← Chapters

ကျန်းဝူမင်

Vol. 120 Ch. 1672

ကျန်းဝူမင်

Vol. 120 Ch. 1672

အခြေအနေက အလွန်အန္တရာယ်များသော်လည်း မည်သူမှ လက်မလျှော့ကြပေ။ မကြာခင်တွင် သူတို့သည် လှည့်ကွက်တစ်ခုကို တွေ့သွားသည်။ သူတို့ အလင်းလွှာထဲ ဝင်လိုက်သည်နှင့် ပိုးကောင်များက သူတို့နောက်သို့ မလိုက်ကြတော့ပေ။ ထို့ပြင် ပိုးကောင်များ၏ အမြန်နှုန်းက မမြန်ပေ။ သူတို့သာ မင်စိမ်းရောင်အရည်များ ထိမှန်မခံရအောင် ဂရုစိုက်မည်ဆိုလျှင် သေမည် မဟုတ်ချေ။

အားလုံး စုဝေးကာ ဆွေးနွေးလိုက်ကြပြီး အဖွဲ့နှစ်ဖွဲ့ခွဲရန် ဆုံးဖြတ်လိုက်ကြသည်။ လူတစ်ယောက်က ကျန်းရီကို ခေါ်သည်။ သို့သော် ကျန်းရီက အတန်ငယ် ချီတုံချတုံ ဖြစ်နေသေးဆဲဖြစ်၍ ကမ်းလှမ်းမှုကို ငြင်းလိုက်သည်။

ရွှီး...

ကျန်းရီသည် ထိပ်တန်းအဆင့် စစ်ချပ်ဝတ်တစ်ထည်ကို ထုတ်၍ စတင်သန့်စင်လိုက်၏။ သူ ကောင်းကင်လေပြေချပ်ဝတ်ကို အသုံးမပြုဝံ့ရာ ယခု ဤချပ်ဝတ်ကိုသာ သုံးရပေမည်။ မင်စိမ်းရောင်အရည်များက ထိပ်တန်းအဆင့် စစ်ချပ်ဝတ်ကို ဖျက်ဆီးနိုင်ကြောင်း သူ အလွန်ရှင်းလင်းစွာ အာရုံခံခဲ့မိသည်။ ထို့သော် ရုတ်ခြည်းကြီး တိုက်စားကာ လူကိုသတ်နိုင်သည်တော့ မဟုတ်ပေ။

လူများစွာသည် ကျန်းရီ ထိပ်တန်းအဆင့် စစ်ချပ်ဝတ်အား သန့်စင်နေသည်ကို ကြည့်လိုက်ကြ၏။ သူတို့ထဲမှအချို့၏ မျက်လုံးများက လင်းလက်သွားသည်။ သို့သော် မည်သူကမှ သူထံမှ လုမယူကြပေ။ ၎င်းက ထိပ်တန်းအဆင့် စစ်ချပ်ဝတ်လေးသာဖြစ်သည်။ ကျန်းရီက ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ထုတ်လိုက်ခြင်းဆိုလျှင်တော့ သူ့ကို အကောက်ကြံမည့်သူ အနည်းငယ် ထွက်ပေါ်လာနိုင်ပေသည်။

အဖွဲ့နှစ်ဖွဲ့သည် ညီညွတ်စွာ စတင်လှုပ်ရှားကြ၏။ အချို့က အပြင်သို့ပျံထွက်၍ ပိုးကောင်များကို မျှားခေါ်၏။ ပိုးကောင်များက နောက်မှလိုက်လာသည်နှင့် သူတို့ အလင်းလွှာထဲ ချက်ချင်း ပြန်ဝင်ကြသည်။ ထိုအခါ နောက်တစ်ဖွဲ့က အပြင်သို့ လျင်မြန်စွာ ထွက်၍ ပိုးကောင်များကို တိုက်ခိုက်ကြသည်။ သူတို့သည် ပိုးကောင်များကို သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ တိုက်ခိုက်ပြီးသည်နှင့် လျင်မြန်စွာ ပြန်ဆုတ်ကြသည်။ ပိုးကောင်များသည် ပစ်မှတ်ကို ရှာမတွေ့တော့သောအခါ လှည့်ပြန်သွားကြသည်။ ထို့နောက် ပထမအဖွဲ့က အစောမှအတိုင်း ပြန်လုပ်ဆောင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ထိုနည်းလမ်းက အလွန်ထိရောက်သည်။ ပိုးကောင်များ တစ်ကောင်ပြီးတစ်ကောင် အပြင်းအထန် ဒဏ်ရာရသွားပြီး ၎င်းနောက် အသတ်ခံရသည်။ ပိုးကောင်ဒန်တျန်များကလည်း တစ်ခုပြီးတစ်ခု အောက်သို့ ပြုတ်ကျသွားကြသည်။ သို့သော် လက်ရှိတွင် မည်သူမှ ၎င်းတို့ကို သွားမယူဝံ့သေးဘဲ ပိုးကောင်များကိုသာ ဆက်၍တိုက်ခိုက်နေကြသည်။

“အား...”

