← Chapters

အထက်တန်းစား အဆင့်သတ်မှတ်ချက်

Vol. 38 Ch. 530

အထက်တန်းစား အဆင့်သတ်မှတ်ချက်

Vol. 38 Ch. 530

ယဲ့ချန်သည် စာအုပ်စင်ပေါ်ရှိ ပထမဆုံးအတန်းမှ ပထမဆုံးစာအုပ်ကိုဆွဲထုတ်၍ ဖတ်ရှုလိုက်သည်။ သူက တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို ချက်ချင်းမှတ်မိသွားကာ စိတ်ထဲတွင် ရေးထွင်းလိုက်သကဲ့သို့ ထင်ထင်ရှားရှားမှတ်မိနေခဲ့သည်။ သူ၏စိတ်က ကျယ်ပြန့်လာသောအခါ ဤစာကြောင်းများကို မှတ်မိနိုင်ရန် အခက်အခဲမရှိပေ။ လွန်ခဲ့သော နှစ်သောင်းချီအတွင်း ကောင်းကင်မူလတိုက်ကြီးရှိ ဆေးပညာက အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ပြီး မရေမတွက်နိုင်သော ဆေးရာများ၏ကြိုးစားမှု သီအိုရီများကြောင့် ၎င်း၏အဆင့်အတန်းကို အရှေ့ပိုင်းတိုက်ကြီးရှိ ဆေးဆရာများ တွေးပင်တွေးဆနိုင်စရာ မရှိချေ။ ထို့ကြောင့် ကြယ်တစ်ပွင့်ဆေးဆရာတစ်ယောက်ကပင် အရှေ့ပိုင်းတိုက်ကြီး၏ ထိပ်တန်းဆေးဆရာများနှင့် ယှဥ်နိုင်သည်အထိ အစွမ်းထက်လေသည်။ ဆေးပညာကို စတင်လေ့လာပြီးနောက် ကြယ်တစ်ပွင့်ဆေးဆရာဖြစ်လာရန် များစွာမခက်ခဲကြောင်း သူက နားလည်လိုက်သည်။ မင်ယွမ်သည် နှစ်ပေါင်းများစွာ ဆေးဖော်စပ်ခဲ့သော်လည်း ကြယ်တစ်ပွင့်အဆင့်မှ မတက်နိုင်ခဲ့သောကြောင့် အရည်အချင်း အလွန်ညံ့ဖျင်းကြောင်း သိနိုင်သည်။ စာအုပ်စင်ပေါ်ရှိ အချက်အလက်များသည် များစွာသော ဆေးဆရာများ၏ အဖိုးတန်အတွေ့အကြုံများဖြစ်ပြီး သူတို့၏အားထုတ်မှုကြောင့် ဆေးပညာက ယနေ့အခြေအနေအထိ တိုးတက်လာခြင်းဖြစ်သည်။

ဆေးဆရာရွှမ်းယီဖြစ်စေ လီချင်းဖြစ်စေ ဤဆေးစာအုပ်များကို လေ့လာခွင့်ရခဲ့လျှင် ကြယ်တစ်ပွင့်အဆင့်ရောက်ရန် အလွန်လွယ်ကူပေလိမ့်မည်။ သူတို့က ဆေးပညာတွင် နက်ရှိုင်းသော အခြေခံရှိသည်။ နာရီဝက်အတွင်း ယဲ့ချန်သည် လက်တစ်ချောင်းအထူခန့်ရှိသော စာအုပ်သုံးအုပ်ကို စိတ်အတွင်း၌ မှတ်သားနိုင်ခဲ့သည်။ ထိုအချိန်တွင် မင်ယွမ်သည် အခန်းအပြင်မှပြန်ရောက်လာခဲ့ပြီး ဆေးစာအုပ်များကို တဖြတ်ဖြတ်လှန်နေသော ယဲ့ချန်ကိုမြင်လျှင် နှာခေါင်းရှုံ့လိုက်၏။ မင်ယွမ် ဝင်ရောက်လာသောအခါ သူက စာအုပ်ကို နေသားတကျပြန်ထားလိုက်ပြီး ဆေးအိုးရှေ့၌ ပြန်လည်ထိုင်ချလိုက်သည်။

