← Chapters

ရုပ်ဆိုးကောင်

Vol. 120 Ch. 1675

ရုပ်ဆိုးကောင်

Vol. 120 Ch. 1675

စစ်သူကြီးယွင်၏ မျက်လုံးများက အလွန်စူးရှလာ၏။ ကျန်းရီက အုပ်ချုပ်သူအဆင့် မဟုတ်ကြောင်း သူမ ချက်ချင်းပြောနိုင်သည်။

ကျန်းရီက အုပ်ချုပ်သူအဆင့် မဟုတ်ပါဘဲနှင့် အဘယ်သို့ ထိုမျှစွမ်းအားကြီးသော ရုပ်ခန္ဓာ ရှိနေရသနည်း။ ထို့ပြင် အစောတွင် ကျန်းရီ၏ခန္ဓာကိုယ်မှနေ၍ ဖိအားကောင်းသော အရှိန်အဝါ ထွက်နေကြောင်း စစ်သူကြီးယွင် မခံစားခဲ့ရပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိတော့သည်။ ကျန်းရီ၏ ခန္ဓာကိုယ်က ရုတ်တရက် အလွန်သန်မာလာခြင်းသာဖြစ်မည်။

လူတစ်ယောက်၏ ရုပ်ခန္ဓာကို ရုတ်ခြည်း အဆတစ်ရာကျော် ပိုသန်မာသွားစေနိုင်သော ကျင့်ကြံခြင်းအတတ်က ဤလောကထဲတွင် တစ်မျိုးသာရှိသည်။ ထိုအတတ်မှာ မဟာနတ်ဘုရားအတတ်ပင်။ ကျန်းရီက မဟာနတ်ဘုရားအတတ်ကို မည်သို့ကျင့်ကြံခဲ့ခြင်း ဖြစ်ကြောင်း မသိသော်လည်း သူ သုံးလိုက်သည့်အတတ်က မဟာနတ်ဘုရားအတတ် ဖြစ်ကြောင်းကိုမူ စစ်သူကြီးယွင် အလွန်သေချာပေသည်။

ကိုယ်ရံတော်သည် သူ၏လှံရှည်ကို ရုတ်၍ စစ်သူကြီးယွင်ကို လှမ်းကြည့်လိုက်၏။ စစ်သူကြီးယွင်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

“ရှင်တို့ရဲ့ ခေါင်းဆောင်က မခံနိုင်တော့လို့ တခြားတစ်ယောက်က ဝင်ကူရတာလား။ တကယ်ကို သုံးစားမရတဲ့သူတွေပဲ”

“ဟင်...”

လူကိုးဆယ်ကျော်စလုံး ဒေါသထွက်သွားသည်။ ကျန့်တိနျန်၏ ရင်ဘတ်က ထိုးဖောက်ခံခဲ့ရသည်။ ယခု သူသည် ဒဏ်ရာကို လက်ဖြင့်ဖိကာ ကုသနေသည်။ စစ်သူကြီးယွင်၏ စကားကို ကြားလိုက်သောအခါတွင်မူ သူ သွေးအန်သွားပြီး မြေပြင်ပေါ် လဲကျမလိုပင် ဖြစ်သွားသည်.

ထိုစစ်သူကြီးယွင်က ငယ်ရွယ်သော်လည်း အတော်လေး ခက်ထန်သည်။ သူမ၏ စကားများကလည်း မောက်မာကာ နာကျင်စေသည်။

ကျန်းရီ လက်ပြန်ရုတ်၍ ရဲတိုက်ဂိတ်တံခါးဝရှိ မိန်းမပျိုကို လှမ်းကြည့်လိုက်၏။ သူသည် ယန်ကိုးပါးစစ်တပ်ထဲတွင် သိုသိုသိပ်သိပ်နေ၍ တိုက်ပွဲအမှတ်များစုဆောင်းကာ ရာထူးတက်လိုခဲ့သည်။ သို့သော် သူ တပ်ထဲရောက်လျှင်ရောက်ချင်းမှာပင် ပြဿနာနှင့် ကြုံရပေပြီ။