တစ်နာရီနီးပါးကြာပြီးနောက် လူတစ်ယောက် သူ၏အဆုံးသတ်နှင့် ကြုံလိုက်ရ၏။ လူတစ်ယောက်သည် အပြင်သို့ ပြန်ထွက်ကာ ခေတ္တမျှ တိုက်ခိုက်ပြီးနောက် အကြောင်းအချို့ကြောင့် ပြန်မဆုတ်နိုင်တော့ဘဲ မင်စိမ်းရောင်အရည်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တိုက်စားခံရကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အရည်ပျော်သွားသည်။ သူ့အရိုးများသာ ကျန်ခဲ့လေသည်။

“ဘာဖြစ်တာလဲ”

ထိုလူသည် အစောတွင်လည်း အချီများစွာ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ယခင်အခေါက်များက ဤကဲ့သို့ မဖြစ်ခဲ့ပါပေ။ ထို့ကြောင့် အားလုံး နားမလည်နိုင်ဖြစ်သွားကြသည်။ သို့သော် နောက်ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် နောက်ထပ်လူငါးယောက်လည်း ရုတ်တရက် မည်သို့ပြန်ဆုတ်ရမည်ကို မသိတော့ဘဲ မင်စိမ်းရောင်အရည်များ၏ တိုက်စားမှုကို ခံရကာ အရိုးကျသွားပေသည်။

“မဟုတ်သေးဘူး...”

ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက်သည် ရုတ်တရက် နားလည်သွား၍ အော်ပြောလိုက်၏။

“အားလုံးပဲ အပြင်မထွက်ကြပါသေးနဲ့ဦး။ အဲ့ပိုးကောင်တွေရဲ့ တမလွန်ဘုံအရှိန်အဝါက အတော်လေး ထူးဆန်းနေတယ်။ အဲ့အရှိန်အဝါက ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်အပေါ် လျှို့ဝှက်ပြီး သက်ရောက်နေတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကို သေချာပြန်စူးစမ်းပြီး ကိုယ့်စိတ်ဝိညာဉ်ထဲက တမလွန်ဘုံအရှိန်အဝါကို ထုတ်လိုက်ကြပါ။ မဟုတ်ရင် လူတွေ ထပ်သေလိမ့်မယ်”

အားလုံး သဘောပေါက်သွားပြီး တင်ပျဉ်ခွေထိုင်ချကာ သူတို့၏ စိတ်ဝိညာဉ်ကို စူးစမ်းလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့၏ စိတ်ဝိညာဉ်ထဲ၌ တမလွန်ဘုံအရှိန်အဝါ အနည်းငယ် ရှိနေကြောင်းကို သိလိုက်ရသည်။ ထိုတမလွန်ဘုံအရှိန်အဝါက သူတို့၏ စိတ်ဝိညာဉ်ထဲသို့ လျှို့ဝှက်စွာ ဝင်လာခဲ့ခြင်းပင်။ ထိုလူများက ဘာကြောင့်မှန်းပင်မသိ သေသွားရခြင်းမှာ မထူးဆန်းတော့ပေ။

“ကျုပ် အဲ့အရှိန်အဝါကို မဖယ်နိုင်ဘူး...”

လူတစ်ယောက်သည် အတန်ကြာအောင် တင်ပျဉ်ခွေထိုင်နေပြီးနောက် မျက်လုံးပြန်ဖွင့်ကာ ရေရွတ်လိုက်သည်။

“ဒါက သာမန်တမလွန်ဘုံအရှိန်အဝါ မဟုတ်ဘူး။ ကျုပ် အဲ့အရှိန်အဝါကို အချိန်တိုအတွင်း ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်တို့ စမ်းသပ်ချက်တာဝန်ကို အချိန်မီ ပြီးမြောက်အောင် လုပ်နိုင်မယ် မထင်ဘူး”

လူအချို့လည်း မျက်လုံးဖွင့်ကာ ခေါင်းညိတ်လိုက်ကြ၏။ ထိုတမလွန်ဘုံအရှိန်အဝါက သူတို့ ယခင်တွင် တွေ့ကြုံဖူးသည့် တမလွန်ဘုံအရှိန်အဝါနှင့် ကွဲပြားသည်။ ယခုအရှိန်အဝါက လျှို့ဝှက်ကျူးကျော်နိုင်ပေသည်။

