← Chapters

အဆင့်နိမ့်သူများ

Vol. 38 Ch. 528

အဆင့်နိမ့်သူများ

Vol. 38 Ch. 528

ဖန်ရောင်သည် ယဲ့ချန်က နာမည်ကြီးအမှိုက်ကောင်ဟု ထင်မထားသည့်အပြင် သူက ကြယ်တစ်ပွင့်ဆေးဆရာအတွက် မီးမွှေးပေးရသူတစ်ယောက် ဖြစ်လာမည်ကို မျှော်လင့်မထားပေ။ သူမ၏အထင်တွင် ယဲ့ချန်က နှိမ့်ချစွာနေထိုင်သော လူချမ်းသာတစ်ယောက်ဟု အထင်လွဲမှားခဲ့သည်။ ယိရန်၏စားသောက်ဆိုင်တွင် ယဲ့ချန်ကိုယ်တိုင် ဆည်းဆာရွှေသန်းချီတန်သော အစားအသောက်များကို သုံးဆောင်ခြင်းအား သူမကိုယ်တိုင် မြင်ခဲ့ရသောကြောင့်ဖြစ်သည်။

"အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ငါက မိန်းကလေးဖန်ကို တစ်နပ်စာလောက် ဧည့်ခံပါရစေ"

ယဲ့ချန်သည် ဖန်ရောင်၏သဘောထားအပြောင်းအလဲကို သတိထားမိသော်လည်း ယဥ်ကျေးစွာ ဖိတ်ခေါ်ခဲ့လိုက်သည်။

"ဧည့်ခံမယ် ဟုတ်လား။ ဆရာယိရန်ရဲ့စားသောက်ဆိုင်အနားတောင် နင့်ဝင်ငွေနဲ့ ကပ်နိုင်မှာမဟုတ်ဘူး။ နင့်လိုလူတစ်ယောက်နဲ့ လမ်းဘေးမှာ အတူစားသောက်ဖို့ ငါ စိတ်မဝင်စားဘူး"

"ဒီနေ့ ငါ နေမကောင်းဘူးလို့ ခံစားနေရတယ်။ အရင်ပြန်နှင့်မယ်"

ဖန်ရောင်က စိတ်ထဲမှကျိန်ဆဲလိုက်ပြီး စကားအဆုံးတွင် ရိုင်းပျစွာဖြင့် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ သူမ၏နောက်ကျောကို ကြည့်နေသော ယဲ့ချန်၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဖန်ရောင်ငြင်းဆန်လိုက်ခြင်းကို သူကိုယ်တိုင်မျှော်လင့်ထားပြီး ဤသို့သောလူစားမျိုးနှင့် ပတ်သက်ဆက်ဆံလိုခြင်း မရှိပေ။ သူက ခြံဝန်းသို့ တစ်ကိုယ်တော်ပြန်လာခဲ့ပြီး ၎င်းက မြို့အစွန်အဖျားတွင် တည်ရှိသော်လည်း တိတ်ဆိတ်ငြိမ်သက်၍ ကျင့်ကြံရေးအတွက် သင့်တော်သော နေရာတစ်ခုဖြစ်သည်။ ယဲ့ချန်တစ်ယောက်က အခန်းတွင်း၌ ကောင်းကင်ချီကျင့်ကြံနေစဥ် ကျန်တစ်ယောက်က လျှို့ဝှက်ကျင့်စဥ်များကို ခြံဝန်းအတွင်း လေ့ကျင့်နေခဲ့သည်။

