← Chapters

နောက်ဆုံးတိုက်ကွက်အတွက် ကျွန်တော်ကူမယ်

Vol. 120 Ch. 1674

နောက်ဆုံးတိုက်ကွက်အတွက် ကျွန်တော်ကူမယ်

Vol. 120 Ch. 1674

“သုံးကွက်လား”

ဤတစ်ကြိမ်တွင် ကျန်းရီ မျက်နှာပျက်သွားသည်။ စစ်သူကြီးယွင်၏ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်စလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် အနည်းနှင့်အများဆိုသလို ရန်ထျန်းဖန်လောက် သန်မာကြသည်။ ကျန့်တိနျန်မှာလည်း ထို့အတူပင်။ သို့ဖြစ်ရာ ကျန့်တိနျန်အတွက် တစ်ယောက်ချင်းယှဉ်ပြိုင်ရခြင်းမှာပင် စော်ကားခံရသလို ဖြစ်နေပြီဖြစ်ရာ သုံးကွက်လောက်ကို ခုခံရန် အပြောခံရခြင်းအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပြီ။

စစ်သူကြီးယွင်၏ စကားက ကျန့်တိနျန်ကို အရှက်ခွဲသလို ဖြစ်နေရုံသာမက ကျန်သော လူကိုးဆယ်ကျော်ကိုလည်း အရှက်ခွဲခြင်းဖြစ်သည်။ စစ်သူကြီးယွင်သည် သူတို့က ငှက်တောင်ပျံတပ်ထဲဝင်ရန် မထိုက်တန်သော သုံးစားမရသူများဟု ထင်နေပေသည်။

“ကောင်းတယ်.. ကောင်းတယ်...”

ကျန့်တိနျန်သည် အလွန်ဒေါသတကြီးဖြင့် ပြုံးလိုက်၏။ သူ့လက်ထဲတွင် ဧရာမပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် သူ ပြောလိုက်လေသည်။

“ကျုပ် စစ်သူကြီးယွင်ရဲ့ ကိုယ်ရံတော်တစ်ယောက်နဲ့ ယှဉ်ပါမယ်။ မင်းဆိုရင် ဘယ်လိုလဲ... မင်း ငါ့ကို သုံးကွက်အတွင်း အနိုင်ယူနိုင်ရင် ငါ ဒီနေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်”

ကျန်းရီတို့ မျက်နှာပျက်သွား၏။ ကျန့်တိနျန်က အသက်ကိုရင်း၍ လောင်းကြေးထပ်ဝံ့သည်လော။ အကယ်၍ သူသာ အမှန်တကယ် သုံးကွက်အတွင်း ရှုံးသွားလျှင် သူ၏အကျင့်စရိုက်အရ သေချာပေါက် သူ့ကိုယ်သူ သတ်သေမည်ဖြစ်သည်။

ကျန့်တိနျန်နှင့် အခြားဘွဲ့ထူးရနတ်ဘုရားဧကရာဇ် ခုနစ်ယောက်တို့သည် သူတို့၏စမ်းသပ်ချက်တာဝန်ကို ထမ်းဆောင်ပြီးနောက် ချက်ချင်းထွက်မသွားခဲ့ဘဲ ကျန်လူများကို ကူညီပေးခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် သူတို့အပေါ် လေးစားနေပြီဖြစ်သည်။ သူတို့အားလုံးသည် အသုတ်တူသော တပ်သားသစ်များဖြစ်သည်။ ထို့ပြင် သူတို့က တပ်တစ်တပ်ထဲ အတူဝင်ကြရမည်ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် ပို၍ပင် ရင်းနှီးနေကြပေပြီ။

ကျန့်တိနျန်သည် အသေးစိတ်ကို အရေးစိုက်မနေတော့ဘဲ စစ်သူကြီးယွင်၏ ကိုယ်ရံတော်တစ်ယောက်ကို လက်ညှိုးထိုးလိုက်၏။ ထိုကိုယ်ရံတော်က မျက်နှာသေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟိုဘက်ကို သွားကြတာပေါ့”

