← Chapters

ကောင်းကင်နက်မြစ်

Vol. 120 Ch. 1677

ကောင်းကင်နက်မြစ်

Vol. 120 Ch. 1677

“ယွင်ပင်း၊ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးထဲက ဒုတိယစွမ်းအားအကြီးဆုံး ကောင်းကင်ဘုရင်ယွင်ရဲ့ မြေးမလေး။ သူက အတော်လေး ပါရမီကောင်းပြီး ကောင်းကင်ဘုံရဲ့ ထိပ်တန်းသခင်မလေးဆယ်ယောက်ထဲက တတိယမြောက်သခင်မလေးပါ။ သူ့မှာ တိုက်ပွဲအမှတ်တွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့သုံးလတုန်းက သူ ငှက်တောင်ပျံတပ်ထဲကို ဝင်လာခဲ့တာ။ အောက်ခြေတပ်သားအဆင့်ကနေ စဝင်ခဲ့ပြီး ရွတ်ရွတ်ချွံချွံ စွမ်းဆောင်နိုင်ခဲ့လို့ သုံးလအတွင်း စစ်သူကြီး ဖြစ်လာတာပါ။ သူက ယွင်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်လာပြီး ကောင်းကင်ဘုရင်ယွင်ရဲ့ ဆက်ခံသူလည်း ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်...”

ရဲတိုက်တစ်လုံးထဲတွင် ကျန်းရီသည် သူ့လက်အောက်ငယ်သား၏ တင်ပြမှုကို နားထောင်ကာ မျက်မှောင်ကြုတ်သွား၏။ သူ ငှက်တောင်ပျံတပ်ထဲ ရောက်သည်မှာ နေ့တစ်ဝက် ရှိသွားပြီဖြစ်သည်။ ယခုတွင် အခြေအနေများက အနည်းနှင့်အများဆိုသလို တည်ငြိမ်လာပေပြီ။ သူကလည်း တပ်ကြပ်တစ်ယောက် ဖြစ်နေပြီဖြစ်ပြီး သူ့လက်အောက်မှတပ်ဖွဲ့က နဝမတပ်ဖွဲ့ဖြစ်သည်။ ထိုနဝမတပ်ဖွဲ့ကို သူ၏လူကိုးဆယ်ကျော်နှင့် ဖွဲ့စည်းထားခြင်းပင်။

ယခု ကျန်းရီ နားထောင်နေသော သတင်းအချက်အလက်များမှာ သူ့လက်အောက်ရှိ ထောက်လှမ်းရေးတစ်ယောက်က စုံစမ်းလာသော အကြောင်းအရာများပင်။ ထိုသတင်းကို စုံစမ်းရန်မှာ အလွန်လွယ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းက ငှက်တောင်ပျံတပ်ထဲတွင် ကျော်ကြားသောသတင်း ဖြစ်နေ၍ပင်။ ထို့ကြောင့် အချက်အလက်များနှင့်ပတ်သတ်၍လည်း သံသယဖြစ်စရာ မရှိပေ။

‘အဲ့ကောင်မလေးက မခေဘူးပဲ။ သူက တကယ် အရည်အချင်းရှိတဲ့ပုံပဲ’

ကျန်းရီသည် သူ့ဘေးရှိ စားပွဲကို စည်းချက်ကျကျ ခေါက်နေ၏။ ငှက်တောင်ပျံတပ်အကြောင်းကို သူ ပို၍ နားလည်လာပြီဖြစ်သည်။ ဤတပ်ထဲတွင် ရာထူးတက်နိုင်ရန်အတွက် လိုအပ်ချက်များမှာ အခြားတပ်များမှာထက် များစွာပိုတင်းကြပ်သည်။ တပ်ကြပ်တစ်ယောက် ဖြစ်လာရန်မှာ လွယ်သော်လည်း တပ်မှူး၊ တပ်မှူးချုပ်နှင့် စစ်သူကြီး ဖြစ်လာရန်မှာမူ အလွန်ခက်ပေသည်။