သေးငယ်သော ခြံဝန်းအတွင်း ကျောက်တုံးအနည်းငယ်ရှိနေပြီး နက်ရှိုင်းသောအချိုင့်များ ဖြစ်ပေါ်နေသည်။ ၎င်းတို့က အလွန်ချောမွေ့သောကြောင့် အားသုံးဖန်တီးထားခြင်းမဟုတ်ဘဲ အချိန်ကြာမြင့်စွာထိုင်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ဤကျောက်တုံးများပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပုံရသည်။ သူက ကျောက်တုံးတစ်ခုရွေးချယ်၍ တင်ပျဥ်ခွေထိုင်လိုက်ပြီး လျှို့ဝှက်ကျင့်စဥ်များလေ့လာနေစဥ် ခြံဝန်းတံခါးက တွန်းဖွင့်ခံလိုက်ရပြီး စုံတွဲတစ်တွဲ ဝင်ရောက်လာခဲ့သည်။ အမျိုးသားဖြစ်သူက အသက်နှစ်ဆယ့်ခုနစ်အရွယ်ရှိပြီး များစွာမချောမောသော်လည်း ယောကျ်ားပီသသူဖြစ်သည်။ သူ၏မျက်နှာက တည်ကြည်ပြီး မျက်လုံးများက တောက်ပနေကာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး ဝတ်စုံက ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။ အမျိုးသမီးဖြစ်သူက အသက်နှစ်ဆယ်အရွယ်ဖြစ်ကာ သေးသေးသွယ်သွယ် ကျစ်ကျစ်လစ်လစ်နှင့်လှပသူဖြစ်ကာ ချစ်စဖွယ်ကောင်းသည်။ သူမ၏အလှက မင်သက်လောက်အောက်မဟုတ်သော်လည်း သိမ်မွေ့ကြင်နာပုံပေါ်သည်။ နှစ်ယောက်လုံးက လူသားမျိုးနွယ်မှဖြစ်ပြီး ယဲ့ချန်ကို ရုတ်တရက်မြင်လိုက်ရသောအခါ အံ့သြသွားသော်လည်း ခဏအတွင်း ခြံဝန်း၌ နောက်ထပ်ငှားရမ်းသူအသစ်တစ်ယောက် တိုးလာကြောင်း နားလည်သွားခဲ့သည်။

"ငါက ကုလန်ပါ။ ဒါက ငါ့ဇနီး လင်းယုပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ မိတ်ဆွေ"

ကုလန်က လက်နှစ်ဖက်ဆုပ်၍ ယဲ့ချန်ကို မိတ်ဆက်လိုက်သည်။

"ငါကယဲ့ချန်ပါ။ ကြည့်ရတာ အခုကစလို့ အိမ်နီးချင်းတွေ ဖြစ်လာကြတော့မယ်ထင်တယ်"

ယဲ့ချန်က ကုရန်ကို အပြုံးဖြင့် ပြန်လည်မိတ်ဆက်၍ လင်းယုကို ခေါင်းညိတ်ပြလိုက်သည်။ ကုလန်သည် ချီပင်လယ်အဆင့်ငါး ကျင့်ကြံသူဖြစ်သောကြောင့် အရှေ့ပိုင်းတိုက်ကြီး၌ဆိုလျှင် ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သော်လည်း ဤနေရာတွင် လူမသိသူမသိ ခက်ခဲစွာ ရှင်သန်နေရသည်။ သိမ်မွေ့ကြင်နာပုံပေါ်သော လင်းယုက ကုလန်ထက် ကျင့်ကြံဆင့် အနည်းငယ်ပိုသာနေခဲ့သည်။ ဖန်ရောင်၏စကားများအရ သူတို့၏အခြေအနေကို ယဲ့ချန်က နားလည်ထားသည်။ လင်းယုသည် အထက်တန်းစားတစ်ယောက်၏ သွေးဆောင်မှုကို ငြင်းပယ်ကာ ချစ်သူကို သတ္တိရှိရှိရွေးချယ်ခဲ့သောကြောင့် ယဲ့ချန်က လေးစားနေမိသည်။

ကုလန်သည်လည်း ယဲ့ချန်က ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အာရုံခံနိုင်ခဲ့သည်။ ယဲ့ချန်က သူ့အောက် အနည်းငယ်အားနည်းသော်လည်း ဤကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ရန်ယွင်မြို့တော်အတွင်း အလုပ်တစ်ခုရှာဖွေ၍ နေထိုင်နိုင်သည်။ ထို့ကြောင့် မြို့စွန်ရှိခြံဝန်းတစ်ခုတွင် လာရောက်နေထိုင်ရသော အကြောင်းအရင်းကို သိချင်နေခဲ့သည်။ သူ၏အကြောင်းအရင်းကမူ အထက်တန်းစားတစ်ယောက်ကို ဆန့်ကျင်မိသောကြောင့်ဖြစ်သည်။