တစ်ခဏမျှ တိုက်ခိုက်ပြီးတိုင်း တမလွန်ဘုံအရှိန်အဝါကို ဖယ်ရန် အချိန်များစွာ ပေးနေရမည်ဆိုလျှင် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အချို့မှလွဲ၍ အခြားသူများသည် စမ်းသပ်ချက်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို မဖယ်လျှင် သူတို့ ထိန်းချုပ်ခံလိုက်ရနိုင်ခြေရှိသည်။ ထို့ပြင် သူတို့ အပြင်ထွက်သွားလျှင်လည်း အလွယ်တကူ အသတ်ခံရနိုင်သည်။

“တမလွန်ဘုံအရှိန်အဝါကို ဖယ်ဖို့ ကျွန်တော် ခင်ဗျားတို့ကို ကူညီပေးနိုင်ပါတယ်”

အသံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး ခေါင်းလှည့်ကာ ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီက သူ၏ နီရဲနေသော ရုပ်ဆိုးသည့်မျက်နှာကို မော့၍ ပြောလိုက်သည်။

“ဒါပေမဲ့... ခင်ဗျားတို့ ကျွန်တော့်ကို ပိုးကောင်ဒန်တျန်တစ်သိန်းတော့ ပေးရမယ်။ ပြီးတော့ ကျွန်တော်က ထွက်တိုက်မှာ မဟုတ်ဘူး.. တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးဖို့ပဲ တာဝန်ယူမယ်”

“ဖယ်ပေးနိုင်မယ်ဆိုတာ မင်း သေချာလား”

ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက်က ကျန်းရီကို စိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“မင်းသာ တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးနိုင်မယ်ဆိုရင် ငါတို့ မင်းရဲ့တောင်းဆိုချက်တွေကို သဘောတူပေးနိုင်တယ်”

ဝှစ်...

ကျန်းရီ ပျံသွားလိုက်ပြီး ထိုဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ ကျောပေါ်သို့ လက်ဝါးတင်လိုက်၏။ သူ့လက်က အနက်ရောင်အလင်း လင်းလက်လာပြီး တံဆိပ်စာလုံးတစ်လုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း ဝင်သွားသည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် လန့်သွားပြီး လက်ဝါးတွင် ကောင်းကင်စွမ်းအားစုစည်းကာ ကျန်းရီကို သတ်ရန် အသင့်ပြင်ထားလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို မယုံဘူးလား”

ကျန်းရီသည် တံဆိပ်စာလုံးအား ထိန်းချုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်နှင့် မျက်လုံးချင်းဆုံအောင်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို သတ်တော့ ဘာကောင်းကျိုးရမှာမို့လို့လဲ။ ဒီမှာ ခင်ဗျားရဲ့အဖော်တွေ ရှိနေတာပဲ။ ကျွန်တော် မဟုတ်တာတစ်ခု လုပ်လိုက်ရင် သူတို့က ကျွန်တော့်ကို ချက်ချင်း သတ်ပစ်မှာပေါ့”

“အင်း...”

ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် ခေါင်းညိတ်လိုက်သည်။ ကျန်းရီက နတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိရာ သူ့အဖော်များက ကျန်းရီကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ ကျန်းရီသည် တံဆိပ်စာလုံးများကို ဖြည်းဖြည်းချင်း ပြန်ထိန်းချုပ်လိုက်ပြီး ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ စိတ်ဝိညာဉ်ဆီသို့ သွားစေလိုက်၏။ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တစ်ပတ်လှည့်ပတ်စေပြီးနောက် တံဆိပ်စာလုံးများကို ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်အပြင်သို့ ပြန်ထုတ်လိုက်သည်။

“အန်...”

ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ မျက်လုံးများ အရောင်လက်လာ၏။ သူ ကျန်းရီကို ခပ်သွက်သွက် လှည့်ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် လောဘများ ပြည့်နှက်နေသည်။ ကျန်းရီ၏ တံဆိပ်စာလုံးများက အလွန်ဆန်းကြယ်သည်။ သူသည် တမလွန်ဘုံအရှိန်အဝါ အနည်းငယ်ကို ဖယ်ရှားရန် အချိန်များစွာ ပေးခဲ့ရသည်။ ကျန်းရီကမူ တစ်ခဏအတွင်းမှာပင် သူ့စိတ်ဝိညာဉ်ကို အပြည့်အဝ သန့်စင်ပေးနိုင်ပေသည်။

