ယိရန်ကို ပညာပေးခြင်း
Vol. 38 Ch. 524
ယဲ့ချန်သည် နန်းကုန်းဇီ၏ အပြုံးနောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ကျင့်ကြံသူများ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပေးနိုင်သော လျှို့ဝှက်ကျင့်စဥ်များ ရှိသောကြောင့် တစ်ဖက်လူသည် ချော်ရည်များအတွင်းမှ အလောင်းကြီးဖြစ်နေနိုင်သည်။ သူကိုယ်တိုင်ပင် နေရောင်အောက်မှသူခိုးကျင့်စဥ်ကို ပိုင်ဆိုင်ထားသောကြောင့် နန်းကုန်းဇီသည်လည်း အဆိုပါကျင့်စဥ်မျိုး ပိုင်ဆိုင်ထားနိုင်သည်။
"သူ့နောက်ခံကို သိရလား"
ထန်တိုက်လင်သည် ထွက်ခွာသွားသော နန်းကုန်းဇီကို တစ်ချက်ကြည့်၍ ယဲ့ချန်အနားကပ်ကာ တီးတိုးမေးလိုက်သည်။
"ငါလည်း မသေချာဘူး။ သူ့ကို ရန်သွားမစတာ ကောင်းလိမ့်မယ်"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပြန်လည်ဆက်သွယ်၍ အဖြေပေးလိုက်သည်။ နန်းကုန်းဇီ၏ နောက်ခံနှင့်ခွန်အားက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပြီး လက်ရှိတွင် သူ့ကို ရန်သူလား ၊မိတ်ဆွေလား မခွဲခြားနိုင်ပေ။ ထန်တိုက်လင်နှင့် အမွေးပွလေးသည် ယဲ့ချန်ကို ရန်ယွင်မြို့တော်နှင့် ပို၍ရင်းနှီးလာစေရန် မြို့တော်တစ်ခွင် လိုက်လံပြသပေးနေခဲ့သည်။ ယဲ့ချန်သည် သူ၏ချစ်သူများနှင့် ငြိမ်းချမ်းစွာနေရသည့် အချိန်မျိုး ရှားပါးသောကြောင့် လက်ရှိအချိန်ကို တန်ဖိုးထားပြီး ပြဿနာများအကြောင်းကို ခေါင်းထဲမှ ထုတ်ထားခဲ့သည်။ သူတို့က နတ်သလင်းကျောက်များဖြင့် ဆောက်လုပ်ထားသော အဆင့်အတန်းမြင့် စားသောက်ဆိုင်တစ်ခုအတွင်း ဝင်ရောက်လိုက်ကြသည်။ စားသောက်ဆိုင်အတွင်း စည်ကားနေပြီး ဧည့်သည်များမှာ ရန်ယွင်မြို့၏အထက်တန်းစားများဖြစ်ကာ အစေခံများအားလုံးက လှပသော မိန်းကလေးများဖြစ်ကြသည်။ သူတို့က ထောင့်တစ်နေရာတွင် ထိုင်ချလိုက်ပြီး အစားအသောက်များမှာယူရန် ကြံစည်လိုက်သည်။
အစားအသောက်အားလုံးကို အဖိုးတန်ကုန်ကြမ်းများနှင့် ချက်ပြုတ်ထားပြီး အရှေ့ပိုင်းတိုက်ကြီးတွင် အဖိုးမဖြတ်တိုင်သော ခရမ်းရွှေရောင်နတ်ငါးပင် ဤနေရာ၌ သာမန်အရာဝတ္ထုမျိုး ဖြစ်နေခဲ့သည်။ ဤစားသောက်ဆိုင်တွင် ကောင်းစွာချက်ပြုတ်ထားသော ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့် ဝိညာဥ်သားရဲအသားများကို