ကျန်းရီ နောင်တမရပေ။ သူ့ဘဝထဲမှ အရာများစွာသည် သူ့ကို ဆုံးဖြတ်ချက်ချရန် စက္ကန့်ဝက်မျှသာ အချိန်ပေးခဲ့သည်ချည်းသာ။ အစောတွင် သူသည် ကျန့်တိနျန်၏အသက်ကိုကယ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခု ကျန့်တိနျန်၏အသက်ကို ကယ်နိုင်လိုက်ပြီဖြစ်ရာ သူ့တွင် နောင်တရစရာ မရှိချေ။

အခြေအနေများက ဤအဆင့်အထိ ရောက်လာပြီဖြစ်ရာ ကျန်းရီသည် သိုသိုသိပ်သိပ် ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သည်းခံခြင်းတွင် အကန့်အသတ်ရှိသည်။ မိန်းမပျိုလေးတစ်ယောက်၏ လှောင်ပြောင်မှုကို ခံရခြင်းက ကျန်းရီ၏ မာနကို ထိခိုက်စေသည်။ သူ့ကို ဒေါသလည်း ထွက်စေသည်။ ထို့ကြောင့် ကျန်းရီ ခေတ္တမျှတွေး‌တောကာ လှမ်းပြောလိုက်သည်။

“စစ်သူကြီးယွင်... ခင်ဗျားက မျိုးနွယ်ကြီးတစ်ခုက သခင်မလေးမဟုတ်လား။ ခင်ဗျားက သူများတွေ မပိုင်ဆိုင်နိုင်တဲ့ မျိုးရိုးနဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတယ်။ အဲ့ဒါကြောင့်လည်း မြန်မြန်ကျင့်ကြံနိုင်ပြီး ကျန်တဲ့သူတွေအကုန်လုံးကို သုံးစားမရတဲ့သူတွေလို့ ထင်နေတာထင်တယ်...”

“ယန်ကိုးပါးစစ်တပ်က တော်တော်ကျော်ကြားတယ်။ ဒါပေမဲ့ တပ်သားသစ်တိုင်းကတော့ တပ်ထဲဝင်ဝင်ချင်းကတည်းက သန်မာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ သူတို့က စစ်တပ်ထဲကိုဝင်၊ မကောင်းတဲ့အရှိန်အဝါကို ရ၊ တိုက်ပွဲတွေ တိုက်ပြီးမှ သန်မာလာရတာ မဟုတ်လား။ ဒီနေ့ ခင်ဗျားရဲ့စကားတွေက ယန်ကိုးပါးစစ်တပ်ရဲ့ နာမည်ကောင်းကို ညစ်နွမ်းစေတယ်လို့ မထင်ဘူးလား”

စစ်သူကြီးယွင်က မျက်နှာသေနှင့် ရှိနေ၏။ ထို့နောက် သူမသည် မကျေနပ်မှုကို ဖော်ပြကာ ပြောလိုက်သည်။

“ရုပ်ဆိုးကောင်... ရှင် ပြောချင်တာရှိရင် တဲ့ပြောလိုက်၊ ဝေ့ဝိုက်မနေနဲ့”

“ရုပ်ဆိုးကောင်တဲ့လား...”

ကျန်းရီ မျက်လုံးပင့်လိုက်၏။ သူ ထိုမိန်းမပျိုလေးနှင့် လေကုန်ခံကာ စကားများ ထပ်ပြောမနေလိုတော့ပေ။ သူသည် ကျန့်တိနျန်နှင့် ကျန်သော လူကိုးဆယ်ကျော်ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ... ပြန်ကြတာပေါ့။ ကျွန်တော်တို့ ငှက်တောင်ပျံတပ်ထဲ မဝင်ရလည်း ဘာမှမဖြစ်ဘူး။ ဒီလို စစ်သူကြီးတစ်ယောက်ရဲ့နောက်ကို မလိုက်ရတာ ပိုတောင်ကောင်းသေးတယ်.. ဟွန်း...”

