နန်းကုန်းဇီနှင့် ပြန်လည်တွေ့ဆုံခြင်း
Vol. 38 Ch. 523
နောက်ထပ်ရွေးချယ်နိုင်သော အလုပ်မှာ ပန်းပဲဆရာများနှင့် ဆေးဆရာများ၏ အလုပ်သင်အဖြစ် ကူညီပေးခြင်းဖြစ်သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က ဆေးဆရာနှင့် ပန်းပဲဆရာဖြစ်လာရန် ပါရမီရှိလျှင် ငွေကို လျင်မြန်စွာရှာဖွေနိုင်သည်။ သို့သော်လည်း ကောင်းကင်မူလတိုက်ကြီးတွင် ဤပညာရပ်များက အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သောကြောင့် အရှေ့ပိုင်းတိုက်ကြီးတွင် ဆေးဆရာဖြစ်ခဲ့သော ယဲ့ချန်၏အရည်အချင်းက အဆင့်ပြည့်မီရန် မလွယ်ချေ။ ဆေးဆရာနှင့် ပန်းပဲဆရာများတွင် အဆင့်အတန်းကို ကြယ်အရေအတွက်ဖြင့်ခွဲခြားပြီး ကြယ်အဆင့်တစ်ခုစီက အရည်အချင်းနှင့် အဆင့်အတန်းကို ကိုယ်စားပြုပြီး မြင့်မြတ်သော အလုပ်အကိုင်များဖြစ်သည်။
ဆေးပညာရပ်တွင် အခြေခံရှိသောကြောင့် ယဲ့ချန်သည် ဆေးဆရာအဖြစ် အလုပ်ရှာဖွေရန် စဥ်းစားနေခဲ့သည်။ အကယ်၍ ဆေးဆရာတစ်ယောက်ဖြစ်မလာခဲ့လျှင် သူက ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်ပြီး မုဆိုးအဖြစ် လုပ်ကိုင်ရပေလိမ့်မည်။ ကောင်းကင်ဘုံငယ်များကပင် အလွန်အန္တရာယ်များသောကြောင့် ကျင့်ကြံသူများက အုပ်စုများဖွဲ့စည်း၍ ဝင်ရောက်ရပြီး တစ်ကိုယ်တော်ဝင်ခြင်းက ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် မခြားပေ။ အခြားရွေးချယ်စရာရှိလျှင် သူ့ထံတွင် ဂရုစိုက်ရမည့် ရင်သွေးလေးရှိသောကြောင့် မုဆိုးအလုပ်ကို ရွေးချယ်မည်မဟုတ်ပေ။
ယဲ့ချန်၊ အမွေးပွလေးနှင့် ထန်တိုက်လင်သည် ရန်ယွင်မြို့တော်အတွင်း လှည့်ပတ်ကြည့်ရှုပြီးနောက် မြို့အကြောင်း ပို၍နားလည်လာခဲ့သည်။
"ယဲ့ချန် နင် ဘယ်လိုစီစဥ်ထားလဲ"
ရန်ယွင်မြို့အကြောင်း ပိုမိုသိရှိလာသောအခါ ထန်တိုက်လင်၏မျက်နှာက စိုးရိမ်စိတ်ကြောင့် အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။
"ငါ ဆေးဆရာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားမယ်။ ငါ ဆေးပညာကိုလေ့လာပြီးရင် နတ်မူလဆေးလုံးတွေ ဖော်စပ်နိုင်မှာပါ။ငါ့ မျိုးနွယ်ဝင်တွေကို ကယ်ဖို့အတွက် ငွေလိုတယ်လေ"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။ သူက ကောင်းကင်ဘုံငယ်များအတွင်း ဝင်ရောက်မည့်အကြောင်းကို ချစ်သူနှစ်ယောက်အား မပြောပြရဲပေ။
"ဆေးဆရာတစ်ယောက်ဖြစ်လာရင်တော့ မဆိုးပါဘူး။ ဒါပေမယ့်"
ထန်တိုက်လင်က ဆက်ပြောရန် တုံ့ဆိုင်းနေခဲ့သည်။
"ဆေးပညာက ငါ့အတွက် မခက်ခဲပါဘူး။ အတိတ်မှာတုန်းက နှစ်လအတွင်းမှာ ငါက ဆရာသခင်အဆင့်ကို ရောက်ရှိခဲ့တယ်။ ငါ့အတွက် ဆေးပညာသင်ယူရတာ လွယ်ပါတယ်"
ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြောလိုက်သော်လည်း အမှန်တကယ်၌ စိတ်ထဲတွင် ယုံကြည်မှုများစွာမရှိချေ။ ကောင်းကင်မူလတိုက်ကြီး၏ ဆေးပညာက အရှေ့ပိုင်းတိုက်ကြီး၏ဆေးပညာထက် များစွာတိုးတက်နေပြီး မတူညီသောကြောင့်ဖြစ်သည်။
"နင့်ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်နေတယ်။ ငါကြားရသလောက်ဆိုရင် ဆေးဆရာတစ်ယောက်ဖြစ်လာဖို့ ပေါင်းစပ်နှုန်းက အနည်းဆုံး နှစ်ဆယ်ရှိရမယ်တဲ့။ မဟုတ်ရင် နတ်မူလဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး"
ထန်တိုက်လင်က စိုးရိမ်စွာပြောလိုက်ပြီး ယဲ့ချန်၏နေရာမှဝင်ရောက်၍ ဤပြဿနာကိုဖြေရှင်းရန် ကူညီစဥ်းစားပေးနေခဲ့သည်။ သူမက အလွန်အမင်းအေးစက်သူဖြစ်သော်လည်း လင်ယောကျ်ားအပေါ် အလုံးစုံပုံအပ်၍ ချစ်တတ်သော မိန်းမတစ်ယောက်သာဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် အရာရာက အရှေ့ပိုင်းတိုက်ကြီးနှင့် ကွာခြားသောကြောင့် အမွေးပွလေးသည်လည်း ယဲ့ချန်အတွက် စိုးရိမ်နေခဲ့သည်။ ယဲ့ချန်၏ပေါင်းစပ်နှုန်းက သုညဖြစ်နေသော်လည်း အမှန်တကယ်သာဆိုလျှင် ဤပေါင်းစပ်နှုန်းဖြင့် ချီပင်လယ်အဆင့်သို့ ရောက်လာရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ကောင်းကင်မူလတိုက်ကြီးတွင် အဆင့်အတန်းကို ထိုပေါင်းစပ်နှုန်းဖြင့် ခွဲခြားဆက်ဆံကြသောကြောင့် သူတို့က ယဲ့ချန်အတွက် ပူပန်နေခဲ့ကြသည်။
"ဒီနှစ်ပေါင်းများစွာမှာ ပေါင်းစပ်နှုန်းသုညရှိတာ ငါတစ်ယောက်တည်းမလား။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမပြောနိုင်ပါဘူး။ ဆေးဖော်စပ်တာလောက်တော့ ငါ ယုံကြည်မှုရှိပါတယ်။ တကယ်လို့ ငါက ဆေးဆရာတစ်ယောက်ဖြစ်မလာဘူးဆိုရင်လည်း လက်မောင်းကာထဲက ပစ္စည်းတွေကိုရောင်းချပြီး တစ်နှစ်လောက် ငတ်မသေအောင် နေနိုင်ပါတယ်။ အချိန်ကျလာရင် နင်တို့နှစ်ယောက်ကို အားကိုးရမှာပဲ"
ယဲ့ချန်သည် စိုးရိမ်နေသော ချစ်သူများကြောင့် စိတ်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရကာ ဟန်လုပ်ပြုံးပြလိုက်သည်။ ယဲ့ချန်၏စကားကြောင့် မိန်းကလေးနှစ်ယောက်က ပြုံးလိုက်မိသော်လည်း သူက မိန်းမတစ်ယောက်အပေါ် အားကိုးမည့်လူစားမျိုးမဟုတ်ကြောင်း သေချာစွာ သိထားကြသည်။ အကယ်၍ ယဲ့ချန်သာ ဤလူစားမျိုးဆိုလျှင် သူတို့က ပို၍စိတ်အေးရပေလိမ့်မည်။
"ကောင်းကင်ဘုံတွေထဲကို မဝင်ရဘူး။ အုပ်စုလိုက်ဝင်သွားတဲ့ မုဆိုးတွေတောင် ကျင့်ကြံသူတွေကို သေချာရွေးချယ်ကြတယ်။ နင်က အလျင်စလိုလုပ်ရင် အန္တရာယ်ကြုံနိုင်တယ်"
ထန်တိုက်လင်က ယဲ့ချန်၏အတွေးကို ကြိုသိနေသည့်အလား တားမြစ်လိုက်သည်။