"နောက်ကျနေပြီ အစ်ကိုယဲ့။ ညစာ အတူတူစားရအောင်"

ကုလန်က ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

"ဒါဆိုရင် ကျုပ် အားမနာတော့ဘူး"

ကုလန်၏ဖိတ်ကြားချက်က ရိုးသားသောကြောင့် ယဲ့ချန်က အတူတူညစာသုံးဆောင်ရန် သဘောတူလိုက်သည်။

"ရှင်မရေ ညစာလေး ပြင်ပေးပါလားကွယ်။ ဒီနေ့ ငါက အစ်ကိုယဲ့နဲ့ သေရည်နည်းနည်းလောက် သောက်ချင်မိတယ်"

ကုလန်က တစ်ချက်ပြုံး၍ လင်းယုကို တောင်းဆိုလိုက်သည်။

"ကောင်းပါပြီရှင်"

လင်းယုက ယဥ်ကျေးစွာခေါင်းညိတ်၍ သူတို့၏အိမ်ထံ ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်နှင့်ကုလန်က စကားစမြည်ပြောပြီး ခဏအကြာတွင် သူမက စားပွဲငယ်တစ်လုံးနှင့် ခုံပုကလေးသုံးလုံးကို ခြံဝန်းအတွင်း ခင်းကျင်းလိုက်၏။ ကုလန်က စားပွဲပေါ်တွင် အစားအသောက်များခင်းကျင်းနေသော လင်းယုကို ကူညီပေးနေသည့်မြင်ကွင်းက အမှန်တကယ် နွေးထွေးလှသည်။ အချိန်တစ်ခုအကြာတွင် အစားအသောက်များပြင်ဆင်ပြီးနောက် ကုလန်နှင့် လင်းယုက ယဲ့ချန်ကို နေရာချပေးပြီး မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။

"အစ်ကိုယဲ့က ဒီရိုးရှင်းလှတဲ့ ညစာကို စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်"

လင်းယုက ယဲ့ချန်နှင့်ကုလန်အတွက် ထမင်းခူးပေးနေရင်း ချိုသာယဥ်ကျေးစွာ ပြောလိုက်ခြင်းဖြစ်သည်။

"အမလင်းက အားနာလွန်းနေပါပြီ။ ဒီညစာက အရမ်းကောင်းနေပါပြီဗျာ"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ စားပွဲပေါ်ရှိ မွှေးပျံ့သော ဟင်းအများစုက အသီးအရွက်များဖြစ်သော်လည်း ဆေးဖက်ဝင်သစ်ပင်များကို ချက်ပြုတ်ထားခြင်းဖြစ်သည်။ ရှားပါးသော ငါးဟင်းတစ်ပွဲလည်း ပါဝင်နေပြီး အရှေ့ပိုင်းတိုက်ကြီး၌ဆိုလျှင် ၎င်းတို့က အလွန်အဖိုးတန်သော ဟင်းပွဲများဖြစ်ပေလိမ့်မည်။ ကုလန်နှင့် လင်းယုက ယဲ့ချန်၏ပွင့်လင်းဖော်ရွေမှုကြောင့် ကျေနပ်စွာ ပြုံးလိုက်မိကြသည်။

"ကျုပ်မှာ သေရည်နည်းနည်းရှိတယ်။ အစ်ကိုကု အတူသောက်ဖို့ ဖိတ်ခေါ်ပါရစေ။ အမလင်းလည်း နည်းနည်းသောက်ပါဦး"

ယဲ့ချန်သည် မရဏနန်းတော်မှရရှိလာခဲ့သော သေရည်အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ခရားအဖုံးကို ဖွင့်လိုက်သောအခါ သေရည်နံ့က ခြံဝန်းတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။