ကျန်းရီတို့ အတန်ငယ် မှင်တက်နေကြသည်။ ထိုကိုယ်ရံတော်က ရဲတိုက်အနီးရှိ မြေကွက်လပ်တစ်ခုကို ညွှန်ပြလိုက်ခြင်းပင်။ ယှဉ်ပြိုင်မည့်သူနှစ်ယောက်စလုံးက အုပ်ချုပ်သူအဆင့်သို့ ရောက်ခါနီးနေသူများဖြစ်သည်။ သို့ဖြစ်ရာ ဤနေရာတွင် တိုက်ခိုက်ရန် သင့်တော်ပါမည်လော။ သူတို့ တစ်ကွက်ထုတ်လိုက်သည်နှင့် ရဲတိုက်အချို့ ပျက်စီးမသွားနိုင်သလော။ သို့မဟုတ် ဤနေရာမှ ရဲတိုက်များတွင် စွမ်းအားကြီး အကာအရံများ ရှိနေ၍လော။

“ကောင်းပြီ...”

ကျန့်တိနျန်သည် များစွာ အရေးမစိုက်ပေ။ နေရာကို ရွေးခဲ့သူက သူမဟုတ်ချေ။ သူ မြေကွက်လပ်ဆီသို့ ပျံသွားလိုက်သည်။ သူသည် လေထဲတွင်ပင် မနေဘဲ မြေကွက်လပ်ထဲ၌ ရပ်ကာ ပြောလိုက်သည်။

“တိုက်ကွက်ထုတ်လိုက်ပါ”

စစ်သူကြီးယွင်၏ ကိုယ်ရံတော်သည် လှံရှည်တစ်ချောင်းကိုထုတ်၍ ကျန့်တိနျန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။ ကျန်းရီတို့သည် အနားကပ်မသွားဝံ့သဖြင့် နေရာမှာပင်ရပ်ကာ လှမ်းကြည့်နေကြသည်။ စစ်သူကြီးယွင်သည်လည်း ရဲတိုက်ဂိတ်တံခါးဝတွင် ရပ်၍ လှောင်ပြုံးပြုံးနေသည်။

ကိုယ်ရံတော်က တစ်လှမ်းချင်း လျှောက်နေ၏။ သူ့ခြေလှမ်းများထဲတွင် မှော်စွမ်းအင်တစ်မျိုးနှင့် အကြွင်းမဲ့မိုးမြေစည်းမျဉ်းအချို့ ပါပုံပင်။ သူ လမ်းလျှောက်သွားနေချိန်တွင် ကျန်းရီတို့၏ နှလုံးသားများက သူ့ခြေလှမ်းများအလိုက် ခုန်နေပေသည်။

‘အဲ့ဒါ ဘယ်လိုဆန်းကြယ်စွမ်းရည်မျိုးလဲ’

ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အာရုံများကို ပိတ်ချလိုက်၏။ သူ ခြေသံများကို မကြားလိုတော့ပေ။ သို့သော် ထိုခြေသံများက သူ့စိတ်ဝိညာဉ်ထဲတွင် တိုက်ရိုက်ထွက်ပေါ်လာနေကြောင်း သူ သိလိုက်ရသည်။ သူတို့က ကျန့်တိနျန်နှင့် ပေတစ်သောင်းလောက် ဝေးနေသော်လည်း ကိုယ်ရံတော်၏ ခြေလှမ်းများ မြန်လာသောအခါ သူတို့၏ ရင်ခုန်သံများလည်း ပိုမြန်လာသည်။ သူတို့၏ နှလုံးသားများက ပေါက်ထွက်တော့မလိုပင်။

ကိုယ်ရံတော်၏ ခြေလှမ်းများနှင့်အတူ သူ့ခန္ဓာကိုယ်မှနေ၍ ထွက်နေသော ထူးဆန်းသည့် အရှိန်အဝါတစ်ခုလည်း ရှိနေသည်။ ကျန်းရီတို့က ထိုကိုယ်ရံတော်၏ နောက်ကျောကိုသာ ကြည့်နေရသဖြင့် ထိုအရှိန်အဝါကို ရှင်းရှင်းလင်းလင်း မခံစားရသော်လည်း ကျန့်တိနျန်၏မျက်နှာက သိသိသာသာ ပြောင်းလဲလာပေသည်။

ထိုအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက အုပ်ချုပ်သူအဆင့် အရှိန်အဝါ မဟုတ်သော်လည်း ကျန့်တိနျန်၏ စိတ်ဝိညာဉ်ကို အပြင်းအထန် တုန်ယင်လာစေသည်။ ထိုအဖြစ်မှာ ငြိမ်သက်နေသော ကန်ရေပြင်တွင် လှိုင်းထန်လာသလိုမျိုးပင်။ ရေပြင်က မငြိမ်သက်နိုင်တော့ချေ။

‘တော်တော် သိပ်သည်းတဲ့ မကောင်းတဲ့အရှိန်အဝါပဲ’

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ စစ်သူကြီးယွင်က လိမ်နေခြင်း မဟုတ်ပေ။ ထိုမကောင်းသောအရှိန်အဝါက ကျန့်ရှဘုရင်၏ မကောင်းသောအရှိန်အဝါလောက် စွမ်းအားကြီးသည်။ ထိုကဲ့သို့ စွမ်းအားကြီး မကောင်းသောအရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် ကျန့်တိနျန်သည် သုံးကွက်ပြည့်အောင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဝှစ်...

ကိုယ်ရံတော်သည် ခြေလှမ်းကို အရှိန်တင်၍ လေထဲသို့ ခုန်တက်ကာ သူ၏လှံရှည်ကို စတင်လှည့်ပတ်လိုက်သည်။ သူသည် မည်သည့်ဆန်းကြယ်စွမ်းရည်မှ မထုတ်ဘဲ ကျန့်တိနျန်ကို လှံဖြင့်သာ ရိုက်ချလိုက်၏။

“ကျား...”

ကျန့်တိနျန် မာန်သွင်းလိုက်ပြီး ပုဆိန်ကြီးကိုမြှောက်၍ လှံရှည်ကို ကာလိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်သာအခါ ကျန်းရီ၏ မျက်ဝန်းများက ပိုအေးစက်လာသည်။

ကျန့်တိနျန်က လှံရှည်ကို ထိပ်တိုက်ကာရန် ကြိုးစားလိုက်သည့်အခိုက်တွင် သူ သေချာပေါက် ရှုံးတော့မည်ဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။ မကောင်းသောအရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်နှင့် ကျန့်တိနျန်၏ စိတ်ဝိညာဉ်က မူးဝေသွားပေလိမ့်မည်။ ထိုအခါ သူက ပစ်မှတ်သေတစ်ခုကဲ့သို့ ဖြစ်သွားကာ ကိုယ်ရံတော်၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။ သူ၏ ထိပ်တန်းအဆင့် စစ်ချပ်ဝတ်က ကိုယ်ရံတော်၏ တိုက်ခိုက်မှုကို ကာနိုင်လိမ့်မည် မဟုတ်ချေ။

ထိုလှံရှည်က ရှေးဦးဝိညာဉ်ရတနာတစ်ခုပင်။

ထန်း...

သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာပြီး ကျန့်တိနျန်၏လက်ထဲမှ ပုဆိန်ကြီးက လွင့်ပျံထွက်သွား၏။ ကျန့်တိနျန် ကြောက်ရွံ့စွာ နောက်ဆုတ်လိုက်သည်။ သူ့လက်ထဲတွင် နောက်ထပ်ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာသည်။ ထိုပုဆိန်ကြီးက ပုဆိန်ပုံရိပ်ရာကျော်ကို ထုတ်လိုက်၏။ ၎င်းပုဆိန်ပုံရိပ်အားလုံး ထိုကိုယ်ရံတော်အပေါ် ကျသွားသည်။

ထန်း...ထန်း...ထန်း...