"ငါနားလည်ပါပြီ။ အသက်နဲ့ရင်းပြီး ဘာမှမစွန့်စားပါဘူး"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် လမ်း၏အဆုံးသို့ မျှော်ကြည့်လိုက်သည်။ ထိုနေရာရှိ အဆောက်အအုံတစ်ခုထဲတွင် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး စိတ်လက်ပေါ့ပါးဟန်ဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ မတ်တပ်ရပ်နေသော နန်းကုန်းဇီရှိနေခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးတွင် ချီစီးဆင်းမှုကို ဖိနှိပ်ထားသော်လည်း သူ၏ပတ်ဝန်းကျင်တွင် လောက၏ချီများက လည်ပတ်နေကြသည်။ မည်သည့်ကျင့်ကြံသူမဆို တစ်ချက်ကြည့်ရုံဖြင့် နန်းကုန်းဇီက ထူးခြားကြောင်း ပြောနိုင်သည်။ ဖြတ်သွားဖြတ်လာလူများစွာက နတ်အစေခံအလောင်းအလျာကို ငေးကြည့်သွားကြသည်။
လူတိုင်း၏ရင်ထဲတွင် နတ်အစေခံများက ထိပ်တန်းတည်ရှိမှုများဖြစ်ကာ သူတို့၏ကာကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် ထျန်းယွမ်ရှေးဟောင်းမြို့တော်ကို မျိုးခြားများက သိမ်းပိုက်၍ အားလုံးအသတ်ခံရပြီးဖြစ်သည်။ နှစ်ပေါင်းရာချီအတွင်း နတ်အစေခံတစ်ယောက်စ နှစ်ယောက်စက တိုက်ပွဲအတွင်း ကျဆုံးကုန်သောကြောင့် နတ်အစေခံအသစ်များ လိုအပ်လာသည်။ သို့သော် နှစ်ပေါင်းထောင်ချီအတွင်း ပေါင်းစပ်နှုန်း၇၅အထက်ကျော်သူ ပါရမီရှင်အရေအတွက်က အလွန်နည်းပါးနေသည်။ နန်းကုန်းဇီ၏ပေါင်းစပ်နှုန်းက ၈၂ဖြစ်သောကြောင့် အဖိုးတန်ဆေးဝါးများမှီဝဲလိုက်လျှင် ၈၅အထက်မြင့်တက်သွားကာ ကြယ်သခင်ရာထူးအတွက် ယှဥ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။ ဤရက်များအတွင်း သူက ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး အာရုံစိုက်ခံရသော ပါရမီရှင်ဖြစ်လာသော်လည်း မောက်မာမှုလုံးဝမရှိပေ။ သူက တည်ငြိမ်စွာဖြင့် အချိန်ကို အကောင်းဆုံးအသုံးချ၍ ကျင့်ကြံရေးကို အာရုံစိုက်ထားသောကြောင့် သူ၏တည်ကြည်သော စိတ်ဓာတ်အပေါ် လူတိုင်းက လေးစားနေကြသည်။ လမ်းပေါ်မှကျင့်ကြံသူများက ရိုသေသမှုဖြင့် နန်းကုန်းဇီနှင့်အဝေးမှ လျှောက်လှမ်းသွားကြသည်။ သူတို့က လေးစားမှုကြောင့် အနီးသို့ချဥ်းကပ်ပြီး စကားပြောရန် မဝံ့မရဲဖြစ်နေကြသည်။ အများစုက ရန်ယွင်မြို့တော်၏ အဆင့်မြင့်ကျင့်ကြံသူများဖြစ်သော်လည်း ကျစ်ဟွာနတ်တိုင်းပြည်နှင့် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးတွင် သာမညောင်ညကျင့်ကြံသူများသာ ဖြစ်သည်။
"ကျုပ် မင်းကို နောက်တစ်ကြိမ်ပြန်ဆုံရမယ် မထင်ထားဘူး"
ယဲ့ချန်သည် အမွေးပွလေးနှင့် ထန်တိုက်လင်ကို ဦးဆောင်၍ နန်းကုန်းဇီရှိနေသော အဆောက်အအုံထံ လျှောက်လှမ်းသွားခဲ့သည်။
