သုံးစားမရတဲ့သူတွေ
Vol. 120 Ch. 1673
ကျန်းရီ၏ အတွေးက အလွန်အမြော်အမြင်ရှိသည်။ အားလုံး စမ်းသပ်ချက်တာဝန်ကို ပြီးမြောက်သွားသည့်အချိန်တွင် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များပင် ကျန်းရီအပေါ် စတင်၍ နွေးနွေးထွေးထွေး ဆက်ဆံလာသည်။ ကျန်းရီကို ညီလေးကျန်း၊ အစ်ကိုကြီးကျန်းဟူ၍ ရင်းရင်းနှီးနှီး ခေါ်ကြသည်။ သူတို့ လူတစ်ရာနီးပါးစလုံးသည် ဤစမ်းသပ်ချက်တာဝန်ကို ထမ်းဆောင်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြပေသည်။
တည်နေရာပြောင်းရွှေ့ကာ ပြန်ပြီးနောက်တွင် အားလုံးသည် ဒုတိယခန်းမသို့သွား၍ သတင်းပို့လိုက်ကြ၏။ ဒုတိယခန်းမထဲမှ အဘိုးအိုသည် အားလုံးက အချိန်တိုအတွင်း ပြန်လာကြပြီး လူလေးယောက်သာ သေဆုံးခဲ့ကြောင်းကို တွေ့လိုက်သသောအခါ အတန်ငယ် အံ့ဩသွား၏။ ထို့နောက် သူ ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်းတို့အုပ်စုက တော်တော်လေး သန်မာတဲ့ပုံပဲ။ ယန်ကိုးပါးစစ်တပ်က ကြိုဆိုပါတယ်။ အင်း... မင်းတို့က ဒီလောက်သန်မာမှတော့ ငှက်တောင်ပျံတပ်ခွဲကိုသွားပါ...”
“ဒီအမိန့်ပြားကို ယူသွားပြီး ဘယ်ဘက်က ရှစ်လုံးမြောက် ရဲတိုက်ဆီသွားပြီး ဆဋ္ဌမခန်းမကနေ တည်နေရာပြောင်းရွှေ့သွားကြပါ။ ငှက်တောင်ပျံတပ်က တိုက်ခိုက်စွမ်းအားကြောင့် ကျော်ကြားတယ်။ မင်းတို့ ငှက်တောင်ပျံတပ်ရဲ့ ဂုဏ်သတင်းကို မညှိုးနွမ်းစေဖို့ ငါ မျှော်လင့်ပါတယ်”
“ငှက်တောင်ပျံတပ်လား”
ကျန်းရီ၊ ကျန့်တိနျန်နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် အိုးတိုးအမ်းတမ်းနှင့် ကြည့်လိုက်ကြ၏။ သူတို့က ထိုအဘိုးအို ထင်နေသလောက် မသန်မာကြပေ။ စမ်းသပ်ချက်တာဝန်ကို လျင်မြန်စွာ ပြီးမြောက်ခဲ့ခြင်းမှာ ကျန်းရီ၏ အကူအညီကြောင့်သာဖြစ်သည်။
ယခုတွင် သူတို့သည် အင်အားကြီးသော တပ်တစ်တပ်သို့ အပို့ခံရနေရပေပြီ။ အင်အားကြီးသော တပ်များက ပို၍အန္တရာယ်များသော တာဝန်များကို ယူလေ့ရှိသည်။ သို့ဖြစ်ရာ သူတို့၏ သေနိုင်ခြေက ပိုမြင့်ပေလိမ့်မည်။
ပြဿနာမှာ... သူတို့ အဘိုးအို ဆုံးဖြတ်ပေးသော တပ်ကို ငြင်းနိုင်ပါမည်လော။
