← Chapters

ဆေးစံအိမ်သို့ သွားရောက်ခြင်း

Vol. 38 Ch. 527

ဆေးစံအိမ်သို့ သွားရောက်ခြင်း

Vol. 38 Ch. 527

ခြံဝန်း၏ပိုင်ရှင်သည် ယဲ့ချန်ထံမှ လအနည်းငယ်စာ ငှားရမ်းခကို လက်ခံပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူ၏အဆိုအရ ဤခြံဝန်းအတွင်း နောက်ထပ်နေထိုင်သူ စုံတွဲတစ်တွဲနှင့် မိန်းကလေးတစ်ယောက် ရှိသော်လည်း ယဲ့ချန်က မမြင်ဖူးပေ။ အိမ်ကသေးငယ်သော်လည်း လိုအပ်သောအရာများပြည့်စုံပြီး သန့်ရှင်းသပ်ရပ်သောကြောင့် ငှားရမ်းခ ထျန်းယွမ်ငွေပြားရာချီသာ ကျသင့်သော မြို့စွန်ဒေသထက် ပိုသာနေခဲ့သည်။ ထျန်းယွမ်ငွေပြားသုံးထောင့်ငါးရာဆိုသည်မှာ အထက်တန်းစားများ၏ နယ်မြေတွင် တစ်နေ့တာလုပ်အားခနှင့် တူညီပေသည်။

ယဲ့ချန်သည် အိပ်ရာထက်တွင် တင်ပျဥ်ခွေထိုင်၍ ကိုယ်တွင်းရှိကြယ်ကိုးလုံးကို လည်ပတ်လိုက်သည်။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲကို စားသောက်ပြီးနောက် သူက ချီပင်လယ်အဆင့်နှစ်သို့ ချိုးဖျက်နိုင်ရုံသာမက အဆင့်သုံးသို့ပင် နီးကပ်လာခဲ့သည်။ ထို့နောက် နောက်ထပ်ငါးရက်ခြောက်ရက်ကြာလျှင် ချီပင်လယ်အဆင့်သုံးသို့ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ တာအိုနတ်အဆင့် ဝိညာဥ်သားရဲ၏အသားက ချီပင်လယ်အဆင့် ကျင့်ကြံသူများအတွက် များစွာအကျိုးရှိပြီး အထူးသဖြင့် ယဲ့ချန်ကဲ့သို့ အဆင့်တက်ပြီးကာစ ကျင့်ကြံသူများအတွက် အထူးကောင်းမွန်သည်။ နတ်မူလဆေးလုံး၏အာနိသင်က ၎င်းထက် များစွာသာလွန်ကြောင်း ကြားသိရသော ယဲ့ချန်က ထိုဆေးတစ်လုံးမျှ သုံးစွဲလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်မူလတိုက်ကြီးတွင် ချီပင်လယ်က ဖိနှိပ်ခံထားရပြီး ခန္ဓာကိုယ်အတွင်းမှ ၎င်းကိုထုတ်ဖော်ရန် အလွန်ခက်ခဲပြီး ရီရန်၏လေ့ကျင့်ကွင်းနှင့် ကောင်းကင်ဘုံများကဲ့သို့ ထူးခြားသည့်နေရာများ၌သာ လွတ်လပ်စွာ အသုံးပြုနိုင်သည်။ ယဲ့ချန်သည် နတ်ကိုယ်ပွားကျင့်စဥ်ဖြင့် နောက်ထပ်ယဲ့ချန်တစ်ယောက်ကို ထုတ်ဖော်လိုက်သည်။ ယဲ့ချန်တစ်ယောက်က အိမ်အတွင်း ကျင့်ကြံနေမည်ဖြစ်ပြီး ကျန်တစ်ယောက်က ရန်ယွင်မြို့၏ဆေးစံအိမ်တွင် အလုပ်သွားရှာရန် စီစဥ်ထားသည်။ အကယ်၍ သူက ဆေးပညာကိုသင်ယူနိုင်ခဲ့လျှင် ကျင့်ကြံရေးအတွက် အထောက်အကူဖြစ်ရုံသာမက ပန်းပဲဆရာများပြီးလျှင် ၎င်းက ဝင်ငွေကြမ်းသော အလုပ်အကိုင်တစ်ခုဖြစ်သည်။ သူက အခန်းတွင်းမှ ထွက်လာသောအခါ ခြံဝန်းအတွင်း အတန်ငယ်လှပသော မိန်းကလေးတစ်ယောက် ဝင်ရောက်လာခဲ့သည်။ သို့သော် သူမက သာမန်ထက်ပိုလှရုံသာဖြစ်ပြီး ထန်တိုက်လင်၊ ပိုလင်းနှင့် နင်အာတို့ကို လုံးဝမယှဥ်နိုင်ချေ။