“ဟားဟား...”

စစ်သူကြီးယွင် မကျေမနပ်ဖြစ်လာ၏။ သူမ အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်သည်။

“ရှင်တို့က ထွက်သွားချင်တာလား။ လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားရအောင် ငှက်တောင်ပျံတပ်က တည်းခိုခန်းတစ်ခုလို့ ထင်နေလား’

ဝှစ်...ဝှစ်...ဝှစ်...

ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက် ပျံသန်းလာပြီး သူတို့ထဲမှ ဆယ်ယောက်က ကျန်းရီနှင့် ကျန့်တိနျန်တို့ကို ဝန်းရံလိုက်သည်။ ကျန်သော ကိုယ်ရံတော်များက လူကိုးဆယ်ကျော်ကို ဝန်းရံလိုက်သည်။ အားလုံး လက်နက်များ ထုတ်ထားပြီး သူတို့၏ သတ်ဖြတ်အရှိန်အဝါများကလည်း ထိုးထွက်လာသည်။ စစ်သူကြီးယွင်သာ အမိန့်ပေးလိုက်လျှင် ကျန်းရီတို့သည် အလုံးအရင်း တိုက်ခိုက်မှုကို ခံရတော့မည်ဖြစ်သည်။

“တကယ်ကို မျိုးနွယ်ကြီးတစ်ခုရဲ့ အလိုလိုက်ခံထားရတဲ့ သခင်မ‌လေး ပီသပါပေတယ်...”

ကျန်းရီ ခါးသက်သက် ရယ်လိုက်သည်။ ယန်ကိုးပါးစစ်တပ်က တရားမျှတကာ စစ်စည်းကမ်းတင်းကြပ်သည်ဟု ကျော်ကြား၏။ သို့သော် ဤစစ်တပ်ကလည်း မိစ္ဆာချေဖျက်စစ်တပ်နှင့် ကွာပုံမပေါ်ပေ။ ဤစစ်သူကြီးယွင်က အလွန်တရားလွန်သည်။ သူမက ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲမှ တစ်ပါးပါး၏ မျိုးနွယ်မှ ဖြစ်ရပေမည်။

ကျန်းရီ စစ်သူကြီးယွင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီးယွင်... ခုနလေးတင် ခင်ဗျားပဲ ကျွန်တော်တို့ကို လာခဲ့တဲ့ဆီ ပြန်သွားလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု ခင်ဗျားက ကျွန်တော်တို့ကို ထွက်မသွားစေချင်တော့ဘူးပေါ့လေ။ ဘာလဲ.. ခင်ဗျားက ကျွန်တော်တို့အကုန်လုံးကို တကယ်ကြီး သတ်ချင်နေတာလား။ ကျွန်တော်တို့က ဘာအပြစ် ကျူးလွန်မိလို့လဲ”

“အမိန့်ကို မနာခံတာက အပြစ်ပဲ”

စစ်သူကြီးယွင်က အေးစက်စက် ပြန်ပြောသည်။

“ဒါပေမဲ့ ရှင် ကျွန်မရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်မယ်ဆိုရင် ကျွန်မ ရှင်တို့ကို ထွက်သွားခွင့်ပေးမယ်။ ရှင်က အရမ်းစွမ်းအားကြီးတယ်မဟုတ်လား ရုပ်ဆိုးကောင်...”