ကျန့်တိနျန်သည် အမိန့်ပြားကို ယူ၍ အားလုံးကိုခေါ်ကာ အပြင်ထွက်သွားသည်။ ယခုတွင် အားလုံးသည် ပို၍စည်းလုံးလာပြီဖြစ်သည်။ သူတို့က တူညီသောတပ်ထဲသို့ ဝင်ရမည် မဟုတ်ပါလား။ သူတို့သာ မစည်းလုံးလျှင် အလွယ်တကူ အနိုင်ကျင့်ခံရပေလိမ့်မည်။ ကျန့်တိနျန်က ရန်ထျန်းဖန်နှင့် ယှဉ်နိုင်ပြီး အုပ်ချုပ်သူအဆင့်သို့ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သည်။ ထို့ကြောင့် အားလုံးသည် သူ့ထံတွင် လက်အောက်ခံလိုကြပြီး သူ့ကို အမိန့်ပြားကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။
သူတို့အုပ်စုသည် ရှစ်လုံးမြောက် ရဲတိုက်ထဲသို့ ဝင်ကာ အဘိုးအိုပြောလိုက်သည့် ဆဋ္ဌမမြောက်ခန်းမမှနေ၍ ထပ်မံ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ ယန်ကိုးပါးစစ်တပ်၏ အခြေစိုက်စစ်စခန်းက ယန်ကိုးပါးတောင်ကြားထဲတွင် မဟုတ်ဘဲ ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ဖြစ်သည်။
ထို့ပြင် ကျန်းရီတို့ ရောက်သွားသော ဆန်းကြယ်နယ်မြေကလည်း တပ်ခွဲသုံးဆယ်ခြောက်ခုထဲမှ တပ်ခွဲတစ်ခု၏ အခြေစိုက်စခန်းသာ ဖြစ်နိုင်ပေသည်။ အားလုံးသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ပြန်ပေါ်လာသောအခါ သူတို့ကို စောင့်ကြိုနေသော မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
ဤနေရာက စစ်စခန်းတစ်ခု ဖြစ်သော်လည်း ရွက်ဖျင်တဲတစ်တဲမှ ရှိမနေဘဲ အနက်ရောင်ရဲတိုက်များသာ အတန်းလိုက်တည်ရှိနေသည်။ ၎င်းရဲတိုက်များက အဆုံးမရှိသကဲ့သို့ပင်။ အနည်းဆုံး ရဲတိုက် အလုံးတစ်သန်းလောက်ရှိနိုင်သည်။ ရဲတိုက်များစွာ၏ အလံများကလည်း မတူကြပေ။ ၎င်းအလံများပေါ်တွင် မတူသောစာလုံးများကို ရေးထားသည်။ ကျန်းရီတို့သည် တပ်သားများစွာကို မမြင်ရသော်လည်း စွမ်းအားကြီး အရှိန်အဝါတစ်ခုက သူတို့အားလုံးအပေါ် ကျရောက်လာသည်ကို သူတို့ ခံစားလိုက်ရသည်။
ဝှစ်...ဝှစ်...
ကျန်းရီတို့ ထွက်ပေါ်လာသောနေရာတွင် အခြားတည်နေရာပြောင်းရွှေ့အစီအရင်များလည်း ရှိနေသည်။ ပတ်ပတ်လည်တွင် တပ်သားရာကျော် စောင့်ကြပ်နေသည်။ သူတို့အားလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များပင်။ တပ်ကြပ်တစ်ယောက်ဟု ထင်ရသူက ကျန်းရီတို့အုပ်စုကိုကြည့်ကာ မေးလိုက်သည်။
“မင်းတို့က ငှက်တောင်ပျံတပ်ထဲ ဝင်ဖို့ ရောက်လာကြတာလား။ မင်းတို့ရဲ့ အမိန့်ပြား ဘယ်မှာလဲ”
ကျန့်တိနျန်က အမိန့်ပြားကို ထုတ်ပြကာ လေးလေးစားစား ပြောလိုက်သည်။
“အကြီးအကဲတစ်ယောက်က ကျုပ်တို့ကို ငှက်တောင်ပျံတပ်ရဲ့ စစ်သူကြီးကို လာရှာခိုင်းလိုက်တာပါ”
“ငှက်တောင်ပျံတပ်တဲ့လား...”
