← Chapters

ခွဲခွာခြင်း

Vol. 38 Ch. 526

ခွဲခွာခြင်း

Vol. 38 Ch. 526

"သခင်လေးအနေနဲ့ လောလောဆယ်မှာ ဒီဆက်ဆံရေးကို ရှေ့မတိုးဘဲ ရပ်ထားပေးပါ။ နင်အာအတွက် မျိုးနွယ်ရဲ့တာဝန်တစ်ခု ရှိနေတယ်။ တကယ်လို့ မင်းသာ စစ်ဧကရာဇ်အဆင့်ကို ရောက်နိုင်မယ်ဆိုရင် မင်းနဲ့ နင်အာကို မတားမြစ်တော့ဘူးလို့ ကတိပေးပါတယ်"

အဘွားအိုသည် ယဲ့ချန်၏ယုံကြည်မှုများ မည့်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိသော်လည်း အဓိပ္ပါယ်ရှိစွာ တစ်ချက်ကြည့်၍ သတိပေးလိုက်သည်။

"ဘာတာဝန်များလဲ"

"နတ်မြေခွေးမျိုးနွယ်က ကောင်းကင်မူလတိုက်ကြီးပေါ်မှာ ရှည်လျားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပြီး ပါရမီအရှိဆုံးက အမြှီးဆယ်ချောင်းဖြစ်တယ်။ ငါသာမမှားရင် လက်ရှိမှာ နင်အာအပါအဝင် အမြှီးဆယ်ချောင်းမြေခွေး ငါးကောင်ရှိနေတယ်။ တာဝန်က ဘာလဲဆိုတာကို မပြောပြနိုင်ဘူး။ ကျောက်စိမ်းနန်းတော်ထဲက ရေခဲရုပ်တုတွေထဲမှာတွေ့ခဲ့ရတဲ့ မြေခွေးက ငါတို့မျိုးနွယ်ရဲ့ ပထမဆုံးခေါင်းဆောင်ဖြစ်တယ်။ သူမက စစ်ဧကရာဇ်အဆင့်တစ်ဆယ်ဖြစ်ပြီး ကြယ်သခင်နဲ့ နတ်အစေခံတွေအောက်သာ နိမ့်ကျတယ်"

အဘွားအို၏အသံက အနည်းငယ်လေးလံလာပြီး ဝမ်းနည်းသော အရိပ်အယောင်အချို့ စွက်နေသည်။

"ရေခဲရုပ်တုတွေနဲ့ ဆက်စပ်နေတာလား"

ယဲ့ချန်က စိတ်များလေးလံလာပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤတာဝန်က အလွန်အန္တရာယ်များနိုင်သော်လည်း တစ်ဖက်လူမှ မပြောချင်လျှင် အတင်းအကြပ်မေးမြန်း၍ မဖြစ်နိုင်ပေ။

"ကျုပ်က သေချာပေါက် စစ်ဧကရာဇ်အဆင့်ကို ရောက်မှာပါ"

ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။ နင်အာအတွက်ဖြစ်စေ၊ သူ၏အနီးမှ ချစ်ခင်ရသူများအတွက်ဖြစ်စေ သူက ပို၍သန်မာလာရပေလိမ့်မည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ပိုလင်းကိုတော့ ငါတို့ကြိုးစားပြီး ကုသပေးနေပါတယ်။ အများဆုံး တစ်နှစ်၊၂နှစ်အတွင်း သူမက သတိပြန်ရလာပါလိမ့်မယ်"

မိန်းမပျိုအရွယ်ဖြစ်သော ဘိုးဘေးနှစ်ယောက်က ဖော်ရွေစွာပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။

"စီနီယာတို့ ကျုပ်ကို ခွင့်ပြုပါဦး။ အများကြီးကျေးဇူးတင်ပါတယ်"

ယဲ့ချန်က ကျေးဇူးတင်စွာ အရိုအသေပေး၍ ဝိညာဥ်အသိစိတ်ကို ပုံရိပ်ယောင်ပုလဲအတွင်းမှ ရုတ်သိမ်းလိုက်၏။ သူ၏ရင်ခွင်အတွင်း အိပ်မောကျနေသော အမွေးပွလေး၏ နားရွက်ချွန်ချွန်လေးများ လှုပ်ခါနေပြီး ပန်းရောင်နှုတ်ခမ်းနှစ်လွှာက အနည်းငယ်ဟနေခဲ့သည်။ သူမက အပြစ်ကင်းစင်သော ကလေးလေးတစ်ယောက်သဖွယ် ချစ်စဖွယ်အိပ်ပျော်နေသည်။ သူမကိုငုံ့ကြည့်နေသော ယဲ့ချန်၏ရင်ထဲတွင် ငြိမ်းချမ်းမှုများ တိုးပွားလာခဲ့သည်။ အချိန်ကြာလာသောအခါ မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ဦး၏နေရောင်ခြည် ထွက်ပေါ်လာခဲ့သည်။

