← Chapters

ယန်ကိုးပါးတောင်ကြား

Vol. 120 Ch. 1670

ယန်ကိုးပါးတောင်ကြား

Vol. 120 Ch. 1670

‘စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထား’

ကျန်းရီသည် သူ့ခေါင်းထဲမှ ယုတ္တိမတန်သောအတွေးများကို ဖယ်ထုတ်လိုက်၏။ အကယ်၍ သူ ယခု မီးနဂါးဓားကို ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးအား သွားပြလိုက်လျှင် အထက်ဘုံသို့ မပြန်နိုင်မည့်အပြင် သေပင်သေသွားနိုင်သည်။

ယန်ကိုးပါးစစ်တပ်က တည်ရှိနေဆဲဖြစ်သော်လည်း လက်ရှိ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက ယန်ကိုးပါးကောင်းကင်ဧကရာဇ်နောက်သို့ လိုက်ခဲ့သည့် ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါး မဟုတ်တော့ပေ။ စွမ်းအားကြီး သိုင်းသမာများက နှစ်ပေါင်းများစွာ ရှင်သန်နိုင်သော်လည်း မသေတော့သည်တော့ မဟုတ်ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည်ပင် အထက်ဘုံအချိန် နှစ်တစ်သောင်းလောက်သာ ရှင်သန်နိုင်သည်။ သူ့ထက် သက်တမ်းပိုရှည်သူများလည်း မရှိနိုင်ချေ။

လက်ရှိကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက အတိတ်တွင် ယန်ကိုးပါး‌‌ကောင်းကင်ဧကရာဇ်နောက်သို့ လိုက်ခဲ့သည့် ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးဆိုလျှင် သူတို့၏ သစ္စာရှိမှုကို မေးခွန်းထုတ်နေရန် လိုမည်မဟုတ်ပေ။ သို့‌‌သော် ယခုတွင်မူ သံသယဖြစ်နေရသည်။ တစ်ခုတော့ရှိသည်။ အကယ်၍ မီးနဂါးဓားထဲမှ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက နိုးထလာပြီး စကားအနည်းငယ် ပြောလိုက်မည်ဆိုလျှင်တော့ ယန်ကိုးပါးစစ်တပ်တစ်ခုလုံးက ကျန်းရီ၏ အမိန့်များကို နာခံလောက်သည်။ ပြဿနာမှာ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အစအနက အိပ်စက်နေ‌သေးခြင်းပင်။

ယခုတွင် ကျန်းရီ မီးနဂါးဓားနှင့်အတူ သွားလိုက်မည်ဆိုပါက ယန်ကိုးပါးစစ်တပ်၏ အဘိုးကြီးသုံးဆယ့်‌ခြောက်ယောက်က သူ့အား ပေါ်ပေါ်ထင်ထင် အန္တရာယ်မပြုလျှင်ပင် လျှို့ဝှက်၍ လုပ်ကြံလောက်သည်။ မီးနဂါးဓား၏ သတင်း ပျံ့နှံ့သွားမည်ဆိုလျှင်လည်း မဟာဧကရာဇ်လေးပါးက သေချာပေါက် ကိုယ်တိုင်ရောက်လာနိုင်သည်။ တမလွန်ဘုံဘုရင်များနှင့် တမလွန်ဘုံဧကရာဇ်လည်း ဤသို့ ရောက်လာလောက်သည်။ အင်အားကြီး အဖွဲ့အစည်းအားလုံး လှုပ်ရှားလာလျှင် ကောင်းကင်ဘုံတစ်ခွင်လုံး ကစဉ့်ကလျား ဖြစ်သွားနိုင်ပေသည်။

‘ငါဘယ်သူဆိုတာကို ထုတ်ပြောလို့ မဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မဲ့ အစွမ်းအစ ရှိလာတဲ့အထိ လျှို့ဝှက်ထားရမယ်။ မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်။ ငါနဲ့ပတ်သတ်တဲ့သူတွေ အကုန်လုံးလည်း သေရလိမ့်မယ်’