တပ်သားတစ်စုက ခပ်လှောင်လှောင်ပြုံးလိုက်ကြ၏။ သူတို့၏ တပ်ကြပ်ကလည်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ငါ့နောက်ကလိုက်ခဲ့၊ ဘယ်ကိုမှ လျှောက်မသွားနဲ့၊ လျှောက်မကြည့်နဲ့။ မဟုတ်ရင် မင်းတို့ဘာသာ အကျိုးဆက်တွေကို ခံရလိမ့်မယ်”
ထိုတပ်ကြပ်သည် ကျန်းရီတို့ကို ရဲတိုက်များဆီသို့ ခေါ်သွား၏။ ကျန်းရီတို့ ဘေးဘီကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ရဲတိုက်ရာကျော်တွင် ‘ငှက်တောင်ပျံ’ဟု ရေးသားထားသည့် အလံတစ်လံစီ လွှင့်ထားကြောင်း တွေ့လိုက်ရသည်။ ဤနေရာက ငှက်တောင်ပျံတပ်၏ အခြေစိုက်စခန်း ဖြစ်နိုင်ပေသည်။
ရဲတိုက်များ၏ အပြင်တွင် အစောင့်များ စောင့်ကြပ်နေကြသည်။ တပ်ကြပ်သည် ထိုကဲ့သို့ ရဲတိုက်တစ်လုံး၏ အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ရဲတိုက်အပြင်ရှိ အစောင့်တစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“တပ်သားသစ်တွေ ရောက်လာပြီလို့ စစ်သူကြီးယွင်ကို သတင်းသွားပို့လိုက်ပါ”
“တပ်သားသစ်တွေလား”
အစောင့်သည် ကျန်းရီတို့ကို ကြည့်၍ အေးစက်စက် ပြန်ပြောလိုက်၏။
“ဒီလူတွေက တော်တော်အားနည်းတာပဲ။ သူတို့က ငှက်တောင်ပျံတပ်ထဲကို ဝင်မှာတဲ့လား။ တစ်ခုခုများ မှားနေလား”
“ဟုတ်ပါတယ်.. ငှက်တောင်ပျံတပ်ထဲကို ဝင်မှာပါတဲ့”
တပ်ကြပ်က လက်ဆုပ်ကာ ပြောလိုက်သည်။
“သူတို့မှာ တပ်မှူးယွီရဲ့ အမိန့်ပြားပါပါတယ်”
“ဪ... အဲ့ဒါဆို ခဏစောင့်ပါ”
အစောင့်သည် ကျန်းရီတို့ကို အထင်သေးစွာ ထပ်ကြည့်၍ ရဲတိုက်ထဲ ဝင်သွားသည်။ တစ်နာရီကြာအောင် စောင့်ပြီနောက် အစောင့်က ပြန်ထွက်လာပြီး အေးစက်စက်လေသံဖြင့် ပြောသည်။
“အခု စစ်သူကြီးယွင်က အလုပ်ရှုပ်နေတယ်။ ဒီမှာ စောင့်နေကြပါ”
ကျန့်တိနျန်နှင့် အခြားသူများ အတန်ငယ် မျက်နှာပျက်သွားကြ၏။ သို့သော် သူတို့ မည်သို့မှ မပြောဝံ့ပေ။ တပ်ကြပ်လည်း ထွက်သွားသဖြင့် ကျန်းရီတို့သည် ရဲတိုက်အပြင်တွင်သာ တိတ်တဆိတ် စောင့်နေရသည်။
နှစ်နာရီ၊ လေးနာရီ... ခြောက်နာရီ...