"နင်ပါလား"

မိန်းကလေးက ယဲ့ချန်ကို မြင်လိုက်ရသောအခါ မင်သက်သွားခဲ့သည်။ သူမက စားသောက်ဆိုင်တွင် ယဲ့ချန်နှင့်တွေ့ဆုံဖူးသော အစေခံ သမင်မျိုးနွယ်ဝင်ဖြစ်သည်။

"ဟုတ်တယ်။ မင်္ဂလာပါ"

ယဲ့ချန်က ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ဖန်ရောင်သည် ကောင်းကင်မူလတိုက်ကြီး၏ သာမန်လူတန်းစားတစ်ယောက်ဖြစ်ကာ နိမ့်ကျသည့် မီးခိုးသမင်မျိုးနွယ်မှဖြစ်သည်။ သူမက ပေါင်းစပ်နှုန်းသုံးသာ ပိုင်ဆိုင်ထားသောကြောင့် အသက်ရှင်နိုင်ရန် ခက်ခဲစွာ ရုန်းကန်ရသည်။ မူလတွင် သူမက အထက်တန်းစားတစ်ယောက်၏အိမ်တော်မှ အိမ်စေဖြစ်ခဲ့သော်လည်း အမှားလုပ်မိသဖြင့် မောင်းထုတ်ခံလိုက်ရပြီး စားသောက်ဆိုင်၌ အစေခံဖြစ်လာခဲ့သည်။ သူမက ယဲ့ချန်ကို ဤနေရာတွင် မြင်လိုက်ရသောအခါ အလွန်အံ့သြသွားခဲ့သည်။ ယဲ့ချန်က စားသောက်ဆိုင်တွင် ဆည်းဆာရွှေသန်းချီတန်သော အစားအသောက်များကိုမှာယူခဲ့ပြီး ယိရန်နှင့် ရင်းနှီးပုံပေါ်သည်။ တစ်လလျှင် ဆည်းဆာရွှေငါးဆယ်ခန့်သာ ဝင်ငွေရှိသော သူမအတွက် စိတ်ကူးပင်မယဥ်နိုင်သည့် ပမာဏမျိုးဖြစ်သည်။ သူမ၏အမြင်တွင် ယဲ့ချန်သည် ကြွယ်ဝသော အထက်တန်းစားတစ်ယောက်ဖြစ်သောကြောင့် သေးငယ်သော ခြံဝန်းတစ်ခုတွင် လာရောက်နေထိုင်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် သူမ၏မျက်လုံးများက မျှော်လင့်ချက်ကြောင့် အလင်းရောင်တောက်ပလာသည်။

"နင်က ဒီမှာ နေမလို့လား။ ဘာအကူအညီလိုသေးလဲ"

ဖန်ရောင်က မေးလိုက်ခြင်းဖြစ်သည်။

"မင်းက ငါ့ကို ရန်ယွင်မြို့တော်ရဲ့ဆေးစံအိမ်ကို ခေါ်သွားပေးနိုင်မလား။ အဲ့ဒီမှာ ငါ လုပ်စရာရှိလို့"

ယဲ့ချန်က ငြင်းဆန်ရန်ပြင်လိုက်ပြီးမှ မြို့ခံတစ်ယောက်၏အကူအညီကို တောင်းခံရမည်ဟု သတိရသွားပြီး နှိမ့်ချစွာ အကူအညီတောင်းလိုက်သည်။

"သူက ဆေးရာတစ်ယောက်လား"

