ဆေးပညာ စတင်လေ့လာခြင်း
Vol. 38 Ch. 529
ဖန်ရောင်သည် ယဲ့ချန်ကို အလွန်အမင်းအထင်သေးနေခဲ့ပြီး သူမက အထက်တန်းစားတစ်ယောက်ကို လက်ထပ်နေချိန်တွင် သူက လူ့အဖွဲ့အစည်း၏အောက်ခြေတွင် ကျန်ရစ်နေမည်ဟု ထင်မှတ်ထားခဲ့သည်။ အချိန်ကျလာလျှင် သူတို့ကြားတွင် အဆင့်အတန်း အလွန်ကွာခြားသွားပေလိမ့်မည်။ သူမက ယဲ့ချန်ကိုမြင်ချိန်တွင် ချမ်းသာသူတစ်ယောက်ဟု ထင်မှတ်ခဲ့မိသဖြင့် သူမ၏ညံ့ဖျင်းသော လူကဲခတ်မှုအပေါ် အပြစ်တင်နေခဲ့သည်။
"ဖန်ရောင် ပြန်လာပြီလား"
ကုလန်တို့စုံတွဲက သူမကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။ ဖန်ရောင်ကမူ ခေါင်းတစ်ချက်သာညိတ်ပြပြီး သူမ၏အခန်းထံ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ဖန်ရောင်၏သဘောထားက အေးစက်သော်လည်း ကုလန်နှင့်လင်းယုက သဘောထားကြီးစွာဖြင့်ပြုံးနေပြီး အပြစ်တင်ခြင်း လုံးဝမရှိပေ။
"ဖန်ရောင်က နည်းနည်းအေးစက်စက်နိုင်ပေမယ့် တကယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ စိတ်ထဲမထားပါနဲ့ အစ်ကိုယဲ့"
လင်းယုသည် ယဲ့ချန်က ဖန်ရောင်ကိုမသိဟု ထင်မှတ်သောကြောင့် ရှင်းပြလိုက်ပြီး ကုလန်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူက စိတ်ဓာတ်အလွန်ညံ့ဖျင်းသော်လည်း အကောင်းမြင်လွန်းသော ဤစုံတွဲ၏စိတ်ထားကြောင့် ယဲ့ချန်ပင် မင်သက်သွားခဲ့သည်။ သို့သော်လည်း သူက ခေါင်းညိတ်ပြလိုက်ပြီး နေ့လယ်မှအဖြစ်အပျက်ကို မပြောပြခဲ့ပေ။ ဝမရှိဘဲဝိလုပ်သူ လူစားမျိုးနှင့်တွက်ကပ်နေရန် သူ့၌ အချိန်မရှိပေ။ အချိန်ခဏတာစကားပြောပြီးနောက် ညနက်လာသောအခါ လူတိုင်းက သက်ဆိုင်ရာအခန်းများသို့ ပြန်လာခဲ့သည်။
အခန်းအတွင်းသို့ရောက်သောအခါ ယဲ့ချန်နှစ်ယောက်က ပြန်လည်ပေါင်းစည်းသွားခဲ့သည်။ ကျောက်စိမ်းသစ်ခွသေရည်၏အစွမ်းနှင့် တစ်နေကုန်ကျင့်ကြံထားမှုကြောင့် ကျင့်ကြံဆင့်က တိုးတက်လာပြီး တာအိုနတ်အဆင့် ဝိညာဥ်သားရဲ၏အသားကလည်း အာနိသင်မကုန်သေးပေ။ သူက အဆင့်သုံးသို့ ချိုးဖျက်နိုင်လုနီးပါးဖြစ်လာသဖြင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်နေသော်လည်း သူ၏ကျင့်ကြံနှုန်းသည် အခြားပါရမီရှင်များအောက် မနိမ့်ကျဟု ယုံကြည်ထားသည်။