အမွေးပွလေး၏ မျက်တောင်များ လှုပ်ရှားလာကာ မျက်လုံးများပွင့်လာသောအခါ ယဲ့ချန်၏တည်ကြည်ခန့်ညားသော မျက်နှာကို မြင်လိုက်ရ၏။ သူမက တချိန်လုံး စိုက်ကြည့်ခံနေရသဖြင့် ရှက်သွေးဖြာနေပြီးနောက် တစ်ညလုံး မည်သည့်ကိစ္စမှမဖြစ်ပျက်ခဲ့ဘဲ ယဲ့ချန်က သူမကို ဖက်ထားရုံသာဖြစ်ကြောင်း သတိရသွားခဲ့သည်။

"အစ်ကိုကြီးက မမနှစ်ယောက်ကို လက်ခံပြီး ငါ့ကိုကျ ငြင်းလိုက်တာလား။ ငါက သူတို့လောက် မလှဘူးလား"

ဤအတွေးကြောင့် အမွေးပွလေးက စိတ်ဓာတ်ကျသွားပြီး နှုတ်ခမ်းလေးများ အနည်းငယ်ဆူထွက်လာကာ ယဲ့ချန်ကို မျက်ရည်ဝဲစွာဖြင့် မော့ကြည့်လာသည်။ သူက အမွေးပွလေး၏အတွေးကို ချက်ချင်းရိပ်စားမိလိုက်သည့်အပြင် သူမ၏မျက်နှာထားကြောင့် ရယ်ချင်ပက်ကျိဖြစ်သွားခဲ့သည်။

"ငါက မင်းရဲ့ဘိုးဘေးတွေနဲ့ စကားပြောလာပြီးပြီ။ ငါ စစ်ဧကရာဇ်အဆင့်ကိုရောက်ရင် သူတို့က ငါတို့ရဲ့ဆက်ဆံရေးကို မတားမြစ်တော့ဘူးလို့ ပြောတယ်။ ငါက သေချာပေါက် စစ်ဧကရာဇ်အဆင့်ကို ရောက်လိမ့်မယ်"

ယဲ့ချန်က အမွေးပွလေး၏နဖူးကို လက်ဖြင့် ညှင်သာစွာတောက်၍ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏ ပြတ်သားသောအသွင်အပြင်ကြောင့် သူမက မျက်ရည်ဝဲလာသော်လည်း နှုတ်ခမ်းကိုက်၍ လက်ခံလိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

"ကောင်းပြီ။ မင်းနဲ့ ထန်တိုက်လင် သွားရတော့မယ်"

ယဲ့ချန်က သူမ၏ခေါင်းလေးကို ကြင်နာစွာပုတ်၍ ပြောလိုက်သည်။ သူမက မခွဲခွာလိုသော်လည်း ယဲ့ချန်ကို တင်းကြပ်စွာဖက်လိုက်ပြီးနောက် မြေခွေးအသွင်သို့ပြောင်းလဲကာ သူ၏ပခုံးပေါ် ဆင်းသက်လိုက်ရသည်။

ရန်ယွင်မြို့တော်အပြင်ဘက်၌ ဇရပ်တစ်ဆောင်တည်ရှိပြီး ၎င်းကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည့်အပြင် မီတာဒါဇင်ချီမြင့်ပြီး အလယ်ရှိ ကျယ်ဝန်းသည့်နေရာလပ်တွင် လူများ စုဝေးနေကြသည်။ သိုင်းဒေသကြီးများမှ ကိုယ်စားလှယ်ကြီးများလည်း ရောက်ရှိနေကြပြီး မြင်းများနှင့်ဆင်တူသော သွေးနီရောင်ဝိညာဥ်သားရဲအချို့ကို ဇရပ်ပြင်ပတွင် ချည်နှောင်ထားသည်။ ယဲ့ချန်၊ နန်းကုန်းဇီ၊ ထန်တိုက်လင်၊ အမွေးပွလေးနှင့် အခြားကျင့်ကြံသူများလည်း ရောက်ရှိနေကြသည်။