"မင်းက မီးအလုပ်သမားတစ်ယောက်သာ ဖြစ်တယ်။ ဒီစာအုပ်တွေကိုဖတ်ရုံနဲ့ ဆေးဆရာတစ်ယောက်ဖြစ်လာနိုင်မယ် ထင်နေတာလား။ အရူးက အိပ်မက်မက်နေတာပဲ။ ကောင်းကင်မူလတိုက်ကြီးမှာ အောက်တန်းစားကနေ အဆင့်မြင့်လာတယ်ဆိုတာ မရှိဖူးဘူး။ မင်းက ဒီစာအုပ်တွေကိုဖတ်ရုံနဲ့ ဆေးဆရာဖြစ်လာမှာမဟုတ်လို့ ဒီအကြံကို လက်လျှော့လိုက်စမ်း။ မင်းက အခုရော နောင်ရော မီးအလုပ်သမားတစ်ယောက် ဖြစ်နေလိမ့်မယ်။ ဒီဘဝမှာ ကျည်ပွေ့အတက်ပေါက်လိမ့်မယ်လို့ မျှော်လင့်မနေနဲ့"

မင်ယွမ်က အော်ကြီးဟစ်ကျယ် ငေါက်ငမ်းနေခဲ့သည်။ ယဲ့ချန်ကမူ သူ့ကို ခွေးဟောင်နေသကဲ့သို့ သဘောထား၍ လျစ်လျူရှုကာ သူဖတ်ရှုထားသမျှ ဆေးပညာကို ဆင်ခြင်နေခဲ့သည်။

"မင်းက ကြယ်တစ်ပွင့်ဆေးဆရာဖြစ်လာချင်ရင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း အနည်းဆုံး ၂၀ရှိရမယ်။ မင်းက အရှေ့ပိုင်းတိုက်ကြီးကလာတဲ့ ပေါင်းစပ်နှုန်းသုညပိုင်ရှင် အမှိုက်ကောင်ဆိုတာ ငါ သိပြီးပြီ။ မင်းလိုအမှိုက်ကောင်မျိုးနေရာမှာ ငါဆိုရင် ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်တယ်။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးမှာ မင်းက အရေအထူဆုံးကောင်ပဲ"

ယဲ့ချန်တိတ်ဆိတ်နေသောအခါ မင်ယွမ်သည် မကျေမနပ်ဖြင့် ဆက်လက်လှောင်ပြောင်နေခဲ့သည်။ သို့သော် ယဲ့ချန်က မည်သို့မှမတုံ့ပြန်သောကြောင့် သူကပျင်းရိသွားကာ ပါးစပ်ပိတ်နေခဲ့သည်။ လက်ရှိတွင် ကုန်ကြမ်းသုံးစုံတည်းဖြင့် ဆေးတစ်လုံး အောင်မြင်စွာဖော်စပ်နိုင်ခဲ့သောကြောင့် သူက စိတ်ကောင်းဝင်နေပြီး ယဲ့ချန်ကို သူ၏မီးအလုပ်သမားအဖြစ် လက်ခံခဲ့သည်။ အကယ်၍ သူ၏စကားများလွန်သွားပြီး ယဲ့ချန်သာ အမှန်တကယ်သတ်သေသွားလျှင် နောက်ထပ်မီးအလုပ်သမားတစ်ယောက် ထပ်မံရှာဖွေရန် လွယ်ကူမည်မဟုတ်ချေ။ သူက နောက်ထပ်ဆေးဖော်စပ်လိုက်ပြီး သုံးကြိမ်တိုင်း တစ်လုံးဖော်စပ်နိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင်နေပြီး ယဲ့ချန်အပေါ် ငေါက်ငမ်းမှုများ လျော့နည်းလာခဲ့သည်။ သူက ဆေးစံအိမ်သို့ နတ်မူလဆေးလုံးအပ်နှံရန် ထွက်သွားချိန်တိုင်း ယဲ့ချန်သည် ဆေးစာအုပ်များကို ဆက်တိုက်လေ့လာနေခဲ့သည်။ အချိန်တစ်ရက်အတွင်း ယဲ့ချန်သည် ဆေးစာအုပ်တစ်ဒါဇင်ခန့် ဖတ်ရှုမှတ်သားနိုင်ခဲ့သည်။