နောက်တစ်ရက်တွင် ရွှမ်အန်းထံမှ ဆက်သွယ်လာသောကြောင့် သူက ကြယ်တစ်ပွင့်ဆေးဆရာအတွက် မီးတောက်ထိန်းချုပ်ပေးရန် ဆေးစံအိမ်သို့ ထွက်ခွာလာခဲ့သည်။ ယဲ့ချန်နှစ်ယောက် ပြန်လည်ကွဲထွက်သွားကာ တစ်ယောက်က အလုပ်လုပ်နေစဥ် ကျန်တစ်ယောက်က အခန်းအတွင်း၌ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဆေးစံအိမ်သို့ရောက်သောအခါ ရွှမ်အန်းက သူ့ကို ဖော်ရွေစွာ လာရောက်ကြိုဆိုခဲ့သည်။
"ငါ့နောက်ကလိုက်ခဲ့ပါ။ မင်းအလုပ်လုပ်ပေးရမယ့် ဆေးဆရာနာမည်က မင်ယွမ်လို့ခေါ်တယ်။ သူက စိတ်ထားဆိုးတဲ့အတွက် အလုပ်လုပ်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ အလုပ်သမားတိုင်းက သူ့ကိုသည်းမခံနိုင်လို့ အလုပ်ထွက်သွားကြတယ်။ ဒါပေမယ့် ကျန်တဲ့ဆေးဆရာတွေမှာလည်း အလုပ်သမားမလိုဘူး ဖြစ်နေတယ်။ လောလောဆယ် ခဏတော့ သည်းခံပေးပါ။ မင်းအတွက် နောက်ထပ်ဆေးဆရာတစ်ယောက်ကို အမြန်ဆုံးရှာပေးပါမယ်"
ရွှမ်အန်းက ယဲ့ချန်ကို ရှည်လျားသော စင်္ကြံလမ်းတလျှောက်ခေါ်ဆောင်လာကာ တောင်းပန်သည့်လေသံမျိုးနှင့် ပြောလိုက်သည်။
"အလုပ်ရှာပေးတာကိုက ကျေးဇူးတင်စရာ ဖြစ်နေပါပြီ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ ရွှမ်အန်းက စိတ်ထားရိုးဖြောင့်သူတစ်ယောက် ဖြစ်သော်လည်း အဘယ်ကြောင့် ဖန်ရောင်ကဲ့သို့မိန်းမမျိုးကို နှစ်သက်နေကြောင်း သူ တွေးမရပေ။ စင်္ကြံလမ်း၏ဘေးဘယ်ညာတွင် အခန်းများတည်ဆောက်ထားပြီး ဆေးဆရာများနှင့် အလုပ်သင်များက ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အခန်းကျယ်တစ်ခု၏အလယ်တွင် ကြီးမားသော မီးဖိုကြီးတစ်ခုရှိနေပြီး အခန်းတစ်ခုလုံး မီးအလင်းရောင်များ တောက်ပနေသည်။ ဤမြင်ကွင်းများက ယဲ့ချန်ကို ရင်းနှီးမှုတစ်ခုခံစားစေခဲ့ပြီး အရှေ့ပိုင်းတိုက်ကြီး၌ ဆေးဆရာရွှမ်းယီနှင့် ဆေးပညာသင်ကြားခဲ့သည်များကို ပြန်လည်အမှတ်ရလိုက်၏။
ရွှမ်အန်းသည် ယဲ့ချန်ကို အခန်းတစ်ခုသို့ခေါ်ဆောင်လာပြီး ထိုနေရာ၌ အရပ်ရှည်သော လူတစ်ယောက်ရှိနေခဲ့သည်။ ထိုလူက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး မျက်နှာတစ်ခုလုံး မုတ်ဆိတ်ကျင်စွယ်များပြည့်နှက်နေကာ ရက်စက်ကြမ်းကြုတ်သော အသွင်ကိုဆောင်သည်။ သူက သိမ်မွေ့ညှင်သာတတ်သော ဆေးဆရာများနှင့် အလွန်ကွာခြားနေခဲ့သည်။