"သန့်စင်လိုက်တဲ့ ကျောက်စိမ်းသစ်ခွသေရည်ပါလား"

သေရည်အနံ့ကြောင့် ကုလန်က ခဏတာ မင်သက်သွားခဲ့သည်။

"ဒီသေရည်အကြောင်း အစ်ကိုကု ဘာသိထားလဲ"

ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။

"အစ်ကိုယဲ့က ဒီသေရည်အကြောင်း မသိဘူးလား"

ကုလန်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ပြန်မေးသည်။

"ကျုပ်က ဒါကို အခွင့်အရေးရလို့ တွေ့လာခဲ့တာပါ။ သေရည်နာမည်ကိုတောင် မသိပါဘူးဗျာ"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။

"အစ်ကိုယဲ့ ဒီသေရည်က ဆည်းဆာရွှေတစ်သောင်းကျော် ပေးဝယ်ရတယ်။ ဒါကို ဒီအတိုင်းသောက်ရင် အာနိသင်ပြဖို့ မဖြစ်နိုင်ဘူး။ ကျောက်စိမ်းသစ်ခွအသီးကို သေရည်ထဲမှာစိမ်ပြီး သောက်မယ်ဆိုရင် ကျင့်ကြံခြင်းအတွက် အလွန်ကောင်းမွန်တယ်"

ကုလန်က ကျောက်စိမ်းသစ်ခွသေရည်အကြောင်း ရှင်းပြလိုက်၏။

"ကျောက်စိမ်းသစ်ခွသစ်သီး အစ်ကိုကုမှာ ရှိလား"

မရဏနန်းတော်မှ ရရှိလာသော သေရည်များက ခရားတစ်အိုးလျှင် ဆည်းဆာရွှေတစ်သောင်းကျော် စျေးရှိနေမည်ဟု ယဲ့ချန်က ထင်မထားခဲ့ပေ။ ယဲ့ချန်က ကျောက်စိမ်းသစ်ခွသစ်သီးအကြောင်းကိုပင် မသိထားသောအခါ ကုလန်က အံ့သြနေခဲ့သည်။

"အစ်ကိုကု ဒီလောက်အံ့သြမနေပါနဲ့။ ကျုပ်က အရှေ့ပိုင်းတိုက်ကြီးကလာတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ ကောင်းကင်မူလတိုက်ကြီးမှာ နေထိုင်သူ မဟုတ်ပါဘူး"

ကုလန်၏မျက်နှာအမူအရာကြောင့် ယဲ့ချန်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။

"အရှေ့ပိုင်းတိုက်ကြီးက ယဲ့ချန်။ အစ်ကိုယဲ့ ကကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညပိုင်ရှင်လား"

ကုလန်သည် ရန်ယွင်မြို့တော်အတွင်း လတ်တလောထွက်ပေါ်နေသော သတင်းအကြောင်း သတိရလိုက်သည်။ အရှေ့ပိုင်းတိုက်ကြီးမှ ရွှေ့ပြောင်းလာသူများတွင် အချို့ကို သိုင်းဒေသကြီးများက ခေါ်ဆောင်သွားသောကြောင့် ရန်ယွင်မြို့၌ နှစ်ယောက်တည်းသာ ကျန်ရစ်ကြောင်း သူက သိရှိထားသည်။

"ဟုတ်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မရှိပါနဲ့။ ငါ စကားပြောတာ လောသွားတယ်"

ကုလန်က သူစကားမှားသွားကြောင်း နားလည်လိုက်သဖြင့် ချက်ချင်းတောင်းပန်လိုက်၏။ ဤအချက်က တစ်ဖက်လူ၏ အားနည်းချက်ဖြစ်နေသောကြောင့် ထုတ်ပြောရန် မသင့်တော်ချေ။

"အဆင်ပြေပါတယ်ဗျာ။ ကြည့်ရတာ ကျုပ်က အတော်ကျော်ကြားနေပြီထင်တယ်"