သုံးဆောင်နိုင်ရုံသာမက ရှားပါးအဖိုးတန်သော သစ်သီးများလည်း ရရှိနိုင်သည်။ သို့သော် စျေးနှုန်းက အလွန်ကြီးမြင့်ပြီး ဆည်းဆာရွှေသောင်းချီအထိ ကျသင့်နိုင်ကာ အသားစတစ်ခုတည်းကိုပင် ဆည်းဆာရွှေသိန်းချီအထိ ကုန်ကျသည်လည်း ရှိ၏။ အထက်တန်းစားကျင့်ကြံသူများအတွက် ဤအစားအသောက်များကိုစားရုံဖြင့် ကျင့်ကြံနိုင်သည်။ အစေခံများကမူ တစ်နေ့လုံး အလုပ်လုပ်လျှင်ပင် ဆည်းဆာရွှေတစ်ပြားနှစ်ပြားကိုသာ လုပ်အားခအဖြစ် ရရှိကြသည်။ သူတို့က ၎င်းတို့ကို ထျန်းယွမ်ငွေပြားနှင့်လဲလှယ်ကာ ရန်ယွင်မြို့၏အစွန်အဖျားတွင် အသက်ရှင်နေထိုင်ကြရလေသည်။
ယဲ့ချန်သည် ဆည်းဆာရွှေသိန်းချီရှိသော လက်မောင်းကာအတွင်း တစ်ချက်စစ်ဆေးလိုက်သည်။ သူက ဝိညာဥ်သားရဲများစွာကို သတ်ဖြတ်ပြီးနောက် ဤပမာဏကိုရရှိခဲ့ခြင်းမှာ ကံကောင်းသည်ဟု ထင်မြင်ခဲ့ဖူးသည်။ သို့သော် ကောင်းကင်မူလတိုက်ကြီးရှိ ဟင်းပွဲအချို့ကိုပင် ဝယ်ယူရ န်လုံလောက်ခြင်းမရှိကြောင်းကို အိပ်မက်ပင် မမက်ဖူးချေ။ ဤနေရာတွင် လက်ဖွာနိုင်သူများမှာ ပိုင်နက်ကိုယ်စီရှိသော အထက်တန်းစားများဖြစ်ပြီး သူတို့၏နှစ်စဥ်ဝင်ငွေက ဆည်းဆာရွှေသန်းဆယ်ချီ သို့ ရာချီရှိပေသည်။ ထန်တိုက်ရောက်ရှိလာမှုက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသော်လည်း မည်သူမှလာရောက် မချဥ်းကပ်ရဲပေ။ သူမ၏အလှအပနှင့် ပါရမီက ကျော်ကြားသကဲ့သို့ အေးစက်မှုအရာတွင်လည်း နာမည်ကြီးနေခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးတွင် ဥပဒေတင်းကြပ်သောကြောင့် မည်သူမှ တရားလက်လွတ် မပြုမူရဲချေ။
စားသောက်ဆိုင်အတွင်းရှိ စားပွဲတစ်ခုတွင် ကျင့်ကြံသူအနည်းငယ်နှင့် စကားစမြည်ပြောနေသော ယိရန် ရှိနေခဲ့သည်။ သူက ထန်တိုက်လင်ဝင်ရောက်လာသည်ကို မြင်သောအခါ မျက်လုံးများ တောက်ပလာသော်လည်း ယဲ့ချန်အတူလိုက်ပါလာသဖြင့် ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အမြင်တွင် ယဲ့ချန်က ထန်တိုက်လင်၏ဖိနပ်ကို ကိုင်ပေးရန်ပင် အဆင့်မမီချေ။ အကယ်၍ သူသာ ထန်တိုက်လင်နှင့် ယဲ့ချန်၏ လင်မယားဆက်ဆံရေးအကြောင်းသိလျှင် ဒေါသထွက်လွန်းသဖြင့် သွေးအန်လာနိုင်သည်။ သူက ခဏတာတုံ့ဆိုင်းပြီးနောက် ထန်တိုက်လင်ထံ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။