ကျန်းရီ၏ မျက်နှာထားက မပြောင်းလဲသေးပေ။ သို့သော် ကျန့်တိနျန်တို့ မျက်စိမျက်နှာပျက်လာကြသည်။ ဤအခြေအနေက ဘာအဓိပ္ပာယ်နည်း။ စစ်သူကြီးယွင်က သူတို့ကို မလိုချင်လျှင်လည်း သူတို့ အခြားတပ်ခွဲများသို့ သွား၍ရသည်။ သူတို့ကို ဤသို့ ရပ်စောင့်ခိုင်းနေသည်မှာ ဘာအကျိုးရှိပါသနည်း။
ဆယ်နာရီ၊ ဆယ့်ခြောက်နာရီ... နာရီသုံးဆယ်
ကျန့်တိနျန် အတန်ငယ် ဒေါသထွက်လာသည်။ သူသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သူဖြစ်သည်။ သူက စွမ်းအားကြီးသည်ဟု အနည်းနှင့်အများဆိုသလို သတ်မှတ်နိုင်သည် မဟုတ်ပါလား။ သို့သော် သူ့ကို ယခုကဲ့သို့ စောင့်ခိုင်းထားသည်လော။ သူ အံကြိတ်ကာ လက်ဆုပ်၍ ပြောလိုက်သည်။
“နောင်ကြီး... စစ်သူကြီးက အလုပ်ရှုပ်နေတုန်းပဲလား”
“ပါးစပ်ပိတ်ထား”
အစောင့်က အေးစက်စက် ပြန်ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြော၏။
“စစ်သူကြီးက အားရင် ထွက်လာမှာပေါ့။ ငှက်တောင်ပျံတပ်ထဲမှာ စစ်သူကြီးရဲ့ အမိန့်တွေကို တသွေမတိမ်း နာခံရမယ်။ မင်းတို့ ငှက်တောင်ပျံတပ်ထဲ မဝင်ချင်ရင်လည်း ထွက်သွားကြ”
“အန်...”
ကျန့်တိနျန်တို့၏ မျက်နှာများက ပို၍ပင် မည်းမှောင်သွား၏။ အချို့ဆိုလျှင် လှည့်ပြန်ရန်ပင် ဟန်ပြင်လိုက်ကြသည်။ သူတို့ တပ်ထဲဝင်သည်မှာ တမလွန်ဘုံမျိုးနွယ်များကို သတ်ရန်ဖြစ်သည်။ ယင်းမှာ လှောင်ပြောင်သင့်သောအရာတစ်ခု မဟုတ်ပေ။
“အစ်ကိုကျန့်၊ ညီနောင်တို့... ခဏလောက် ထပ်စောင့်လိုက်ကြပါ”
ထိုအချိန်တွင် ကျန်းရီက ရုတ်တရက် ထပြောလိုက်၏။ သူ ပြောလိုက်ပြီဖြစ်ရာ လှည့်ပြန်ရန် လုပ်နေသော လူများ ရပ်တန့်သွားကြ၏။ ထို့နောက် အားလုံး ခါးသီးစွာဖြင့် တိတ်တဆိတ် ဆက်စောင့်နေလိုက်ကြသည်။
“အာ...”
အစောင့်များသည် ကျန်းရီကို အံ့ဩတကြီးနှင့် ကြည့်လိုက်ကြ၏။ ထိုရုပ်ဆိုးသောလူငယ်လေးက ထိုမျှဩဇာအာဏာရှိသည်လော။ သူ တစ်ခွန်းပြောလိုက်သည်နှင့် တစ်အုပ်စုလုံး ငြိမ်ကျသွားသည်လော။ သို့သော် သူက ယခုမှ နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ခါစသာ ရှိသေးပုံပေါ်သည် မဟုတ်လော။ သူက မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်လော။
နောက်ထပ်ခြောက်နာရီကြာပြီးနောက်တွင် ရဲတိုက်ထဲမှနေ၍ တပ်သားတစ်စုက နှစ်တန်းခွဲ၍ ပျံထွက်လာပြီး ဂိတ်တံခါး၏ ဘေးဘယ်ညာတွင် ရပ်လိုက်ကြ၏။ သူတို့အားလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များပင်။ ကျန်းရီတို့သည် ရဲတိုက်ဂိတ်တံခါးကို ကြည့်ကာ မှင်တက်သွားကြသည်။