"နောက်တစ်ကြိမ် ပြန်တွေ့ရင် ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"

နန်းကုန်းဇီက တစ်ချက်ပြုံး၍ ယဲ့ချန်ကို နှုတ်ဆက်စကားပြောကာ ဝိညာဥ်သားရဲတစ်ကောင်ကိုစီးနင်း၍ မြင့်မြတ်ဝိညာဥ်ဒေသ ကိုယ်စားလှယ်နှင့်အတူ ကောင်းကင်သို့ပျံတက် ပျောက်ကွယ်သွားခဲ့သည်။ ဝိညာဥ်သားရဲတစ်ကောင်ထက်တွင် စီးနင်းထားသော ရေသားရဲ ချိုးထိုကလည်း မထွက်ခွာခင် ယဲ့ချန်နှင့် ထန်တိုက်လင်ကို ရန်လိုစွာစိုက်ကြည့်သွားသည်။ အဝေးရှိ ယိရန်က ထန်တိုက်လင်ကို ဆက်တိုက်လက်လှမ်းပြနေသော်လည်း သူမက မမြင်ချင်ယောင်ဆောင်၍ လျစ်လျူရှုထားသည်။

"တစ်နှစ်အတွင်း ပြန်တွေ့ကြမယ်"

အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ထန်တိုက်လင်က ဝိညာဥ်သားရဲ၏ကျောပေါ်တွင် စီးနင်းနေရင်း ယဲ့ချန်ထံ ဝိညာဥ်အသိစိတ်နှင့် ဆက်သွယ်လိုက်သည်။

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့ သွားကြတော့မလား"

ရှင်းဟိုင်ဒေသ ကိုယ်စားလှယ်က ခွင့်တောင်းလိုက်ခြင်းဖြစ်သည်။

"အင်း"

ထန်တိုက်လင်က ခေါင်းညိတ်၍ ဝိညာဥ်သားရဲ၏ဝမ်းဗိုက်ကို ခြေဖြင့် ခတ်လိုက်သောအခါ ၎င်းက လျှပ်စီးကြောင်းတစ်ခုပမာ ပြေးထွက်သွားခဲ့သည်။ အဝေးတစ်နေရာသို့ရောက်သောအခါ ထန်တိုက်လင်က လှည့်ကြည့်လာခဲ့ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသော ယဲ့ချန်၏ပုံရိပ်ကြောင့် ဝမ်းနည်းနေသော်လည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူမက အချိန်တစ်နှစ်အတွင်း ပြန်လာနိုင်ရန် ကြိုးစားရပေလိမ့်မည်။ အမွေးပွလေးသည်လည်း ဝိညာဥ်သားရဲတစ်ကောင်ကိုစီးနင်း၍ မူလဝိညာဥ်ဒေသ ကိုယ်စားလှယ်နှင့်အတူ ထွက်ခွာသွားသောအခါ လက်ကိုအဆက်မပြတ် ဝှေ့ယမ်းပြသွားခဲ့သည်။ မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသော ချစ်သူများ၏ပုံရိပ်ကြောင့် ယဲ့ချန်က ဝမ်းနည်းနေသော်လည်း ဆုံးဖြတ်ချက်တို့ ခိုင်မာစွာ ဖြစ်ပေါ်လာသည်။ ဤတစ်နှစ်အတွင်း သူက ပို၍သန်မာလာရမည်ဖြစ်ပြီး ဆောင်ရွက်ရန်ကိစ္စများစွာ ရှိပေသည်။ အန္တရာယ်အတွင်းကျရောက်နေသော ကြယ်ခန်းမအဖွဲ့ဝင်များနှင့် ယဲ့မျိုးနွယ်ဝင်များအတွက် ဖြစ်သည်။ ယဲ့ချန်နှင့် ယိရန်က အကြည့်ချင်းဆုံသွားသော်လည်း ချက်ချင်း မျက်နှာလွှဲလိုက်ကြသည်။ ယဲ့ချန်က ယိရန်ကို ကြည့်မရသကဲ့သို့ ယိရန်ကလည်း ကိုယ့်အဆင့်အတန်းကိုနှိမ့်ချ၍ အမှိုက်ကောင်တစ်ယောက်ကို ပြဿနာ မလုပ်လိုပေ။

"သူတို့အားလုံး မရှိကြတော့ဘူး။ မင်းအားကိုးစရာတော့ ပျောက်ပြီ"