အကယ်၍ မဟာဧကရာဇ်လေးပါးက မီးနဂါးဓားအတွက် တိုက်ခိုက်၍ ကောင်းကင်ဧကရာဇ်အသစ် ဖြစ်လာလိုလျှင် သူတို့ကို စွပ်စွဲနိုင်မည့် အရာအားလုံး၊ လူအားလုံးကို ရှင်းပစ်နိုင်ရန် အကောင်းဆုံး လုပ်ကြပေလိမ့်မည်။ သူတို့သည် ကျန်းရီနှင့် ပတ်သတ်သူတိုင်းကို သေချာပေါက် သတ်ပစ်ကြမည်ဖြစ်သည်။ လူသားများ၏ စိတ်နှင့် နှလုံးသားကို မခန့်မှန်းနိုင်ပေ။ ကျန်းရီသည် လှည့်စားမှုအမျိုးမျိုးနှင့် လူသားသဘာဝ၏ အမှောင်ခြမ်းကို မြင်ခဲ့ဖူးပေပြီ။

ရဲတိုက်ထဲတွင် ဆယ်နာရီကြာအောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် ကျန်းရီ သူ့စိတ်ကို ရှင်းလင်းလိုက်ပြီး မည်သို့ဆက်လုပ်မည်ကို ဆုံးဖြတ်လိုက်သည်။ သူ အထက်ဘုံသို့ အချိန်တစ်ခုအတွင်း ပြန်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဟယ်နုန်ယင်းက သူ့ကို မလိမ်လောက်‌ချေ။ တည်နေရာပြောင်းရွှေ့အစီအရင်များကို အမှန်ပင် တစ်နှစ်လောက် ချိပ်ပိတ်ထားလောက်သည်။

ကျန်းရီသည် ယန်ကိုးပါးမြို့ထဲသို့ မသွားနိုင်ရာ ယခုတွင် သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ယန်ကိုးပါးစစ်တပ်ထဲဝင်၍ ထိုတပ်ထဲတွင် ပုန်းအောင်းကျင့်ကြံကာ ခြေကုပ်ယူရန်သာဖြစ်သည်။ စစ်တပ်ထဲ ဝင်ပြီးလျှင် သူ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါး၏ အကျင့်စရိုက်များကို ဖြည်းဖြည်းချင်း လေ့လာနိုင်သည်။ သို့သော် မလိုအပ်ဘဲနှင့်တော့ သူက မည်သူဖြစ်ကြောင်း ထုတ်ပြောမည် မဟုတ်ပေ။

ကျန်းရီ ရဲတိုက်၏ အကာအရံများကို ပိတ်လိုက်ပြီး အပြင်ဘက်တွင် ရပ်နေသည့် အစေခံမလေးများအား တည်းခိုခန်းကြီးကြပ်သူကို သွားခေါ်ရန် ခိုင်းလိုက်သည်။ တည်းခိုခန်းကြီးကြပ်သူသည် ရဲတိုက်ထဲ ရောက်လျှင် ကျန်းရီက နတ်ဘုရားအမြစ်တစ်သိန်းကို ထုတ်လိုက်သည်ကို မြင်သဖြင့် ရုတ်ခြည်း မျက်လုံးများ အရောင်လက်သွား၏။ သူ လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။

“အရှင်... ဘာလိုအပ်လို့ပါလဲ”

“ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်တယ်”

ကျန်းရီ တဲ့တိုးပင် ပြောလိုက်၏။

“ကျွန်တော် ယန်ကိုးပါးစစ်တပ်ကို အရမ်းလေးစားတယ်။ ကျွန်တော် အဲ့စစ်တပ်ထဲမှာ နာမည်တစ်လုံးရအောင် လုပ်ချင်တယ်”