မင်ယွမ်က တစ်နေ့အတွင်း အဆင့်တစ်ဆေးငါးလုံး အောင်အောင်မြင်မြင်ဖော်စပ်နိုင်သော သတင်းက ဆေးစံအိမ်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ဆေးဆရာများက အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး မင်ယွမ်မှာ ဆေးပညာတွင် အဆင့်ချိုးဖျက်နိုင်ခဲ့ပြီလားဟု ခန့်မှန်းလိုက်ကြသည်။ မင်ယွမ်သည် ဒေါသကြီးကာ ပါရမီညံ့ဖျင်းသောကြောင့် ဆေးစံအိမ်၏ အညံ့ဆုံးဆေးဆရာများအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ၏လက်အောက်ရှိ မီးအလုပ်သမားများ အလုပ်ထွက်ကုန်သဖြင့် လူတိုင်း၏လှောင်ပြောင်ခံရသူလည်း ဖြစ်သည်။ သို့သော်လည်း သူက ရုတ်တရက်အောင်မြင်မှုများ ရရှိလာမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ သူ၏အောင်မြင်နှုန်းက ဆေးစံအိမ်ရှိ အတော်ဆုံးကြယ်တစ်ပွင့်ဆေးဆရာများနှင့် ယှဥ်နိုင်သည်အထိ မြင့်တက်လာခဲ့သည်။ သာမန်ဆေးဆရာတစ်ယောက်က တစ်ရက်လျှင် နတ်မူလဆေးသုံးလုံးအထိ ဖော်စပ်နိုင်ခြင်းက အကန့်အသတ်ဖြစ်ပြီး အောင်မြင်နှုန်းမြင့်လေလေ ကုန်ကြမ်းများဆုံးရှုံးမှု နည်းလေလေဖြစ်သည်။

မင်ယွမ်က တစ်ရက်အတွင်း ဆေးငါးလုံးဖော်စပ်ပြလိုက်သောအခါ ဆေးဆရာများအားလုံးက ထိတ်လန့်သွားပြီး မနာလိုဖြစ်ခဲ့ကြသည်။ ရလဒ်တစ်ခုအနေဖြင့် မင်ယွမ်သည် သူ့ကိုယ်သူဂုဏ်အယူလွန်ပြီး လမ်းလျှောက်လိုက်တိုင်း မြောက်ကြွကြွဖြစ်လာခဲ့သည်။

ဆေးစံအိမ်၏ အတွင်းခန်းမတစ်ခု၌ ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးအိုတစ်ယောက်က စားပွဲတစ်ခုနောက်တွင် ထိုင်နေခဲ့သည်။ သူ၏ရှေ့တွင် ဆေးစံအိမ်၏နေ့စဥ်သတင်းများကို လာရောက်တင်ပြသော ငယ်သားအချို့ မတ်တပ်ရပ်နေခဲ့သည်။ အဘိုးအိုက ကျန်းတောက်ဟုအမည်ရပြီး ဆေးစံအိမ်၏ ကြီးကြပ်သူတစ်ယောက်ဖြစ်ကာ သူ၏လက်အောက်၌ မင်ယွမ်အပါအဝင် ကြယ်တစ်ပွင့် ဆေးဆရာခုနစ်ယောက် တာဝန်ထမ်းဆောင်နေသည်။

"ဒီနေ့ မင်ယွမ်က ဘာလို့ ဆေးလုံးအများကြီး ဖော်စပ်နိုင်တာလဲ"

မှတ်တမ်းကိုဖတ်ကြည့်နေသော ကျန်းတောက်၏မျက်နှာထက်တွင် အံ့သြမှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော်တို့လည်း သေချာမသိပါဘူး။ သူပြောသလိုဆိုရင်တော့ ဆေးပညာမှာ နားလည်မှုအသစ် ရသွားလို့ပါတဲ့"

