ကောင်းကင်မူလတိုက်ကြီး၏ လူအဖွဲ့အစည်းစနစ်
Vol. 38 Ch. 522
ယိရန်သည် တာအိုနတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် သစ်ပင်များနောက်တွင်ရှိနေကြောင်းကို ထန်တိုက်လင်မှ အာရုံမခံနိုင်ဟု ထင်ထားခဲ့သည်။ သို့သော် ထန်တိုက်လင်၏အာရုံက အလွန်ထက်ရှနေသောကြောင့် ချောင်းကြည့်ခြင်း ထုတ်ဖော်ခံလိုက်ရသောအခါ ရိုင်းပြသောလုပ်ရပ် ဖြစ်နေခဲ့သည်။
"ဒါဆိုရင် လမ်းဆက်လျှောက်ပါ။ ငါ့အခန်းကို ပြန်ပြီ"
အပြင်လူများရှေ့မှောက်တွင် သူမ၏အေးစက်စက်အမူအရာက ပြန်လည်ဖြစ်ပေါ်လာပြီး ဂုဏ်ပြုပွဲတွင်ကြားဖူးသော ယိရန်၏အဆင့်အတန်းကို လျစ်လျူရှုလိုက်သည်။ သူမ၏သိမ်မွေ့မှုများ ချက်ချင်းပျောက်ကွယ်သွားသောအခါ ယိရန်က နောင်တရသွားပြီး သူနှင့်လက်တစ်ကမ်းအဝေးတွင် ရပ်နေသည့် ထန်တိုက်လင်ကိုကြည့်ကာ စိတ်ဓာတ်ကျသွားသည်။
"လရောင်က ဒီည အလွန်လှပနေတယ်။ မိန်းကလေး လရောင်ကို အတူတူရှုစားဖို့ စိတ်ဝင်စားလား"
သို့သော်လည်း သူက ကြိုးစားကြည့်လိုသဖြင့် ဖိတ်ခေါ်လိုက်သည်။
"စိတ်မဝင်စားဘူး"
ထန်တိုက်လင်က ခပ်ပြတ်ပြတ်ပြောလိုက်ပြီး တစ်ချက်ပင်မကြည့်ဘဲ သူမ၏အခန်းထံ ထွက်ခွာသွားခဲ့သည်။ ထန်တိုက်လင်၏ရှေ့မှောက်တွင် ပါရမီရှင်တစ်ယောက်ဖြစ်သော ယိရန်က မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိဘဲ နိမ့်ကျမှုကို ခံစားနေရသည်။ သူက ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ရှိသူဖြစ်သော်လည်း သူမရှေ့တွင် အရေးမပါချေ။ ထန်တိုက်လင်က ချီပင်လယ်အဆင့်ဖြစ်ပြီး သူက တာအိုနတ်အဆင့်ဖြစ်သော်လည်း နှစ်အနည်းငယ်အတွင်း သူမက အပြတ်အသတ် ကျော်လွန်သွားပေလိမ့်မည်။ ပေါင်းစပ်နှုန်းခုနစ်ဆယ်အထက်ရှိသော ပါရမီရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ယိရန်က သေချာစွာသိထားသည့်အပြင် တစ်ဖက်လူက ပင်လယ်နတ်ဘုရား၏အမွေခံ ဖြစ်နေခဲ့သည်။ လမ်းအဆုံးတွင် ပျောက်ကွယ်သွားသော ထန်တိုက်လင်၏ပုံရိပ်ကို စိုက်ကြည့်နေသော ယိရန်၏ရင်ထဲတွင် နောင်တရနေခဲ့သော်လည်း မတားမြစ်ရဲပေ။ နှစ်ရက်အကြာတွင် သူမက ရန်ယွင်မြို့တော်မှထွက်ခွာသွားလျှင် သူက ဤပြိုင်ဘက်ကင်းအလှလေးကို နောက်တစ်ကြိမ်ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ပေ။
ယဲ့ချန်သည် သူ၏အခန်းသို့ပြန်လာသောအခါ အမွေးပွလေးသည် ထူထဲသော စည်းမျဥ်းစာအုပ်ကို ဖတ်ရှုပြီးခဲ့ပြီဖြစ်သည်။ သူမက ယဲ့ချန်ကို ပျော်ရွှင်စွာခေါင်းမော့ကြည့်လိုက်ပြီး ပခုံးပေါ်သို့ လှစ်ခနဲ ခုန်တက်လာခဲ့သည်။ သူမ၏အကြည့်ကြောင့် ယဲ့ချန်က မလုံမလဲခံစားလိုက်ရသည်။ သူက အမွေးပွလေးကို ပစ်ထားမိချိန်တွင် ထန်တိုက်လင်နှင့် ကလေးတစ်ယောက်ပင် ရလိုက်သောကြောင့် မျက်နှာပူနေခဲ့သည်။
