စမ်းသပ်ချက်တာဝန်
Vol. 120 Ch. 1671
“ဆယ်နှစ်တောင်လား”
ကျန်းရီ ချီတုံချတုံဖြစ်သွား၏။ သူ့အတွက် ဆယ်နှစ်က အလွန်ကြာသည်။ တစ်နှစ်ဆိုလျှင်ပင် သူ အင်မတန်စဉ်းစားကာ လက်ခံရမည်ဖြစ်သည်။ ကောင်းကင်ဘုံအချိန် ဆယ်နှစ်မှာ အထက်ဘုံအချိန် နှစ်တစ်ထောင်ပင်။ အထက်ဘုံသို့ ပြန်ရန် ထိုမျှစောင့်နေလျှင် သူ ပြန်ရောက်ချိန်၌ အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။
ကျန်းရီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“နောင်ကြီး... ကျွန်တော် စမ်းသပ်ခံဖို့လည်း စိတ်မရှိပါဘူး။ တိုက်ပွဲမှာ သေသွားရင်လည်း နောင်တရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့... ဆယ်နှစ်မပြည့်မချင်း ယန်ကိုးပါးစစ်တပ်ထဲက ထွက်သွားလို့မရဘူးလား။ တကယ်လို့ ကျွန်တော် အပြင်ကိုသွားချင်တာတို့၊ တခြားနေရာတစ်ခုကို ခဏလောက်သွားချင်တာတို့ဆိုရင်တောင် မရဘူးလား”
“မရဘူး...”
တပ်သား၏ အဖြေက ကျန်းရီကို မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်သွားစေသည်။ သို့သော် တပ်သား ဆက်ပြောလိုက်သော စကားက ကျန်းရီကို မျှော်လင့်ချက်အနည်းငယ် ပြန်ရှိလာစေ၏။
“မင်းက တပ်မှူးချုပ်ရာထူးနဲ့ အထက်မှာ မရှိရင် ယန်ကိုးပါးတောင်ကြားထဲက ထွက်ခွင့်မရှိဘူး။ မင်း အပြင်ကိုသွားပြီး တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း ကိုယ့်အထက်အရာရှိရဲ့ အမိန့်တွေကို နားမထောင်ရင် နေရာမှာတင် အသတ်ခံရလိမ့်မယ်”
“တပ်မှူးချုပ်ရာထူးနဲ့ အထက်လား။ အဲ့ဒါဆို တပ်မှူးချုပ်တွေက အပြင်ထွက်ခွင့်ရှိတယ်ပေါ့လေ”
ကျန်းရီ ခပ်သွက်သွက် မေးလိုက်သည်။
“တပ်မှူးချုပ်တဲ့လား...”
တပ်သားက ကျန်းရီကို ခပ်လှောင်လှောင်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းမှာ တပ်မှူးချုပ် ဖြစ်နိုင်တဲ့ အစွမ်းအစရှိမှ ပြောကြတာပေါ့။ မင်းသာ စစ်သေနာပတိ ဖြစ်လာမယ်ဆိုရင် ကြိုက်တဲ့နေရာကို သွားလို့ရတယ်”
“ကောင်းပါပြီ...”