ကောင်းကင်မူလတိုက်ကြီးတွင် ပန်းပဲဆရာများပြီးလျှင် ဆေးဆရာများက အမြင့်မြတ်ဆုံး အလုပ်အကိုင်ဖြစ်သောကြောင့် ဖန်ရောင်၏မျက်လုံးများ ပို၍တောက်ပလာခဲ့သည်။ သူမ၏ဘဝပန်းတိုင်က လက်ရှိဘဝမှရုန်းထွက်နိုင်ရန် ချမ်းသာသော လင်တစ်ယောက်ရှာဖွေရန် ဖြစ်သည်။ ဆင်ခြေဖုံးဒေသတွင် နေထိုင်ရခြင်းက သူမကို စိတ်ပျက်ရွံရှာစေပြီး နေ့တိုင်းအသက်ရှင်နေရခြင်းအပေါ် စက်ဆုပ်နေမိသည်။ ဆည်းဆာရွှေသန်းပေါင်းများစွာ အသုံးပြုနိုင်သည့် ယဲ့ချန်ကို နှိမ့်ချစွာနေထိုင်သော လူချမ်းသာတစ်ယောက်ဟု ထင်မှတ်နေသဖြင့် သူမက ဤအခွင့်အရေးကို လက်လွှတ်မခံရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ယဲ့ချန်အနီးတွင် ထိုင်နေခဲ့သော ထန်တိုက်လင်၏အလှအကြောင်း စဥ်းစားမိလိုက်သောအခါ သူမက ကိုယ့်ကိုကိုယ်နိမ့်ကျသွားသယောင် ခံစားလိုက်ရသည်။ သူမက ယဲ့ချန်ထံမှ များစွာမျှော်လင့်မထားဘဲ မြို့စွန်ဒေသအစား ရန်ယွင့်မြို့တော်၌ နေထိုင်ခွင့်ရလျှင် ကိုယ်လုပ်တော်အဖြစ် အသုံးတော်ခံရန် ဆန္ဒရှိပေသည်။

"ရပါတယ်။ ဆေးစံအိမ်မှာ ငါ့မိတ်ဆွေတစ်ယောက် ရှိတယ်။ နင့်ကို ခေါ်သွားပေးမယ်"

ဖန်ရောင်က များစွာစဥ်းစားမနေဘဲ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။

"ကောင်းပါပြီ။ ဒါဆိုရင် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ မင်းရဲ့နာမည်ကို မသိရသေးဘူးနော်"

ယဲ့ချန်က ကျေးဇူးတင်လိုက်ပြီး အချိန်တန်လျှင် သူမကို အစားအသောက်ဖြင့်ဧည့်ခံရန် စဥ်းစားထားခဲ့သည်။

"မီးခိုးသမင်မျိုးနွယ်က ဖန်ရောင်လို့ ခေါ်ပါတယ်"

ဖန်ရောင်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် သားရဲများနှင့် လူသားများက လူ့အဖွဲ့အစည်းတွင် ယှဥ်တွဲနေထိုင်ကြသောကြောင့် ဓလေ့စရိုက်ချင်း တူညီလာခဲ့သည်။ ဖန်ရောင်၏ဦးဆောင်မှုဖြင့် ယဲ့ချန်သည် ရန်ယွင်မြို့တော်အတွင်း ဦးတည်ထွက်ခွာလာခဲ့သည်။

"နင်က ဘယ်ကျင့်ကြံဆင့်မှာလဲ"

ဖန်ရောင်က ယဲ့ချန်အကြောင်း ပိုမိုသိရှိလိုသဖြင့် စပ်စုနေခဲ့သည်။

"ချီပင်လယ်အဆင့်"

ကောင်းကင်မူလတိုက်ကြီးတွင် သူ၏ကျင့်ကြံဆင့်က သာမန်ဖြစ်သောကြောင့် ယဲ့ချန်က ဖုံးကွယ်မနေခဲ့ပေ။

"ချီပင်လယ်အဆင့်လား"

ဖန်ရောင်၏မျက်နှာထက်တွင် စိတ်ပျက်မှုများ ထင်ဟပ်လာသည်။ ရန်ယွင်မြို့တော်တွင် ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်က အထက်တန်းစားတစ်ယောက်ဖြစ်နေရန် အကြောင်းမရှိပေ။