"မိန်းကလေးထန်တိုက်လင်ကို ဒီနေရာမှာတွေ့ရမယ်လို့ မထင်ထားဘူး။ ငါ ကံကောင်းသွားပြီ ထင်တယ်။ ဒီစားသောက်ဆိုင်ကို ငါဖွင့်ထားတာဖြစ်လို့ ကြိုက်သလောက် မှာယူစားသောက်ပါ။ ငါဒကာခံမှာမလို့ အားမနာပါနဲ့"
ယိရန်က တစ်ချက်ပြုံး၍ လောကွတ်ချော်လိုက်ခြင်းဖြစ်သည်။ သူ၏အသံက အလွန်ယဥ်ကျေးသော်လည်း ထန်တိုက်လင်ကမူ အနည်းငယ်ခေါင်းညိတ်ပြ၍ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
"အားနာလိုက်တာဗျာ။ ငါက မိန်းကလေးထန်တိုက်လင်ကိုပဲ အာရုံစိုက်မိလို့ မိတ်ဆွေယဲ့ကို သတိမထားမိဘူး။ ခင်ဗျားလည်း စိတ်ကြိုက်သုံးဆောင်ပါ။ အားနာစရာမလိုပါဘူး"
သူက ယဲ့ချန်ကို ယခုမှသတိထားမိဟန်ဖြင့် စတုဒိသာကျွေးသယောင် ပြောလိုက်ပြန်သည်။
"ဒါဆိုရင် ငါတို့ အားနာမနေတော့ဘူး"
ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ ငြင်းဆန်ရန်ပြင်လိုက်စဥ် ယဲ့ချန်၏စကားသံ ထွက်ပေါ်လာခဲ့သည်။
"မိတ်ဆွေက တကယ့်ကိုဒဲ့တိုးဆန်ပြီး ပွင့်လင်းတာပဲ"
ယဲ့ချန်က ဤမျှအရှက်မဲ့နေမည်ဟု ထင်မထားသောကြောင့် ယိရန်က မျက်နှာပျက်သွားသော်လည်း ထန်တိုက်လင်ရှေ့တွင် စကားကို ပြန်လည်မရုတ်သိမ်းလိုသဖြင့် အပြုံးတုတစ်ခု ထုတ်ဖော်လိုက်ရသည်။
"မှန်တယ်။ ငါက အမြဲတမ်းပွင့်လင်းတယ်"
"မိန်းကလေးထန်တိုက်လင် ကျုပ်မှာ မိတ်ဆွေတွေရှိသေးလို့ ခွင့်ပြုပါဦး။ မင်းကိုအဖော်ပြုမပေးနိုင်တာ တောင်းပန်ပါတယ်။ အရသာရှိရှိ သုံးဆောင်ပါ"
သူက ယဲ့ချန်ကို လျစ်လျူရှုပြီး ထန်တိုက်လင်ကို နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ ထန်တိုက်လင်ကမူ ယိရန်ကို ဖုတ်လေသည့်ငါးပိမရှိဟန်ဖြင့် တစ်ချက်ပင်မကြည့်ခဲ့ပေ။ ယိရန်က ထန်တိုက်လင်အပေါ် မကောင်းသောအကြံများရှိနေသဖြင့် ယဲ့ချန်၏စိတ်ထဲတွင် ဒေါသထွက်စပြုလာသည်။ အမွေးပွလေးသည်လည်း မကျေနပ်ဟန်ဖြင့် လက်သည်းများထုတ်ဖော်၍ မာန်ဖီနေခဲ့သည်။ ယဲ့ချန်နှင့်ပတ်သက်လျှင် သူမနှင့်ထန်တိုက်လင်က ပြိုင်ဘက်များဖြစ်သော်လည်း အပြင်လူတစ်ယောက်က ထန်တိုက်လင်ကို လာရောက်ပတ်သက်လိုလျှင် သူမက ထန်တိုက်လင်ဘက်မှ ကူညီပေးမည်ဖြစ်သည်။ သူမ၏ချစ်စဖွယ်အမူအရာကြောင့် ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်ရ၏။