‘ငါက ရုပ်မဆိုးဘူးဟ’

ကျန်းရီ ထိုသို့ အလွန်ပြောလိုက်လို၏။ သို့သော် သူ ထိုစကားလုံးများကို ခါးသီးစွာ မျိုသိပ်ထားလိုက်ရသည်။ စကားနှင့် ငြင်းခုန်နေခြင်းက အကျိုးမရှိပေ။

ကျန်းရီ နှုတ်ဆိတ်သွားသည်။ ထိုသခင်မလေးက သူ၏ စွမ်းအားကြီးရုပ်ခန္ဓာကို မြင်ကာ သူ့ကို နှိပ်စက်ဆော့ကစားလိုခြင်း ဖြစ်မည်။ သူမက မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးဖြစ်ပြီး စစ်သူကြီးလည်းဖြစ်ရာ တိုက်ပွဲအတွေ့အကြုံ များစွာမရှိလျှင်ပင် သူမ၏ စွမ်းအားအကြီးဆုံး ဆန်းကြယ်စွမ်းရည်က အတော်လေး ကြောက်စရာကောင်းနိုင်သည်။ အကယ်၍ သူ ကောင်းကင်လေပြေချပ်ဝတ်ကို မသုံးလျှင် အသတ်ခံလိုက်ရနိုင်ပေသည်။

သို့သော် ကျန်းရီက သူမ၏ တိုက်ကွက်တစ်ကွက်ကို မခံလျှင် သူတို့ မည်သို့ ထွက်သွားနိုင်ပါမည်နည်း။

ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်ကာ နည်းလမ်းတစ်ခုကို တွေးတောနေသည်။ သူ အခြေအနေကို ပိုကြီးကျယ်သွားအောင်လုပ်ကာ ငှက်တောင်ပျံတပ်၏ အထက်လူကြီးများအား အသိပေးလိုနေသည်။ ထိုမိန်းမပျိုလေးက စစ်သူကြီးတစ်ယောက်သာဖြစ်သည်။ သူမအထက်တွင် စစ်သေနာပတိများနှင့် ကောင်းကင်ဘုရင်တစ်ပါး ရှိပေသေးသည်။

ကောင်းကင်ဘုရင်က တပ်ထဲတွင် မရှိလျှင်ပင် စစ်သေနာပတိဆယ်ယောက်ထဲမှ တစ်ယောက်ယောက်ကတော့ ရှိနေလောက်သည် မဟုတ်လော။ စစ်သေနာပတိသာ ဤအခြေအနေကို သိသွားလျှင် ထိုမောက်မာသောမိန်းမပျိုလေးသည် စစ်သေနာပတိရှေ့တွင် လူသတ်နိုင်လောက်တော့မည် မဟုတ်ချေ။

‘မဟုတ်သေးဘူး..နေဦး...’

မကြာခင်တွင် ကျန်းရီသည် အထက်ပါအတွေးကို ခေါင်းထဲမှ ထုတ်လိုက်၏။ ယခုတွင်ပင် အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဖြစ်သည်။ သို့သော် မည်သူမှ ပေါ်မလာသေးပေ။ သို့ဖြစ်ရာ စခန်းထဲတွင် စစ်သေနာပတိများ ရှိမနေခြင်း သို့မဟုတ် သူတို့က ဤကိစ္စကို လျစ်လျူရှုရန် ဆုံးဖြတ်ထားခြင်းဖြစ်မည်။ သူတို့သည် ဤစစ်သူကြီးယွင်ကို အပြစ်မပြုလိုခြင်းလည်း ဖြစ်နိုင်သေးသည်။

ကျန်းရီက မဆင်မခြင် လုပ်လိုက်ပြီး စစ်သေနာပတိများ ရောက်မလာခဲ့လျှင် ကျန်းရီတို့အားလုံး အသတ်ခံရပေလိမ့်မည်။ ထိုမိန်းမပျိုက မောက်မာခက်ထန်သည်။ သူမကို အပြစ်ပြုမိလျှင် သူတို့အတွက် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။

ကျန်းရီသည် တွေးရင်းတောရင်းဖြင့် သူမ ပြောသည့်အတိုင်း လုပ်ခြင်းကသာ တစ်ခုတည်းသောနည်းဖြစ်ကြောင်း ကောက်ချချလိုက်သည်။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားရဲ့ တိုက်ကွက်တစ်ကွက်ကို ခံဖို့ သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့နှစ်ယောက်ကြားက တိုက်ပွဲပဲ ဖြစ်ရမယ်။ ဘယ်သူမှ အဲ့တိုက်ပွဲကို ကြည့်လို့မရဘူး”

“အဟင်း...”