လုံလောက်သော တိုက်ပွဲအမှတ်များ မရှိလျှင် ကျန်းရီ မည်သည့်အခါတွင်မှ ရာထူးတက်နိုင်မည် မဟုတ်ပေ။

ရရှိထားသော သတင်းအချက်အလက်များအရ ထိုစစ်သူကြီးယွင်ပင်းက တိုက်ခိုက်စွမ်းအားကြီးရုံသာမက အလွန်လည်းဉာဏ်ကောင်းကြောင်း သိရသည်။ ဤမတိုင်ခင်တွင် သူမ ဦးဆောင်သော တိုက်ပွဲတိုင်းက အနိုင်ဖြင့်သာ အဆုံးသတ်ခဲ့သည်။ ထို့ပြင် သူမအဖွဲ့၏ ကျဆုံးနှုန်းကလည်း အနိမ့်ဆုံးဖြစ်သည်။ ငှက်တောင်ပျံတပ်ထဲတွင် ထိုစစ်သူကြီးယွင်က နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။

“ကောင်းပြီ.. သွားတော့။ ငါ ကျင့်ကြံဦးမယ်။ တာဝန်တစ်ခုခုရှိလာရင် ငါ့ကို လာပြောပါ”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး ဘေးခန်းတစ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုအခန်းက သူ၏ကိုယ်ပိုင်အခန်းပင်။ တပ်ကြပ်ကသာ ကိုယ်ပိုင်အခန်းရသည်။ အခြားသူများက အခန်းကြီးတစ်ခန်းထဲတွင် စုပေါင်းနေရပေသည်။

ကျန်းရီသည် အခန်းထဲသို့ ရောက်သည်နှင့် ပို၍ သက်တောင့်သက်သာခံစားလိုက်ရ၏။ အခန်းထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က အပြင်ကထက် အဆငါးဆယ် ပိုသိပ်သည်းသည်။ ဤအခန်းထဲတွင် ဝိညာဉ်စုစည်းအစီအရင်တစ်ခု ရှိသည်။ ယင်းမှာ တပ်ကြပ်တစ်ယောက်ဖြစ်ရခြင်း၏ အကျိုးပင်။

ငှက်တောင်ပျံတပ်ထဲ ဝင်ပြီးပြီဖြစ်၍ များစွာတွေးတောနေလျှင်လည်း အကျိုးမရှိတော့ကြောင်း ကျန်းရီ သိသည်။ ထိုသခင်မလေးယွင်ပင်းက မည်သည်ကို အလိုရှိသနည်း။ ကျန်းရီ တွေးမကြည့်နိုင်။ သို့သော် နေ့တစ်ဝက်ကုန်သွားပြီဖြစ်သည်။ အကယ်၍ တောက်နုနှင့် တောက်လန်တို့သာ လာမည်ဆိုလျှင် ယခုလောက်ဆို ရောက်နေလောက်ပေပြီ။ ထို့ကြောင့် ယွင်ပင်းက သူ့အကြောင်းကို သတင်းမပို့ခဲ့ကြောင်းတော့ သေချာနိုင်ပေသည်။

ကျန်းရီ တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်၏။ သူ သူ၏ကောင်းကင်စွမ်းအားကို ဆက်၍ကျင့်ကြံလိုနေသည်။ ဤနေရာတွင် ကျင့်ကြံရခြင်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံရခြင်းလောက် အကျိုးမရှိသော်လည်း ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံခြင်းနှင့် အတူတူလောက်နီးပါးပင်။ ကောင်းကင်ဘုံ၏ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းသည်။ ထို့ပြင် ဤအခန်းထဲမှ စွမ်းအင်က ဝိညာဉ်စုစည်းအစီအရင်ကြောင့် အပြင်ကထက် အဆငါးဆယ် ပိုသိပ်သည်းနေသည်။