"ဒီကောင်က လုပ်နိုင်ပါ့မလား"
မင်ယွမ်သည် ယဲ့ချန်ကို အကြည့်ဖြင့် အထပ်ထပ်အခါခါ စစ်ဆေး၍ မောက်မာစွာမေးလိုက်သည်။
"ဆရာ အခြားအလုပ်သမား မရှိတော့ပါဘူး"
ရွှမ်အန်းက ခါးသက်သက်ပြုံး၍ ဖြေလိုက်၏။
"ဒါဆိုရင် ထားလိုက်။ မင်းက ဆေးစံအိမ်ရဲ့စည်းကမ်းတွေကို လိုက်နာရမယ်။ ပထမဆုံးစည်းကမ်းတွေကို ဆယ်ကြိမ် ကူးရေးထားစမ်း။ ငါက ကြယ်တစ်ပွင့်ဆေးဆရာကွ။ မီးတောက်ထိန်းချုပ်တာမှာ မင်းအမှားလုပ်ရင် သေအောင်ရိုက်သတ်ပစ်မယ်"
မင်ယွင်က မကျေမနပ်ရေရွတ်ကာ အော်ဟစ်ငေါက်ငမ်းလိုက်သည်။ သူက ကြယ်တစ်ပွင့်အနိမ့်ဆုံးအဆင့်သာဖြစ်သော်လည်း ယဲ့ချန်အပေါ် အလွန်တရာအထင်သေးနေခဲ့သည်။ မင်ယွမ်၏စိတ်နေစိတ်ထားကြောင့် ယဲ့ချန်က မျက်မှောက်ကြုတ်လိုက်မိသော်လည်း သူ၏အဓိကရည်ရွယ်ချက်က ဆေးပညာကို သင်ယူရန်ဖြစ်သောကြောင့် လက်ရှိအချိန်တွင် သည်းခံရပေလိမ့်မည်။ ရွှမ်အန်းသည် ယဲ့ချန်ကို တောင်းပန်သောအပြုံးမျိုးနှင့် လှည့်ကြည့်လာခဲ့သည်။ သူက အဆင်ပြေကြောင်း ပြသရန်အတွက် ရွှမ်အန်းကို ပြန်ပြုံးပြလိုက်သည်။ ရွှမ်အန်းက ဆေးစံအိမ်၏ အထွေထွေအလုပ်သမားတစ်ယောက်သာဖြစ်သောကြောင့် ဤမျှသာ ကူညီပေးနိုင်ပေလိမ့်မည်။ မင်ယွမ်မှလွဲလျှင် သူ၏အခြေအနေကို ယဲ့ချန်က ကျေနပ်သည်။ မီးတောက်ထိန်းချုပ်ခြင်းက ဆေးပညာတွင် အလွယ်ကူဆုံးအလုပ်ဖြစ်ပြီး အခန်းထဲ၌ ဆေးပညာကိုမှတ်တမ်းတင်ထားသော စာအုပ်စင်တစ်ခုလည်း ရှိနေသောကြောင့် အချိန်ရှိလျှင် လေ့လာနိုင်သည်။
ဆေးအိုး၏အောက်ခြေရှိ မီးတောက်များက တဟုန်းဟုန်းတောက်လောင်နေပြီး အနီရောင်အလင်းသည် ယဲ့ချန်၏မျက်နှာကို ရောင်ပြန်ဟပ်နေသည်။ တင်ပျဥ်ခွေထိုင်နေသော မင်ယွမ်သည် ကောင်းကင်ချီဖြင့် ဆေးအိုးကိုထိန်းချုပ်နေကာ ဆေးအိုးအဝတွင် ချီများက သက်တန့်ရောင်ကြာပန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်မူလတိုက်ကြီး၏ဆေးပညာက အမှန်တကယ်ထူးခြားပြီး ကြယ်တစ်ပွင့်ဆေးဆရာတစ်ယောက်ကို အရှေ့ပိုင်းတိုက်ကြီး၏ဆေးဆရာများက ယှဥ်နိုင်မည်မဟုတ်ပေ။ မင်ယွမ်သည် အဆင့်တစ်နတ်မူလဆေးလုံးကို ဖော်စပ်နေခြင်းဖြစ်ပြီး တာအိုနတ်အဆင့်ဝိညာဥ်သားရဲ၏အသားကို အဓိကထားကာ ဆေးပင်ခုနစ်ဆယ့်နှစ်မျိုးနှင့် ထောက်ပံ့ပေးထားရသည်။ ဆေးဖော်စပ်ခြင်းအောင်မြင်သွားလျှင် တစ်လုံးကို ဆည်းဆာရွှေ ငါးသန်း ခြောက်သန်းနှင့် ရောင်းချနိုင်သော်လည်း ၎င်းကို ဆေးစံအိမ်ကသာ ပိုင်ဆိုင်ပေလိမ့်မည်။ မင်ယွမ်က လုပ်အားခအဖြစ် ဆည်းဆာရွှေတစ်ထောင်နှစ်ထောင်ကိုသာ ရရှိရသော အကြောင်းအရင်းမှာ ဆည်းဆာရွှေသိန်းချီတန်သော ကုန်ကြမ်းများကို ဆေးစံအိမ်မှ ထောက်ပံ့ပေးထားသောကြောင့်ဖြစ်သည်။ ထို့အပြင် မင်ယွမ်က အကြိမ်တိုင်းအောင်မြင်သည်မဟုတ်ဘဲ ငါးကြိမ်ခြောက်ကြိမ်ကျရှုံးပြီးမှ တစ်လုံးသာ ဖော်စပ်နိုင်သည်။ မီးတောက်ထိန်းချုပ်ခြင်းစာအုပ်ကို ဖတ်ရှုပြီးနောက် ယဲ့ချန်က နားလည်သွားပြီး ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်လာနိုင်ခဲ့သည်။
ထိုအချိန်တွင် ဆေးအိုးအဝရှိ ကြာပန်းများ တုန်ခါသွားသည်ကို ယဲ့ချန်က ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး"
မင်ယွမ်သည် ဆေးဖော်စပ်ရာတွင် အမှားပြုလုပ်လိုက်ကြောင်း ယဲ့ချန်က သတိထားမိလိုက်သည်။ မင်ယွမ်က တစ်ခုခုမှားနေကြောင်း သိလိုက်သောအခါ အလျင်အမြန်ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျလွန်းနေသဖြင့် သက်တန့်ရောင်ချီကြာပန်းများက ဘုန်းခနဲပေါက်ကွဲသွားခဲ့သည်။ အနံ့ဆိုးတစ်ခုက ဆေးအိုးအတွင်းမှ ထွက်ပေါ်လာကာ ဆေးဖော်စပ်ခြင်း ကျရှုံးသွားလေသည်။
"ခွေးမသား မင်း ဘာတွေလုပ်နေတာလဲ။ မီးတောက်က အရမ်းအားပြင်းလွန်းတယ်။ မင်း ဘယ်လိုထိန်းချုပ်နေတာလဲ"
မင်ယွမ်၏မျက်နှာက ချက်ချင်းမည်းနက်လာကာ ယဲ့ချန်ကို အော်ငေါက်လိုက်သည်။ မင်ယွမ်၏ငေါက်ငမ်းမှုကြောင့် မီးတောက်ထိန်းချုပ်ရာတွင် အမှားမလုပ်ထားသော ယဲ့ချန်က စိတ်ထဲတွင် ဒေါသထောင်းခနဲထွက်လာခဲ့၏။ အမှားပြုလုပ်သူမှာ မင်ယွမ်ကိုယ်တိုင်ဖြစ်ပြီး ကောင်းကင်ချီကို မထိန်းချုပ်နိုင်သောကြောင့်ဖြစ်သော်လည်း ယဲ့ချန်ကို အပြစ်လွှဲချနေသည်။
"မင်းက မကျေနပ်ဘူးလား ခွေးကောင်။ မင်းကြောင့် ကုန်ကြမ်းပစ္စည်းတွေ အများကြီးဆုံးရှုံးလိုက်ရတယ်။ ဒါတွေက ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို မင်း သိရဲ့လား။ မင်းဆယ်ဘဝလောက် ငွေရှာရင်တောင် ဒီတန်ဖိုးကို တတ်နိုင်မှာမဟုတ်ဘူး"