တည်းခိုခန်းကြီးကြပ်သူသည် နတ်ဘုရားအမြစ်များကို ချက်ချင်း မယူသေးဘဲ မျက်မှောင်ကြုတ်၍ ပြန်ပြောသည်။

“အရှင်... အရှင် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်ရင် မခက်ပါဘူး။ အရှင်သာ လုံလောက်အောင် သန်မာရင် ယန်ကိုးပါးစစ်တပ်ရဲ့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်မှာပါ။ ဒါပေမဲ့... နာမည်တစ်လုံးရအောင် လုပ်ဖို့ကတော့ တော်တော်လေး ခက်လိမ့်မယ်...”

“ကျွန်တော်က အရှင့်ကို အထင်သေးတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ ယန်ကိုးပါးစစ်တပ်ရဲ့ စစ်စည်းမျဉ်းတွေက အရမ်းတင်းကြပ်တယ်။ မျိုးနွယ်ကြီးတွေက သခင်လေးတွေတောင် စစ်တပ်ထဲမှာ မြန်မြန်ရာထူးတက်နိုင်ကြတာ မဟုတ်ဘူး။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးကလည်း ခက်ထန်တယ်ဆိုပြီး နာမည်ကြီးတယ်။ ရာထူးတက်ဖို့က တစ်နည်းပဲ ရှိပါတယ်။ အဲ့ဒါက တိုက်ပွဲအမှတ်တွေနဲ့ပါ”

“တိုက်ပွဲအမှတ်တွေလား...”

ကျန်းရီ ‌ခေါင်းညိတ်လိုက်သည်။ အကယ်၍ အရာအားလုံးက တည်းခိုခန်းကြီးကြပ်သူ ပြောသလိုသာဆိုလျှင် ယန်ကိုးပါးစစ်တပ်က အတော်လေး တရားမျှတသောစစ်တပ်တစ်တပ် ဖြစ်ပုံပင်။ တပ်သားတိုင်းသည် ရာထူးတက်နိုင်ရန် တိုက်ပွဲအမှတ်များများရအောင် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။

သို့သော် မိစ္ဆာချေဖျက်စစ်တပ်အကြောင်း တွေးမိသောအခါ ကျန်းရီ အတန်ငယ် မသေချာနိုင်ဖြစ်သွားသည်။ မိစ္ဆာချေဖျက်စစ်တပ်သည်လည်း ရာထူးတက်နိုင်ရန်အတွက် တိုက်ပွဲအမှတ်များ လိုအပ်သော စစ်တပ်တစ်တပ်ဖြစ်သော်ငြား တပ်တွင်းအဖွဲ့အစည်းများစွာနှင့် စည်းမျဉ်းများစွာ ရှိပေသည်။ ဥပမာအားဖြင့် ယိုထျန်းနီသည် သူ တိုက်ပွဲအမှတ်ပေးလိုသူကို တိုက်ပွဲအမှတ်ပေးနိုင်သည်၊ သူ ရာထူးတိုးပေးလိုသူကို ရာထူးတိုးပေးနိုင်ပေသည်။

ကျန်းရီသည် တည်းခိုခန်းကြီးကြပ်သူအား နတ်ဘုရားအမြစ်များ ပေးလိုက်၏။ ဤတစ်ကြိမ်တွင် တည်းခိုခန်းကြီးကြပ်သူသည် နတ်ဘုရာအမြစ်များကို ဝမ်းသာအားရ လက်ခံ၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အရှင်၊ အရှင် လိုအပ်မဲ့ သတင်းအချက်အလက်တွေက ကျွန်တော် အခုချက်ချင်းပဲ သွားစုဆောင်းပေးပါမယ်။ ယန်ကိုးပါးတောင်ကြားကို သွားဖို့က အရမ်းရိုးရှင်းပါတယ်။ အရှင် အဲ့ကို တိုက်ရိုက်တည်နေရာပြောင်းရွှေ့နိုင်ပါတယ်”