သို့သော် ယဲ့ချန်ကမူ ပေါင်းစပ်နှုန်းသုညအကြောင်း စိတ်ထဲထည့်မထားသဖြင့် ရယ်ရယ်မောမောနှင့် ခေါင်းယမ်းပြလိုက်သည်။

"အစ်ကိုယဲ့က အတော်ပွင့်လင်းတဲ့ လူတစ်ယောက်ပဲ။ ကျုပ်လည်း အစ်ကို့လိုပဲ ပေါင်းစပ်နှုန်းသုညအပေါ် မယုံပါဘူး။ ကျောက်စိမ်းသစ်ခွသစ်သီးက အတော်စျေးပေါလို့ အိမ်တိုင်းမှာ အနည်းငယ်ရှိကြပါတယ်။ ငါက ရှင်မကို အစ်ကိုယဲ့အတွက် ကျောက်စိမ်းသစ်ခွသစ်သီးသွားယူပေးဖို့ ပြောလိုက်ပါမယ်"

ယဲ့ချန်စိတ်မကွက်သည်ကို မြင်သောအခါ ကုလန်က တစ်ချက်ပြုံးလိုက်သည်။

"ဒါဆိုရင် အမလင်းကို ဒုက္ခပေးမိပါပြီ။ အစ်ကိုကုနဲ့ ကျုပ် သေရည်သောက်ဖို့အတွက် ပြင်ဆင်ပေးပါဦး"

ယဲ့ချန်က တောင်းဆိုလိုက်သည်။ ဤသေရည်က ဆည်းဆာရွှေသောင်းချီထိုက်တန်သော်လည်း သူက မြည်းစမ်းလိုနေခဲ့သည်။

"အစ်ကိုယဲ့ ဒီလိုမလုပ်ပါနဲ့။ ဒီသေရည်က အရမ်းစျေးကြီးတော့ ငါသောက်လိုက်ရင် အလဟဿဖြစ်သွားနိုင်တယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ ကုလန်က လက်ကာပြ၍ ချက်ချင်းငြင်းဆန်လိုက်သည်။

"ဟား ဟား အစ်ကိုကု ဒီလောက်အားနာနေစရာ မလိုပါဘူး။ ဒီနေ့ ကျုပ်က အစ်ကိုကုကို ဒကာခံပါမယ်။ အတူတူသောက်ကြမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ တိုက်တွန်းလိုက်သည်။

"ဒါဆိုရင် ငါက ဒီနေ့ အစ်ကိုယဲ့ရဲ့စေတနာကို လက်ခံလိုက်ပါမယ်။ အနာဂတ်မှာ အကူအညီတစ်ခုခုလိုအပ်လာလို့ ငါကူညီနိုင်စွမ်းရှိရင် နောက်မတွန့်စေရဘူး"

ကုလန်က အကြိမ်အနည်းငယ် ငြင်းဆန်နေသော်လည်း ယဲ့ချန်က ဆက်တိုက်တိုက်တွန်းနေသဖြင့် ခေါင်းညိတ်လက်ခံရုံသာ တတ်နိုင်ခဲ့သည်။ အချိန်ခဏအကြာတွင် လင်းယုသည် ကျောက်စိမ်းသစ်ခွသစ်သီးအချို့ကို ထုတ်ယူလာကာ သေရည်ခရားအတွင်း စိမ်လိုက်သည်။ ပိုမိုပြင်းထန်သော သေရည်ရနံ့တစ်ခုက ခရားအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"လာပါ အစ်ကိုကုကို တစ်ခွက်လောက် ဂုဏ်ပြုပေးပါရစေ"