ကိုယ်ရံတော်သည် လှံရှည်ကို ပုဆိန်ပုံရိပ်များထဲ တဖြောင့်တည်း ထိုးချလိုက်၏။ သတ္တုချင်းထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကျန့်တိနျန်၏ ပုဆိန်ကြီးက ထပ်မံ၍ လွင့်ပျံထွက်သွားပြီး လှံရှည်က ကျန့်တိနျန်၏ ရင်ဘတ်ထဲ ဖောက်ဝင်သွားသည်။

ကျန့်တိနျန်က မရှောင်လိုက်သလို နောက်လည်း မဆုတ်လိုက်သဖြင့် အားလုံး အံ့အားသင့်သွား၏။ သူသည် ထိုလှံရှည်ကို သူ့ရင်ဘတ်ထဲ ဖောက်ဝင်ခွင့် ပေးလိုက်ပေသည်။ သူ၏ ထိပ်တန်းအဆင့် စစ်ချပ်ဝတ်က ကွဲအက်သွားပြီး သူ့ဘယ်ဘက်ရင်အုံ ပွင့်ထွက်သွားကာ သူ သွေးအန်သွားသည်။

“အား...”

ကျန့်တိနျန် နာကျင်တကြီး အော်လိုက်ပြီး လှံရှည်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ဆွဲနှုတ်၍ အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သည်။

“တတိယအကွက်”

ကိုယ်ရံတော်သည် သိမ်မွေ့စွာ ခုန်လိုက်ပြီး လှံရှည်ကို ဝှေ့ယမ်း၍ လှံရိပ်များ ဖန်တီးကာ ကျန့်တိနျန်ကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ရှူး...ရှူ...

လူများ၏ ပင့်သက်ရှိုက်လိုက်သံများကို ကြားလိုက်ရ၏။ တိုက်ကွက်နှစ်ကွက်အတွင်းမှာပင် ကျန့်တိနျန်၏ လက်နက်နှစ်ခုက လွင့်ထွက်သွားပြီဖြစ်သည်။ ချပ်ဝတ်လည်း ဖျက်ဆီးခံလိုက်ရသည်။ သို့ဖြစ်ရာ သူ တတိယတိုက်ကွက်ကို မည်သို့ ခုခံမည်နည်း။ ထိုကိုယ်ရံတော် နိုင်သွားပြီဖြစ်ကြောင်း သိသာသည်။ သို့သော် သူ နောက်ဆုံးတိုက်ကွက်ကို မရပ်သေး။ သူက ကျန့်တိနျန်၏အသက်ကို အမှန်တကယ် လိုချင်နေသည်လော။

သို့ရာတွင် မည်သူမှ ဝင်မကူညီဝံ့ကြချေ။ ဤနေရာက ယန်ကိုးပါးစစ်တပ်၏ တပ်ခွဲတစ်ခုဖြစ်သော ငှက်တောင်ပျံတပ်၏ စစ်စခန်းပင်။ ထို့ပြင် သူတို့ထဲတွင် ကျန့်တိနျန်က အသန်မာဆုံးဖြစ်သည်။ ကျန့်တိနျန်ပင် တိုက်ကွက်သုံးကွက်ကို မခံနိုင်ရာ သူတို့ထဲမှ မည်သူက ခံနိုင်ပါမည်နည်း။

ဝှစ်...

တစ်စုံတစ်ယောက် လှုပ်ရှားလိုက်သည်။ ကျန်းရီ မိုးမြေစွမ်းအား ထုတ်သုံးလိုက်သဖြင့် သူ့ခန္ဓာကိုယ်က ရုတ်ခြည်း အဆတစ်ရာကျော် ပိုသန်မာလာသည်။ ယခင်ကတည်းက သူ မိုးမြေစွမ်းအားထုတ်သုံးလျှင် သူ့ရုပ်ခန္ဓာက ချီချင်ချန်၏ ရုပ်ခန္ဓာလောက် သန်မာခဲ့ပြီးဖြစ်သည်။ ချီလင်းဧကရီ၏ ‘သတ်ဖြတ်မှု’ကို ခံပြီးနောက်တွင်မူ သူ့ရုပ်ခန္ဓာက နှစ်ဆပိုသန်မာနေပြီဖြစ်သည်။ သို့ဖြစ်ရာ ယခု သူ၏ရုပ်ခန္ဓာက အလွန်သန်မာနေပြီး ကောင်းကင်ဘုရင်လုံ၏ ရုပ်ခန္ဓာနှင့်ပင် ယှဉ်နိုင်နေသည်။

ထိုကဲ့သို့ စွမ်းအားကြီးသော ရုပ်ခန္ဓာတစ်ခု၏ အမြန်နှုန်းက မည်မျှလျင်မြန်မည်နည်း။ အားလုံးသည် အရိပ်တစ်ခုကိုသာ မြင်လိုက်ရ၏။ နောက်အခိုက်အတန့်တွင် ကျန်းရီက ကျန့်တိနျန်ဘေးသို့ ရောက်နေပြီဖြစ်သည်။ ကျန်းရီ အော်ပြောလိုက်သည်။

“တတိယတိုက်ကွက်အတွက် ကျွန်တော် သူ့ကို ကူညီမယ်”

ဝုန်း...

