နတ်မြေခွေးဘိုးဘေးများ
Vol. 38 Ch. 525
"အစ်ကိုယိ ဒီမိန်းမကို စိတ်ဝင်စားလို့လား"
ရှုချင်ဟုအမည်ရပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ သူက ရန်ယွင်မြို့ရှိ အထက်တန်းစားများတွင် လက်အောက်ခံအများဆုံးရှိသူဖြစ်ပြီး သူ၏နယ်မြေက အချင်းမိုင်ပေါင်း လေးငါးရာကျော်ရှိသည်။ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်းနှင့် ဝိညာဥ်သားရဲမွေးမြူခြင်းကြောင့် ချမ်းသာလာသူဖြစ်ကာ ဆည်းဆာရွှေသန်းရာချီ ကြွယ်ဝသူဖြစ်သည်။
"ငါသာ ဒီမိန်းမကိုအရယူနိုင်ရင် အနာဂတ်မှာ သေချာပေါက်အောင်မြင်လိမ့်မယ်။ ကံမကောင်းတာက မနက်ဖြန်ကျရင် သူမ ထွက်သွားတော့မယ်"
ယိရန်က သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။ သူ့ထံတွင် အချိန်ရှိလျှင် ထန်တိုက်လင်ကိုပိုးပန်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ထန်တိုက်လင်၏ ဘေးတွင်ရှိနေသော ယဲ့ချန်ကမူ အမှိုက်ကောင်တစ်ယောက်ဖြစ်သောကြောင့် မျက်စိထဲထည့်ထားစရာမလိုဟု သတ်မှတ်ထားကာ တိုက်ခိုက်ရန်ပင် ရွံရှာစက်ဆုပ်မိသည်။
"အစ်ကိုယိက စစ်ဧကရာဇ်လင်းရဲ့တပည့်ဆိုတော့ သူမကို အနာဂတ်မှာ ပြန်တွေ့နိုင်ဦးမှာပါ။ ဒါပေမယ့် ထန်တိုက်လင်ရဲ့ ဝိညာဥ်ပေါင်းစပ်နှုန်းက ၇၂ဆိုတော့ နတ်မူလဆေးလုံးကိုသာ မှီဝဲလိုက်ရင် သေချာပေါက် ပိုပြီးအစွမ်းထက်လာလိမ့်မယ်"
ရှုချင်းကလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ထန်တိုက်လင်ကဲ့သို့ မိန်းမလှတစ်ယောက်ကို စိတ်ဝင်စားမိသော်လည်း တွေးရုံသာဖြစ်ပြီး ထုတ်ဖော်မပြောရဲချေ။ ရန်ယွင်မြို့တော်မှ ကျင့်ကြံသူများနှင့် ထန်တိုက်လင်က ကမ္ဘာချင်းကွာခြားနေသကဲ့သို့ဖြစ်ကာ ကောင်းကင်မှ ကောင်းချီးပေးထားသည့် ပါရမီရှင်တစ်ယောက်က အနာဂတ်တွင် စစ်ဧကရာဇ်တစ်ပါး သေချာပေါက်ဖြစ်လာနိုင်သည်။ သူမ၏စကားတစ်ခွန်းတည်းဖြင့်ပင် အရာအားလုံး ပြောင်းလဲသွားနိုင်သောကြောင့် သူက လုံးဝမစော်ကားရဲပေ။ ယိရန်သည်လည်း ဤအချက်ကို သဘောပေါက်သောကြောင့် စကားတစ်ခွန်းမှမပြောဘဲ သေရည်ခွက်ကိုသာ တရှိန်ထိုး မော့ချလိုက်လေသည်။
ယဲ့ချန်သည် ရန်ယွင်မြို့တော်တွင် သူ၏နာမည်ကိုတည်ဆောက်ရန် စီစဥ်ထားသော်လည်း အနာဂတ်တွင် ဤနေရာ၌ပိတ်မိနေပါက ဘဝတွင် တိုးတက်မှုမရှိနိုင်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူ၏ပခုံးပေါ်၌ အလွန်လေးလံသော တာဝန်ဝတ္တရားများကို ထမ်းပိုးထားရသည်။ ထို့အပြင် သူက ထန်တိုက်လင်နှင့် အမွေးပွလေးတို့ စစ်ဧကရာဇ်ဖြစ်လာမည့်နေ့ရက်ကို ချီပင်လယ်အဆင့်ဖြင့်စောင့်ဆိုင်းနေလျှင် ငကြောက်တစ်ယောက်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ နောက်ရက်နံနက်တွင် သူတို့က ရန်ယွင်မြို့မှ ထွက်ခွာသွားမည်ဖြစ်သောကြောင့် ထွက်ခွာချိန်နီးကပ်လာလေလေ ယဲ့ချန်သည် ဝမ်းနည်းမှုနှင့် အထီးကျန်စိတ်ကို ခံစားနေရသည်။
"အမွေးပွလေး မနက်ဖြန် မင်း ထွက်သွားရတော့မယ်။ မူလဝိညာဥ်ဒေသကိုရောက်ရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"
ယဲ့ချန်က သူ၏ရင်ခွင်အတွင်း ပွေ့ထားသော အမွေးပွလေးကို တီးတိုးမှာကြားလိုက်၏။ သူမက အမြှီးလေးများကို ညှင်သာစွာလှုပ်ယမ်းနေရင်း မျက်ရည်ဝဲနေသော မျက်ဝန်းလေးများနှင့် မော့ကြည့်လာခဲ့သည်။ အကယ်၍ ယဲ့ချန်သာ သူမကိုသွားခွင့်မပေးလျှင် မြေခွေးဘိုးဘေးများ မည်မျှကန့်ကွက်ပါစေ ချစ်ရသူအနီးမှ ထွက်ခွာသွားမည်မဟုတ်ပေ။ ယဲ့ချန်က သူမအတွက် စဥ်းစားပေးခြင်းဖြစ်ကြောင်း နားလည်သည်။ သူမဖြစ်စေ၊ ထန်တိုက်လင်ဖြစ်စေ၊ ယဲ့ချန်ဖြစ်စေ အားလုံးက မျိုးနွယ်အတွက် တာဝန်ကိုယ်စီထမ်းပိုးထားရသောကြောင့် ချစ်သူများအနေဖြင့် ကိုယ်ရေးကိုယ်တာကို ဦးစားပေးရန် မဖြစ်နိုင်ချေ။
"အစ်ကိုကြီးက ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မှာပါ"
အမွေးပွလေးက သူမဘာသာတီးတိုးရေရွတ်လိုက်ပြီး ပုံရိပ်ယောင်ပုလဲကို သိုလှောင်အိတ်တစ်လုံးအတွင်း ထည့်သိမ်းကာ အိပ်ရာဘေးတွင် ပစ်ချထားလိုက်သည်။ ၎င်းက ဆက်တိုက်တုန်ခါလာ၍ အလင်းရောင်များ တောက်ပလာသော်လည်း ကံမကောင်းစွာဖြင့် သိုလှောင်အိတ်အတွင်းမှ နေရာလပ်ကို ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပေ။ အမွေးပွလေးသည် ယဲ့ချန်၏ရင်ခွင်အတွင်းမှ ခုန်ထွက်ကာ သူ့ရှေ့တည့်တည့်တွင် လူအသွင် ပြောင်းလဲလိုက်၏။
"အမွေးပွလေး ဘာလုပ်မလို့လဲ"