ယဲ့ချန်က ကုလန်အတွက် သေရည်ငှဲ့ပေးလိုက်ပြီး သူ့အတွက် တစ်ခွက်ငှဲ့ကာ ခွက်ချင်းတိုက်လိုက်သည်။ သူတို့က ခွက်များကိုမ၍ သေရည်ကိုယ်စီ သောက်သုံးနေခဲ့ကြသည်။ သူတို့က သေရည်ခွက်အနည်းငယ် သောက်သုံးခဲ့ပြီး လင်းယုကလည်း သေရည်အနည်းငယ် မြည်းစမ်းခဲ့သည်။ တတိယမြောက်သေရည်ခွက်ကို သောက်သုံးပြီးနောက် ကုလန်သည် ယဲ့ချန်ကိုအားနာသဖြင့် သေရည်များကို ပြန်လည်သိမ်းဆည်းထားရန် တိုက်တွန်းခဲ့သည်။ ညနက်လာသောအခါ လက ကောင်းကင်တွင် မြင့်တက်လာ၍ ခြံဝန်းအတွင်း လရောင်ဖြာကျလာခဲ့သည်။ သူတို့သုံးယောက်က ခုံပုကလေးများပေါ်တွင် ကိုယ်စီထိုင်၍ စကားစမြည်ပြောဆိုနေကြသည်။ ကုလန်နှင့်လင်းယုစုံတွဲက ရိုးသားပွင့်လင်းသူများဖြစ်သောကြောင့် ယဲ့ချန်သည် သူတို့နှင့် ရင်းနှီးခင်မင်လာခဲ့သည်။

"အစ်ကိုယဲ့ အနာဂတ်အတွက် ဘာလုပ်ဖို့ စီစဥ်ထားလဲ"

ကောင်းကင်ထက်ရှိလကို ငေးကြည့်နေသော ကုလန်က မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်က ဆေးစံအိမ်မှာ အလုပ်တစ်ခုရထားတယ်"

"အစ်ကိုယဲ့က ဆေးပညာတတ်တာလား"

ကုလန်က အနည်းငယ်အံ့သြသွားခဲ့သည်။ ဆေးဆရာများသည် ပန်းပဲဆရာများပြီးလျှင် ဒုတိယလိုက်သော အသက်မွေးဝမ်းကျောင်းဖြစ်သည့်အပြင် ငွေရအလွန်လွယ်ကူသည်။

"ငါက မီးမွှေးရုံသက်သက် လုပ်ပေးရမှာပါ"

ယဲ့ချန်သည် ကောင်းကင်မူလတိုက်ကြီး၏ဆေးပညာကို သင်ယူခွင့်ရရှိရန် မျှော်လင့်ထားသည်။

"ဆေးစံအိမ်မှာ အလုပ်ရတာကိုက အတော်ကောင်းမွန်နေပါပြီ။ တကယ်လို့ အစ်ကိုယဲ့က ဒီအလုပ်ကိုမနှစ်သက်ဘူးဆိုရင် ငါ့အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးမယ်။ သူက အထက်တန်းစားတစ်ယောက်ရဲ့နယ်မြေမှာ အလုပ်လုပ်တာဖြစ်လို့ အစ်ကိုယဲ့အတွက်လည်း အလုပ်ရှာပေးနိုင်တယ် ။ဒါပေမယ့် ဝင်ငွေတော့ နည်းလိမ့်မယ်"

ကုလန်က ခဏတာတုံ့ဆိုင်းပြီးနောက် ယဲ့ချန်ကို ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကု"

ယဲ့ချန်သည် အထက်တန်းစားတစ်ယောက်၏လက်အောက်တွင် အလုပ်လုပ်ရန် စိတ်မဝင်စားသော်လည်း များစွာငြင်းဆန်မနေဘဲ တစ်ချက်ပြုံးလိုက်သည်။

သူတို့သုံးယောက် စကားကောင်းနေစဥ် ဖန်ရောင်က အပြင်မှ ပြန်ရောက်လာခဲ့သည်။ ယဲ့ချန်နှင့် ကုလန်တို့စုံတွဲက ဤမျှလျင်လျင်မြန်မြန် ရင်းနှီးသွားမည်ဟု သူမက မျှော်လင့်မထားပေ။ ထို့နောက် သူမ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာကာ နိမ့်ကျသူများအချင်းချင်း ပေါင်းသင်းဆက်ဆံတတ်ကြောင်း စိတ်ထဲမှ ကောက်ချက်ချလိုက်လေသည်။

All Chapters