ကျန်းရီ အံကြိတ်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲကို ဝင်ပါမယ်”
တပ်သားသည် အရှေ့ရှိ ရဲတိုက်တစ်လုံးကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။
“မင်း အဲ့ရဲတိုက်ကိုမြင်လား။ အဲ့ရဲတိုက်ထဲက ဘယ်ဘက်ခြမ်း ဒုတိယမြောက်ခန်းမထဲကို သွားပြီး တင်ပြလိုက်။ တခြားရဲတိုက်တွေထဲကို မသွားနဲ့နော်။ မင်း အသတ်ခံရရင် ငါ မင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့”
ကျန်းရီသည် ထိုရဲတိုက်သို့ လျင်မြန်စွာ သွားရင်း ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ စစ်စခန်းက ယန်ကိုးပါးတောင်ကြားထဲတွင် မဟုတ်လောက်ဟု သူ ခန့်မှန်းသည်။ တောင်ကြားထဲတွင် လူတစ်သောင်းလောက်သာ ရှိပြီး ယန်ကိုးပါးစစ်တပ်မှာ အင်အားသန်းနှင့်ချီ၍ရှိသော စစ်တပ်ကြီးတစ်တပ် မဟုတ်ပါလား။ ဤတောင်ကြားလေးထဲတွင် ထိုတပ်သားအားလုံး ဆန့်လိမ့်မည် မဟုတ်ပေ။
ရဲတိုက်ထဲဝင်ပြီးနောက် ကျန်းရီ ဘယ်ဘက်ခြမ်းရှိ ဒုတိယခန်းထဲသို့ လျှောက်သွားလိုက်၏။ ထိုခန်းမထောင့်စွန်းတစ်နေရာတွင် လူအချို့ထိုင်နေသည်။ သူ့အရှေ့တွင်မူ ကျောက်စင်မြင့်တစ်ခုရှိသည်။ ထိုစင်မြင့်ပေါ်၌ ယန်ကိုးပါးစစ်တပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ထိုင်နေပေသည်။
“အရှင်... ကျွန်တော် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်လို့ပါ”
ကျန်းရီက ဦးညွှတ်ကာ တလေးတစား ပြောလိုက်သည်။
“အင်း...”
ကျောက်စင်မြင့်ပေါ်မှ အဘိုးအိုက ကျန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်၍ ခေါင်းညိတ်ကာ ပြန်ပြော၏။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်ပါတယ်။ ဒါပေမဲ့ ငါ မင်းကို ကြိုပြောမယ်၊ ဒီစမ်းသပ်ချက်က အရမ်းအန္တရာယ်များတယ်။ မင်း စမ်းသပ်ခံရင်း သေသွားနိုင်တယ်။ မင်း အဲ့ဒါကို ရှင်းလား။ ရှင်းတယ်ဆိုရင် နေရာတစ်ခုရှာပြီး တင်ပျဉ်ခွေထိုင်နေပါ။ မင်းတို့ အရေအတွက်ပြည့်တဲ့အခါကျ ငါ မင်းတို့ကို စမ်းသပ်ခံဖို့ ခေါ်သွားပေးမယ်”
“ကျွန်တော် အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သိပါတယ်”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး မည်သို့မှ ဆက်မပြောတော့ဘဲ ခန်းမထောင့်တစ်နေရာသို့သွား၍ တင်ပျဉ်ခွေထိုင်လိုက်သည်။ လက်ရှိတွင် ခန်းမထဲ၌ လူအယောက်ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်လောက် ထိုင်နေသည်။ စမ်းသပ်ချက်စရန် လူမည်မျှလိုကြောင်းကိုမူ သူ မသိပေ။
ကျန်းရီသည် တင်ပျဉ်ခွေထိုင်ကာ မိုးမြေစွမ်းအား ကျင့်ကြံရင်း ပတ်ဝန်းကျင်မှ အခြေအနေကို အာရုံခံစူးစမ်းနေသည်။ နာရီဆယ်နှင့်ချီအောင် စောင့်ပြီးနောက် တပ်ထဲဝင်လိုသူ နောက်လေး၊ ငါးယောက် ထပ်ရောက်လာသည်။ သူတို့အားလုံးက နတ်ဘုရားဧကရာဇ်များပင်။ သူတို့၏ ပုံစံများကလည်း အလွန်ထူးခြားကြသည်။ သူတို့က မြေဘုံမှ မဟုတ်ဘဲ အခြားဓာတုဘုံတစ်ခုမှ ဖြစ်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းမိပေသည်။
အနိမ့်ဘုံအချိန် ငါးရက်၊ ခြောက်ရက် ကြာပြီးနောက် ခန်းမထဲတွင် တင်ပျဉ်ခွေထိုင်နေသူ အယောက်တစ်ရာ ရှိလာသည်။ ထိုအထဲတွင် အယောက်ရှစ်ဆယ်မှာ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ ဖြစ်ကြပြီး ကျန်လူများမှာ နတ်ဘုရားဧကရာဇ်များဖြစ်ကြသည်။ နောက်ဆုံးတွင် အဘိုးအိုက ထရပ်၍ ပြောလိုက်သည်။