ယဲ့ချန်သည် သူမ၏လူအသွင်ကို မြင်သောအခါ မင်သက်သွားပြီး သူမက လူအသွင်မပြောင်းလဲသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ သူမ၏လုပ်ရပ်အပေါ် ယဲ့ချန်က နားမလည်နိုင်ချေ။ ထိုအချိန်တွင် သူမက အဝါရောင်မီးအိမ်အလင်းအောက်တွင် အသက်ရှူမှားလောက်အောင် လှပနေပြီး အနက်ရောင်ဆံပင်လေးများကို ဖြန့်ချထားသဖြင့် ချွန်ထက်သော မြေခွေးနားရွက်လေးများ ထွက်ပေါ်နေသည်။ အပြစ်ကင်းစင်သောမျက်နှာ၊ ဝိုင်းစက်ကြီးမားသော မျက်ဝန်းလေးများက ယဲ့ချန်ကို သနားစဖွယ်စိုက်ကြည့်နေကာ ကော့ညွှတ်နေသော မျက်တောင်လေးများ တုန်ခါနေသဖြင့် စိတ်လှုပ်ရှားနေကြောင်း ပြောနိုင်သည်။ သူမ၏အသားအရေက သလင်းကျောက်ပမာကြည်လင်နေပြီး သေးငယ်သော ခါးကလေးနှင့် ဖြောင့်စင်းသွယ်လျသော ခြေအစုံက အမွေးပွလေးကို ပြိုင်ဘက်ကင်းအလှမယ်တစ်ပါး ဖြစ်စေခဲ့သည်။ ယဲ့ချန်သည် ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး အာခေါင်အတွင်း ခြောက်ကပ်နေသော်လည်း စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ သူက အမွေးပွလေးအပေါ်ရှိ ဖိအားကို နားလည်သောကြောင့် ပုံရိပ်ယောင်ပုလဲအတွင်းမှ ဘိုးဘေးများ၏သဘောထားကို ခန့်မှန်းနိုင်သည်။
"အစ်ကိုကြီး နင်အာက မမပိုလင်းနဲ့ မမထန်တိုက်လင်လိုမျိုး အစ်ကိုကြီးရဲ့မိန်းမ ဖြစ်လာချင်တယ်။ သေရေးရှင်ရေးဖြစ်ဖြစ်၊ နေမကောင်းတာပဲဖြစ်ဖြစ်၊ ဘယ်လောက်ခက်ခဲပါစေ နင်အာက အစ်ကိုကြီးနဲ့ အတူနေမယ်။ နင်အာပြန်အလာကို အစ်ကိုကြီး စောင့်ရမယ်နော်"
နင်အာ၏စကားသံလေးက ကြည်လင်ချိုသာစွာ ထွက်ပေါ်လာသဖြင့် တေးသီငှက်ကလေးတစ်ကောင် သီဆိုနေသည့်ပမာ ထင်မှတ်ရသည်။ သူမက ရှေ့တိုးလာပြီး ယဲ့ချန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်၏နှလုံးသား အရည်ပျော်ကျသွားကာ ငိုကြွေးလုနီးပါးဖြစ်နေသော နင်အာက သနားစရာအလွန်ကောင်းနေသည်။ သူမ၏ဆံပင်လေးကို ခပ်ဖွဖွပွတ်သပ်၍ ယဲ့ချန်က ပြန်ဖက်ထားလိုက်ပြီး ချစ်သူနှစ်ဦး၏နှလုံးသားများ အချင်းချင်းဆက်သွယ်သွားကြသည်။ သူမက ယဲ့ချန်နှင့်ခွဲခွာရမည့်အရေးကို ကြောက်ရွံ့ထိတ်လန့်နေခြင်းဖြစ်သည်။ ယဲ့ချန်သည် နင်အာကို သူ့မိန်းမအဖြစ် သိမ်းပိုက်လိုသော်လည်း ဤကိစ္စကြောင့် ပုံရိပ်ယောင်ပုလဲအတွင်းရှိ နတ်မြေခွေးဘိုးဘေးများက သူမကို အပြစ်ပေးပေလိမ့်မည်။
"လိမ္မာပါတယ်။ အိပ်လိုက်နော်။ အစ်ကိုကြီးက နင်အာပြန်အလာကို သေချာပေါက်စောင့်နေမှာပါ။ အများကြီး မစဥ်းစားပါနဲ့"