ငယ်သားတစ်ယောက်က ရိုရိုသေသေ တင်ပြလိုက်၏။

"သူ့လက်အောက်မှာ မီးအလုပ်သမားတစ်ယောက် ရှိသွားပြီလား။ အစတုန်းက သူက ဆေးဖော်စပ်နိုင်ဖို့မပြောနဲ့ မီးအလုပ်သမားတစ်ယောက်တောင် မရှာနိုင်ဘူးမလား။ ပြီးတော့ သူရဲ့ကျရှုံးနှုန်းက တော်တော်မြင့်လို့ ငါတို့ဆေးစံအိမ်ကို အကုန်အကျများစေခဲ့တယ်။ ကြည့်ရတာ မီးအလုပ်သမားလေးကြောင့် ဒီကောင် တိုးတက်လာတာများ ဖြစ်နေမလား"

ကျန်းတောက်က တွေးတွေးဆဆ မေးလိုက်သည်။

"ဟုတ်ပါတယ်။ မီးအလုပ်သမားက လူသစ်လေးတစ်ယောက်ပါ"

"ဒါဆိုရင် သူက မင်ယွမ်နဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်လို့ ထင်တယ်။ မင်ယွမ်လိုဒေါသကြီးတဲ့ကောင်မျိုး လက်အောက်မှာ အလုပ်လုပ်ဖို့ မလွယ်ဘူး။ ဒီကလေးအတွက် လုပ်အားခကို ဆည်းဆာရွှေငါးပြားအထိ တိုးပေးလိုက်ပါကွယ်"

ကျန်းတောက်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ"

ငယ်သားများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က တစ်ရက်လျှင် ဆည်းဆာရွှေသုံးပြားသာရရှိသော်လည်း လူသစ်လေးတစ်ယောက်၏ဝင်ငွေက သူတို့ကို ကျော်ဖြတ်သွားခဲ့သည်။ သို့သော် ကြီးကြပ်သူ၏သဘောထားကို မလွန်ဆန်ရဲသောကြောင့် အမိန့်အတိုင်း လက်ခံရုံသာရှိသည်။

မင်ယွမ်သည် ဆေးဖော်စပ်သည့် အခန်းအတွင်းသို့ ကျေနပ်စွာဝင်ရောက်လာပြီး ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီနေ့အလုပ် ပြီးပြီ။ မင်းသွားချင်ရာသွားနိုင်ပြီ။ မနက်ဖြန် ငါ့ဆီကိုပြန်လာဖို့ မမေ့နဲ့"

ယဲ့ချန်က စကားတစ်ခွန်းမှမပြောဘဲ ချက်ချင်းလှည့်ထွက်သွားသော်လည်း မင်ယွမ်က ငေါက်ငမ်းခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ သူက ယဲ့ချန်၏အလုပ်အပေါ် ကျေနပ်အားရနေပြီး စိတ်ကောင်းဝင်နေသည့်အတွက် သီချင်းတကြော်ကြော်သီဆို၍ အခန်းအတွင်း ကျန်ရစ်နေခဲ့သည်။

ယဲ့ချန်သည် လုပ်အားခထုတ်ယူရန်အတွက် ဆေးစံအိမ်၏အခန်းတစ်ခုထံ လျှောက်လှမ်းလာခဲ့သည်။ ထိုနေရာရှိ အလုပ်လုပ်နေသော အဘိုးအိုများထံ သူ၏နာမည်ကို တင်ပြလိုက်သည်။

"မင်းရဲ့ ဒီနေ့လုပ်အားခအဖြစ် ဆည်းဆာရွှေငါးပြား"

အဘိုးအိုတစ်ယောက်သည် စာရင်းစာအုပ်ကို ငုံ့ကြည့်၍ ယဲ့ချန်ထံ ငွေများကမ်းပေးလိုက်သည်။

"ဘယ်လိုလုပ် ဒီလောက်များနေရတာလဲ"

ယဲ့ချန်က တအံ့တသြပြန်မေးလိုက်၏။ သူက ဆည်းဆာရွှေငါးပြားကို ဂရုမစိုက်သော်လည်း ရုတ်တရက်တိုးမြင့်လာသည့် လုပ်အားခကြောင့် သံသယဝင်နေသည်။

