တပ်ကြပ်
Vol. 120 Ch. 1676
ရွှီး...
ဧရာမဓားကြီးသည် အရောင်သုံးရောင် တောက်ပကာ အထက်မှ ကျဆင်းလာ၏။ ထိုသုံးရောင်စလုံးက ကွဲပြားသော ဝိသေသလက္ခာများကို ကိုယ်စားပြုသည်။ ၎င်းတို့မှာ အနှစ်သာရသုံးခုကို ပေါင်းစည်းထားသော ပေါင်းစည်းအနှစ်သာရပင်။
တောက်ဖုန့်က အနှစ်သာရနှစ်ခုကို ပေါင်းစည်းထားသော ပေါင်းစည်းအနှစ်သာရကို ထုတ်သုံးခဲ့ဖူး၏။ ကောင်းကင်ဝိညာဉ်ကျွန်းတွင်လည်း တောက်လန်က အနှစ်သာရသုံးခုကို ပေါင်းစည်းထားသည့် ပေါင်းစည်းအနှစ်သာရကို ထုတ်သုံးခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ပေါင်းစည်းအနှစ်သာရများက မည်မျှစွမ်းအားကြီးကြောင်း သိပေသည်။
ထို့ပြင် စစ်သူကြီးယွင်၏ ပေါင်းစည်းအနှစ်သာရက ရွှေရောင်၊ အနက်ရောင်နှင့် မီးခိုးရောင်တို့ လင်းလက်နေသည်။ ၎င်းတွင် စူးရှ၍ သေစေနိုင်သော ရွှေဓာတ်အနှစ်သာရ၊ အဖျက်အားကောင်းသော အဖျက်အနှစ်သာရနှင့် လေးလံသော သေခြင်းအနှစ်သာရတို့ ပါဝင်သည်။ ထိုအနှစ်သာရများမှာ အလွန်စွမ်းအားကြီးသော အနှစ်သာရများပင်။ ကျန်းရီ ထိုမိန်းမပျိုလေးကို လျှော့တွက်ခဲ့မိပေပြီ။ ဤတိုက်ခိုက်မှုအရဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဘုရင်ဝူ၏တိုက်ခိုက်စွမ်းအားထက် မနိမ့်ပေ။
‘ငါ ဘာလုပ်သင့်လဲ’
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က အသည်းအသန် အလုပ်လုပ်လာသည်။ သူ၏အမြန်နှုန်းတစ်ခုတည်းဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်နိုင်မည် မဟုတ်ချေ။ ကောင်းကင်လေပြေချပ်ဝတ်ကို အသုံးပြု၍ တိုက်ခိုက်မှုကို ထိပ်တိုက်ကာလိုက်လျှင်လည်း ချပ်ဝတ်က ပျက်စီးမသွားနိုင်သော်ငြား သူက တုန်ယင်က သေသွားနိုင်သည်။ ထိခတ်မှုက သူ့ဦးနှောက်ကို ပေါက်ကွဲမသွားစေလျှင်ပင် သူ့စိတ်ဝိညာဉ်က အပြင်းအထန် ထိခိုက်သွားနိုင်သည်။ ထိုအခါ သူ အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ရွှီး...
နောက်ဆုံးတွင် ကျန်းရီ ရွေးချယ်စရာမရှိတော့ဘဲ အလောင်းကြီးကို ထုတ်လိုက်ရသည်။ သူ၏ ကောင်းကင်လေပြေချပ်ဝတ်ကို ထုတ်ပြလိုက်ပြီးဖြစ်ရာ ထိုမိန်းမပျိုလေးက သူမ၏ ကျယ်ပြန့်သော သတင်းကွန်ရက်ကို သုံးကာ စုံစမ်းလိုက်သည်နှင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားတော့မည်သာ။ ထို့ပြင် ကျန်းရီသည် အသတ်ခံရတော့မည်လည်းဖြစ်၍ များစွာတွေးတောမနေနိုင်တော့ပေ။ သူ့အရှေ့တွင် ဧရာမအလောင်းကြီး ထွက်လာပြီး ဧရာမဓားကြီးကို ရုတ်ခြည်းကာလိုက်သည်။
ဝုန်း...