“ကောင်းပြီ... အခု မင်းတို့ လူပြည့်သွားပြီ။ မင်းတို့အကုန်လုံး တတိယခန်းမထဲကိုသွားလိုက်ကြပါ”
လူတစ်ရာသည် ထရပ်၍ အပြင်သို့ စည်းစနစ်တကျ ထွက်သွားလိုက်၏။ ဤနေရာတွင် မည်သူမှ မလျော်မကန် မပြုမူဝံ့ပေ။ ယန်ကိုးပါးတောင်ကြားတွင် မလျော်မကန်ပြုမူသူက ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။
တတိယခန်းမမှာ ဒုတိယခန်းမထက် အနည်းငယ် ပိုသေးသည်။ ထိုခန်းမထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင် ဆယ်ခု ရှိနေသည်။ ၎င်းအစီအရင်များကို အဘိုးအိုသုံးယောက်က စောင့်ကြပ်နေကြသည်။ ထိုသုံးယောက်သည် ခန်းမထဲဝင်လာသည် လူတစ်ရာကို အာရုံခံလိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က တတိယမြောက် တည်နေရာပြောင်းရွှေ့အစီအရင်ကို ညွှန်ပြကာ ပြောလိုက်သည်။
“စမ်းသပ်ခံဖို့ ပိုးကောင်တောင်ကြားကိုသွားပါ။ အဲ့တောင်ကြားထဲက ပိုးကောင်တွေက တမလွန်ဘုံအရှိန်အဝါရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်ဆိုတာ မှတ်ထားကြပါ...”
“ပိုးကောင် အကောင်တစ်သိန်းကို သတ်နိုင်တဲ့သူတိုင်း တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ပြီး ဒီကိုပြန်လာခွင့်ရမယ်။ ပိုးကောင်တွေရဲ့ ဒန်တျန်တွေကို စုဆောင်းဖို့ မမေ့ပါနဲ့။ အဲ့ဒန်တျန်တွေမရှိရင် စမ်းသက်ချက်ကို အောင်မြင်မှာ မဟုတ်ဘူး။ မင်းတို့ အကောင်တစ်သိန်းမသတ်နိုင်သေးဘဲ လက်လျှော့ပြီး ပြန်လာချင်လည်းရတယ်။ ဒါပေမဲ့ မင်းတို့ ယန်ကိုးပါးစစ်တပ်ထဲ ဘယ်တော့မှ ထပ်ဝင်ခွင့်ရှိတော့မှာ မဟုတ်ဘူး။ စမ်းသပ်ချက်ရဲ့ အချိန်အကန့်အသတ်က တစ်ရက်ပဲ”
ဝှစ်...ဝှစ်...ဝှစ်...
လူတစ်ရာသည် တုံ့ဆိုင်းမှုမရှိဘဲ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားကြ၏။ ၎င်းနောက် အဘိုးအိုသုံးယောက်က တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ကြရာ အားလုံး ခန်းမထဲမှ ပျောက်ကွယ်သွားလေသည်။
ရွှီး...
ဤတစ်ခေါက် တည်နေရာပြောင်းရွှေ့ရမှုက မကြာပေ။ ခြောက်နာရီအတွင်းမှာပင် ဦးတည်ရာသို့ ရောက်သွားသည်။ ကျန်းရီသည် ပိုးကောင်တောင်ကြားထဲ ရောက်သည်နှင့် ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက်တွင် ကျန်းရီ အတန်ငယ် စိတ်အေးသွားသည်။ သူတို့က တောင်ထွတ်တစ်ခုပေါ်၌ ရှိနေခြင်းပင်။ ထိုတောင်ထွတ်တွင် အကာအရံများရှိရာ ဧရာမအလင်းလွှာကြီးတစ်ခုက တောင်ထွတ်ကို လွှမ်းခြုံထားသည်။ ဤတောင်ထွတ်က အလွန်လုံခြုံပေသည်။
ဤနေရာက ဆန်းကြယ်နယ်မြေတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ပတ်ဝန်းကျင်က မည်းမှောင်တိတ်ဆိတ်နေသဖြင့် အားလုံး ရင်တုန်လာကြသည်။ တောင်ထွတ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်အနီး၌ လူသုံးယောက် ထိုင်နေကြသည်။ သူတို့သုံးယောက်စလုံးက ယန်ကိုးပါးစစ်တပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပေသည်။ သူတို့သည် အတော်လေးအိုမင်းနေပြီဖြစ်သော်လည်း ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိကြသေးသည်။
ဝှစ်...