"ကြီးကြပ်သူကျန်းတောက်ရဲ့ အမိန့်ဖြစ်လို့ မင်းသိချင်တာရှိရင် သူ့ကို သွားမေးလိုက်ပါ"

"ကောင်းပါပြီ"

ယဲ့ချန်က တစ်ချက်တွေးလိုက်သောအခါ ယနေ့ဆေးဖော်စပ်နှုန်း မြင့်မားလာသောကြောင့် လုပ်အားခများလာကြောင်း နားလည်လိုက်၏။ သာမန်လူများအတွက် ဆည်းဆာရွှေငါးပြားက အလွန်များသောပမာဏဖြစ်သော်လည်း ဆေးပညာကိုသာသင်ယူလိုသော ယဲ့ချန်အတွက် ဂရုစိုက်စရာမရှိပေ။ သို့သော် ပိုက်ဆံက ပိုက်ဆံသာဖြစ်သောကြောင့် ယဲ့ချန်က သူ၏လုပ်အားခကို လက်မောင်းကာအတွင်း သိမ်းဆည်းကာ ဆေးစံအိမ်မှ ထွက်ခွာလာခဲ့သည်။ ယဲ့ချန်နှင့်မနီးမဝေးတွင် ကျန်းတောက် မတ်တပ်ရပ်နေပြီး စောင့်ကြည့်နေခဲ့သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က တစ်ရက်လျှင် ဆည်းဆာရွှေတစ်ပြားသာ ရှာဖွေနိုင်သော်လည်း ငါးပြားအထိရလိုက်သည့် ယဲ့ချန်၏အမူအရာက တည်ငြိမ်လွန်းနေသည်။ သူက ယဲ့ချန်၏နောက်ကြောင်းကို စုံစမ်းထားသဖြင့် အရှေ့ပိုင်းတိုက်ကြီးမှလာသော နာမည်ကြီးအမှိုက်ကောင်ဖြစ်ကြောင်း သိထားသည်။

"မင်ယွမ်ရဲ့အောင်မြင်နှုန်း တိုးတက်လာတာက ဒီကောင်လေးနဲ့ ပတ်သက်နေရမယ်။ သူက အတော်စိတ်ဝင်စားစရာကောင်းတာပဲ"

ကျန်းတောက်က သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဆေးစံအိမ်မှထွက်ခွာလာသော ယဲ့ချန်သည် စာရွက်အလွတ်တစ်ခုတွင် အဆင့်တစ်နတ်မူလဆေး၏ ပါဝင်ပစ္စည်းများကို ချရေးလိုက်သည်။ သူက ၎င်းတို့ကိုဝယ်ယူ၍ ကိုယ်တိုင်ဆေးဖော်စပ်ကြည့်ရန် ကြံစည်နေခြင်းဖြစ်သည်။

"ဆိုင်ရှင် ခင်ဗျားမှာ ဒီဆေးပင်တွေ ရှိလား"

သူက ဆေးဆိုင်တစ်ခုအတွင်း ဝင်ရောက်ပြီး မေးမြန်းစုံစမ်းလိုက်သည်။

"သုံးခုရှိတယ်။ တစ်ခုကို ဆည်းဆာရွှေသုံးပြား ကျသင့်တယ်"

ယဲ့ချန်သည် ဤနည်းဖြင့် ရန်ယွင်မြို့၏ဆေးဆိုင်များတွင် လှည့်ပတ်ရှာဖွေခဲ့ပြီး ဆည်းဆာရွှေငါးသောင်းအထိ အသုံးပြုကာ ကုန်ကြမ်းပစ္စည်းလေးဆယ်ကျော် စုဆောင်းနိုင်ခဲ့သည်။ သို့သော် ကျန်ရစ်သော ပါဝင်ပစ္စည်းနှစ်ဆယ်ကျော်ကိုမူ မည်သည့်ဆေးဆိုင်တွင်မှ ရှာမရခဲ့သောကြောင့် ရွေးချယ်စရာမရှိဘဲ ခြံဝန်းထံ ပြန်လာခဲ့ရသည်။