တည်းခိုခန်းကြီးကြပ်သူ ထွက်သွားပြီးနောက် ကျန်းရီသည် ဟယ်တ‌ပေးလိုက်သော လက်စွပ်ကို ထုတ်၍ အထဲမှ အချက်အလက်များကို ဖတ်ကြည့်လိုက်သည်။ တစ်နာရီကြာ ဖတ်ရှုပြီးနောက် ယန်ကိုးပါးဒေသအကြောင်းကို သူ အနည်းနှင့်အများဆိုသလို သိရှိသွားသည်။ ခေတ္တနေပြီးနောက် တည်းခိုခန်းကြီးကြပ်သူ ပြန်ရောက်လာပြီး သူ့အား ယန်ကိုးပါးစစ်တပ်နှင့် ပတ်သတ်သော သတင်းအချက်အလက်များ ရေးသားထားသည့် စာလိပ်အချို့ကို ပေး၏။ ကျန်းရီလည်း နောက်ထပ်တစ်နာရီကြာအောင် ထိုစာလိပ်များကို ဖတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ယန်ကိုးပါးဒေသနှင့် ယန်ကိုးပါးစစ်တပ်အကြောင်းကို အတော်လေး နားလည်သွားလေသည်။

ယန်ကိုးပါးဒေသမှာ ကမ္ဘာဦးကောင်းကင်ဘုံ၏ အလယ်တွင် တည်ရှိသည်။ အတိတ်တွင် ထိုဒေသက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ မွေးရပ်မြေဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ယန်ကိုးပါးဒေသဟု အမည်ပေးထားခြင်းပင်။ ယန်ကိုးပါးဒေသက အလွန်ကျယ်ပြောပြီး ဒေသထဲတွင် ဝိညာဉ်တောင်ထွတ်တစ်သောင်းရှိသည်။ ယန်ကိုးပါးစစ်တပ်တွင်မူ တပ်ခွဲသုံးဆယ်ခြောက်ခုရှိပြီး တပ်ခွဲတစ်ခုစီကို ကောင်းကင်ဘုရင်တစ်ပါးစီက အုပ်ချုပ်သည်။ တပ်ခွဲတစ်ခုလျှင် တပ်သားတစ်သန်း၊ စစ်သေနာပတိဆယ်ယောက်၊ စစ်သူကြီးအယောက်တစ်ရာ၊ တပ်မှူးချုပ်များ၊ တပ်မှူးများ၊ လက်ထောက်တပ်မှူးများ၊ တပ်ကြပ်များ စသည်ဖြင့် ရှိသည်။

ရရှိထားသော သတင်းအချက်အလက်များအရ ယန်ကိုးပါးစစ်တပ်က နေ့စဉ် တိုက်ပွဲထွက်ကြောင်း သိရသည်။ သို့သော် အမြဲတမ်း တစ်တပ်လုံး တိုက်ပွဲထွက်သည်တော့ မဟုတ်။ တစ်ခါတရံတွင် ဆယ်ချီသော တပ်ဖွဲ့လေးများသာ တိုက်ပွဲထွက်သည်။ မကြာခဏဆိုသလို တပ်ခွဲကြီးများလည်း တိုက်ပွဲထွက်လေ့ရှိသည်။ တိုက်ပွဲတိုင်းက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် မဟုတ်ဘဲ ကမ္ဘာဦးကောင်းကင်ဘုံအပြင်ရှိ အာကာသထဲတွင်ဖြစ်သည်။ တိုက်ပွဲများ၏ ရည်ရွယ်ချက်မှာ တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်၍ ကမ္ဘာဦးကောင်းကင်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေကြီးများထဲမှ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန်ဖြစ်သည်။