"ခြံဝန်းထဲမှာ ငါတို့လိုမျိုးငှားရမ်းနေထိုင်တဲ့ စုံတွဲတစ်တွဲ ရှိတယ်။ မိန်းမဖြစ်သူက အလွန်လှပတော့ အထက်တန်းစားတစ်ယောက်က သူမကိုနှစ်သက်ခဲ့ပြီး ကိုယ်လုပ်တော်အဖြစ် တော်ကောက်ခဲ့ပေမယ့် ငြင်းဆန်ပြီး ချီပင်လယ်အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ကို လက်ထပ်ခဲ့တယ်။ ယောကျ်ားရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ငါးသာရှိလို့ ငါ့အထင်ပြောရရင် သူက တစ်ဘဝလုံး ရွှမ်အဆင့်ကိုတက်နိုင်မှာမဟုတ်ဘဲ အောက်ခြေမှာသာ အသက်ရှင်ရလိမ့်မယ်"

ဖန်ရောင်က လမ်းလျှောက်ရင်း ခြံဝန်းအတွင်း နေထိုင်သူများအကြောင်း ပြောပြနေခဲ့သည်။ သူမ၏လေသံအရ တိတ်တဆိတ်နားထောင်နေသော ယဲ့ချန်က သူမ၏စိတ်ဓာတ်ညံ့ဖျင်းပုံကို သတိထားမိလိုက်သည်။ သို့သော်လည်း သူက အပြင်လူတစ်ယောက်ဖြစ်သည့်အပြင် ဖန်ရောင်ထံ အကူအညီတောင်းထားမိသဖြင့် တစ်စုံတစ်ရာ မပြောခဲ့ပေ။

"သူမက အထက်တန်းစားကို စော်ကားထားတော့ ယောကျ်ားဖြစ်သူက ရန်ယွင်မြို့အတွက် ကုန်ပစ္စည်းတွေကို သယ်ပေးတဲ့အလုပ်ကိုသာ လုပ်ကိုင်ရတယ်။ သူ့နေစဥ်ဝင်ငွေက ဆည်းဆာရွှေတစ်ပြားတည်းသာရလို့ လပေါင်းများစွာစုဆောင်းရင်တောင် သာမန်ဆေးတစ်လုံးဝယ်ဖို့ မဖြစ်နိုင်ဘူး။ သူက ကောင်းကင်ဘုံငယ်တွေထဲကိုလည်း ဝင်ခွင့်မရဘူး။ ငါသာ ဒီမိန်းမနေရာမှာဆိုရင် အထက်တန်းစားကို လက်ထပ်လိုက်မယ်။ အနည်းဆုံးတော့ နေဖို့စားဖို့ မပူရတော့ဘူးပါ့။ စကားမစပ် နင့်ရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ဘယ်လောက်လဲ"

"သုည"

ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်သည်။

"နင်က နောက်နေတာ မဟုတ်ဘူးလား။ ဘယ်သူက ပေါင်းစပ်နှုန်း သုညရှိလို့လဲ"

ဖန်ရောင်က တခစ်ခစ်ရယ်မောလိုက်သော်လည်း တစ်ခုခုကို ရုတ်တရက်တွေးမိလိုက်သည်။ အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူတစ်ယောက်က ပေါင်းစပ်နှုန်းသုညသာရှိသည်ဟူသော သတင်းကို သူမက သိထားသဖြင့် မျက်နှာထား အနည်းငယ်ပျက်သွားခဲ့သည်။

"ငါ အမှန်အတိုင်းပြောတာပါ"

ဖန်ရောင်၏မျက်နှာထား အပြောင်းအလဲကို သတိထားမိသော်လည်း ယဲ့ချန်က ဂရုမစိုက်ပေ။ သူ့အတွက် ဖန်ရောင်က ဖြတ်သွားဖြတ်လာတစ်ယောက်ဖြစ်၍ သူမ၏အတွေးများကို လျစ်လျူရှုထားလိုက်သည်။