စစ်သူကြီးယွင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ ထို့နောက် သူမ လျင်မြန်စွာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ရုပ်ဆိုးကောင်.. ရှင့်မှာ တောင်းဆိုစရာတွေ တော်တော်များတာပဲ။ ကောင်းပြီ.. ကျွန်မနောက်ကလိုက်ခဲ့”

စစ်သူကြီးယွင်သည် ဘေးရှိ တတိယရဲတိုက်ဆီသို့ လျှောက်သွားလိုက်၏။ သူမ၏ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောက်က သူမအနောက်မှ လိုက်သွားသည်။ ကျန့်တိနျန်သည် ကျန်းရီကို စိုးရိမ်တကြီး လှမ်းကြည့်၏။ သူ တစ်ခုခု ပြောလိုနေပုံလည်း ပေါ်သည်။ သို့သော် ကျန်းရီသည် သူ ဘာကိုမှ ပြောရန်မလိုဟူသော သဘောဖြင့် သူ၏ကျောကို ပုတ်လိုက်ပြီး စစ်သူကြီးယွင်နောက်မှလိုက်၍ တတိယရဲတိုက်ဆီသို့ သွားလိုက်လေသည်။

ကျန်းရီနှင့်အတူ လာခဲ့သော လူကိုးဆယ်ကျော်သည် ကျန်းရီထွက်သွားသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြ၏။ သူတို့၏ ထိုညီနောင်က အလွန်ရုပ်ဆိုးသော်လည်း သူ့တို့ကို စမ်းသပ်ချက်တာဝန်အတွက် ကူညီပေးခဲ့သည်။ အစောတွင်လည်း ကျန့်တိနျန်အား ကူညီ၍ တိုက်ကွက်တစ်ကွက်ကို ကာပေးခဲ့သည်။ သူတို့၏ရင်ထဲတွင် ထိုရုပ်ဆိုးဆိုးညီနောင်က သူတို့၏ ညီအစ်ကိုအရင်းကဲ့သို့ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူတို့သည် သူ့အတွက် အလွန်စိုးရိမ်နေကြပေသည်။

ကျန်းရီ တတိယရဲတိုက်ထဲသို့ ရောက်သောအခါ စစ်သူကြီးယွင်က ပျောက်ကွယ်သွားပေပြီ။ ကိုယ်ရံတော်တစ်ယောက်က ကျန်းရီကို အခန်းတစ်ခန်းထဲသို့ ခေါ်သွား၏။ ထိုအခန်းထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိနေကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ ကျန်သော ကိုယ်ရံ‌တော်အားလုံးက ရဲတိုက်အပြင်မှာသာ စောင့်နေကြပေသည်။

“စစ်သူကြီးက မင်းကို အထဲမှာ စောင့်နေတယ်။ အထဲက သိုင်းပြခန်းပဲ”

ကိုယ်ရံတော်က မျက်နှာသေဖြင့် ပြောသည်။ သူ၏ လေသံက အတော်လေး ဖော်ရွေနေသည်။ ကျန်းရီက သူ၏သန်မာမှုကို ပြသခဲ့၍ ထိုကိုယ်ရံတော်များ၏ လေးစားမှုကို ရခဲ့ပြီ မဟုတ်ပါလား။

ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သောအခါ ကိုယ်ရံတော်က အစီအရင်ကို နှိုးလိုက်သည်။ အဖြူရောင်အလင်း လက်သွားပြီး ကျန်းရီ ထူးခြားသောနေရာတစ်ခုတွင် ပြန်ပေါ်လာသည်။ ဤနေရာက မကြီးပေ။ ကီလိုမီတာငါးဆယ်လောက်သာကျယ်သည်။ ပျက်စီးနေသော နေရာများစွာလည်းရှိသည်။ ဤနေရာက ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို ကျင့်ကြံရာနေရာတစ်ခု ဖြစ်ပေမည်။

စစ်သူကြီးယွင်က တောင်ထွတ်လေးတစ်လုံး၏ ထိပ်တွင် ရပ်နေသည်။ သူမ၏ အနက်ရောင်ချပ်ဝတ်ပျော့ပေါ်တွင် လှပသော ပန်းပုံသဏ္ဌာန်အချို့ရှိသည်။ သူမက အနက်ရောင် ဓားတစ်ချောင်ကို ကိုင်ထားသည်။ သူမ၏ ဝတ်ရုံကလည်း သူမအနောက်တွင် တဖျပ်ဖျပ်လွင့်နေသည်။ ၎င်းတို့ကို သူမ၏ အေးစက်လှပသော အချိုးအစားကျသည့် မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ပုံစံက အတော်လေး အရှိန်အဝါရှိနေပေသည်။

“ရှင် အသင့်ဖြစ်ပြီလား”

စစ်သူကြီးယွင်သည် ကျန်းရီကို ငုံ့ကြည့်ကာ ပြောလိုက်၏။ ကျန်းရီ အသင့်ပြင်ရန်ပင် မလိုပေ။

“ကျား...”

စစ်သူကြီးယွင် မာန်သွင်းလိုက်၏။ သူမသည် ကြော့ရှင်းသော ဆန်းကြယ်စွမ်းရည်များကို မထုတ်ဘဲ တောင်ထွတ်ကို ကန်အားပြုကာ အရှေ့သို့ ပျံသန်းသွားသည်။ သူမ အထက်လေထဲတွင် ပျံသန်းနေစဉ်၌ သူမ၏ ဓားက ရုတ်တရက် ကြီးမားလာ၏။ သူမသည် ထိုဓားကြီးဖြင့် ကျန်းရီ၏ခေါင်းကို ခုတ်ချလိုက်လေသည်။

‘တာအိုကောင်းကင်ဝိညာဉ်ရတနာလား’

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အစောတွင် ထိုဓား၏ ထူးခြားမှုကို သူ မခံစားခဲ့ရပေ။ သို့သော် စစ်သူကြီးယွင်က ဓားထဲသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သောအခါ ဓားမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာသည်။ ထိုဓားက သေချာပေါက် တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုပင်။

“ကောင်းကင်လေပြေချပ်ဝတ်”

ကျန်းရီ တုံ့ဆိုင်းခြင်းမရှိဘဲ တီးတိုးဆင့်ခေါ်လိုက်၏။ ယခုတွင် သူ၏အသက်ကို ကာကွယ်ရန်က ပိုအရေးကြီးသည်။ သူ ကောင်းကင်လေပြေချပ်ဝတ်ကို ချက်ချင်းထုတ်ကာ မိုးမြေစွမ်းအားလည်း လှည့်ပတ်လိုက်သည်။ စစ်သူကြီးယွင်က စွမ်းအားကြီးသော အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ပင်။ ကျန်းရီ ထိုတိုက်ခိုက်မှုကို ရှောင်နိုင်မည် မဟုတ်။ ထိပ်တိုက်ခုခံရန်သာရှိသည်။

“တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်လား”

စစ်သူကြီးယွင်၏ အကြည့်က စူးရှသွား၏။ ထို့နောက် သူမ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ရုပ်ဆိုးကောင်... ရှင့်မှာ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ် ရှိလဲ ကျွန်မရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်လို့ အိပ်မက်မမက်နဲ့”

All Chapters