အလောင်းကြီးသည် အနောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားပြီး ကျန်းရီကိုပါ ခေါ်သွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကလည်း ကျန်းရီကို လွှမ်းခြုံထားသည်။ ကျန်းရီ၏ လည်ချောင်းထဲတွင် သွေးများ ပျို့တက်လာ၏။ သို့သော် နောက်ဆုံးအခိုက်တွင် သူ သွေးများကို ပြန်မျိုချလိုက်နိုင်သည်။
ကျန်းရီသည် နောက်သို့လွင့်နေရင်းမှာပင် အလောင်းကြီးကို လျင်မြန်စွာ ပြန်သိမ်းလိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ထုတ်ကာ အာရုံခံလိုက်သည်။ သူ စိတ်အေးသွားသည်။ ထိုမိန်းမပျိုလေး၏ တိုက်ခိုက်မှုက တောက်လန်၏ တိုက်ခိုက်မှုကို မီရန် များစွာလိုပေသေးသည်။ သူမ၏ တိုက်ခိုက်မှုက အလောင်းကြီး၏ ခေါင်းပေါ်တွင် အရာတစ်ခုသာ ထင်စေခဲ့ပြီး အလောင်းကြီးကို မခုတ်ပိုင်းလိုက်နိုင်ပေ။
ကျန်းရီသည် ပေတစ်သောင်းအကွာအထိ လွင့်ထွက်သွားပြီးနောက် သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။ တစ်ဘက်တွင် စစ်သူကြီးယွင်က လေထဲ၌ မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သူမ၏ ဓားရှည်ကြီးက မူလအရွယ်အစား ပြန်ပြောင်းသွားပေပြီ။ သူမသည် မျက်ဝန်းဝိုင်းကြီးများဖြင့် ကျန်းရီကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကျွန်မက ရှင် ဘယ်သူလဲလို့ တွေးနေတာ။ လက်စသတ်တော့ ရှင်က အခုကျော်ကြားနေတဲ့ အထက်ဘုံရဲ့ နံပါတ်တစ်ပါရမီရှင်ကိုး။ ရှင် ကျွန်မကို ပြန်ခံပြောရဲတာ အံ့ဩစရာ မရှိတော့ပါဘူး”
ကျန်းရီ ခါးသက်သက်ပြုံး၍ လက်ဆုပ်ကာ ပြန်ပြောလိုက်၏။
“စစ်သူကြီးယွင်... ကျွန်တော်က ခင်ဗျားကို ပြန်ခံပြောချင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ညီနောင်တွေနဲ့ ကျွန်တော်က ယန်ကိုးပါးစစ်တပ်ကို လေးစားနေခဲ့တာ ကြာပါပြီ။ ကျွန်တော်တို့က ဒီစစ်တပ်ထဲဝင်ဖို့ အဝေးကြီးက လာခဲ့ရတာပါ။ နောက်ဆုံး ကျွန်တော်တို့ စမ်းသပ်ချက်ကို အောင်မြင်ပြီး ငှက်တောင်ပျံတပ်ထဲကို ဝင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော်တို့ကို အကြိမ်ကြိမ် အရှက်ခွဲနေတော့... အတည်ငြိမ်ဆုံးသူတောင် ဒေါသထွက်တဲ့အချိန် ရှိသေးတာပဲ”
“လေးစားတာလား”
စစ်သူကြီးယွင်သည် အေးစက်စက် ရယ်လိုက်၏။
“ရှင်က တောက်မျိုးနွယ် လိုက်ဖမ်းနေတာကို ခံနေရလို့ သွားစရာနေရာမရှိတော့လို့ ယန်ကိုးပါးစစ်တပ်ထဲမှာ ပုန်းနေချင်တာ မဟုတ်ဘူးလား။ ကျန်းရီ... အခု ရှင်ဘယ်သူဆိုတာ ပေါ်သွားပြီ။ ကျွန်မ ရှင့်အကြောင်းကို ဖော်လိုက်မှာ ရှင်မကြောက်ဘူးလား။ ယန်ကိုးပါးမြို့ထဲမှာ တောက်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားဆယ်ယောက် ရှိနေတယ်။ ကျွန်မသာ သတင်းပို့လိုက်ရင် တောက်နုနဲ့ တောက်လန်တို့က ဒီကို မကြာခင် ရောက်လာမှာပဲ”
ကျန်းရီသည် ထိုမိန်းမပျိုလေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ခင်ဗျား ကျွန်တော့်အကြောင်းကို ဖော်မှာလား”
“အဲ့ဒါက... ကျွန်မရဲ့ စိတ်အခြေအနေအပေါ်မှာ မူတည်တယ်”
စစ်သူကြီးယွင်က တစ်စုံတစ်ခုကို တွေးတောဟန်ဖြင့် ခေါင်းမော့လိုက်၏။
“ကျန်းရီ... ကျွန်မ ရှင့်ကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ တစ်ခုက... ယွင်မျိုးနွယ်ထဲ ဝင်ပါ။ ကျွန်မရှိနေရင် တောက်မျိုးနွယ်က ရှင်ဘယ်မှာရှိနေလဲဆိုတာ သိသွားရင်တောင် သူတို့ ရှင့်ကို ဘာမှ လုပ်ရဲကြမှာ မဟုတ်ပါဘူး။ ဒုတိယက... ရှင် ပြေးနိုင်သလောက် အဝေးဆုံးကို ထွက်ပြေးနိုင်ဖို့ ကျွန်မ အချိန်တစ်ရက်ပေးမယ်။ တစ်ရက်ပြည့်ရင်တော့ ကျွန်မ ရှင့်အကြောင်းကို တောက်မျိုးနွယ်ဆီ သတင်းပို့လိုက်မယ်”
“ဟားဟားဟား...”