ထိုအချိန်၌ ချန်းယွမ်က ယဲ့ချန်ထံ ဦးတည်လာခဲ့ပြီး လှောင်ပြုံးပြုံးကာ ရည်ရွယ်ချက်ရှိရှိ ရန်စလိုက်သည်။ ယဲ့ချန်က လျစ်လျူရှု၍ ထွက်သွားချင်သော်လည်း သူက ရှေ့တည့်တည့်မှ လမ်းပိတ်ထားခဲ့သည်။

"ခွေးကောင်းမှန်ရင် လမ်းမပိတ်ရဘူး"

ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။

"မင်းက မောက်မာနေတုန်းပါလား။ သူတို့နှစ်ယောက်မရှိတော့ရင် ဘယ်သူမှ မင်းကို မကာကွယ်နိုင်ဘူး။ မင်းသတ်ခဲ့တဲ့ ဝိညာဥ်မြွေတွေကို မှတ်မိသေးလား။ သူတို့အားလုံးက ငါ့မျိုးနွယ်ဝင်တွေပဲ။ မင်းကို အသေဆိုးနဲ့သေအောင် သတ်ပစ်ပြီး လက်စားချေရမယ်။ နှစ်ပေါင်းများစွာမှာ တစ်ယောက်တည်းပေါ်လာတဲ့ အမှိုက်ကောင်။ ဒီဂုဏ်သတင်းက တော်တော်နာမည်ကြီးနေပြီ"

ချန်းယွမ်က ရယ်မောလှောင်ပြောင်လိုက်သည်။

"ငါ့အထင် မင်းကလည်း အမှိုက်ထက် မပိုပါဘူး။ ငါးကြိမ် ပြန်လည်ဝင်စားထားတာတောင်မှ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ကိုးတဲ့လား ဟား ဟား"

ယဲ့ချန်က ပြန်လည်လှောင်ပြောင်လိုက်သည်။ သူတို့က ရန်သူများဖြစ်နေသောကြောင့် နောက်ဆုတ်ပေးရန် အကြောင်းမရှိချေ။ သူ၏စကားကိုကြားသောအခါ ချန်းယွမ်၏မျက်နှာက မည်းနက်သွားသည်။ အမှန်တကယ်အားဖြင့် သူက ပေါင်းစပ်နှုန်းကို ယဲ့ချန်ထက် ပို၍အလေးထားသူဖြစ်ကာ အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများကြားတွင် ယဲ့ချန်ပြီးလျှင် အဆိုးဆုံးဟု သတ်မှတ်ခံထားရသည်။ မူလတွင် သူနှင့် ချိုးထိုက ဘုံရန်သူကိုတိုက်ခိုက်ရန် ပူးပေါင်းခဲ့သော်လည်း စမ်းသပ်မှုအပြီးတွ င်ချိုးထို၏မျက်လုံးများမှ အထင်သေးခြင်းအား တွေ့မြင်နိုင်ခဲ့သည်။ ဤအဖြစ်ကြောင့် သူက အလွန်ဒေါသထွက်နေသော်လည်း ချိုးထိုကို မထိရဲသောကြောင့် မျိုသိပ်ခဲ့ရသည်။

"အနည်းဆုံးတော့ မင်းလို သုညနဲ့အမှိုက်ကောင်ထက် သာတယ်။ ငါက ရွှမ်အဆင့်ထိရောက်အောင် ကျင့်ကြံပြီးရင် ရန်ယွင်မြို့တော်မှာ အထက်တန်းစားတစ်ယောက် ဖြစ်လာနိုင်ပေမယ့် မင်းကတော့ ဘာကောင်မှမဟုတ်ဘူး။ အခု ငါ့ကိုဒူးထောက်ပြီး ရှိခိုးတောင်းပန်ထားရင် မင်းကို အသက်ချမ်းသာပေးပြီး အစေခံရာထူးပေးမယ်။ ငါက ရန်ယွင်မြို့မှာ လက်အောက်ခံအများဆုံး ရှုချင်းရဲ့အင်အားစုနဲ့ ပူးပေါင်းထားတာကြောင့် မင်းကိုသတ်ချင်ရင် လွယ်လွန်းတယ်"

ချန်းယွမ်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။

"ဒါဆိုရင် မင်းက တခြားတစ်ယောက်ရဲ့ နောက်လိုက်ခွေးဖြစ်လာတာပေါ့။ ကြည့်ရတာ တစ်ဘဝလုံး နောက်လိုက်ခွေးအဖြစ်နဲ့ နေသွားရမယ်ထင်တယ်။ ငါ့ကိုသတ်နိုင် မသတ်နိုင်ကတော့ စောင့်ကြည့်ကြတာပေါ့"