ကောင်းကင်ဘုံ၏ စစ်တပ်ခြောက်ခုထဲတွင် ယန်ကိုးပါးစစ်တပ်သာ အမြဲမပြတ် တိုက်ပွဲထွက်သည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်ကဲ့သို့သော စစ်တပ်များမှာမူ တမလွန်ဘုံစစ်တပ်က ကမ္ဘာဦးကောင်းကင်ဘုံထဲ ကျူးကျော်လာမှ တိုက်ပွဲထွက်ကြသည်။

ယန်ကိုးပါးစစ်တပ်က ရန်သူနှင့် အမြဲရင်ဆိုင်နေရရာ စစ်တပ်ခြောက်ခုထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ ယန်ကိုးပါးစစ်တပ်သည် တိုက်ပွဲဗျူဟာအမျိုးမျိုး၊ တိုက်ပွဲအစီအရင်အမျိုးမျိုးကိုလည်း ကျွမ်းကျင်သည်။ သို့သော် ယန်ကိုးပါးစစ်တပ်၏ ကျဆုံးနှုန်းက အမြင့်ဆုံးဖြစ်သည်။ တိုက်ပွဲတိုင်းတွင် တပ်သားတစ်သန်းလောက် ကျဆုံးတတ်သည်။ အကယ်၍ တိုက်ပွဲကြီးများ ဖြစ်လာလျှင် ကျဆုံးသူအရေအတွက်က ထိုထက်ပင် ပိုများပေသည်။

ကျဆုံးနှုန်းက မြင့်သော်လည်း ယန်ကိုးပါးစစ်တပ်ထဲသို့ ဝင်လိုသည့် စွမ်းအားကြီး သိုင်းသမားများ မရေတွက်နိုင်အောင် ရှိနေသေးသည်။ ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ယန်ကိုးပါးစစ်တပ်က တရားအမျှတဆုံးစစ်တပ်ဟု ကျော်ကြားသည်။ ထိုစစ်တပ်သည် အရင်းအမြစ်များ အများဆုံးပိုင်ဆိုင်ထားသော စစ်တပ်လည်းဖြစ်သည်။ သိုင်းသမားတစ်ယောက်က တိုက်ခိုက်စွမ်းအား အလုံအလောက်ရှိပြီး အသက်ကိုရင်းဝံ့လျှင် သေချာပေါက် အမည်တစ်လုံးရလာမည်ဖြစ်သည်။

ကျန်းရီကို အလွန်စိတ်လှုပ်ရှားစေသည့် အခြားအရာတစ်ခုလည်း ရှိသေးသည်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးက သွေးအေးကာ ခက်ထန်သော်လည်း သူတို့၏ တပ်သားများကို ကောင်းစွာကာကွယ်ပေးကြသည်။ မဟာဧကရာဇ်လေးပါးက ဧကရာဇ်အဆင့် သိုင်းသမားများဖြစ်ကြသော်လည်း ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးသည် သူတို့ကို လုံးဝမကြောက်ကြချေ။ ယန်ကိုးပါးစစ်တပ်နှင့် အခြားစစ်တပ်များအကြားတွင် ပဋိပက္ခများ အကြိမ်အနည်းငယ် ဖြစ်ခဲ့ဖူးသည်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးသည် သူတို့ဘက်က မှန်သည်ဆိုလျှင် မည်သည့်အကျိုးဆက်ကိုမှ ထည့်မတွက်ဘဲ အခြားစစ်တပ်များ၏ စစ်သေနာပတိများနှင့် စစ်သူကြီးများကိုပင် ချက်ချင်း သတ်ပစ်တတ်ကြသည်။ တစ်ကြိမ်တွင်လည်း တောက်လန်တစ်ယောက် အသတ်ခံရမလိုပင် ဖြစ်ခဲ့သေးသည်။

‘သွားတာပေါ့ကွာ...’