လူတစ်ရာထဲမှ လူအနည်းငယ်လောက်သည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ပြီးနောက် အပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ သို့သော် ကျန်လူများမှာ အလျင်မလိုဘဲ အလင်းလွှာအတွင်းမှနေ၍သာ ပတ်ဝန်းကျင်ကို စူးစမ်းနေကြပေသည်။
အပြင်သို့ ပျံထွက်သွားသော ငါးယောက်မှ နှစ်ယောက်က ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များပင်။ ထိုငါးယောက်က တစ်အုပ်စုတည်း ဖြစ်လောက်သည်။ သူတို့ အလင်းလွှာနှင့် မနီးမဝေးသို့ ရောက်သောအခါ ရုတ်တရက် အောက်ဘက်မှနေ၍ စူးရှသော အသံများ ထွက်ပေါ်လာပြီး အနက်ရောင်အရိပ်များက အထက်သို့ ထိုးတက်လာကြ၏။ အရိပ်များက အလွန်များပြားရာ အဆုံးမရှိဟုပင် ထင်ရလေသည်။
‘အဲ့ပိုးကောင်တွေက ကြီးလိုက်တာ၊ ရွံလည်းရွံစရာပဲ”
ကျန်းရီသည် လှမ်းကြည့်၍ နှုတ်ခမ်းမဲ့လိုက်၏။ ထိုပိုးကောင်များက အသားပိုးကောင်များပင်။ ၎င်းတို့၏ ခန္ဓာကိုယ်က ဦးနှောက်တစ်လုံးအရွယ်အစား ရှိပြီး ၎င်းတို့၏ ကျောပေါ်တွင် အတောင်ပံများရှိသည်။ ၎င်းတို့၏ လျှာက အလွန်ရှည်လျားပြီး ၎င်းတို့၏ ပါးစပ်နှင့် ခန္ဓာကိုယ်မှနေ၍လည်း မင်စိမ်းရောင်အရည်များ စီးကျနေသည်။ ၎င်းတို့က အလွန်ရွံရှာကြောက်မက်ဖွယ်ကောင်းပေသည်။
“သေပေတော့...”
အပြင်ထွက်သွားသော လူငါးယောက်သည် သူတို့၏ လက်နက်များကို ထုတ်ကာ တိုက်ခိုက်လိုက်ကြ၏။ ကောင်းကင်ထဲတွင် လင်းလက်သွားပြီး အလင်းတန်းများက ပိုးကောင်များဆီ ဦးတည်သွားကြသည်။ ပိုးကောင်များက အလွန်ခံနိုင်ရည်ကောင်းသည့်အပြင် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရာတွင်လည်း ကျွမ်းကျင်ကြရာ ကျန်းရီတို့ အံ့အားသင့်သွားသည်။ တိုက်ခိုက်မှုများက ၎င်းတို့အပေါ် ကျရောက်လာတိုင်း မင်စိမ်းရောင်အရည်များက ၎င်းတို့၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ဝင်ရောက်လာသည့် တိုက်ခိုက်မှုအများစုကို ကာပေးနေသည်။
ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် နှစ်ယောက်ကသာ ပိုးကောင်အနည်းငယ်ကို သတ်နိုင်လိုက်ပြီး ကျန်သုံးယောက်မှာမူ မည်သည်ပိုးကောင်ကိုမှ မသတ်နိုင်ဘဲ ပိုးကောင်အချို့ကိုသာ နောက်သို့ လွင့်ထွက်ပြီးဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်သည်။
ရွှစ်...ရွှစ်...