"ငါ မင်းကိုပြန်တွေ့ဖို့ စောင့်ဆိုင်းနေတာ အတော်ကြာပြီ"
နန်းကုန်းဇီက တည်ငြိမ်စွာပြန်ပြော၍ ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချန်၏အသွင်အပြင်က ပေါင်းစပ်နှုန်းသုညကို လုံးဝဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးရှိနေခဲ့သည်။ သူ့အပေါ်တွင် အလွန်ရိုသေလေးစားနေသော ရန်ယွင်မြို့ခံများနှင့် ယဲ့ချန်က မတူကွဲပြားနေသည်။
"ကျုပ်ကိုစောင့်နေတယ် ဟုတ်လား။ ဘာကိစ္စများလဲ"
"မင်းရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညအပေါ် ဘယ်လိုသဘောရလဲ"
နန်းကုန်းဇီသည် ယဲ့ချန်၏ဘယ်လက်မောင်းထံမှ ကောင်းကင်မီးလက်မောင်းကာ၏အရှိန်အဝါကို အာရုံခံမိခဲ့သည်။ သူက ယဲ့ချန်ထံမှ ၎င်းကိုပြန်လည်တောင်းယူရန် စောင့်ဆိုင်းနေခြင်းဖြစ်သော်လည်း ထန်တိုက်လင်နှင့် အမွေးပွလေးရှိနေသောကြောင့် လက်ရှိတွင်မပြောရန် ဆုံးဖြတ်လိုက်သည်။ ထန်တိုက်လင်သည် ယဲ့ချန်အနောက်တွင် မတ်တပ်ရပ်နေခဲ့သည်။ ရန်ယွင်မြို့ခံများသာ စစ်ဧကရာဇ်အလောင်းအလျာတစ်ယောက်၏ နှလုံးသားကို သူတို့အထင်သေးနေသော အမှိုက်ကောင်က ပိုင်ဆိုင်ထားကြောင်းသိလျှင် သွေးပွက်ပွက်အန်သွားနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပေါ်ပေါက်လာဖူးသော ပေါင်းစပ်နှုန်းသုညပိုင်ရှင်နှင့် စစ်ဧကရာဇ်အလောင်းအလျာနှစ်ယောက်၏ ဆက်ဆံရေးသာ သတင်းပြန့်သွားလျှင် လူတိုင်း အံ့သြလွန်းသဖြင့် မေးရိုးများ ပြုတ်ကျသွားနိုင်သည်။ နန်းကုန်းဇီကိုယ်တိုင်လည်း ဤပါရမီရှင်အချောအလှနှစ်ယောက်က ယဲ့ချန်ကို အဘယ်ကြောင့် ရွေးချယ်ထားကြောင်း သိလိုစိတ်များ ဖြစ်ပေါ်နေသည်။
"ပေါင်းစပ်နှုန်းသုညဖြစ်တာလည်း မဆိုးပါဘူး။ ဒီနှစ်တွေမှာ ကျုပ်လိုလူမျိုးတစ်ယောက်မှ မပေါ်လာဖူးတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ အနည်းဆုံး ကျုပ်က ဒီအတွေ့အကြုံကို ပထမဆုံးရဖူးတဲ့ ကျင့်ကြံသူဖြစ်သွားတာပေါ့"
ယဲ့ချန်သည် နန်းကုန်းဇီက ဤသို့မေးလာမည်ဟု မျှော်လင့်မထားသော်လည်း တစ်ချက်ပြုံး၍ တည်ငြိမ်စွာဖြေလိုက်သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုညက အလွန်ထူးဆန်းသော ကိစ္စဖြစ်ကာ အခြားသူများက အထင်သေးနေကြသော်လည်း ယဲ့ချန်က ဂရုမစိုက်ပေ။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် ဤပြဿနာထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။ သူ၏အပြုံးတွင် ယုံကြည်မှုများပြည့်နှက်နေပြီး ပေါင်းစပ်နှုန်းသုညဖြင့် ချီပင်လယ်အဆင့်သို့ ရောက်ရှိလာသူတစ်ယောက်ကို ရွှမ်အဆင့်သို့မတက်နိုင်ဟု ကံသေကံမပြောနိုင်ခြင်း မရှိပေ။ နန်းကုန်းဇီသည် ယဲ့ချန်က အခြားလူများနှင့်ကွာခြားကြောင်း ခံစားနေရပြီး မူလတွင် ပေါင်းစပ်နှုန်းသုညကြောင့် အံသြခဲ့ရသည်။ သို့သော် ယဲ့ချန်၏သဘောထားကို ကြားသိလိုက်ရသောအခါ သူ၏တည်ကြည်သော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကျုပ်ရဲ့ခံစားချက်ကို မေးရုံသက်သက်နဲ့တော့ မင်းစောင့်နေတာ မဟုတ်ဘူးမလား"