"ရှေ့ဆိုရင် ဆေးစံအိမ်ကိုရောက်ပြီ။ ငါနဲ့အတူ လိုက်လာခဲ့"

ဖန်ရောင်၏မျက်နှာက ခပ်တည်တည်ဖြစ်သွားသဖြင့် သူမ၏အတွေးများကို ခန့်မှန်းနိုင်ရန် မလွယ်ချေ။ ဆေးစံအိမ်သည် ခန်းမကြီးတစ်ခုနှင့်တူညီပြီး ဆေးဆရာဝတ်ရုံကိုယ်စီနှင့် ကျင့်ကြံသူများ အချိန်တိုင်း ဝင်ထွက်သွားလာနေကြသည်။ ဆေးဆရာများကို ရန်ယွင်မြို့တွင် မည်သူမှမစော်ကားရဲသောကြောင့် သူတို့အားလုံးက အဆင့်အတန်းမြင့်သူများဖြစ်ကြသည်။ ဖန်ရောင်နှင့် ယဲ့ချန်သည် မြင့်မားပြီးကျယ်ဝန်းသော ခန်းမတစ်ခုအတွင်း ဝင်ရောက်လိုက်ကြသည်။ ကြမ်းပြင်တွင် ကျောက်စိမ်းဖြူများခင်းထားသဖြင့် တဖိတ်ဖိတ်တောက်ပနေကာ လူတိုင်းက ကိုယ်စီအလုပ်ရှုပ်နေကြသဖြင့် သူတို့ကို ကြည့်ပင်မကြည့်ချေ။ ဖန်ရောင်သည် ဧည့်ကြိုဟုထင်မှတ်ရသူတစ်ဦးနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် သူက ဖန်ရောင်နှင့် ယဲ့ချန်ကို အခန်းတစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ အချိန်ခဏအကြာတွင် သာမန်ဆန်သော်လည်း မျက်လုံးများတောက်ပနေသော လူငယ်တစ်ယောက်ရောက်ရှိလာကာ ဖန်ရောင်ကိုမြင်သောအခါ စိတ်အားထက်သန်စွာ လျှောက်လှမ်းလာခဲ့၏။

"ဖန်ရောင် ဘာကိစ္စရှိလို့လဲ"

လူငယ်က ဖန်ရောင်စိတ်ကျေနပ်စေရန် ကြင်နာစွာ မေးလိုက်ခြင်းဖြစ်သည်။

"သူက ဆေးစံအိမ်မှာ အလုပ်တစ်ခုလိုချင်လို့တဲ့။ နင့်အထင် သူ့ကို ကူညီပေးနိုင်မလား"

ဖန်ရောင်က မနှစ်မြို့ဟန်ဖြင့် အေးစက်စက်ပြောလိုက်သည်။ သူမ၏ ယဲ့ချန်အပေါ်သဘောထားက ချက်ချင်းပြောင်းလဲသွားပြီဖြစ်သည်။

"ငါက မီးခိုးသမင်မျိုးနွယ်က ရွှမ်အန်းဖြစ်ပါတယ်။ မင်း ငါ့နာမည်ကို ခေါ်နိုင်ပါတယ်။ မင်းက ဖန်ရောင်ရဲ့မိတ်ဆွေဆိုမှတော့ ငါတတ်နိုင်သလောက် ကူညီပေးပါမယ်"

ရွှမ်အန်းက ရိုးသားစွာပြုံး၍ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။ သူ၏ရိုးသားမှုကြောင့် ယဲ့ချန်က ရွှမ်အန်းအပေါ် အကောင်းမြင်လာခဲ့သည်။

"မင်းရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ပြောပြပေးပါ"

ပေါင်းစပ်နှုန်းက ကျင့်ကြံခြင်းပါရမီနှင့်သာမက ဆေးပညာနှင့်ဆက်စပ်နေသောကြောင့် ရွှမ်အန်းက စုံစမ်းလိုက်ခြင်းဖြစ်သည်။

"ငါက အရှေ့ပိုင်းတိုက်ကြီးက ကျင့်ကြံသူဖြစ်ပြီး ပေါင်းစပ်နှုန်းသုညပါ"