"အစ်ကိုကု ကျုပ် ဒီဆေးပင်တွေကို ဘယ်မှာဝယ်လို့ရနိုင်မလဲ"

ယဲ့ချန်သည် ကုလန်ထံ သွားရောက်လည်ပတ်၍ စာရွက်တစ်ခုကမ်းပေးကာ မေးလိုက်ခြင်းဖြစ်သည်။

"မင်းက ဒီဆေးပင်တွေနဲ့ ဘာလုပ်မလို့လဲ။ ဒါတွေက စျေးကြီးတဲ့အပြင် ရောင်းဝယ်ခြင်းမလုပ်ဖို့ တားမြစ်ခံထားရတယ်"

ကုလန်က စာရွက်ပေါ်ရှိစာရင်းကို မြင်သောအခါ မင်သက်သွားခဲ့သည်။

"ဘာကြောင့်လဲ"

ယဲ့ချန်က အံ့သြသွားခဲ့သည်။

"ဒါတွေက အဆင့်တစ်နတ်မူလဆေးရဲ့ ပါဝင်ပစ္စည်းတွေဖြစ်လို့ သာမန်ကျင့်ကြံသူတွေဝယ်လို့မရအောင် တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတယ်။ မင်းက ဒါကိုဝယ်ချင်တယ်ဆိုရင် အနည်းဆုံး ကြေးအဆင့် အထက်တန်းစားတစ်ယောက်ဖြစ်ရမယ်"

ကုလန်က ရှင်းပြလိုက်၏။

"အထက်တန်းစား အဆင့်သတ်မှတ်ချက်လား"

"ဟုတ်တယ်။ ကောင်းကင်မူလတိုက်ကြီးပေါ်မှာ ကောင်းကျိုးပေးမှုအပေါ်မူတည်ပြီး တာအိုစံအိမ်က အဆင့်အတန်း ခွဲခြားပေးထားတယ်"

ယဲ့ချန်မသိသော အကြောင်းအရာများကို ကုလန်က အသေးစိတ်ကျကျရှင်းပြလိုက်၏။

အထက်တန်းစားသခင်များကို အဆင့်ငါးခုခွဲခြားထားပြီး ကြေး၊ ငွေ၊ ရွှေ၊ ခရမ်းရွှေနဲ့ ရွှေစင်တို့ ဖြစ်ကြသည်။ အဆင့်အတန်းမြင့်တက်လိုလျှင် နည်းလမ်းနှစ်ခုရှိပြီး ပထမနည်းလမ်းသည် ထျန်းယွမ်ရှေးဟောင်းမြို့တော်သို့ သွားရောက်ကာ စစ်ဘက်ဆိုင်ရာအောင်မြင်မှုများ ရယူရန်ဖြစ်သည်။ ဒုတိယနည်းလမ်းတွင် ငွေကြေးပမာဏတစ်ခုကို နတ်တိုင်းပြည်ထံ ဆက်သရမည်ဖြစ်သည်။ သို့သော် နတ်တိုင်းပြည်များ၏လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိပြီး ကြေး၊ ငွေနှင့် ရွှေ အဆင့်အထိသာ ခန့်အပ်ပိုင်ခွင့်သာရှိသည်။ ခရမ်းရွှေနှင့် ရွှေစင်အဆင့်များကိုမူ တာအိုစံအိမ်ကသာ ခန့်အပ်နိုင်စွမ်းရှိသည်။ သခင်တစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲပြီး အနိမ့်ဆုံး ကြေးသခင်တစ်ယောက်ဖြစ်လာရန်ပင် ဆည်းဆာရွှေသန်းနှစ်ဆယ် ပိုင်ဆိုင်ထားရပေလိမ့်မည်။

ရန်ယွင်မြို့တော်တစ်ခုလုံးတွင် ကြေးသခင်အရေအတွက် အလွန်နည်းပါးပြီး မြို့တော်ဝန်ရီရန် တစ်ယောက်တည်းသာလျှင် ငွေသခင်တစ်ယောက်ဖြစ်လေသည်။

All Chapters