ကျန်းရီ ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ ရယ်လိုက်သောအခါ သူ့မျက်နှာပေါ်မှ အနီရောင်အမာရွတ်များက တွန့်သွားရာ သူ့ပုံစံက အလွန်အရိုင်းဆန်သွားသည်။ ကျန်းရီ စစ်သူကြီးယွင်ကို ပြုံး၍ကြည့်ကာ ပြန်ပြောလိုက်သည်။
“ယွင်မျိုးနွယ်ထဲ ဝင်ရမှာလား။ စိတ်မကောင်းပါဘူး.. ကျွန်တော် ဘယ်မျိုးနွယ်ဆီမှာမှ လက်အောက်ခံမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အကျင့်စရိုက်က အမြဲဒီလိုပဲ။ ကျွန်တော်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်တယ်။ ပြီးတော့ ကျွန်တော် တစ်ရက်တောင် မလိုပါဘူး။ ခင်ဗျား သတင်းပေးချင်ရင် အခုပေးလိုက်လည်း ရပါတယ်”
ကျန်းရီသည် ပြောပြီးနောက် တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လျှောက်သွားကာ အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ သူ စစ်သူကြီးယွင်ကို ထပ်၍ မကြည့်တော့သလို သူ့နောက်ကျောပြင်ကလည်း မားမတ်နေပေသည်။
“တောက်ဖုန့်ကို သတ်ရဲတယ်၊ ကောင်းကင်ဘုံကို တက်လာရဲတယ်၊ မိုးပြာဒေသထဲမှာ ပြဿနာရှာရဲတယ်... ရှင်က တကယ်ကို ထူးခြားတာပဲ”
စစ်သူကြီးယွင် ပြုံးကာ သူမဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် သူမသည်လည်း တည်နေရာပြောင်းရွှေ့အစီအရင်ထဲဝင်ကာ ထိုနေရာမှ ထွက်သွားလိုက်လေသည်။
တစ်ဘက်တွင် ကျန်းရီက ရဲတိုက်၏ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ၌ ပြန်ပေါ်လာ၏။ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမှ ရှိမနေသဖြင့် ထိုနေရာရှိ ကိုယ်ရံတော်များ အံ့အားသင့်သွားကြ၏။ ကျန်းရီသည် ထိုသူများကို လျစ်လျူရှု၍ ရဲတိုက်အပြင်သို့ ထွက်သွားလိုက်သည်။ သူ အပြင်သို့ ရောက်သောအခါ ထပ်မံ၍ အုတ်အောင်သောင်းနင်း ဖြစ်သွားသည်။ လူကိုးဆယ်ကျော်သည် သူတို့၏ ပျော်ရွှင်မှုကို မချုပ်တည်းထားနိုင်တော့ပေ။
“သွားကြစို့...”
ကျန်းရီက လက်ဝှေ့ယမ်း၍ ကျန့်တိနျန်တို့ကို ကြည့်လိုက်၏။ ထို့နောက် သူ ပြောလိုက်သည်။
“ပြန်သွားပြီး တခြားတပ်ထဲ ဝင်ကြတာပေါ့။ ဒီငှက်တောင်ပျံတပ်က ကျွန်တော်တို့နဲ့ မကိုက်ဘူး...”
“သွားမယ်.. သွားကြမယ်...”
ကျန့်တိနျန်တို့တွင် အတွန့်တက်စရာ မရှိတော့ပေ။ ယခု ထွက်သွားနိုင်လျှင်ပင် သူတို့ ပျော်နေပြီဖြစ်သည်။ သို့သော် အားလုံးက နောက်လှည့်ကာ ထွက်သွားတော့မည့်အချိန်တွင် အေးစက်စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။
“နေဦး...”