ယဲ့ချန်က နင်အာ၏ကျောပြင်ကို ချစ်ခင်မြတ်နိုးစွာပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။ မူလတွင် သူမက ရှက်သွေးလေးများဖြာနေသော်လည်း ယဲ့ချန်က တည်ငြိမ်စွာရှိနေသဖြင့် စိတ်အေးသွားပြီး သူ၏ရင်ခွင်အတွင်း စိတ်ချလက်ချအိပ်ပျော်သွားခဲ့သည်။ သူမ၏အပြစ်ကင်းစင်သော မျက်နှာပေါ်တွင် မျက်ရည်စအချို့ ကပ်တွယ်နေပြီး ကလေးတစ်ယောက်ပမာ ဖြူစင်နေခဲ့သည်။ ယဲ့ချန်သည် ဖြောင့်စင်းသော နှာတံလေးနှင့် နှင်းဆီဖူးနှုတ်ခမ်းလေးများကြောင့် အလှကြီးလှနေသော နင်အာ၏မျက်နှာလေးကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ သူတို့ကြားတွင် အဝတ်အစားများရှိနေသော်လည်း သူမ၏အသားအရေမှ နူးညံ့မှုကို ယဲ့ချန်က ခံစားနေရသည်။ သူမ၏ကိုယ်သင်းရနံ့လေးကလည်း သစ်ခွပန်းရနံ့ပမာ မွှေးပျံ့နေခဲ့သည်။
ယဲ့ချန်က ယောကျ်ားတစ်ယောက်ဖြစ်သော်လည်း ဆန္ဒကို သိက္ခာဖြင့် ထိန်းချုပ်ခဲ့သည်။ သူနှင့် နင်အာက သေရေးရှင်ရေးကိစ္စများစွာကို အတူတကွကျော်ဖြတ်ခဲ့ပြီး သူ၏ဆန္ဒကြောင့် နင်အာနှင့် သူမ၏ဘိုးဘေးများကြား ပြဿနာမတက်စေလိုပေ။ ယဲ့ချန်သည် နင်အာအိပ်မောကျသွားသောအခါ သိုလှောင်အိတ်ကိုဖွင့်လှစ်၍ ပုံရိပ်ယောင်ပုလဲကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ဝိညာဥ်အသိစိတ်က ၎င်းအတွင်း လှစ်ခနဲ ဝင်ရောက်သွားသည်။ သူက အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ထင်မှတ်ရပြီး ထိုနေရာတွင် ငှက်ကလေးများက ပန်းပင်များနှင့် ရေတံခွန်များထက်တွင် ပျော်ပါးမြူးထူးနေသဖြင့် သုခုဘုံတစ်ခုအလား ထင်မှတ်ရ၏။ ရေကန်တစ်ခု၏ ကောင်းကင်အထက်တွင် ပိုလင်းကို အစီအရင်တစ်ခုအတွင်း ကုသပေးနေသည်ကို မြင်လိုက်ရသည်။ အဖြူရောင်အလင်းတန်းများက အစီအရင်မှတဆင့် သူမ၏ခန္ဓာကိုယ်အတွင်း ဆက်တိုက်ဝင်ရောက်နေခဲ့သည်။ အမြဲတစေ ပျော်ရွှင်တက်ကြွနေတတ်သော ပိုလင်း၏အဖြစ်ကို မြင်သောအခါ သူက ဝမ်းနည်းသွားသော်လည်း အသက်ရှူခြင်းက ပုံမှန်လူများကဲ့သို့ စည်းချက်ကျကျဖြစ်ပေါ်နေသဖြင့် များစွာစိတ်အေးသွားခဲ့ရသည်။ သူမက အတိတ်နှင့်ယှဥ်လျှင် ပို၍သက်သာလာပုံရပြီး အစီအရင်ကို မတော်တဆဖျက်ဆီးမိမည်ကို စိုးရိမ်သော ယဲ့ချန်က အနားသို့ ချဥ်းကပ်မသွားခဲ့ပေ။