မင်ယွမ်က အော်ဟစ်ကျိန်ဆဲနေသော်လည်း ယဲ့ချန်က ဤသို့သောလူစားမျိုးနှင့် မပတ်သက်လိုသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။ သူက ဆေးပညာသင်ယူရန် ရောက်ရှိလာခြင်းဖြစ်ကာ မင်ယွမ်ကဲ့သို့လူစားမျိုးနှင့် ဖက်ပြိုင်နေရန် မလိုချေ။ ယဲ့ချန်နှုတ်ဆိတ်နေသောအခါ ကြောက်ရွံ့နေသည်ဟု မင်ယွမ်က ထင်မှတ်သွားပြီး ဆေးအိုးကိုရှင်းလင်းကာ ကုန်ကြမ်းပစ္စည်းများ နောက်တစ်ကြိမ် ထပ်ထည့်လိုက်၏။ သူ၏စိတ်ထဲတွင် နိမ့်ကျသူများက မီးတောက်ထိန်းချုပ်ရသည့်နေရာမှ တစ်သက်လုံး တက်နိုင်မည်မဟုတ်ဟု တွေးထင်နေခဲ့သည်။
"မင်းက မီးတောက်လေးတစ်ခုကိုတောင် မထိန်းချုပ်နိုင်ဘူး။ နှစ်ခါတောင် ပျက်စီးသွားရပြီ အောက်တန်းစားအလုပ်သမားကောင်"
ဒုတိယအကြိမ် ဆေးဖော်စပ်လိုက်သော်လည်း ကျရှုံးသွားသောအခါ မင်ယွင်သည် ဒေါသတကြီး အော်ငေါက်လိုက်ပြန်သည်။ ယဲ့ချန်ကမူ စကားတစ်ခွန်းမှပြန်မပြောဘဲ အလွန်အောက်တန်းကျသော စိတ်ဓာတ်ပိုင်ရှင် မင်ယွမ်ကို တစ်ချက်သာကြည့်လိုက်သည်။ နှစ်ကြိမ်တိုင်တိုင်ကျရှုံးခဲ့သော်လည်း မင်ယွမ်၏အမှားများကို သူက တွေ့မြင်ထားပြီးဖြစ်သည်။ သို့သော် မင်ယွမ်က ဆေးဆရာတစ်ယောက်၏တည်ငြိမ်မှုမျိုးမရှိဘဲ ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ကို ရမ်းကားနေခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာ၏ အဆင့်နှစ်ကို ကျင့်ကြံပြီးနောက် ယဲ့ချန်၏စိတ်က ကျယ်ပြန့်လာကာ အဆင့်တစ် နတ်မူလဆေးဖော်စပ်သည့် ဖြစ်စဥ်ကို မှတ်မိဆင်ခြင်နိုင်ခဲ့သည်။
နတ်မူလဆေးဖော်စပ်သော လုပ်ငန်းသည် ကောင်းကင်တုန်ခါဆေးအိုးဖြင့် ကျင့်ကြံသူများကို ဆေးလုံးပြောင်းလဲခြင်းနှင့် ဆင်တူသည်ဟု ယဲ့ချန်က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ တစ်ခုတည်းသော ကွဲပြားချက်မှာ နတ်မူလဆေးတွင် ကုန်ကြမ်းပစ္စည်းများစွာထည့်သွင်းပြီး ပြစ်ချက်များကို ဖြေရှင်းထားသောကြောင့် အာနိသင်က ပို၍ကောင်းမွန်လာခဲ့သည်။ ဤတွေ့ရှိမှုက ယဲ့ချန်ကို အပျော်လွန်စေခဲ့သည်။ မင်ယွမ်၏ဆေးအိုးက သာမန်လူသားအဆင့် ရတနာတစ်ခုဖြစ်ပြီး ကောင်းကင်တုန်ခါဆေးအိုးသည် ၎င်းထက် များစွာအဆင့်မြင့်လေသည်။ ဆေးဖော်စပ်ရာတွင် အောင်မြင်နှုန်းက ဆေးအိုး၏အရည်အသွေးနှင့်လည်း သက်ဆိုင်သည်။