ယဲ့ချန်က ချန်းယွမ်၏ရန်စမှုကို ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့သည်။

"ဒီမိန်းမနှစ်ယောက်က မင်းကို ကာကွယ်ပေးထားနိုင်မယ်လို့ မထင်နဲ့။ သူတို့ပြန်မလာခင် မင်းကို သင်ခန်းစာကောင်းကောင်းပေးပြမယ်"

ချန်းယွမ်က ထွက်ခွာသွားသော ယဲ့ချန်ကို အေးစက်စက်စိုက်ကြည့်၍ ကြုံးဝါးလိုက်ခြင်းဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီး၏ တင်းကြပ်သော ဥပဒေကြောင့် သူက လူပုံအလယ်တွင် မတိုက်ခိုက်ရဲပေ။ မနီးမဝေးရှိ ရှုချင်းသည် ယဲ့ချန်နှင့် ချန်းယွမ်၏ပဋိပက္ခကို သတိထားမိသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ပါရမီရှင်များ ထွက်ခွာသွားပြီးနောက် ရီရန်လည်း မြို့ဝန်အိမ်တော်သို့ပြန်သွားကာ ကျင့်ကြံသူများလည်း ဇရပ်အတွင်းမှ လူစုခွဲလိုက်ကြသည်။

ယဲ့ချန်အတွက် ပထမဆုံးအလုပ်သည် နေစရာရှာဖွေရန်ဖြစ်သည်။ ရန်ယွင်မြို့တော်အတွင်း နေထိုင်ခြင်းက တစ်ရက်လျှင် ဆည်းဆာရွှေရာချီ ကုန်ကျသည်။ သူက ဆည်းဆာရွှေသိန်းချီ ပိုင်ဆိုင်ထားသော်လည်း အသုံးအစွဲကို စိစစ်ချွေတာလိုသဖြင့် မြို့စွန်၌နေထိုင်ရန်သာ ရွေးချယ်ခဲ့သည်။ မြို့စွန်ဒေသက အလွန်ကျယ်ဝန်းပြီး သစ်သားအိမ်များစွာတည်ရှိကာ အရေအတွက်များလွန်းသဖြင့် လူနေထူထပ်ကြောင်း သိနိုင်သည်။ နေထိုင်သူအများစုမှာ ချီပင်လယ်အဆင့်မရောက်သေးသူများနှင့် ပေါင်းစပ်နှုန်းငါးအောက် နိမ့်ကျသူများဖြစ်ကြသည်။ သူတို့က အထက်တန်းစားများ၏နယ်မြေများတွင် အလုပ်သမားများအဖြစ် လုပ်ကိုင်ကာ ချီပင်လယ်အဆင့်သို့ရောက်လျှင် ဝင်ငွေတိုးလာသောကြောင့် ရန်ယွင်မြို့တော်အတွင်း ပြောင်းရွှေ့တတ်ကြသည်။

ယဲ့ချန်အနေဖြင့် ထျန်းယွမ်ငွေပြားရာချီ အသုံးပြုလျှင် နေစရာတစ်ခုကို ငှားရမ်းနိုင်ပြီး ထောင်ချီအသုံးပြုမည်ဆိုလျှင် အတန်အသင့်ကောင်းမွန်သော ခြံဝန်းနှင့် အိမ်ကို ငှားရမ်းနိုင်သည်။ သူ၏လက်မောင်းကာအတွင်းရှိနေသော ထျန်းယွမ်ငွေပြားများက လုံလောက်ပေလိမ့်မည်။

ထို့နောက် ယဲ့ချန်သည် မြို့စွန်တွင် နေ့စဥ်ငှားရမ်းခ ထျန်းယွမ်ငွေပြားသုံးထောင့်ငါးရာသုံးစွဲကာ အိမ်တစ်လုံး ငှားရမ်းခဲ့သည်။ ၎င်းက ရန်ယွင်မြို့၏ကျုံးအနီးတွင် တည်ရှိပြီး မိုးမခပင်များ ပေါက်ရောက်နေသောကြောင့် ရှုခင်းက အနည်းငယ်လှပသည်။ ထို့အပြင် မြို့ဝင်ပေါက်နှင့် အတန်ငယ်လှမ်းသောကြောင့် လူသွားလူလာနည်းပါးကာ တိတ်ဆိတ်လေသည်။

All Chapters