ဟုတ်၏။ သန့်စင်ပေးခြင်းဖြစ်ပြီး ဖယ်ရှားခြင်းမဟုတ်ပေ။ ထိုနှစ်ခုမှာ မတူပေ။

သို့သော် မကြာခင်တွင် ထိုလောဘက ပျောက်ကွယ်သွားသည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်သည် ကျယ်လောင်စွာ ရယ်၍ ပြောလိုက်သည်။

“ဒီကောင်လေးက အတော်လေး ပါရမီထူးတာပဲ။ ကောင်းပြီ... ငါ မင်းရဲ့တောင်းဆိုချက်တွေကို သဘောတူတယ်။ ငါ့နာမည်က ကျန့်တနျန်.. မင်းရဲ့နာမည်ကရော”

“ကျန်းဝူမင်”

ကျန်းရီသည် ဟယ်တ၏အမည်ကို သုံး၍မရတော့သဖြင့် ကြုံရာအမည်တစ်ခု ပြောလိုက်သည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်က ခေါင်းညိတ်ကာ ပြောသည်။

“ညီလေးကျန်း... မင်းရဲ့နာမည်က တော်တော်ထူးခြားတာပဲ။ မြန်မြန် ငါ့ညီနောင်တွေရဲ့ စိတ်ဝိညာဉ်ထဲက တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးလိုက်ပါ”

ကျန်းရီသည် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်၏ အဖော်အားလုံး၏ စိတ်ဝိညာဉ်များထဲမှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးလိုက်သည်။ ထိုအဖွဲ့တွင် အဖွဲ့ဝင်ခြောက်ဆယ်လောက်ရှိပြီး သူတို့ထဲမှ ငါးယောက်က ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များဖြစ်ကြသည်။ ကျန်းရီက လှည့်ပတ်သွား၍ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနေသည်။ ထို့ကြောင့် အားလုံးသည် မည်သည်ကိုမှ စိုးရိမ်ရန်မလိုဘဲ ထပ်မံ တိုက်ခိုက်လာနိုင်လေသည်။

အခြားအဖွဲ့မှ လူများကလည်း ကျန်းရီကို လှမ်းကြည့်နေကြ၏။ ကျန်းရီက အကြင်နာတရားကြီးသော ဗောဓိသတ္တတစ်ပါး မဟုတ်ပေ။ တံဆိပ်စာလုံးများအကြောင်းကိုသိသူများ ရှိနေနိုင်သည်။ သို့သော် အရေအတွက်က သိပ်မများနိုင်ပေ။ ကျန်းရီ တံဆိပ်စာလုံးများကို ထုတ်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ၏ အခြားအတတ်များနှင့် စွမ်းရည်များကို ထုတ်မပြလို၍ဖြစ်သလို သူ၏စမ်းသပ်ချက်တာဝန်ကို ပြီးမြောက်စေရန် အခြားသူများ၏ အကူအညီကို လိုချင်၍လည်းဖြစ်သည်။

“ညီလေးကျန်း...”

အခြားအဖွဲ့မှ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် တစ်ယောက်က လျှောက်လာပြီး မေးလိုက်၏။

“ညီလေး အစ်ကိုတို့ကိုရော ကူညီပေးနိုင်မလား။ အစ်ကိုတို့က ညီလေးကို ပိုးကောင်ဒန်တျန်သုံးသောင်း ပေးမယ်ဆိုရင် ဘယ်လိုလဲ”

ကျန့်တိနျန်က လှမ်းကြည့်၏။ သို့သော် မည်သို့မှ မပြောပေ။ ကျန်းရီက မည်သူ့ကို ကူညီသည်ဖြစ်စေ ယင်းက ကျန်းရီ၏ကိစ္စသာ။ ကျန်းရီသာ ကူညီရန် သဘောတူလိုက်လျှင် သူတို့အဖွဲ့က ကျန်းရီကို ပိုးကောင်ဒန်တျန်သုံးသောင်း လျှော့ပေး၍ ရသွားပေလိမ့်မည်။

“အဲ့ဒါက...”