ကျန်းရီသည် မိုးမြေစွမ်းအားများစွာ စုဆောင်းထားပြီးဖြစ်သည်။ အလောင်းကြီးက မိုးမြေစွမ်းအားကို အဆက်မပြတ် သုံးမည်ဆိုလျှင်ပင် စွမ်းအားက လဝက်လောက် ခံပေလိမ့်မည်။ သို့သော် သူ အနှစ်သာရကိုတော့ တစ်ဝက်လောက်သာ နားလည်သေးသည်။ အပြည့်အဝနားလည်နိုင်ရန် အဝေးကြီးလိုသေးပုံပင်။

မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံခြင်းက ပို၍ပင် အချိန်ပေးရသည်။ ယခုအထိ သူသည် သူ့ခန္ဓာကိုယ်က အဆတစ်ရာငါးဆယ် ပိုသန်မာလာအောင်သာ လုပ်နိုင်သေးသည်။ အဆတစ်သောင်းမဆိုထားနှင့် အဆတစ်ထောင် ပိုသန်မာလာအောင် လုပ်နိုင်ရန်ပင် အဝေးကြီးလိုပေသေးသည်။

ရွှီး...

ကျန်းရီသည် တွေးတောနေရင်းဖြင့် အလောင်းကြီးကို အပြင်ထုတ်လိုက်၏။ ထိုအလောင်းကြီး၏ ဝိညာဉ်အစအနသည် ကျန်းရီက မဟာနတ်ဘုရားအတတ် အစစ်အမှန်ကို ကျင့်ကြံနေခြင်းမဟုတ်ဟု ပြောခဲ့သည်။ အကယ်၍ ကျန်းရီ မဟာနတ်ဘုရားအတတ် အစစ်အမှန်ကို ကျင့်ကြံလိုလျှင် အလောင်းကြီ၏ သွေးကြောမှတ်များကို လေ့လာရမည်ဖြစ်သည်။

ကျန်းရီသည် အလောင်းကြီးကို သန့်စင်ရန် ၎င်း၏ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကို သန့်စင်ခဲ့သည်။ ထိုသွေးကြောမှတ်များထဲတွင် လျှို့ဝှက်ချက်အချို့ ရှိနေရမည်။ သူ ထိုလျှို့ဝှက်များကို သိမှ သူ့ခန္ဓာကိုယ်ကို အဆတစ်ထောင်၊ အဆတစ်သောင်း ပိုသန်မာသွားအောင် လုပ်နိုင်မည်ဖြစ်သည်။

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ အလောင်းကြီး၏ သွေးကြောမှတ်များကို အာရုံခံလိုက်၏။ အတန်ကြာအောင် စေ့စေ့စပ်စပ် အာရုံခံပြီးနောက် ရုတ်တရက် သူ ရင်တုန်သွား၏။

သူ၏အာရုံက အလောင်းကြီး၏ လက်ဝါးပေါ်ရှိ သွေးကြောမှတ်တစ်မှတ်အပေါ်တွင်သာ စုစည်းထားသည်။ အလောင်းကြီး၏ လက်ဝါးပေါ်မှ သွေးကြောမှတ်က သူ့လက်ဝါးပေါ်မှ သွေးကြောမှတ်နှင့် လုံးဝကွဲပြားသည်။ သူ၏သွေးကြောမှတ်က ရေစက်တစ်စက်ဆိုလျှင် အလောင်းကြီး၏ သွေးကြောမှတ်က အဆုံးမဲ့ပင်လယ်တစ်စင်းကဲ့သို့ပင်။ ၎င်းသွေးကြောမှတ်ထဲတွင် ဆန်းကြယ်သောပုံသဏ္ဌာန်အမျိုးမျိုး၊ အရေးအကြောင်းအမျိုးမျိုး ပါဝင်သည်။ ၎င်းက ကောင်းကင်စည်းမျဉ်းများနှင့် ဆန်းကြယ်မှုမျိုးစုံ ပါဝင်သော မဟာနတ်ဘုရားတာအိုပုံသဏ္ဌာန်တစ်ခုကဲ့သို့ပင်။