"အနားယူရအောင် အမွေးပွလေး"
ယဲ့ချန်က ခါးသက်သက်ပြုံး၍ ပြောလိုက်သောအခါ သူမက ပြန်ပြုံးပြ၍ ခေါင်းညိတ်ခဲ့သည်။ ယဲ့ချန်၏ကိုယ်ပေါ်တွင် ထန်တိုက်လင်၏ကိုယ်သင်းနံ့ ရှိနေသည်ကို သူမက အာရုံခံနိုင်ခဲ့သဖြင့် သဝန်တိုနေမိသည်။ ပုံရိပ်ယောင်ပုလဲအတွင်းရှိ ဘိုးဘေးများက သူမကို လူအသွင်ပြောင်းရန် တားမြစ်ထားသောကြောင့် ရွေးချယ်စရာမရှိပေ။ ထို့အပြင် နှစ်ရက်အကြာတွင် သူမက ယဲ့ချန်ကိုခွဲခွာရမည်ဖြစ်ကာ မည်သည့်အချိန်မှပြန်ဆုံမည်ကို မပြောနိုင်သောကြောင့် ဝမ်းနည်းနေခဲ့သည်။ ယဲ့ချန်၏နှလုံးသားအတွင်းရှိ သူမ၏နေရာလေး ပျောက်ကွယ်သွားမည်ကို အစိုးရိမ်ကြီးနေမိသည်။ ထန်တိုက်လင်နှင့် ပိုလင်းသည် ယဲ့ချန်နှင့် အချိန်ပေါင်းများစွာအတူရှိပေးခဲ့ပြီး သူမက အဝေးသို့ရောက်နေသောကြောင့် သွေးအေးသွားနိုင်ချေရှိ၍ နှလုံးသားလေး နာကျင်လာခဲ့သည်။
ယဲ့ချန်က အိပ်ရာထက်၌ တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံခြင်းကို အာရုံစိုက်နေစဥ် အမွေးပွလေးက သူ၏ရင်ခွင်အတွင်း တိတ်တဆိတ်မှေးစက်လိုက်သည်။ အချိန်တစ်ရက်ကုန်ဆုံးသွားပြီး ရန်ယွင်မြို့တော်မှ အစွမ်းထက်ပါရမီရှင်သုံးယောက် ထွက်ပေါ်လာမှုအတွက် အားလုံးက စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ ထိုသတင်းကို မြို့ဝန်အိမ်တော်မှ နေရာအနှံ့သို့ ပေးပို့လိုက်သောကြောင့် သိုင်းဒေသကြီးများ၏ အဆင့်မြင့်အကြီးအကဲများ အံ့သြသွားကြသည်။ ရန်ယွင်မြို့တော်က ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး၏ အာရုံစိုက်ရာဖြစ်လာခဲ့သည်။ ရီရန်က ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုညပိုင်ရှင် ယဲ့ချန်အကြောင်း သတင်းဖုံးထားသော်လည်း တစ်ယောက်စကား တစ်ယောက်နားဖြင့် ပျံနှံ့သွားခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးရှိ ကျင့်ကြံသူများအားလုံးတွင် မည်မျှပါရမီနိမ့်ကျပါစေ၊ ပေါင်းစပ်နှုန်းသုညပိုင်ရှင်ဟူ၍ ထွက်ပေါ်မလာခဲ့ဖူးပေ။ ပေါင်းစပ်နှုန်းတစ်ပင်မရှိသော အမှိုက်ကောင်က ရန်ယွင်မြို့၏ မကောင်းသတင်းဖြင့် ကျော်ကြားသူတစ်ယောက်ဖြစ်လာခဲ့ပြီး အခြားမြို့များပင် သိရှိနေခဲ့ကြသည်။