"ငါတို့ကိုဒကာခံချင်တဲ့ လူရှိနေမှတော့ အားနာမနေကြနဲ့"
ယဲ့ချန်က လက်တစ်ဖက်မြှောက်ပြ၍ အစေခံတစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ ရောက်ရှိလာသောအစေခံမလေးက နတ်ဘုရင်အဆင့် ကောင်းကင်သားရဲသမင်တစ်ကောင်ဖြစ်ပြီး လူအသွင်ပြောင်းထားသောအခါ ချစ်စဖွယ်ပေါင်းနေသည်။ သူမက လှပစွာပြုလုပ်ထားသော အစားအသောက်စာရင်းတစ်ခုကို သယ်ဆောင်၍ ရိုရိုသေသေရောက်ရှိလာခဲ့သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် နတ်ဘုရင်များက အစွမ်းထက်သည်ဟု ဆိုနိုင်သော်လည်း ကောင်းကင်မူလတိုက်ကြီးတွင် အရေးမပါချေ။ ဧည်သည့်တော်များက ခန္ဓာကိုယ်ကို တောင်းဆိုလာလျှင်ပင် သူမက ငြင်းဆန်ခွင့်မရှိပေ။
ယဲ့ချန်က အစားအသောက်များစွာ မှာကြားလိုက်ပြီး ရှားပါးအဖိုးတန်ကာ စျေးကြီးသည့် ဟင်းပွဲများချည်းဖြစ်နေသည်။
"ယဲ့ချန် ငါ့မှာ ဆည်းဆာရွှေပြား တစ်သိန်းနဲ့နှစ်သောင်းပဲ ရှိတယ်နော်"
ယဲ့ချန်မှာကြားထားသော အစားအသောက်များကြောင့် ထန်တိုက်လင်၏မျက်နှာက အနည်းငယ်တင်းမာလာသည်။ မြောက်ပင်လယ်ဘုရင်မသည် အစားအသောက်အတွက် မည်သည့်အခါကမှ ပူပန်စရာမလိုခဲ့သော်လည်း ကောင်းကင်မူလတိုက်ကြီး၏ ဟင်းပွဲများ စျေးနှုန်းကြောင့် အံ့သြနေရသည်။
"ဘာဖြစ်ဖြစ် ဟိုကောင်က သူဒကာခံမယ်လို့ ပြောသွားတယ်မလား။ မနက်ဖြန်ကျရင် နင်ထွက်သွားတော့မှာပဲကို ဘာတွေစိုးရိမ်နေတာလဲ။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲအသားကို နင် မစားဖူးဘူးမလား။ ဒါကိုစားပြီးရင် ချီပင်လယ်အဆင့်နှစ်ကိုတောင် ရောက်သွားနိုင်တယ်"
ယဲ့ချန်က တစ်ချက်ပြုံးပြ၍ ပြောလိုက်သည်။ ထန်တိုက်လင်၏ အမြဲတစေအေးစက်နေသော အမူအရာအစား အကျပ်ရိုက်နေသည့်အမူအရာလေးက ပို၍ချစ်စဖွယ်ကောင်းနေသည်။ ယိရန်က သူ၏မိန်းကလေးအပေါ် ကြံစည်နေသောအခါ ယဲ့ချန်သည် စျေးအကြီးဆုံးဟင်းပွဲများကို တရစပ်မှာကြားလိုက်လေသည်။ ဆည်းဆာရွှေသန်းချီတန်သော ဟင်းပွဲများကို မှာကြားနေသော ယဲ့ချန်ကြောင့် အစေခံမလေး၏မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူမက ယဲ့ချန်မှာကြားလိုက်သော စာရင်းကိုယူ၍ သတင်းပို့ရန် ထွက်ခွာသွားခဲ့သည်။ ထိုစာရင်းကိုမြင်သောအခါ ယိရန်မှာ သိသိသာသာ မျက်နှာပျက်သွားသော်လည်း ထန်တိုက်လင်ရှေ့တွင် အရှက်ကွဲမခံနိုင်သောကြောင့် အံကြိတ်နေရသည်။