အားလုံး စိတ်ဓာတ်ကျသွားသည်။ ကျန်းရီသည် နောက်လှည့်၍ စစ်သူကြီးယွင်ကို ကြည့်လိုက်၏။
“စစ်သူကြီးယွင်... ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလို့လဲ”
“ကျန်းဝူမင်... ရှင်က ပါရမီရှင်တစ်ယောက်ပဲ။ ကျွန်မ ခြွင်းချက်တစ်ခုထားပြီး ရှင်တို့ကို ငှက်တောင်ပျံတပ်ထဲ ဝင်ခွင့်ပေးလိုက်မယ်။ တပ်မှူးဟူ... ဒီလူတွေကို ရှင့်လက်အောက်မှာ ထားပါ။ ကျန်းဝူမင်ကို တပ်ကြပ်ရာထူး ပေးလိုက်ပါ”
စစ်သူကြီးယွင်သည် ပြောဆိုပြီးနောက် ကျန်းရီတို့ကို အရေးမစိုက်တော့ဘဲ ပထမရဲတိုက်ဆီသို့ လျှောက်သွားလိုက်၏။
ရဲတိုက်ထဲမှနေ၍ မုတ်ဆိတ်မွေးများနှင့် ယောက်ျားတစ်ယောက် ထွက်လာ၏။ သူသည် ကျန်းရီတို့ကို ဝေ့ဝဲကြည့်ကာ မာမာထန်ထန် ပြောလိုက်သည်။
“စစ်သူကြီးက အမိန့်ပေးလိုက်ပြီဆိုတော့ အခုကစပြီး မင်းတို့အကုန်လုံးက ငှက်တောင်ပျံတပ်ရဲ့ တပ်သားတွေ ဖြစ်သွားပြီ။ ယန်ကိုးပါးစစ်တပ်မှာ ငှက်တောင်ပျံတပ်က အင်အားအကြီးဆုံးပဲ။ မင်းတို့ ကြိုးကြိုးစားစား ကျင့်ကြံပြီး ရွတ်ရွတ်ချွံချွံတိုက်ခိုက်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငှက်တောင်ပျံတပ်ကို နာမည်မပျက်ရစေနဲ့”
ကျန့်တိနျန်တို့ မလှုပ်ကြပေ။ သူတို့အားလုံး ကျန်းရီကို ကြည့်လိုက်ကြသည်။ ဤလောကထဲတွင် အသန်မာဆုံးသူကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပေသည်။ ကျန်းရီက သူ၏အင်အားကို အပြည့်အဝ ပြသခဲ့ပြီးဖြစ်ရာ ယခုတွင် အားလုံးသည် သူ့ကို ခေါင်းဆောင်တင်မြှောက်လိုနေပြီဖြစ်သည်။
ကျန်းရီ တုံ့ဆိုင်းနေ၏။ စစ်သူကြီးယွင်က ဘာကိုကြံနေကြောင်း သူ မသိပေ။ သူမက သူ့ကို အချိုသပ်ပြီးမှ သူ့အကြောင်းကို တောက်မျိုးနွယ်ဆီ သတင်းပေးလိုနေခြင်းလော။ ယင်းက အဓိပ္ပာယ်မရှိကြောင်း ကျန်းရီ တွေးလိုက်သည်။ ကျန်းရီအကြောင်းကို သတင်းပေးခြင်းက သူမအတွက် မည်သည့်အကျိုးမှ ရမည်မဟုတ်ပေ။
ယန်ကိုးပါးစစ်တပ်နှင့် မိုးပြာမဟာဧကရာဇ်စစ်တပ်တို့က ဆက်ဆံရေး အဆင်မပြေပုံပင်။ ထိုနှစ်တွင် တောက်လန်သည် ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါး၏ သတ်ဖြတ်မှုကိုပင် ခံရလုနီးနီး ဖြစ်ခဲ့သည် မဟုတ်လော။ သူမက သူ့ကို တပ်ထဲဝင်ခွင့်ပြုခဲ့ခြင်းမှာ နောင်တွင် သူ့အား ယွင်မျိုးနွယ်ထဲ သိမ်းသွင်းရန်လော။
ကျန်းရီသည် အမျိုးမျိုး တွေးတောပြီးနောက် ငှက်တောင်ပျံတပ်ထဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ယခု စစ်သူကြီးယွင်က သူမည်သူဖြစ်ကြောင်း သိသွားပြီဖြစ်သည်။ သူ အခြားတပ်ခွဲတစ်ခု သို့မဟုတ် အခြားစစ်တပ်တစ်တပ်သို့ သွားလိုက်မည်ဆိုလျှင် သူ့အတွက် ပြဿနာများ ရှိလာနိုင်သည်။ သူ ဤနေရာတွင် နေလျှင်မူ အနည်းဆုံးတော့ စစ်သူကြီးယွင်က သူ့အား နောင်တွင် သိမ်းသွင်းနိုင်လောက်မည်ဆိုသော မျှော်လင့်ချက်ဖြင့် သူ့အကြောင်းကို အချိန်တစ်ခုအတွင်း၌ ဖော်လောက်မည် မဟုတ်ပေ။
“ကျန်းဝူမင် အမိန့်နာခံပါတယ်”
ကျန်းရီက ဦးဆောင်လိုက်သောအခါ ကျန့်တိနျန်တို့လည်း ဦးညွှတ်၍ နောက်မှလိုက်ပြောလိုက်ကြသည်။
“ကျုပ်တို့ တပ်မှူးဟူရဲ့ အမိန့်ကို နာခံပါတယ်”
တပ်မှူးဟူသည် ကျန်းရီတို့ကို အဝေးရှိ ရဲတိုက်တစ်လုံးဆီသို့ ခေါ်သွား၏။ ပွဲကြည့်နေကြသူအားလုံးလည်း လူစုခွဲသွားကြသည်။
***
ပထမရဲတိုက်၏ ခန်းမကျယ်ကြီးတစ်ခုထဲတွင်...