တတိယအကြိမ်တွင် ယဲ့ချန်သည် မီးတောက်ထိန်းချုပ်နေရင်း မင်ယွမ်၏ဆေးလုံးအပေါ် ပြောင်းလဲမှုအချို့ လျှို့ဝှက်လုပ်ဆောင်လိုက်၏။ ထိုအခါ ဆေးဖော်စပ်ခြင်း အောင်မြင်သွားသဖြင့် မင်ယွမ်က အလွန်ပျော်ရွှင်နေကာ ဆေးလုံးကိုထုတ်ယူ၍ ချက်ချင်းပြေးထွက်သွားခဲ့သည်။ သူက ပထမဆုံးအကြိမ်အနေဖြင့် သုံးခါတည်းဖော်စပ်ရုံဖြင့် အဆင့်တစ်နတ်မူလဆေးကို ဖော်စပ်နိုင်ခဲ့သည်။ အတိတ်တွင် သူက အနည်းဆုံး ငါးကြိမ်အထိလိုအပ်ခဲ့ပြီး လက်ရှိနှုန်းအရ ဆက်တိုက်အောင်မြင်မည်ဆိုလျှင် ဝင်ငွေက ဆည်းဆာရွှေသုံးထောင်အထိ တိုးလာပေလိမ့်မည်။
မင်ယွမ် အခန်းထဲမှထွက်ခွာသွားချိန်တွင် ယဲ့ချန်သည် သူကိုင်ထားသော နတ်မူလဆေးကို စိုက်ကြည့်လိုက်၏။ ၎င်းက သွေးနီရောင်ဖြစ်ပြီး အနီရောင်ကျောက်စိမ်းကဲ့သို့ အလင်းရောင်များ တဖိတ်ဖိတ်တောက်ပနေကာ ထူးဆန်းသော ဆေးရနံ့တစ်ခု ထုတ်လွှတ်နေသည်။ ၎င်းရနံ့က လူတိုင်းကို လေထဲတွင် မျောလွင့်သွားသယောင် ခံစားရစေနိုင်သည်။ ဤဆေးရနံ့တစ်ခုတည်းကပင် နတ်မူလဆေးက မည်မျှထူးခြားကြောင်း ပြောနိုင်သည်။ ယဲ့ချန်သာ ၎င်းကိုအသုံးပြုနိုင်မည်ဆိုလျှင် ဆေးအာနိသင်ကြောင့် ချီပင်လယ်အဆင့်လေး သို့မဟုတ် အဆင့်ငါးသို့ပင် တိုက်ရိုက်ချိုးဖျက်သွားနိုင်ပေလိမ့်မည်။ လက်ရှိတွင် သူက အဆင့်သုံးသို့ ချိုးဖျက်နိုင်လုနီးပါးဖြစ်သည်။
သို့သော် နတ်မူလဆေးက ဆည်းဆာရွှေသန်းချီတန်သောကြောင့် ရန်ယွင်မြို့၌ပင် ၎င်း၏တန်ဖိုးကို ဝယ်ယူနိုင်သူ များစွာမရှိချေ။ ဆေးစံအိမ်က နေ့စဥ်နေ့တိုင်း နတ်မူလဆေးများထုတ်လုပ်နေသော်လည်း အများစုကို ကျစ်ဟွာနတ်တိုင်းပြည်ထံ ဆက်သရသည်။ ထို့နောက် ၎င်းတို့က တာအိုအိမ်တော်မှတဆင့် သိုင်းဒေသကြီးများထံ ဖြန့်ဝေခံရပေလိမ့်မည်။ နတ်မူလဆေးက အဆင့်တစ်ဖြစ်လျှင်ပင် အလွန်အမင်းစျေးကြီးသောကြောင့် သာမန်ကျင့်ကြံသူများ လက်လှမ်းမမီနိုင်ပေ။
မင်ယွမ်ထွက်သွားသောအခါ ယဲ့ချန်သည် နံရံအနီးရှိ စာအုပ်စင်ထံ လျင်မြန်စွာ သွားရောက်လိုက်သည်။ ထိုနေရာ၌ ရာချီသော ဆေးပညာစာအုပ်များကို သိမ်းဆည်းထားပြီး ကြယ်တစ်ပွင့်ဆေးဆရာဖြစ်လိုလျှင် ဆေးမဖော်စပ်ခင် သူက ၎င်းတို့အားလုံးကို လေ့လာသင်ယူရပေလိမ့်မည်။