အချိန်ခဏအကြာတွင် အရသာရှိသော အစားအသောက်များက စားပွဲပေါ်သို့ရောက်ရှိလာကာ ယဲ့ချန်က စတင်စားသောက်လိုက်သည်။ ထန်တိုက်လင်သည် သူမ၏ဘဝတွင် လူသားများကဲ့သို့ ပထမဆုံးအကြိမ် ဟန်ပန်နှင့်စားသောက်ဖူးခြင်းဖြစ်သောကြောင့် အစားကို အနည်းငယ်သာကိုက်လိုက်သဖြင့် အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အမွေးပွလေးကမူ စားပွဲပေါ်သို့ခုန်တက်၍ အဖိုးတန်သစ်သီးလေးများကို မြိန်ရေရှက်ရေ ကိုက်စားနေခဲ့သည်။
ဝိညာဥ်သားရဲအသားများကို စားသောက်ပြီးနောက် ယဲ့ချန်သည် ကိုယ်တွင်းရှိ ကောင်းကင်ချီများ လှိုင်းထလာသည်ကို ခံစားလိုက်ရသည်။ ချီပင်လယ်က အဆက်မပြတ်တုန်ခါလာပြီး ဘုန်းခနဲမြည်သံနှင့်အတူ အဆင့်တက်သွားခဲ့သည်။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲ၏အသားက အမှန်တကယ်အဖိုးတန်၍ အနည်းငယ်မျှစားလိုက်ရုံနှင့် ချီပင်လယ်အဆင့်နှစ်သို့ ချိုးဖျက်နိုင်ခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးတွင် ကျင့်ကြံဆင့်မြင့်တက်လိုလျှင် ပါရမီနှင့် အလုပ်ကြိုးစားရမည့်အပြင် အရင်းအမြစ်များ လိုအပ်ကြောင်း သူက နားလည်လာခဲ့သည်။ ကျင့်ကြံသူတစ်ယောက်က မရပ်မနားကျင့်ကြံလျှင်ပင် ချီပင်လယ်အဆင့်တစ်မှနှစ်သို့ ချိုးဖျက်နိုင်ရန် အနည်းဆုံး အချိန်တစ်လခန့် ယူရပေလိမ့်မည်။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲအသားအချို့ကမူ ချက်ချင်းအဆင့်တက်သွားစေနိုင်ခဲ့ပြီး ထန်တိုက်လင်နှင့် အမွေးပွလေးလည်း ကိုယ်စီအဆင့်တက်သွားကြသည်။ သူတို့က အချင်းချင်းကြည့်လိုက်ကြပြီး ဤအသားများကို အချိန်တိုင်း စားသောက်ရလျှင် ရွှမ်အဆင့်သို့တက်ရန် အလွန်လွယ်ကူနေမည်ဟု ခံစားလိုက်ရသည်။
သူက စျေးနှုန်းကို တစ်ချက်ကြည့်လိုက်သောအခါ ဆည်းဆာရွှေပြား ရှစ်သိန်းကိုးသောင်းကျသင့်ကြောင်း သိလိုက်ရသည်။ ယဲ့ချန်သည် လက်မောင်းကာအတွင်း၌ ဆည်းဆာရွှေသုံးသိန်းသာ ပိုင်ဆိုင်ထားသောကြောင့် ဤဟင်းတစ်ပွဲစာပင် မတတ်နိုင်လောက်အောင် ဆင်းရဲနေသည်။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲက အရှားပါးဆုံးနှင့် စျေးအကြီးဆုံးမဟုတ်ဘဲ နတ်မူလဆေးများကသာ စျေးအကြီးဆုံးဖြစ်သည်။ ၎င်းတို့၏အာနိသင်က ဝိညာဥ်သားရဲအသားထက် များစွာသာလွန်ပြီး ထန်တိုက်လင်နှင့် အမွေးပွလေးသည် သိုင်းဒေသကြီးများသို့ရောက်လျှင် အရင်းအမြစ်များ ဖောဖောသီသီရမည်ဖြစ်သောကြောင့် ၎င်းတို့ကို သုံးဆောင်ရနိုင်ချေရှိသည်။ သို့သော် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညသာရှိသော ယဲ့ချန်က မည်သည့်နေရာမှမသွားနိုင်သောကြောင့် စိတ်ဓာတ်ကျနေပြီး ကျင့်ကြံဆင့်မြင့်တက်ရန်နှင့် ငွေရှာရန်အတွက် ကိုယ့်အားကိုယ်ကိုးရပေလိမ့်မည်။ သူ၏ကျင့်ကြံဆင့်မြင့်တက်လာလျှင် မျိုးနွယ်ဝင်များကို ကယ်တင်ရန်အတွက် ငွေကို တရကြမ်း ရှာဖွေရဦးမည်ဖြစ်သည်။
ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံငယ်များတွင် အုပ်စုဖွဲ့ပြီး အမဲလိုက်ပါက တစ်ရက်လျှင် ဆည်းဆာရွှေထောင်ချီရနိုင်ပြီး ရွှမ်အဆင့်များဆိုလျှင် သောင်းချီရနိုင်သည်။ ကောင်းကင်ဘုံငယ်များအတွင်း မဝင်ရောက်လျှင်ပင် ကျင့်ကြံဆင့်မြင့်လေလေ ငွေရှာနိုင်စွမ်း တိုးလေလေဖြစ်သည်။
အစားအသောက်များ သုံးဆောင်ပြီးနောက် ယဲ့ချန်၊ ထန်တိုက်လင်နှင့် အမွေးပွလေးသည် ယိရန်ကို နှုတ်ပင်မဆက်ဘဲ စားသောက်ဆိုင်အတွင်းမှ ချက်ချင်းထွက်ခွာသွားကြသည်။ ယဲ့ချန်က ထန်တိုက်လင်အပေါ် သဘောကျနေသော ယိရန်ကို ကြည့်မရသဖြင့် သင်ခန်းစာပေးလိုက်ခြင်းဖြစ်သည်။
"ယဲ့ချန် ရန်ယွင်မြို့မှာမနေဘဲ ငါတို့နဲ့အတူ လိုက်ခဲ့ပါလား"
ထန်တိုက်လင်က စိုးရိမ်စွာပြောလိုက်သည်။ ယဲ့ချန်သည် ယိရန်ကို စော်ကားရန်စလိုက်ပြီဖြစ်သောကြောင့် အနာဂတ်၌ ပြဿနာတက်မည်ကို သူမက စိုးရိမ်နေခဲ့သည်။
"ငါဘယ်မှာနေနေ ကိစ္စမရှိပါဘူး။ ဒီနေရာက အရှေ့ပိုင်းတိုက်ကြီးနဲ့ အနီးဆုံးဖြစ်ပြီး တစ်ခုခုဖြစ်လာရင် ချက်ချင်းထွက်ပြေးနိုင်တယ်လေ"
ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။ သူက ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကောင်းကင်မူလတိုက်ကြီးမှ အဝင်အထွက်ပြုလုပ်နိုင်ရန် ဆည်းဆာရွှေသန်းနှစ်ဆယ် လိုအပ်သည်။ ၎င်းက သေးငယ်သောပမာဏမဟုတ်သည့်အပြင် ရှာဖွေရန် အလွန်ခက်ခဲပေလိမ့်မည်။
ထွက်ခွာသွားသော ယဲ့ချန်တို့အုပ်စုကို စိုက်ကြည့်နေသည့် ယိရန်မှာမူ မျက်နှာတစ်ခုလုံး မည်းနက်နေခဲ့လေသည်။