ယဲ့ချန်က အမှန်အတိုင်းဖြေလိုက်သည်။

"မင်းက နာမည်ကြီးနေတဲ့ တစ်ယောက်လား"

ရွှမ်အန်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး အံ့သြနေခဲ့သည်။

"ဟုတ်တယ်"

ရွှမ်အန်းက အံ့သြသွားသော်လည်း အထင်သေးသော အရိပ်အယောင်မရှိသဖြင့် ဖန်ရောင်နှင့် စိတ်သဘောထားချင်းကွာခြားကြောင်း ယဲ့ချန်က ပြောနိုင်သည်။ အနားတွင်ရှိနေသော ဖန်ရောင်သည် ယဲ့ချန်ကို ချမ်းသာသော အထက်တန်းစားတစ်ယောက်ဟု ထင်ထားသော်လည်း အမှန်တကယ်၌ နာမည်ကြီးအမှိုက်ကောင်ဖြစ်နေသောကြောင့် စိတ်ပျက်စွာ မျက်မှောင်ကြုတ်နေခဲ့သည်။

"ဒါဆိုရင် အလုပ်ရှာပေးဖို့ ခက်လိမ့်မယ်။ ကြယ်တစ်ပွင့်ဆေးဆရာရဲ့ အလုပ်သင်ဖြစ်ဖို့တောင် ပေါင်းစပ်နှုန်းက အနည်းဆုံး ငါးလိုအပ်တယ်။ မင်းက ဆေးပညာအခြေခံကို သိလား"

ရွှမ်အန်းက ခေါင်းကုတ်၍ အခက်တွေ့နေဟန်ဖြင့် မေးလိုက်သည်။

"သိပါတယ်"

အရှေ့ပိုင်းတိုက်ကြီး၏ ဆေးပညာက ကောင်းကင်မူလတိုက်ကြီးတွင် အခြေခံဆေးပညာဖြစ်သောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် အဆင်ပြေပြီ။ ငါက မင်းကို ကြယ်တစ်ပွင့်ဆေးဆရာတစ်ယောက်ဆီမှာ ထောက်ခံပေးမယ်။ မင်းက မီးလျှံတွေကိုထိန်းချုပ်ဖို့ တာဝန်ယူပေးရမယ်။ တစ်ရက်ကို ထျန်းယွမ်ငွေပြားငါးထောင်ရမှာဖြစ်ပြီး အလုပ်ကြိုးစားရင် ဆည်းဆာရွှေတစ်ပြားရနိုင်တယ်။ ဘယ်လိုသဘောရလဲ"

"ငါလုပ်မယ်"

ယဲ့ချန်၏ရည်ရွယ်ချက်က ပိုက်ဆံရှာရန်မဟုတ်ဘဲ ကောင်းကင်မူလတိုက်ကြီးရှိ ဆေးပညာသင်ယူရန်ဖြစ်သောကြောင့် ချက်ချင်းသဘောတူလိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် ငါ ချက်ချင်းစီစဥ်ပေးမယ်။ မင်းကို ဘယ်လိုဆက်သွယ်ရမလဲ"

ရွှမ်အန်းက ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။

"ငါက မိန်းကလေးဖန်ရောင်နေတဲ့ ခြံဝန်းမှာ နေထိုင်ပါတယ်"

ယဲ့ချန်၏အဖြေကြောင့် ရွှမ်အန်းက မင်သက်သွားသော်လည်း ဖန်ရောင်က ယဲ့ချန်အပေါ် စိတ်ပျက်နေဟန်ရှိသောကြောင့် စုံတွဲများမဟုတ်ကြောင်း နားလည်လိုက်သည်။

"ငါသိပြီ။ မင်းကလည်း ခြံဝန်းအတွင်းမှာ အိမ်ငှားနေတာမလား။ မစိုးရိမ်ပါနဲ့။ အလုပ်ရဖို့အတွက် စိတ်ချထားလိုက်ပါ"

ရွှမ်အန်းက ယဲ့ချန်ကို ကတိပေးပြီးနောက် ဆေးစံအိမ်အတွင်း အလုပ်လုပ်ရန် ပြန်လည်ထွက်ခွာသွားခဲ့သည်။

All Chapters