စစ်သူကြီးယွင်က အဓိကထိုင်ခုံတွင် ထိုင်နေပြီး ကိုယ်ရံတော်အချို့က သူမကို စိတ်ဝင်တစား ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောလိုက်သည်။
“သခင်မလေး... အဲ့ကျန်းဝူမင်က တစ်ခုခု မူမမှန်ပါဘူး”
စစ်သူကြီးယွင်သည် လက်ဖက်ရည်တစ်ငုံသောက်ကာ မြေခွေးတစ်ကောင်ကဲ့သို့ ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကျွန်မသိပါတယ်၊ သူက တစ်ခုခု မူမမှန် ဖြစ်မနေရင် ကျွန်မ သူ့ကို ဒီမှာခေါ်ထားမှာ မဟုတ်ဘူး။ စောင့်ကြည့်နေပါ။ အခု သူက ငှက်တောင်ပျံတပ်ထဲ ရောက်လာပြီဆိုတော့ အခြေအနေတွေက လှုပ်လှုပ်ရှားရှား ဖြစ်လာတော့မှာပဲ”
“မဟုတ်သေးဘူး...”
ထိုကိုယ်ရံတော်က ဆက်ပြောသည်။
“စစ်သူကြီး... ကျွန်တော် ဆိုလိုချင်တာက သူ့ရဲ့ဇာစ်မြစ်က သံသယဖြစ်စရာကောင်းတယ်ဆိုတာပါ။ သူက...”
“တော်ပြီ...”
စစ်သူကြီးယွင်က ထိုကိုယ်ရံတော်ကို အေးစက်စက် စိုက်ကြည့်လိုက်ရာ ကိုယ်ရံတော် ဆက်မပြောဝံ့တော့ပေ။ သူမ အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။
“သူဘယ်သူဆိုတာနဲ့ ပတ်သတ်ပြီး ရှင်တို့ ခန့်မှန်းမိတာပဲဖြစ်ဖြစ်၊ တွေးမိတာပဲဖြစ်ဖြစ် ဘယ်သူမှ သူ့အကြောင်းကို ပေါက်ကြားစေလို့ မရဘူး။ ကျွန်မအမိန့်ကို ထုတ်ပြန်လိုက်ပါ.. ဘယ်သူကမှ ကျန်းဝူမင်အကြောင်းကို အပြင်မှာ မပြောရဘူး။ မဟုတ်ရင် ကျွန်မ အဲ့လူကို သတ်ပစ်မယ်”
“နားလည်ပါပြီ”
ကိုယ်ရံတော်အားလုံး ဦးညွှတ်ကာ အမိန့်နာခံလိုက်ကြသည်။ သို့သော် လူများစွာသည် နားမလည်နိုင်ဖြစ်ကာ သံသယဝင်နေကြဆဲပင်။ ကြည့်ရသည်မှာ သူတို့၏ ခန့်မှန်းချက်က မှန်နေပုံပင်။ ကျန်းဝူမင်က ကျန်းရီဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူတို့၏ စစ်သူကြီးက ကျန်းရီကို ငှက်တောင်ပျံတပ်ထဲ ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းကိုမူ သူတို့ နားမလည်နိုင်ကြချေ။
အခြေအနေများက စတင်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့မည်လော။ စစ်သူကြီးက ကျန်းရီထံမှ မည်သည်ကို အလိုရှိနေပါသနည်း။