အချိန်တစ်ခုအကြာတွင် အခြားတိုက်ကြီးသုံးခုမှ ကျင့်ကြံသူများလည်း ကောင်းကင်မူလတိုက်သို့ ရောက်ရှိလာကြသည်။ အုပ်စုကိုယ်စီက ကွဲပြားသော နတ်တိုင်းပြည်များသို့ ဝင်ရောက်လာကြပြီး ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းစမ်းသပ်မှုတွင် အမြင့်ဆုံးက ၇၅ဖြစ်ကာ ၇၀အထက်ရှိသူနှစ်ယောက်၊ ၅၀အထက်ရှိသူ ခုနစ်ယောက်၊ ၂၀အထက်ရှိသူ ဆယ့်ငါးယောက်နှင့် ၅နှင့်၂၀ကြားရှိသူ ငါးယောက် ထွက်ပေါ်လာခဲ့သည်။ ပေါင်းစပ်နှုန်းခုနစ်ဆယ်အထက် ရှိသူနှစ်ယောက်က ထန်တိုက်လင်တို့သုံးယောက်ကဲ့သို့ ပါရမီရှင်များအဖြစ် သတ်မှတ်ခံလိုက်ရပြီး သိုင်းဒေသကြီးများ၏ အာရုံစိုက်ရာဖြစ်လာခဲ့သည်။ ကျန်ကျင့်ကြံသူများတွင်လည်း ပေါင်းစပ်နှုန်းမြင့်သူများက ကောင်းကင်မူလတိုက်ကြီးတွင် နေရာကောင်းကောင်းရရှိခဲ့သည်။
ယဲ့ချန်သည် စည်းမျဥ်းစာအုပ်ကို ဖတ်ရှုပြီးချိန်တွင် ကောင်းကင်မူလတိုက်ကြီးအကြောင်း ပို၍နားလည်လာခဲ့သည်။ ရွှမ်အဆင့်၊ တာအိုနတ်အဆင့်နှင့် စစ်ဧကရာဇ်အဆင့်ကျင့်ကြံသူများကို ပျိုးထောင်ရန် လိုအပ်သောအရင်းအမြစ်များက ကြောက်ခမန်းလိလိ များပြားသည်။ လူဦးရေလွန်ကဲစွာများပြားနေသော ဤတိုက်ကြီးတွင် အရင်းအမြစ်များကို ကန့်သတ်ထားခြင်းသာမရှိလျှင် ကျင့်ကြံသူများ ထပ်မံထွက်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။ နှစ်စဥ်နှစ်တိုင်း ကျင့်ကြံသူများမွေးဖွားလာသကဲ့သို့ ထျန်းယွမ်မြို့တော်အတွင်း ဝင်ရောက်သွားသူများလည်း ရှိသည်။ ထိုမြို့သည် မျိုးခြားများနှင့်စစ်ပွဲတွင် ရှေ့တန်းဖြစ်သောကြောင့် ကျင့်ကြံသူများစွာ သေဆုံးသွားလေ့ရှိသည်။ ကြယ်သခင်ရှင်း ကွယ်လွန်သွားပြီးနောက် ဤနှစ်များအတွင်း တိုက်ပွဲကျသွားသော ကျင့်ကြံသူအရေအတွက်က လေးငါးဆမြင့်တက်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်သည် ထျန်းယွမ်မြို့တော်ကို ထိန်းသိမ်းထားရန် ကြယ်သခင်အသစ်တစ်ယောက်နှင့် အစွမ်းထက်ကျင့်ကြံသူများကို အရေးတကြီးလိုအပ်နေသည်။
ထျန်းယွမ်မြို့တော်နှင့် ကြယ်မြို့ကိုးမြို့သည် ကောင်းကင်တွင်တည်ရှိပြီး နတ်အစေခံဆယ်ယောက်နှင့် အခြားကျင့်ကြံသူများက အုပ်ချုပ်သည်။ ဤမြို့များကျဆုံးသွားလျှင် အပြင်ပိုင်းတိုက်ကြီးလေးခုက ချက်ချင်းကျူးကျော် ဖျက်ဆီးခံရမည်ဖြစ်ကာ ကောင်းကင်မူလတိုက်၏အစီအရင်တစ်ခု အသက်ဝင်လာမည်ဖြစ်သည်။ ၎င်းကို ကြယ်သခင်ထျန်းယွမ်နှင့် ကြယ်သခင်ရှင်းရွှမ်တို့က နှစ်ပေါင်းများစွာအချိန်ယူ၍ ခင်းကျင်းထားခြင်းဖြစ်သောကြောင့် အလွန်အစွမ်းထက်သည်။ ၎င်းက နောက်ဆုံးခံစစ်ဖြစ်ပြီး ထိုးဖောက်ခံလိုက်ရလျှင် ကောင်းကင်မူလကြယ်ကြီးတစ်ခုလုံး ဖျက်ဆီးခံရပေလိမ့်မည်။
ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံများက ဝိညာဥ်သားရဲများစွာကို မွေးမြူထားပြီး ကြယ်သခင်များ၏ ဖန်တီးမှုဖြစ်သည်။ ဝိညာဥ်သားရဲများက အလွန်အရေးပါသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ကာ ကြယ်သခင်ရှင်း၏အဆင့်မြှင့်ပေးမှုဖြင့် ကြီးထွားနှုန်းနှင့် မျိုးပွားနှုန်းက ပို၍မြန်ဆန်လာခဲ့သည်။ ၎င်းတို့က ကောင်းကင်ချီများနှင့် သတ္တုများကို ဝါးမျိုစားသောက်၍ ဦးခေါင်းအထဲတွင် ရတနာများ ဖြစ်ပေါ်လာနိုင်စွမ်းရှိသည်။ ဝိညာဥ်သားရဲများ၏ အစိတ်အပိုင်းတိုင်းက ရတနာများဖြစ်ကာ ကျင့်ကြံသူတစ်ယောက်က ၎င်းကိုသတ်ဖြတ်ရာမှ ရရှိလာသော သတ္တုများကို ပန်းပဲဆရာများထံ ရောင်းချနိုင်သည်။ ပန်းပဲဆရာများက ၎င်းသတ္တုများဖြင့် အစွမ်းထက်လက်နက်များနှင့် ရတနာများကို ပြန်လည်ပြုလုပ်ပေးကြသည်။ ဝိညာဥ်သားရဲများ၏အသွေးအသားကိုမူ ဆေးဆရာများက အသုံးချ၍ နတ်မူလဆေးလုံးများ ဖော်စပ်ကြသည်။ ၎င်းတို့ဖြင့်ဖော်စပ်သော ဆေးများက သာမန်ဆေးပင်များနှင့်ဖော်စပ်သည့် ဆေးများထက် အာနိသင်ပိုမိုကောင်းမွန်ကာ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ဝိညာဥ်သားရဲများထံမှရရှိသော ဆည်းဆာရွှေပြား၊ ထျန်းယွမ်ငွေပြားစသည်တို့ကလည်း ကောင်းကင်မူလတိုက်ကြီး၏ ငွေကြေးစနစ် ဖြစ်လာခဲ့သည်။
နတ်မူလဆေးများဖော်စပ်ရာတွင် ဝိညာဥ်သားရဲများ၏ အသားနှင့် အရိုးများသာမက အဖိုးတန်ဆေးပင်များလည်း လိုအပ်သည်။ ဆေးလုံးတစ်လုံးချင်းစီက အလွန်စျေးကြီးပြီး အဆင့်အနိမ့်ဆုံး နတ်မူလဆေး၏စျေးနှုန်းက ဆည်းဆာရွှေသန်းချီဖြစ်သည်။ ထို့အပြင် ဝိညာဥ်သားရဲများကိုတိုက်ခိုက်ရာတွင် အသုံးပြုရန် လူသားများနှင့် သားရဲများက လက်အောက်ခံအဖြစ် ယဥ်ပါးစေနိုင်သည်။ နတ်မူလဆေးလုံးများအပြင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးနိုင်သော ဆေးများရှိသော်လည်း အလွန်တရာစျေးကြီးပေသည်။ အရင်းအမြစ်တိုင်းက ကောင်းကင်မူလတိုက်ကြီးအတွက် အလွန်အရေးကြီးသည့်အပြင် မြို့တော်တစ်ခုတွင် အခြေချနေထိုင်ရန်လည်း ခက်ခဲလှသည်။
ယဲ့ချန်သည် ရီရန်၏မျက်နှာသာပေးမှုဖြင့် ရန်ယွင်မြို့တော်တွင် ယာယီအနေဖြင့် တစ်နှစ်နေထိုင်ခွင့်ရရှိထားသည်။ ဤအချိန်အတွင်း သူက အလုပ်တစ်ခုရှာဖွေလုပ်ကိုင်၍ မြို့တော်အပေါ် ပြန်လည်အကျိုးပြုရမည်ဖြစ်သည်။ ထို့အပြင် နေထိုင်ခွင့်ကို ထာဝရပိုင်ဆိုင်လိုပါက မိစ္ဆာရွှေငါးရာ သို့မဟုတ် ဆည်းဆာရွှေငါးသန်း ပေးချေရမည်ဖြစ်သည်။ အချိန်ပြည့်သွားလျှင် မြို့တော်ဝန်ရီရန်ကိုယ်တိုင်ပင် ယဲ့ချန်အပေါ် မျက်နှာသာပေးနိုင်တော့မည်မဟုတ်ပေ။ စည်းမျဥ်းစည်းကမ်းတင်းကြပ်သော တာအိုအိမ်တော်မှ သူ့ကို အလုပ်ဖြုတ်ပစ်နိုင်စွမ်းရှိသည်။ မြို့တော်အတွင်းနေထိုင်ရန် ဆည်းဆာရွှေထောင်ချီလိုအပ်ပြီး မြို့အစွန်အဖျား၌နေထိုင်ရန် ထျန်းယွမ်ငွေပြားရာချီ လိုအပ်သည်။ ထို့အပြင် ချီပင်လယ်အဆင့်အထက်ကျင့်ကြံသူများသာ ရန်ယွင်မြို့တော်အတွင်း နေထိုင်ခွင့်ရှိသည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က ငွေကြေးလုံလောက်စွာရှိလျှင် ကိုယ်ပိုင်နယ်မြေငယ်တစ်ခုကို ဝယ်ယူနိုင်သော်လည်း နှစ်စဥ်နှစ်တိုင်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။