ယဲ့ချန်သည် နန်းကုန်းဇီက ဤကိစ္စကြောင့် အချိန်ကုန်ခံမည့် လူစားမျိုးမဟုတ်ကြောင်း သိထားသည်။ သူက ကျင့်ကြံခြင်းအပေါ် အလွန်အလေးထားသော တစ်ဖက်လူ၏စိတ်ထားကို သိထားသဖြင့် နောက်ခံမသိရသော နန်းကုန်းဇီအပေါ် အမြင်ကောင်းရှိပေသည်။
"အစက ငါ့ပစ္စည်းတစ်ခုကို မင်းဆီက ပြန်တောင်းမလို့ပါပဲ။ သေချာစဥ်းစားကြည့်လိုက်တော့ မင်းကို လက်ဆောင်ပေးလိုက်ပါတော့မယ်လေ"
နန်းကုန်းဇီက ခေါင်းညိတ်၍ ပေါ့ပေါ့ပါးပါးဖြေကာ အဝေးသို့ ငေးကြည့်နေခဲ့သည်။ ဤလောကကြီးပေါ်တွင် သူနှင့်စကားပြောရာတွင် သူ့ကို စိတ်ပျက်အောင်မလုပ်သူ အနည်းငယ်ထဲ၌ ယဲ့ချန် ပါဝင်နေသည်။
"ကျုပ်မှာ မင်းရဲ့ပစ္စည်း ရှိနေတာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ဤကား နန်းကုန်းဇီ ထိုအကြောင်းကိုပြောသော ဒုတိယအကြိမ်ဖြစ်သည်။ သူက ခေါင်းကို အလုပ်ပေးလိုက်ပြီးနောက် နန်းကုန်းဇီကို ပထမဆုံးတွေ့ဖူးသည်မှာ ကျောက်စိမ်းနန်းတော်အတွင်းဖြစ်ကြောင်း သတိရလိုက်ရသည်။ သူက ကျောက်စိမ်းနန်းတော်အတွင်းမှ ကောင်းကင်မီးလက်မောင်းကာတစ်ခုတည်းကိုသာ ရယူခဲ့သောကြောင့် နန်းကုန်းဇီ၏ပစ္စည်း ဖြစ်နေနိုင်သည်။ ထို့ကြောင့် ချော်ရည်များအတွင်း မျောပါနေသော အလောင်းကြီးနှင့် နန်းကုန်းဇီကို ဆက်စပ်တွေးကြည့်လိုက်သောအခါ မယုံနိုင်ဟန်များ မျက်နှာထက်၌ အထင်းသားထွက်ပေါ်လာ၏။
"ထားလိုက်ပါတော့။ အနာဂတ်မှာ ပြန်တွေ့ကြရင် မင်းဘယ်လောက်တိုးတက်လာမလဲဆိုတာ ငါ သိချင်တယ်။ အခွင့်အရေးသာရရင် ပေါင်းစပ်နှုန်းသုညနဲ့ မင်း ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်ချင်မိတယ်"
နန်းကုန်းဇီက စကားအဆုံးတွင် အဆောက်အအုံအပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။
"မင်းပစ္စည်းကို လိုအပ်တယ်ဆိုရင် အချိန်မရွေး လာပြန်ယူလို့ရတယ်နော်။ ကျုပ်က ချက်ချင်းပြန်ပေးမှာပါ"
ယဲ့ချန်က နန်းကုန်းဇီ၏နောက်ကျောကို စိုက်ကြည့်၍ ကတိပေးလိုက်သည်။ ကောင်းကင်မီးလက်မောင်းကာအတွင်း သူ၏ရတနာများစွာကို သိမ်းဆည်းထားသော်လည်း နန်းကုန်းဇီ၏ပိုင်ဆိုင်မှု ဖြစ်နေသောကြောင့် ပြန်ပေးရန် တုံ့ဆိုင်းမနေခဲ့ပေ။ နန်းကုန်းဇီက တစ်ချက်ပြန်လှည့်ကြည့်လိုက်သောအခါ ယဲ့ချန်သည် လိမ်ပြောနေခြင်းမဟုတ်ကြောင်း သေချာသွားသဖြင့် တစ်ချက်ပြုံးကာ အဝေးသို့ပျံသန်း ထွက်ခွာသွားလေသည်။