‘အဲ့သွေးကြောမှတ်က ဆန်းကြယ်လိုက်တာ’

ကျန်းရီသည် သွေးကြောမှတ်ကို လေ့လာရင်း ပို၍အံ့ဩလာသည်။ သူ ၎င်းသွေးကြောမှတ်ကို လေ့လာရာတွင်သာ အပြည့်အဝ အာရုံနှစ်ထားသည်။ ထိုပုံသဏ္ဌာန်များတွင် ဆန်းကြယ်သောစွမ်းအားတစ်ခု ပါပုံရ၏။ ထိုစွမ်းအားက ကျန်းရီ၏အာရုံကို ပို၍နက်ရှိုင်းစွာ ဆွဲခေါ်နေသည်။ ထို့ကြောင့် ကျန်းရီသည် သွေးကြောမှတ်မှနေ၍ အာရုံမလွှဲနိုင်တော့ပေ။

***

အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အချိန်မည်မျှ ကုန်သွားပြီဖြစ်ကြောင်းပင် ကျန်းရီ မသိချေ။ အခန်း၏ အကာအရံများ လင်းလက်လာမှ သူ ပြန်သတိကပ်လာသည်။ သူ မျက်လုံးဖွင့်လိုက်၏။ သူ့မျက်နှာပေါ်တွင် လောဘတရားရှိနေပေသည်။

ကျန်းရီသည် သွေးကြောမှတ်ထဲရှိ ဆန်းကြယ်သော ပုံသဏ္ဌာန်များက မည်သည့်အရာများဖြစ်ကြောင်း မသိသေးသော်လည်း သူ သိသွားသည်နှင့် သူ့သွေးကြောမှတ်ကိုလည်း ထိုသွေးကြောမှတ်ကဲ့သို့ ဖြစ်လာအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေသည်။ ထိုအခါကျလျှင် သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်အင်အားကို ပိုင်ဆိုင်လာပေလိမ့်မည်။ သူ ‌တောက်လန်ကိုလည်း ကြောက်စရာလိုတော့မည် မဟုတ်ပေ။

ရွှီး...

အကာအရံများက အဆက်မပြတ် လင်းလက်နေ၏။ ကျန်းရီ သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီး အကာအရံများကို ဖွင့်ပေးလိုက်၏။ တံခါးအပြင်တွင် သူ့လက်‌အောက်မှ နတ်ဘုရားဧကရာဇ် တစ်ယောက် ရပ်နေသည်။ ထိုနတ်ဘုရားဧကရာဇ်က ကျန့်တိနျန်၏ညီ ကျန့်အာနျန်ပင်။ သူသည် ထက်မြက်ပြီး ထောက်လှမ်းရေးကိစ္စများတွင်လည်း တော်သည်။ ကျန်းရီသည် သူ့ကို ကိုယ်ရံတော်အဖြစ် တာဝန်ပေးထားပေသည်။

ကျန့်အာနျန်က လက်ဆုပ်ကာ တင်ပြလိုက်သည်။

“တပ်ကြပ်... တာဝန်ထမ်းဆောင်ရမဲ့အချိန် ရောက်ပါပြီ။ စစ်သူကြီးယွင်က ကျွန်တော်တို့ကို လူစုထားခိုင်းပါတယ်။ ငှက်တောင်ပျံတပ် တစ်တပ်လုံး သွားရမှာပါ”

“ညီနောင်တွေကို စုဝေးခိုင်းလိုက်ပါ”

ကျန်းရီ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး အခန်းထဲမှ ထွက်လိုက်သည်။ ကျန့်တိနျန်က သူ့လူများကို ခေါ်၍ အပြင်တွင် စုဝေးထားပြီးဖြစ်သည်။ သူတို့အားလုံးသည် ကျန်းရီကို စောင့်နေကြခြင်းပင်။ ကျန်းရီသည် ထိုအုပ်စုကို ဦးဆောင်ကာ ရဲတိုက်ထဲမှ ထွက်လိုက်၏။ သူ့အရှေ့ မြေကွက်လပ်တွင် လူများ စုဝေးနေသည်။ သူတို့အားလုံးက ငှက်တောင်ပျံတပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။

ရွှီး...