စစ်သူကြီးယွင်မှာ အမျိုးသမီးတစ်ယောက်ပင်။ ထို့ပြင် သူမသည် အားနွဲ့သိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်နှင့် တူနေသည်။ သူမက အနက်ရောင်ချပ်ဝတ်ပျော့ကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဝတ်ရုံတစ်ခု ခြုံထားသည်။ သူမ၏မျက်နှာက အတန်ငယ် အေးစက်နေ၏။ ထို့ပြင် သူမအရှေ့မှ ထွက်လာသော တပ်သားနှစ်တန်းကြောင့် သူမက အတန်ငယ် ရှိန်ဖွယ်ကောင်းနေသည်။
‘အုပ်ချုပ်သူအဆင့်လား’
ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထိုစစ်သူကြီးယွင်က အလွန်ငယ်ရွယ်ပုံပေါ်သော်လည်း အုပ်ချုပ်သူအဆင့်သို့ပင် ရောက်နေပြီလော။ ထို့ပြင် သူမသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ခါစသူတစ်ယောက်နှင့် မတူဘဲ ကောင်းကင်ဘုရင်လုံနှင့်ပင် ယှဉ်နိုင်ပုံပေါ်သည်။
စစ်သူကြီးယွင်က သေချာပေါက် မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် ထိုကဲ့သို့ တပ်မျိုးထဲသို့ မဝင်လိုပေ။
စစ်သူကြီးက မစွမ်းဆောင်နိုင်လျှင် တပ်က ဒုက္ခခံရပေလိမ့်မည်။
ထိုသခင်မလေးတွင် မည်သို့သော တိုက်ပွဲအတွေ့အကြုံမျိုး ရှိပါမည်နည်း။ သူမ သတိမထားလျှင် သူတို့အားလုံး တန်ကြေးပေးရမည်ဖြစ်သည်။
“တပ်မှူးယွီက အမြင်မရှိတော့ဘူးလား”
စစ်သူကြီးယွင်သည် အပြင်သို့ လျှောက်ထွက်လာပြီး ကျန်းရီတို့ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူမ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“သုံးစားမရတဲ့သူတွေ... ရှင်တို့က ကျွန်မရဲ့ ငှက်တောင်ပျံတပ်ထဲကို ဝင်ချင်တာလား”
အားလုံး မျက်နှာပျက်သွား၏။ ကျန့်တိနျန်သည် ဆက်၍ စိတ်မထိန်းနိုင်တော့ဘဲ လက်ဆုပ်ကာ အေးစက်စက် ပြောလိုက်သည်။
“စစ်သူကြီးယွင်... စစ်သူကြီး ကျုပ်တို့ကို လက်မခံချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကို မစော်ကားပါနဲ့။ ကျုပ်တို့ တပ်ထဲဝင်တယ်ဆိုတာ တမလွန်ဘုံမျိုးနွယ်ကို သတ်ဖို့ပါ။ စစ်သူကြီး အရှက်ခွဲတာကို ခံဖို့ မဟုတ်ပါဘူး”
“အမယ်...”
စစ်သူကြီးယွင်က ပြုံး၍ ပြန်ပြော၏။
“ရှင်က ကျွန်မကို အဲ့လိုပြောရဲတာ သတ္တိတော့ ရှိသားပဲ။ ကျွန်မ ရှင်တို့ကို အခွင့်အရေးတစ်ခုပေးမယ်။ ကျွန်မရဲ့ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်က ရှင်နဲ့ အဆင့်အတူတူလောက်ပဲ။ ရှင် သူတို့ထဲက တစ်ယောက်ကို ရွေးနိုင်တယ်။ ရှင် သူ့ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရန် ကျွန်မရဲ့ စကားတွေကို ပြန်ရုတ်သိမ်းပြီး ရှင်တို့ကို ငှက်တောင်ပျံတပ်ထဲ ဝင်ခွင့်ပေးမယ်။ မဟုတ်ရင်တော့ ရှင်တို့ လာခဲ့တဲ့ဆီကို ပြန်သွားလိုက်တော့”