အလုပ်အကိုင်အနေဖြင့် ချီပင်လယ်အဆင့်နှင့်အထက် ကျင့်ကြံသူများသည် ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်၍ ဝိညာဥ်သားရဲများကို အမဲလိုက်နိုင်သည်။ ဤကား ပိုက်ဆံရှာရာတွင် အလွန်လျင်မြန်သော နည်းလမ်းဖြစ်သည်။ ရန်ယွင်မြို့တော်သည် နှစ်စဥ်နှစ်တိုင်း ဆည်းဆာရွှေများ၊ မိစ္ဆာရွှေများနှင့် ခရမ်းရောင်ရွှေများကို နတ်တိုင်းပြည်ထံဆက်သရပြီး နတ်တိုင်းပြည်များကလည်း ၎င်းတို့ကို သိုင်းဒေသကြီးများထံ ပဏ္ဏာဆက်သရသည်။ ထိုသတ္တုများကို ဒေသကြီးများရှိ ပန်းပဲဆရာများက လက်နက်များနှင့် ရတနာများဖန်တီးပြီး စစ်မြေပြင်သို့ ပို့ဆောင်ပေးပေလိမ့်မည်။ လူတိုင်း အလုပ်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ဤအုပ်ချုပ်မှုစနစ်က အကျိုးသက်ရောက်မှု အလွန်ကောင်းမွန်သည်။
ကောင်းကင်မူလတိုက်ကြီး၏ အုပ်ချုပ်ရေးစနစ်ကို ကြယ်သခင်နှစ်ယောက် ရေးဆွဲခဲ့ခြင်းဖြစ်ကာ ဧရာမစစ်တပ်ကြီးတစ်ခု၏ ဖွဲ့စည်းပုံမျိုးဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံဆင့်မြင့်လေလေ၊ ကျင့်ကြံသူအဖွဲ့အစည်းအပေါ် ပို၍အကျိုးပြုနိုင်လေလေဖြစ်ကာ အဆင့်အတန်း ပို၍မြင့်မားလာပေလိမ့်မည်။
ယဲ့ချန်၏ပန်းတိုင်သည် ရန်ယွင်မြို့အတွင်း နေထိုင်ခွင့်ရရုံသာမဟုတ်ဘဲ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမအဖွဲ့ဝင်များကို ကယ်တင်ရန်အတွက် ငွေကြေးများစွာရှာဖွေရန် ဖြစ်သည်။ အမွေးပွလေးနှင့် ထန်တိုက်လင်သည် စစ်ဧကရာဇ်တစ်ယောက်ကို အကူအညီတောင်းခံရန် မျှော်လင့်ချက်ရှိသော်လည်း သူက တာဝန်အားလုံးကို သူတို့ထံ ပုံအပ်မထားလိုပေ။
သို့သော် ရန်ယွင်မြို့တော်တွင် ငွေရှာရခြင်းက အလွန်ခက်ခဲပြီး နေထိုင်စရိတ် အလွန်ကြီးမြင့်သည့်အပြင် များစွာသောအလုပ်များက ဝင်ငွေအနည်းငယ်သာ ရရှိသည်။ ဆေးစိုက်ခင်းများတွင် လုပ်သားအဖြစ် လုပ်ကိုင်ခြင်း၊ ဝိညာဥ်သားရဲထိန်းကျောင်းခြင်း၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များတွင် လုပ်ကိုင်ခြင်း စသည်တို့ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က ဤအလုပ်များကိုမလုပ်ချင်လျှင် ကောင်းကင်ဘုံများအတွင်းဝင်ရောက်၍ ဝိညာဥ်သားရဲများကို အမဲလိုက်ရပေလိမ့်မည်။ အမဲလိုက်ခြင်းက ငွေကြေးများစွာ ရရှိနိုင်သော်လည်း အလွန်အန္တရာယ်များလေသည်။