ကျန်းရီ ခေတ္တမျှ ချီတုံချတုံဖြစ်သွား၏။ အခြားအဖွဲ့ထဲမှ လူအားလုံးသည် သူ့ကို မျှော်လင့်တကြီး ကြည့်နေကြသည်။ ကျန်းရီသာ သူတို့ကို မကူညီလျှင် သူတို့ထဲမှ အများစုက ဤစမ်းသပ်ချက်တာဝန်ကို အောင်မြင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီ မိနစ်အနည်းငယ်မျှ ဆက်တုံ့ဆိုင်းနေ၏။ နောက်ဆုံးမှ သူ ဆယ်ချီသော မျက်ဝန်းအစုံများကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပြီ.. ကျွန်တော် ခင်ဗျားတို့ကို တစ်ကြိမ် ကူညီပေးပါမယ်”

“ကျေးဇူးအများကြီးတင်ပါတယ် ညီလေးကျန်း”

လူများသည် ပခုံးပေါ်မှ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလို ခံစားလိုက်ရ၏။ ကျန်းရီက အလွန်ရုပ်ဆိုးနေသော်လည်း ထိုအခိုက်တွင် အားလုံးသည် ကျန်းရီအပေါ် ခံစားချက်အချို့ပင် ရှိလာကြပေသည်။

ကျန်းရီ၏ အကူအညီဖြင့် မကြာခင်မှာပင် တိုက်ပွဲ ထပ်မံစတင်လာသည်။ အားလုံးသည် တမလွန်ဘုံအရှိန်အဝါကို အရေးမစိုက်တော့ဘဲ သူတို့တတ်သည့် အတတ်အားလုံးကို ထုတ်သုံးနေကြသည်။ ကျန်းရီကလည်း အလင်းလွှာထဲ ပြန်ဝင်လာသူများ၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးနေသည်။ သို့ဖြင့် တိုက်ပွဲမှာ အလွန်အခြေအနေကောင်းနေပေသည်။ ပိုးကောင်များ တစ်ကောင်ပြီးတစ်ကောင် အသတ်ခံနေရသည်။ ထိုနှုန်းနှင့်ဆိုလျှင် အလွန်ဆုံး နေ့တစ်ဝက်အတွင်းမှာပင် အားလုံးအတွက် လုံလောက်သော ပိုးကောင်ဒန်တျန်များကို ရရှိပေလိမ့်မည်။

“ဟုတ်ပြီ... ငါတို့မှာ လုံလောက်ပြီ”

အတန်ကြာပြီးနောက် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အချို့သည် အောက်ဘက်သို့ ပျံဆင်းသွားပြီး နတ်ဘုရားဒန်တျန်များကို သွားယူလိုက်ကြ၏။ ကျန်းရီသည် သူ၏ဝေစုဖြစ်သော ပိုးကောင်ဒန်တျန်တစ်သိန်းကို ရပြီးနောက် နောက်လှည့်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လျှောက်သွားလိုက်၏။

အားလုံး တုန်လှုပ်သွားကြသည်။ ကျန်းရီ မရှိလျှင် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များမှလွဲ၍ ကျန်လူအများစုက စမ်းသပ်ချက်တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူတို့ ဤနေရာမှာပင် သေသွားနိုင်သေးသည်။

“မသွားပါနဲ့ ညီလေးကျန်း...”

လူတစ်စုက စိတ်လှုပ်ရှားစွာ ပျံသန်းလာပြီး ကျန်းရီကို တောင်းပန်ကာ တားလိုက်ကြ၏။ အချို့ဆိုလျှင် ရတနာများနှင့် နတ်ဘုရားအမြစ်များကိုထုတ်ကာ ကျန်းရီကို ကူညီပေးရန် တောင်းဆိုကြသည်။

“ကောင်းပြီ... အကုန်လုံး လိုအပ်တဲ့ ပိုးကောင်ဒန်တျန်တွေကို ရတဲ့အထိ ကျွန်တော် ကူညီပေးမယ်။ ပြီးမှ ကျွန်တော်တို့ အတူပြန်ကြတာပေါ့”

ကျန်းရီသည် မည်သည့်နတ်ဘုရားအမြစ်၊ မည်သည့်ရတနာကိုမှ လက်မခံဘဲ ပြောလိုက်၏။

ကျန်းရီသည် လူတစ်ယောက်က အသုံးမဝင်တော့သည်နှင့် ထိုလူကို ကန်ထုတ်တတ်သူမျိုး မဟုတ်ပေ။ အမှန်တွင် အစောကတည်းက သူ ထွက်သွားလိုစိတ် မရှိခဲ့ချေ။ သို့သော် လူများသည် လွယ်လွယ်ရသောအရာကို တန်ဖိုးမထားတတ်ကြပေ။ ထို့ကြောင့် သူသည် ထွက်သွားချင်ယောင်ဆောင်ပြီးမှ ပြန်ကူညီရန် သဘောတူလိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ ယန်ကိုးပါးစစ်တပ်ထဲ၌ ပြဿနာတစ်ခုနှင့် ကြုံရပါက ထိုလူများသည် သူ၏ကြင်နာမှုနှင့် အကူအညီပေးခဲ့မှုကို အမှတ်ရနေလောက်ပေသည်။

All Chapters