ထိုအချိန်၌ အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ပုံရိပ်ရှစ်ခုထွက်ပေါ်လာကာ ယဲ့ချန်ရှေ့တွင် ဆင်းသက်လိုက်ကြသည်။ သုံးယောက်က တုတ်ကောက်ကိုယ်စီနှင့် အဘွားအိုများဖြစ်ပြီး မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော်လည်း ငယ်စဥ်က အလွန်တရာလှပခဲ့ကြောင်း ပြောနိုင်သည်။ နောက်ထပ်သုံးယောက်က အလှတရားကိုယ်စီ ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းအရွယ် မိန်းမများဖြစ်ပြီး ကျက်သရေရှိရှိ လှပခန့်ညားနေကြသည်။ နောက်ဆုံးနှစ်ယောက်မှာ နင်အာကဲ့သို့ မိန်းမပျိုလေးများဖြစ်ကာ အလွန်လှပပြီး လှုပ်ရှားမှုတိုင်းက ချစ်စရာကောင်းနေခဲ့သည်။ ယဲ့ချန်က အတန်ငယ်တွေဝေသွားခဲ့သော်လည်း ချက်ချင်းသတိပြန်ဝင်လာခဲ့သည်။ သူက ပုံရိပ်ယောင်အတွင်း နောက်တစ်ကြိမ် ဖမ်းစားခံရတော့မည်ဖြစ်၍ ထိတ်လန့်သွားခဲ့သည်။
"ကျုပ်က နတ်မြေခွေးဘိုးဘေးတွေကို ဂါရဝပြုပါတယ်"
သူက လက်သီးနှစ်ဖက်ကိုဆုပ်၍ ရိုရိုသေသေ ပြောလိုက်ခြင်းဖြစ်သည်။ ဤမိန်းမများက နင်အာ၏ဘိုးဘေးများဖြစ်ပြီး သေဆုံးသွားကြသော်လည်း ပုံရိပ်ယောင်ပုလဲအတွင်း ဝိညာဥ်အသွင်နှင့် ဆက်လက်ရှင်သန်နေခဲ့ကြသည်။
"နင်အာကို ဂရုစိုက်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
မိန်းမပျိုနှစ်ယောက်က ခေါင်းညွှတ်၍ ယဲ့ချန်၏အပြုအမူကို အသိအမှတ်ပြုပေးခဲ့ကြသည်။ အဘွားအိုများနှင့် သက်လတ်ပိုင်းမိန်းမများကမူ ခေါင်းဆတ်ရုံသာဖြစ်ပြီး ယဲ့ချန်ကို အကဲခတ်စစ်ဆေးနေကြသည်။ ထိုရှစ်ယောက်ကြားတွင် ခေါင်းဆောင်ဖြစ်ဟန်တူသော အဘွားအိုက လေးနက်သောမျက်နှာထားနှင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
"စီနီယာတို့က အားနာလွန်းနေပါပြီ။ ဒါက ကျုပ်ရဲ့တာဝန်ပါ"
ယဲ့ချန်က ယဥ်ယဥ်ကျေးကျေး ပြန်လည်တုံ့ပြန်လိုက်သည်။
"သခင်လေးက ပုံရိပ်ယောင်ပုလဲထဲကို ရောက်လာတယ်ဆိုတော့ ငါတို့ကို တစ်ခုခုပြောစရာရှိမယ် ထင်တယ်"
ခေါင်းဆောင်အဘွားအိုက အေးစက်တည်ငြိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ကျုပ်က အမလင်းကို ကယ်တင်ပေးတဲ့အတွက် ဘိုးဘေးတို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ။ နင်အာ့ကိုလည်း အနာဂတ်မှာ ကောင်းကောင်းဂရုစိုက်ပေးမယ်လို့ ကတိပေးပါတယ်"
ယဲ့ချန်ကမူ အဘွားအို၏လေသံကို စိတ်ထဲမထားဘဲ ဘိုးဘေးရှစ်ယောက်၏ မျက်နှာထားများကို တစ်ချက်ကြည့်လိုက်သည်။ အချို့က ရင်းနှီးဖော်ရွေစွာပြုံးပြနေပြီး အချို့က အေးစက်စက်ဖြစ်နေကြသည်။
