။ ထို့ပြင် ကျန်းရီသည် ယန်ကိုးပါးတပ်သားများကို အထက်ဘုံသို့ ခေါ်သွားပြီး ရီဖျောင်ဖျောင်ကို ကယ်နိုင်ပေလိမ့်မည်။ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့သွား၍လည်း သိမ်းငှက်စိမ်းဘုရင်ကို ရိုက်နှက်ကာ ကျန်းရှောင်နူ၊ ယဉ်ရို့ပင်း၊ ရီချန်နှင့် စုလောရွှယ်တို့ကို ပြန်ခေါ်နိုင်မည်ဖြစ်သည်။

All Chapters