ကျန်းရီလည်း ငှက်တောင်ပျံတပ်၏ စစ်ချပ်ဝတ်ကို ဝတ်လိုက်၏။ ၎င်းက ထိပ်တန်းအဆင့် စစ်ချပ်ဝတ်တစ်ထည်ပင်။ ကျန်းရီသည် ချပ်ဝတ် ဝတ်ပြီးနောက် သူ့လူများနှင့်အတူ မြေကွက်လပ်သို့ လျှောက်သွားလိုက်၏။ တပ်မှူးဟူ၏ ညွှန်ကြားချက်များအောက်တွင် သူတို့သည် လူအုပ်ထဲ ဝင်၍ သူတို့၏ နေရာများတွင် တိတ်တဆိတ် ရပ်နေလိုက်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရဲတိုက်များထဲမှနေ၍ တပ်ဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပျံထွက်လာကြသည်။ ငါးမိနစ်အတွင်းမှာပင် တပ်သားတစ်သောင်းနီးပါး စုဝေးပြီးသွားသည်။ စစ်သူကြီးယွင်သည် သူမ၏ ကိုယ်ရံတော်သုံးဆယ့်ခြောက်ယောင်ကို ဦးဆောင်၍ ထွက်လာပြီး သူမ၏တပ်ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူမ အော်ပြောလိုက်သည်။

“အားလုံးပဲ နားထောင်ကြပါ။ ဆယ်ခုမြောက် တည်နေရာပြောင်းရွှေ့အစီအရင်ဆီ သွားကြပါ”

တပ်မှူးဆယ်ယောက်သည် သူတို့၏ တပ်စိတ်များကို ဦးဆောင်၍ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ စည်းစနစ်တကျ စီတန်းသွားလိုက်ကြသည်။ ယခု ငှက်တောင်ပျံတပ်တွင် တပ်သားတစ်သောင်းရှိသည်။ သို့သော် အခြားတပ်သားများလည်း ရှိသေးကြောင်းတော့ ထင်ရှားသည်။ စစ်သူကြီးတစ်ယောက်၏ လက်အောက်တွင် တပ်မှူးချုပ်နှစ်ယောက်ရှိသည်။ ထိုတပ်မှူးချုပ်နှစ်ယောက်၏ အောက်တွင် တပ်မှူးငါးယောက်စီရှိသည်။ တပ်မှူးတစ်ယောက်က လူတစ်ထောင်ကို ဦးဆောင်ရသည်။ ထိုလူတစ်ထောင်တပ်စိတ်ထဲ၌ တပ်ကြပ်တစ်ယောက်လျှင် လူတစ်ရာ ကြီးကြပ်ရသည်။

ကျန်းရီသည် ချီတက်ရင်းဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။ အခြားတပ်များက မလှုပ်ရှားကြပေ။ ကြည့်ရသည်မှာ ဤတာဝန်က တာဝန်အသေးစားတစ်ခု ဖြစ်ပုံပင်။ မဟုတ်လျှင် တပ်သားတစ်သောင်းတည်း တိုက်ပွဲထွက်ရမည် မဟုတ်ချေ။

တပ်သည် ရဲတိုက်များ၏ မြောက်ဘက်ရှိ ရင်ပြင်တစ်ခုသို့ ရောက်သွား၏။ ထိုရင်ပြင်ထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်များစွာရှိသည်။ သူတို့သည် တစ်ကြိမ်လျှင် လူတစ်ထောင်နှုန်းဖြင့် စတင်တည်နေရာပြောင်းရွှေ့ကြသည်။ တစ်နာရီကြာပြီးနောက် ကျန်းရီတို့ တည်နေရာပြောင်းရွှေ့ရမည့်အလှည့်သို့ ရောက်လာသည်။

ရွှီး...