"သခင်လေးက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စစ်ဆေးပြီးပြီမလား"
အဘွားအိုက အဖြေကို သိထားသဖြင့် သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းလိုက်ပြန်သည်။ သူတို့က ပုံရိပ်ယောင်ပုလဲအတွင်းမှ အပြင်ဘက်ကို မြင်ရသောကြောင့် စမ်းသပ်မှုအကြောင်း သိရှိထားပြီးဖြစ်သည်။
"ဟုတ်ပါတယ်"
"ဒါဆိုရင် သခင်လေးရဲ့ရလဒ်က ဘယ်လောက်ပါလဲ"
အဘွားအိုက နှာခေါင်းရှုံ့လိုက်၏။
"သုည"
ယဲ့ချန်က တည်ငြိမ်အေးဆေးစွာဖြင့် အမှန်အတိုင်းဖြေလိုက်သည်။ သူ၏ပေါင်းစပ်နှုန်းက သုညဖြစ်နေသော်လည်း ကိုယ့်ကိုကိုယ်နိမ့်ကျသည်ဟု သတ်မှတ်မထားခဲ့ပေ။
"ဒါဆိုရင် သခင်လေးက နင်အာ့ကို ဘယ်လိုဂရုစိုက်ပေးမယ်ဆိုတာကို သိပါရစေ"
အဘွားအိုက ကြမ်းပြင်ကို လက်ကိုင်တုတ်ဖြင့် တစ်ချက်ခေါက်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။ နတ်မြေခွေးဘိုးဘေးများက ကိုင်တွယ်ရမလွယ်ကူသော်လည်း နင်အာ၏ ကောင်းကျိုးအတွက်ဖြစ်ကြောင်း ယဲ့ချန်က နားလည်ထားသည်။
"သခင်လေးက ငါတို့အပေါ် အပြစ်မြင်ချင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ငါက နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးပြီ။ နောက်ပြီး ကောင်းကင်မူလတိုက်ကြီးအကြောင်း ငါ နားလည်ထားတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ပါရမီကို ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းနဲ့ ဆုံးဖြတ်တယ်။ တစ်နေ့မှာ နင်အာက စစ်ဧကရာဇ်အဆင့်ကို ရောက်နေပြီး မင်းက ချီပင်လယ်အဆင့်မှာ ကျန်ရစ်ခဲ့မယ်ဆိုရင် ဒီဆက်ဆံရေးက ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိဘူး"
အဘွာအိုက ယဲ့ချန်၏အဖြေကိုမစောင့်ဘဲ ထပ်ပြောလိုက်ပြန်သည်။ ယဲ့ချန်သည် ဤအချက်ကို နားလည်ထားသောကြောင့် အဘွားအို၏စကားကို ပြန်လည်မချေပနိုင်ချေ။ ကျန်တစ်ဖက်တွင်လည်း သူက ဤအချက်လွဲမှားနေကြောင်း သက်သေပြလိုခဲ့သည်။
"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ကျုပ်ရဲ့ပါရမီကို မထိခိုက်စေနိုင်ပါဘူး။ ကျုပ်က နင်အာနောက်မှာ လုံးဝကျန်ရစ်မှာမဟုတ်ဘူးလို့ ယုံတယ်"
ယဲ့ချန်က ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစွာဖြင့် တစ်လုံးချင်း ပြန်ပြောလိုက်လေသည်။