ထိုပိုးကောင်များက မင်စိမ်းရောင်အရည်များကို ပါးစပ်ထဲမှ မှုတ်ထုတ်နေကြ၏။ ၎င်းမင်စိမ်းရောင်အရည်များကို အနက်ရောင်အခိုးအငွေ့က ရစ်သိုင်းထားသည်။ ထိုအခိုးအငွေ့မှာ တမလွန်ဘုံအရှိန်အဝါဖြစ်ကြောင်း ထင်ရှားပေသည်။ နတ်ဘုရားဧကရာဇ် သုံးယောက် အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လာကြပြီး အလင်းလွှာထဲ ပြန်ဝင်လိုက်ကြ၏။ ကျန်သော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် နှစ်ယောက်မှာမူ ပြန်မဆုတ်ဘဲ မင်စိမ်းရောင်အရည်များကို ရှောင်၍ ဆက်တိုက်ခိုက်နေကြသည်။
“အား...’
ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက်သည် သတိတစ်ချက်လွတ်သွား၍ မင်စိမ်းရောင်အရည်များ ထိမှန်ခံလိုက်ရ၏။ သူ၏ ထိပ်တန်းအဆင့် စစ်ချပ်ဝတ်မှနေ၍ ရုတ်ခြည်း အစိမ်းရောင်အငွေ့များ ထွက်လာပြီး ချပ်ဝတ်ပေါ်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားသည်။ ထိုအခါမှ သူ လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သူ့အဖော်လည်း နောက်မှ လိုက်လာသည်။
အကောင်တစ်သိန်း သတ်ရမည်လော။
အလင်းလွှာထဲမှ လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်မသိ ဖြစ်နေကြသည်။ သူတို့အယောက်တိုင်းက တစ်ရက်အတွင်း ပိုးကောင်အကောင်တစ်သိန်း သတ်ရမည်ဖြစ်သည်။ ယင်းမှာ ဖြစ်နိုင်ပါ၏လော။ ထိုပိုးကောင်များတွင် တိုက်စားနိုင်သော အဆိပ်ရည်များ ရှိသည်။ သူတို့ သတိမထားလျှင် သူတို့၏ အရိုးများပင် တိုက်စားခံလိုက်ရနိုင်သည်။
‘ရူးချင်စရာပဲ...’
ကျန်းရီ အတန်ငယ် ထိတ်လန့်သွား၏။ အမှန်တွင် သူ ပိုးကောင်များကို မကြောက်ပေ။ သူ ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်လိုက်မည်ဆိုလျှင် ထိုပိုးကောင်များက သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ၏အလောင်းကြီးကို ထုတ်လိုက်လျှင်လည်း ပိုးကောင်အကောင်တစ်သိန်း မဆိုထားနှင့် အကောင်ဆယ်သန်းလောက်ကိုပင် သတ်နိုင်သည်။ သို့သော် သူသည် ကောင်းကင်လေပြေချပ်ဝတ်နှင့် အလောင်းကြီးကို ထုတ်သုံး၍ မဖြစ်ပေ။ မဟုတ်လျှင် သူက မည်သူဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။
ပိုးကောင်အကောင်တစ်သိန်းကို သတ်ရန်မှာ စမ်းသပ်ချက်သာ ရှိသေးသည်။ ယန်ကိုးပါးစစ်တပ်က အမှန်ပင် အင်အားကြီးပေသည်။ စစ်တပ်ထဲဝင်နိုင်ရန်ပင် အလွန်ခက်သည်။ စမ်းသပ်ချက်ပင် ဤမျှအန္တရာယ်များရာ အစစ်အမှန်တာဝန်များဆိုလျှင် မည်မျှအန္တရာယ်များမည်နည်း။
လူများက အလင်းလွှာထဲ ပြန်ဝင်သွားသောအခါ ပိုးကောင်များသည် မြေကြီးဆီသို့ ပြန်၍ပျံဆင်းသွားကြ၏။ အလင်းလွှာက အလွန်ခိုင်မာရာ ပိုးကောင်များက အလင်းလွှာထဲရှိ သက်ရှိအငွေ့အသက်များကို အာရုံမခံနိုင်ခြင်းဖြစ်မည်။
‘ငါ အဲ့ပိုးကောင်တွေကို ဘယ်လိုသတ်ရမလဲ’
ကျန်းရီသည် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်စိုး၍ သူ၏ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို ထုတ်မသုံးဝံ့ပေ။ ထို့ကြောင့် ဤစမ်းသပ်ချက်တာဝန်ကို သူ မည်သို့လုပ်ဆောင်ရမည်မသိ ဖြစ်နေပေသည်။