အဖြူရောင်အလင်း လင်းလက်လာ၏။ ကျန်းရီတို့ ဆယ့်ခြောက်နာရီလောက် တည်နေရာပြောင်းရွှေ့လိုက်ရသည်။ သူတို့သည် ယန်ကိုးပါးတောင်ကြားသို့ မရောက်သွားဘဲ အာကာသထဲရှိ ကြားမှတ်တစ်နေရာသို့ ရောက်သွားပေသည်။

ဤကြားမှတ်နေရာက အာကာသထဲတွင် လွင့်မျောနေသော ဧရာမကျောက်တုံးကြီးတစ်တုံးအပေါ်တွင်ဖြစ်သည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် စွမ်းအားကြီး အကာအရံများရှိသည်။ ပတ်ဝန်းကျင်ကမူ မည်းမှောင်နေသည်။ ကျန်းရီသည် သူ့လက်ငါးချောင်းကိုပင် မမြင်နိုင်ပေ။ မှောင်မည်းလွန်းရာ သူ့ရင်ထဲတွင် ကြောက်ရွံ့၍ပင်လာသည်။

ယွင်ပင်းတို့သည် အတော်ကြာမှ ရောက်ရှိလာသည်။ နောက်ဆုံးတပ်စိတ် ရောက်လာသောအခါ သူမ အေးစက်စက်လေသံဖြင့် ညွှန်ကြားလိုက်သည်။

“အားလုံးပဲ... ဟွင့်သွမ့်နတ်ဘုရားလှေပေါ် တက်လိုက်ပါ။ ဒီတစ်ခေါက် ကျွန်မတို့ သွားရမဲ့နေရာက ကောင်းကင်နက်မြစ်ပါ။ အဲ့မြစ်မှာ သန်းချီတဲ့ တမလွန်ဘုံမိစ္ဆာတွေကို တွေ့တယ်။ ကောင်းကင်နက်မြစ်ကို ရောက်ရင် ကိုယ့်တပ်စိတ်နဲ့ကိုယ် ဗျူဟာဆွဲပြီး လှုပ်ရှားကြပါ။ ပြီးတော့ ကိုယ်သတ်ခဲ့တဲ့ တမလွန်ဘုံမိစ္ဆာတွေရဲ့ အလောင်းတွေကို ပြန်ယူခဲ့ဖို့ မမေ့ပါနဲ့။ မဟုတ်ရင် တိုက်ပွဲအမှတ်တွေ ရမှာ မဟုတ်ဘူး...”

“ကိုယ့်ထက် စွမ်းအားကြီးတဲ့ တမလွန်ဘုံမိစ္ဆာတွေနဲ့ တွေ့ရင် ချက်ချင်း ပြန်ဆုတ်ပါ။ ကောင်းကင်နက်မြစ်ထဲက တမလွန်ဘုံအရှိန်အဝါကိုလည်း သတိထားကြပါ။ ရှင်တို့ ထိန်းချုပ်ခံလိုက်ရရင် ချက်ချင်း အသတ်ခံရမယ်”

ရွှီး...ရွှီး...ရွှီး...

တပ်မှူးများသည် သူတို့၏ ဟွင့်သွမ့်နတ်ဘုရားလှေများကိုထုတ်၍ သူတို့၏တပ်စိတ်များကို ဦးဆောင်ကာ လှေပေါ်တက်လိုက်ကြသည်။ ထို့နောက် ဟွင့်သွမ့်နတ်ဘုရားလှေဆယ်စီးသည် အကာအရံများနှိုး၍ တူညီသော ဦးတည်ရာသို့ ပျံသန်းသွားကြလေသည်။

All Chapters