ဝင်ရောက်လာသော လှံရှည်ကို ကျန်းရီက လက်တစ်ဘက်ဆန့်တန်း၍ ကာလိုက်၏။ ကျန်းရီ၏ ချပ်ဝတ်လက်က စတင် အက်ကွဲလာသည်။ သူက ထိပ်တန်းအဆင့် စစ်ချပ်ဝတ်ကိုသာ ဝတ်ဆင်ထားခြင်းဖြစ်ရာ ရှေးဦးဝိညာဉ်ရတနာတစ်ခု၏ တိုက်ခိုက်မှုကို မည်သို့တောင့်ခံနိုင်ပါမည်နည်း။

“အာ...’

ဆက်၍ဖြစ်လာသော အဖြစ်အပျက်က ထိုနေရာရှိ လူအားလုံးကို အံ့အားသင့်သွားစေ၏။ ထိုလှံရှည်က ကျန်းရီ၏ ချပ်ဝတ်လက်ကို ဖျက်ဆီး၍ ကျန်းရီ၏လက်ကို ထိသွားသော်လည်း ကျန်းရီ၏လက်က ကျိုးမသွားဘဲ အတန်ငယ်သာ တုန်ယင်သွားသည်။ ကျန်းရီ၏ခန္ဓာကိုယ်လည်း တုန်ယင်သွားပြီး သူ့ခြေထောက်အောက်မှ မြေပြင်က အက်ကွဲသွားသည်။ ထို့ကြောင့် သူ့ခြေထောက်က မြေကြီးထဲ နင်ဝင်သွားသည်။

သို့သော် ကျန်းရီ၏ မျက်နှာထားက အနည်းငယ်ပင် ပြောင်းလဲမသွားချေ။ သူသည် လေထဲရှိ ကိုယ်ရံတော်ကို ရေခဲတမျှအေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ သူတို့က ခက်ထန်သော သားရိုင်းနှစ်ကောင်ကဲ့သို့ပင်။

ရှူး...ရှူး...

လူများစွာသည် ကျန်းရီ၏ မာကြောသောလက်ကို ကြည့်၍ အကြိမ်အနည်းငယ် မျက်တောင်ပုတ်ခတ်ကာ တစ်ခုခုမှားနေပြီဟုတွေးလျက် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြ၏။ ထိုလက်ကို မည်သည့်အရာနှင့် ပြုလုပ်ထားခြင်းနည်း။ အဘယ်ကြောင့် ၎င်းက ထိုမျှစွမ်းအားကြီးသော တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်ရသနည်း။ သူ အနည်းငယ်ပင် ထိခိုက်မသွားသည်လော။

“မဟုတ်သေးဘူး”

လူအချို့သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကြ၏။ ကျန်းရီ၏ အမြန်နှုန်းက အလွန်လျင်မြန်ခဲ့သည်။ ယင်းအမြန်နှုန်းက နတ်ဘုရားဧကရာဇ် တစ်ယောက်၏ အမြန်နှုန်း မဟုတ်ပေ။ သေချာပေါက် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အမြန်နှုန်းထက်လည်း ပိုမြန်သည်။

‘ကျန်းဝူမင်က သူ့အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားတာလား။ သူက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်လား’

လူကိုးဆယ်‌ကျော်၏ ခေါင်းများထဲသို့ အတွေးတစ်ခု ဝင်လာသည်။ သို့သော် ဘေးမှကြည့်နေသော စစ်သူကြီးယွင်က သူမသာကြားနိုင်လောက်သော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

“မဟာနတ်ဘုရားအတတ်”

All Chapters