ကျန်းရီသည် သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ရဲတိုက်ထဲမှ ထွက်လိုက်၏။ တည်းခိုခန်းကြီးကြပ်သူက သူ့ကို တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့ ခေါ်သွားပေးသည်။ သူ ယန်ကိုးပါးစစ်တပ်ထဲ ဝင်ပြီးလျှင် အခြေတစ်ခု ရနိုင်ပေမည်။ အကယ်၍ သူသာ ရာထူးတက်လာမည်ဆိုလျှင် တောက်မျိုးနွယ်ကို ကြောက်ရန် မလိုတော့ရုံသာမက အထက်ဘုံသို့ပင် စိတ်ကြိုက် တည်နေရာပြောင်းရွှေ့နိုင်ပေလိမ့်မည်။

ဖိုခနောက်ကိုးခုမြို့၏ မြို့ရင်ပြင်ထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်များစွာရှိသည်။ တည်းခိုခန်းကြီးကြပ်သူသည် မြို့နှင့် ‌အတော်လေးရင်းနှီးသည်ဖြစ်ရာ ကျန်းရီကို ယန်ကိုးပါးတောင်ကြားသို့ ပို့ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့အစီအရင်ဆီ အလွယ်တကူ ခေါ်သွားပေးနိုင်သည်။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသည့် ယန်ကိုးပါးတပ်သားများက မည်သို့မှ မပြောကြပေ။ သူတို့သည် ကျန်းရီက ယန်ကိုးပါးစစ်တပ်ထဲ ဝင်လိုကြောင်း ကြားလိုက်သောအခါ တည်နေရာပြောင်းရွှေ့ခပင် မကောက်တော့ဘဲ ကျန်းရီကို ချက်ချင်း တည်နေရာပြောင်းရွှေ့ပေးလိုက်ကြသည်။

အဖြူရောင်အလင်း လင်းလက်သွား၏။ ဤတစ်ကြိမ်တွင် ကျန်းရီ အကြာကြီး တည်နေရာမပြောင်းရွှေ့လိုက်ရဘဲ တောင်ကြားတစ်ခုထဲသို့ ရောက်သွားသည်။ ထိုတောင်ကြားက မကြီးပေ။ တောင်ကြားထဲတွင်လည်း မည်သည့်စစ်စခန်းမှ ရှိမနေ။ ထောင်ချီသော ရဲတိုက်များသာ ရှိနေသည်။ အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ယန်ကိုးပါးတပ်သားများသည် ရဲတိုက်များထဲ ဝင်လိုက်၊ ထွက်လိုက်နှင့် ရှိနေကြသည်။

တည်နေရာပြောင်းရွှေ့အစီအရင် အနီးရှိ တပ်သားများသည် ကျန်းရီကို သတိဖြင့် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

“မင်းက ယန်ကိုးပါးစစ်တပ်ထဲ ဝင်ဖို့ ရောက်လာတာလား”

“ဟုတ်ပါတယ်.. ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်လို့ပါ”

ကျန်းရီက ခပ်သွက်သွက် လက်ဆုပ်ကာ ပြန်ဖြေလိုက်သည်။

“မင်းက နတ်ဘုရားဧကရာဇ်အဆင့် ရောက်နေပြီဆိုတော့ စမ်းသပ်ခံဖို့ အဆင့်မီတယ်”

ထိုတပ်သားက ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကာ ပြောလိုက်၏။

“ဒါပေမဲ့... မင်း သေချာစဉ်းစားပါ။ မင်း စမ်းသပ်ခံရင်း သေသွားနိုင်တယ်။ ပြီးတော့ ယန်ကိုးပါးစစ်တပ်ထဲ ဝင်ပြီးတာနဲ့ ဆယ်နှစ်မပြည့်ဘဲ ပြန်ထွက်ခွင့်မရှိဘူး။ မင်း သေသွားရင်တောင် မင်းရဲ့အလောင်းကို ယန်ကိုးပါးတောင်ကြားထဲမှာပဲ မြှုပ်ထားမှာ”

All Chapters